ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အမျိုးသမီးတိုင်း  ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာပြီး သက်သောင့်သက်သာဖြစ်ဖို့လိုပါတယ်။ သားဦး ကိုယ်ဝန်ဆောင်တွေက အတွေ့အကြုံ မရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန်တွေကို  အဆင်ပြေ လွယ်ကူစွာ ဖြတ်သန်းနိုင်ဖို့ အောက်ပါအချက်တွေ ဂရုစိုက်သင့်ပါတယ်။

ကိုယ်ဝန်ရှိစဝေဒနာသက်သာစေဖို့

ကိုယ်ဝန်ရှိစမှာ   ခါးနေရာက  အရင်လိုမဟုတ်တော့ဘဲ     အနည်းငယ်ပြည့်တင်းလာပါတယ်။

ဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားနှစ်ဖက်စလုံး အနည်းငယ်ကြီးလာပြီး တင်းကျပ်ကျပ် ခံစားရပါတယ်။  ကိုယ်ဝန်ရှိစမှာ   ပျို့ချင်အန်ချင်တာကလည်း ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။ မောပန်းနွမ်းနယ်သလိုခံစားရတတ်ပြီး မကြာခဏအနားယူပေးဖို့လည်းလိုအပ်ပါတယ်။ နေ့ခင်းဘက်နာရီဝက်ခန့်အိပ်စက်ပေးသင့်ပါတယ်။

သွက်သွက်လက်လက်လှုပ်ရှားနိုင်စေဖို့

ကိုယ်ဝန်ဆောင်စဉ်မှာ    ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်တာက စွမ်းအင်ပြည့်ဝပြီး သွက်လက်နေစေပါတယ်။ ထို့ပြင် ကလေးမွေးဖွားရာမှာလည်း လွယ်ကူစေပါတယ်။ ပြင်းပြင်းထန်ထန်လုပ်ရတဲ့လေ့ကျင့်ခန်းမျိုးတွေကိုတော့ မလုပ်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် လမ်းလျှောက်တာ၊ရေကူးတာတွေက   အကောင်းဆုံးလေ့ကျင့်ခန်းတွေလို့ဆိုနိုင်ပါတယ်။ တစ်ပတ်ကိုလေ့ကျင့်ခန်းပြုလုပ်ချိန် နှစ်နာရီခွဲလောက်ရှိသင့်ပါတယ်။  ကိုယ်ဝန်မဆောင်ခင်အချိန်က  အေရိုးဗစ်လေ့ကျင့်တာ၊   ပြေးတာ၊   အလေးမပစ္စည်းတွေနဲ့ လေ့ကျင့်ခဲ့တယ်ဆိုရင်      ကိုယ်ဝန်ဆောင်ချိန်မှာ ဆက်ကစားဖို့  သင့်၊  မသင့်ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်ရယူသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာ      ရေဓာတ်ခန်းခြောက်တာဂရုပြုသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ရင်း     ခေါင်းမူးတာ၊   မောပန်းနွမ်းနယ်သလိုခံစားရတာတွေဖြစ်ခဲ့ရင် လေ့ကျင့်ခန်းလုပ်တာကိုချက်ချင်းရပ်သင့်ပါတယ်။

တင်းအားပြေလျော့စေဖို့

ညင်သာစွာနှိပ်နယ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်။

နှိပ်နယ်ပေးတာကြောင့် ကြွက်သားတွေရဲ့တင်းအားတွေ လျော့နည်းသွားပြီး ပျော့ပျောင်းလာတဲ့အတွက်

နာကျင်မှု၊      ကိုက်ခဲမှုကိုသက်သာစေပါတယ်။   ခန္ဓာကိုယ်အပူပေးတာ၊    တစ်ကိုယ်လုံး ပေါင်းတင်တာမျိုး တွေကိုတော့      ကိုယ်ဝန်ဆောင်ချိန်မှာ မလုပ်သင့်ပါဘူး။  ဘာကြောင့်လဲဆိုတော့ အရေပြားက တချို့အချိန်တွေထက် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုမိုထိခိုက်လွယ်ပြီး ဓာတ်မတည့်မှုဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ်။

စိတ်ဖိစီးမှုလျော့နည်းစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်တဲ့အကောင်းဆုံးနည်းလမ်းက တရားထိုင်တာ၊ ယောဂကျင့်တာတို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေလေ့ကျင့်နိုင်တဲ့     ယောဂကျင့်နည်းတွေကို သင်တန်းခန်းမမှာ   မလေ့ကျင့်နိုင်ရင်   အိမ်မှာပဲ လေ့ကျင့်လို့ရပါတယ်။  ကိုယ်ဝန်ဆောင်တွေ  ယောဂလေ့ကျင့်နည်းအတိုင်း  အနေအထားမှန်ကန်ဖို့တော့ လိုပါတယ်။  ယောဂလေ့ကျင့်မယ်ဆိုရင်  ဆရာဝန်ရဲ့ အကြံဉာဏ်ကို အရင်ဆုံးရယူဖို့လိုအပ်ပါတယ်။

စိတ်လှုပ်ရှားပြောင်းလဲမှုများတည်ငြိမ်စေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ       စိတ်အတက်အကျပြောင်းလဲမှုတွေများတတ်ပါတယ်။ ကလေးမွေးဖွား ဖို့အတွက် စိုးရိမ်ကြောက်ရွံ့တာ၊ ငွေရေးကြေးရေးပူပန်ရတာ၊   မိဘတစ်ယောက်ဖြစ်လာဖို့  ကြိုတင်ပြင်ဆင် ရတာတွေကြောင့် စိတ်လှုပ်ရှားပြောင်းလဲမှုတွေ များနေတတ်ပါတယ်။  ထို့ပြင်  ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်းဟော်မုန်းပမာဏ မြင့်တက်လာတာကြောင့် စိတ်ခံစားရမှုတွေ ပြောင်းလဲနေပါတယ်။   လေ့ကျင့်ခန်းလုပ်တာ၊   သူငယ်ချင်းတွေနဲ့တွေ့ဆုံစကားပြောတာ၊    ရုပ်ရှင်ကြည့်တာ၊  အိမ်ထောင်ဖက်နဲ့   ချစ်ခင်စွာနေထိုင်တာတွေက စိတ်သက်သာစေပါတယ်။    စိတ်ဓာတ်ကျဆင်းတဲ့အခါဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။

နှစ်ယောက်စာအာဟာရစားပေးသင့်ပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ၃၀၀ ကယ်လိုရီအပိုရရှိဖို့လိုအပ်ပါတယ်။ ကယ်လိုရီအပိုရရှိအောင် ကောက်နှံတစ်ခုလုံးပါဝင်စာ၊    သစ်သီး၊    ဟင်းသီးဟင်းရွက်၊ အသား၊ ပဲအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ စားသုံးပေးသင့်ပါတယ်။ နံနက်စာမစားတာမျိုး မလုပ်သင့်ပါဘူး။ ထမင်းတစ်နပ်နဲ့ တစ်နပ်ကြားမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာစားသင့်ပါတယ်။မချက်ပြုတ်ဘဲ   အစိမ်းအတိုင်းစားတာ  (ဥပမာ-ကြက်ဥအစိမ်းသောက်တာမျိုး)တွေ   ရှောင်သင့်ပါတယ်။  ငါးမှာ   မာကျူရီပါဝင်မှုများနိုင်တာကြောင့် ကျက်အောင်သေချာချက်စားသင့်ပါတယ်။ မကျက်တကျက်ချက်ထားတဲ့အသားတွေကိုမစားသင့်ပါဘူး။

အပန်းဖြေခရီးထွက်သင့်ပါတယ်

ကလေးမမွေးခင်မှာ    ဇနီးမောင်နှံအတူတကွခရီးထွက်သင့်ပါတယ်။ ကိုယ်ဝန် ၃၆  ပတ်အတွင်း ခရီးထွက်သင့်ပါတယ်။ ခရီးသွားမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သွားရပါမယ်။ ခရီးသွားမယ့်နေရာပေါ် မူတည်ပြီး လိုအပ်တာတွေကို ဆရာဝန်ကညွှန်ကြားပေးပါလိမ့်မယ်။ ခရီးမထွက်နိုင်ခဲ့ရင် အကောင်းဆုံးဟိုတယ်တစ်ခုမှာ တစ်ညတာတည်းခိုပြီး အပန်းဖြေသင့်ပါတယ်။

အကောင်းမြင်စိတ်မွေးသင့်ပါတယ်

မိခင်တစ်ယောက်ဖြစ်တော့မယ်ဆိုရင်  ကိုယ့်ရဲ့စိတ်နေစိတ်ထားတွေက  အရင်နဲ့မတူဘဲ ပြောင်းလဲသင့်တာတွေပြောင်းလဲရပါမယ်။     မိခင်ကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးမျိုးတွေတွေးနေတာက   ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို လျော့နည်းစေပါတယ်။ အကောင်းမြင်တဲ့ စိတ်မျိုးထားသင့်ပါတယ်။ ကျန်းမာရေးစာအုပ်၊ စာစောင်တွေဖတ်ရှု လေ့လာသင့်ပါတယ်။  အတွေ့အကြုံကောင်းတွေ မှတ်သားထားသင့်တယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်စားသောက်သင့်တယ်။      သင့်တင့်တဲ့လေ့ကျင့်ခန်း ပြုလုပ်သင့်တယ်။ ဒါဆိုရင်   ကျေနပ်ပျော်ရွှင်မှုတွေနဲ့ ပြည့်ဝနေတဲ့မိခင်ဖြစ်စေမှာပါ။

ဆရာဝန်ညွှန်ကြားချက်မရှိဘဲဆေးမသောက်သင့်ပါဘူး

ဆရာဝန်ညွှန်ကြားချက်မပါရှိဘဲ ဝယ်ယူသောက်သုံးနိုင်တဲ့အအေးမိ၊   နှာစေးပျောက်ဆေး၊   ဓာတ်မတည့်တဲ့ကုသဆေး၊ ရောင်ရမ်းမှုသက်သာဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်မသောက်သင့်ပါဘူး။     သောက်သုံးလိုက်တဲ့ဆေးဝါးတွေက သန္ဓေသားပေါ်မှာ   ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။    ဆေးဝါးသောက်သုံးဖို့လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။  

MWD

ဒေါက်တာလွင်သန့်

မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်ကြွယ်ဝပြီး စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးရန် အထူးလိုအပ်သည်။ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆိုသည့်အတိုင်း ပြည်တွင်းထုတ်လုပ်မှုများကို မြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ 

နိုင်ငံစီးပွားရေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍဟူ၍ ကဏ္ဍသုံးရပ် ရှိသည့်အနက် နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှီတင်းနေထိုင်ကြသည့် ကျေးလက်ဒေသ၏ အဓိက စီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးသည် အရေးကြီးဆုံးအချက် ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည်  ဦးတည်ချက် (၄) ရပ်ချမှတ် ဆောင်ရွက်ရာတွင်  ဒုတိယအချက်ဖြစ်သည့် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ် ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ( Agro- based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို  စဉ်ဆက်မပြတ်မြှင့်တင်ရေး”ဟူ၍ ပါရှိသည်။

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးသည် အဓိကကျသည့်အချက်ဖြစ်သည်။ စီးပွားရေးအား ကောင်းမွန်မှသာလျှင် နိုင်ငံရေးအားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ နိုင်ငံစီးပွားတိုးတက်မြင့်မားရေးတို့အတွက် ပြည်သူအားလုံးက အမှန်တကယ် အလုပ်လုပ်ကြရမည်ဖြစ်သည်။  မြန်မာနိုင်ငံသည် မြေသား၊ ရေသယံဇာတပေါကြွယ်သည့် နိုင်ငံဖြစ်သည့်အတွက် အလုပ်လုပ်လျှင် လုပ်နိုင်သလောက်  အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။  သို့ဖြစ်ရာ အမှန်တကယ်အလုပ်လုပ်နိုင်ရန်အတွက်  အလုပ်အကိုင် အခွင့်အလမ်း များကိုလည်း ဖန်တီးပေးရမည်ဖြစ်သည်။

နိုင်ငံတော်တိုးတက်ရေး ပြည်တွင်းထုတ်လုပ်မှုကို ဦးစားပေးမြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန် ဖွံ့ဖြိုးရေးအတွက် လယ်ယာ၊ စက်မှု၊ လက်မှုနှင့် အခြားကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့ပြီး ပြည်တွင်းသုံးပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ ပြည်ပမှတင်သွင်းကုန်များအပေါ် မှီခိုမှုလျှော့ချကာ ပြည်တွင်းထုတ်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် နိုင်ငံ့ငွေကြေးအပ်နှံမှုကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ 

နိုင်ငံသားတိုင်းကလည်း မိမိတို့နိုင်ငံ၏ထုတ်ကုန်များကို ဦးစားပေးဝယ်ယူသုံးစွဲခြင်းဖြင့် ပြည်တွင်းစီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ပြည်ပကုန်ပစ္စည်းများထက် ပြည်တွင်းထုတ်ပစ္စည်းများကို ပိုမိုရွေးချယ်ဝယ်ယူခြင်းဖြင့် ဒေသခံလုပ်ငန်းရှင်များ၏ စီးပွားရေးတိုးတက်မှုကို အားပေးရာရောက်သည်။ ထို့ကြောင့် ကုန်ထုတ်လုပ်မှုအား မြှင့်တင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ အစိုးရအနေဖြင့် စက်မှုဇုန်များ တည်ထောင်ခြင်း၊ အတိုးနှုန်းများသက်သာစွာဖြင့် ချေးငွေများရယူစေခြင်း၊ နည်းပညာနှင့် လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေးကို အထောက် အကူပြု နိုင်မည်ဖြစ်သည်။ 

စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု 

မြန်မာနိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ဤကဏ္ဍများသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ပြည်ပပို့ကုန်တိုးတက်ရေး တို့အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။  စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်ပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင်နေထိုင်ကာ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသည်။ ထို့ပြင် စိုက်ပျိုးရေးထွက်ကုန် များဖြစ်သည့် အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဓိကသီးနှံစိုက်ပျိုးနိုင်သည့် နေရာများတွင် ယခုစိုက်ပျိုးမှုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ 

အလားတူ မွေးမြူရေးလုပ်ငန်းသည်လည်း ကျေးလက်ဒေသများတွင် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းအဖြစ် ကျယ်ပြန့်စွာလုပ်ကိုင်ကြပြီး နိုင်ငံအတွက်လိုအပ်သည့် အသားနှင့် နို့ထွက်ပစ္စည်းများ ဖူလုံရေးအတွက် အရေးပါလျက်ရှိသည်။  မွေးမြူရေးလုပ်ငန်းများတွင် အဓိကအဖြစ် နွား၊ ကြက်၊ ဝက်ကိုလည်းကောင်း၊ ရေချိုနှင့် ရေငန်ငါးများကို စီးပွားဖြစ်လည်းကောင်း မွေးမြူကြသည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ စိန်ခေါ်မှုများအဖြစ် မိုးခေါင်ခြင်း၊ ရေကြီးခြင်း  စသည့်ရာသီဥတုပြောင်းလဲခြင်း၊  ဈေးကွက်ဝင်ရောက်နိုင်မှုအနေဖြင့် ကျေးလက်ဒေသများတွင် ထုတ်ကုန်များဈေးကွက်သို့ရောက်ရှိရန် အခက်အခဲရှိခြင်း၊ တောင်သူများအတွက် ခေတ်မီနည်းပညာနှင့် ငွေကြေးအထောက်အပံ့များလိုအပ်ခြင်း စသည်များကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။

သို့ဖြစ်ရာ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးရေးလမ်းညွှန်အဖြစ် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အရည်အသွေးမြှင့်၍ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို နည်းပညာ၊ ငွေကြေးနှင့် ဈေးကွက်ဖော်ဆောင်ပေးခြင်းတို့ကို နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုမှသည်  ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံ့စီးပွားရေး တည်ငြိမ်မှုအတွက် အခြေခံအုတ်မြစ်အဖြစ် ဖြစ်ပေါ်လာမည်ဖြစ်သည်။

ယာယီသမ္မတ(တာဝန်)     တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင်လ ၃၁ ရက်က ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး (၃/၂၀၂၅)တွင် ရှင်းလင်းပြောကြားရာ၌ မိမိတို့ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ကာလအတွင်း ပြည်သူလူထုတစ်ရပ်လုံး၏ စားရေရိက္ခာဖူလုံရေးအတွက် စပါးစိုက်ပျိုးမှု၊ ဆီထွက်သီးနှံစိုက်ပျိုးမှု၊ ပဲမျိုးစုံစိုက်ပျိုးမှု၊ အသားငါးထုတ်လုပ်မှုများကို နှစ်အလိုက် တိုးတက်မှု ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊  သို့သော်လည်း အဓိကသီးနှံအဖြစ် သတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏  စီးပွားရေးအခြေအနေသည် ယခင်အစိုးရလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ရငွေကျပ် ၁၇၅၈၅ ဒသမ ၅၅ ဘီလီယံရှိရာမှ မိမိတို့အစိုးရကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ရငွေကျပ်  ၃၄၅၅၃ ဒသမ ၅၀ ဘီလီယံအထိ တိုးတက်ရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

MSME ကဏ္ဍ၏ အရေးပါမှု

MSME ဆိုသည်မှာ အနည်းငယ်သော အရင်းအနှီးဖြင့် စတင်လုပ်ကိုင်နိုင်သည့် စီးပွားရေး လုပ်ငန်းငယ်များ ဖြစ်ပြီး နိုင်ငံတကာတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခြေခံအုတ်မြစ်သဖွယ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ မြန်မာနိုင်ငံတွင်လည်း MSME လုပ်ငန်းများသည် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုခြင်းနှင့် ပြည်တွင်းထုတ်ကုန်များ တိုးတက်စေခြင်းတို့အတွက် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။  MSME လုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ယနေ့ခေတ်ကမ္ဘာကြီးသည် အရာရာတွင် တိုးတက်မှုအပေါင်းနှင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိသည်။ လူသားတို့၏ တီထွင်ကြံဆမှုကြောင့် အသစ်အသစ်တို့သည် အဆက်မပြတ်ဖြစ်ပေါ်နေလျက်ရှိရာ စီးပွားရေးလုပ်ငန်းများသည်လည်း နည်းပညာသစ်များဖြင့် တိုးတက်လျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏  အသေးစား၊ အငယ်စားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး သည်  အရေးပါလှသည့် အခန်းကဏ္ဍ၌ ပါဝင်နေသည်။ မြန်မာနိုင်ငံ၌ အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်များချမှတ်ပြီး  တွန်းအားပေး ပံ့ပိုးကူညီမှုများကို  စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ MSME လုပ်ငန်းများ၏ မတူညီသည့် အတွေးအခေါ်များ၊ ဆန်းသစ်တီထွင်မှုများနှင့်အတူ ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် အရည်အသွေး မြင့်မားအောင် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကိုပါ ဖန်တီးပေးလျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံ၏  စီးပွားရေးတိုးတက်မှု အခြေအနေများဖြစ်သည့်  ပြည်ပတင်ပို့မှု၊ တင်သွင်းမှု မျှတမှုများသည် နိုင်ငံ၏စီးပွားရေးအပေါ်  များစွာမူတည်သည်။  တင်ပို့မှု၊  တင်သွင်းမှုကွာဟချက် သို့မဟုတ် သွင်းကုန်သည် ပို့ကုန်ထက်များပြားနေပါက တိုင်းပြည်စီးပွားရေးတွင် Trade deficit အနုတ်လက္ခဏာကိုသာ မြင်ရမည်ဖြစ်သည်။ ကျေးလက်ဒေသနေ တိုင်းပြည်၏ ထုတ်လုပ်မှုအင်အားစုသည် ၇၀ ရာခိုင်နှုန်းခန့်ရှိနေပြီး မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သစ်တောသယံဇာတပေါများကြွယ်ဝသော မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပြည်ပပို့ကုန်ထက် ပြည်ပတင်သွင်းမှုပမာဏများပြားလျက်ရှိသည်။  မြန်မာ့လူ့အဖွဲ့အစည်းရှိ လူမှုဘဝအများစု၏ ၉၉ ရာခိုင်နှုန်းခန့်သည် အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေးလုပ်ငန်းအများစုအပေါ်တွင် ရပ်တည်နေရပြီး ၎င်းသည် နိုင်ငံ့စီးပွားရေးယန္တရားတွင် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။

ပြည်တွင်း၌ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ အများဆုံးပါဝင်နေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံများ၏အခြေအနေကို လေ့လာကြည့်မည်ဆိုပါက အကြီးစားစီးပွားရေးလုပ်ငန်းများထက် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)များက များစွာအထောက်အကူပြုနေသည်ကို တွေ့ရမည်ဖြစ်သည်။ MSME လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကကျောရိုးမဏ္ဍိုင်တစ်ခုဖြစ်ပြီး အခြေခံအကျဆုံး စီးပွားရေးလုပ်ငန်းလည်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေးအားကောင်း လာစေရန်အတွက် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ဆိုသည့်အတိုင်း ပြည်တွင်းထုတ်လုပ်မှုများ တိုးတက်လာစေရန် နိုင်ငံသားတိုင်း ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။ ပြည်တွင်းထုတ်ကုန်များ ပိုမိုကောင်းမွန်လာပါက နိုင်ငံတော်၏ စီးပွားရေးသည်လည်း ပိုမိုတည်ငြိမ်ခိုင်မာ ကောင်းမွန်လာမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှုများ မြင့်တက်လာစေရန် နိုင်ငံသားအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ရန် ရေ၊ မြေ၊ ရာသီဥတု စသောအခြေခံကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေကို ကောင်းစွာပြုပြင်ပြီး လိုအပ်သည့် သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာများ အပြည့်အဝအသုံးပြုခြင်း၊ စိုက်ပျိုးရေကို သီးနှံ၏ လိုအပ်ချက်နှင့်အညီ ပေးဝေခြင်း၊ မိရိုးဖလာစိုက်ပျိုးနည်းများအစား ခေတ်မီနည်းပညာများကို အသုံးပြုခြင်းဖြင့် သီးနှံများအထွက်တိုးလာမည်ဖြစ်ရာ တောင်သူများလည်း ဝင်ငွေတိုးလာကြမည် ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုများ တိုးတက်လာပါက လုပ်ငန်းများလုပ်ကိုင်နေကြသည့် ပြည်သူတစ်ဦးချင်းစီ၏ ဝင်ငွေသည်  တိုးတက်လာကာ  လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး နိုင်ငံတော်၏ဘဏ္ဍာငွေသည်လည်း တိုးတက်မြင့်မားလာမည် ဖြစ်ပေသည်။ ထို့ကြောင့်  နိုင်ငံတော်ရွှေသီးဖို့  ကုန်ထုတ်လုပ်မှု အားပေးစို့ဟူ၍ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။     ။

MWD

ဆုလတ်မေ

မကြာမီကျင်းပမည့် ရွေးကောက်ပွဲအတွက် ကျင့်သုံးမည့်စနစ်

မကြာမီကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ  စာရေးသူတို့နိုင်ငံအနေနဲ့ မြန်မာအီလက်ထရောနစ်မဲပေးစနစ်( Myanmar Electronic Voting Machine-MEVM)ကို ကျင့်သုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူမဲဆန္ဒရှင်တွေအနေနဲ့လည်း Myanmar Electronic Voting Machine-MEVM   အကြောင်းကို အကြမ်းဖျင်းသိထားဖို့ အသိပေးလိုပါသေးတယ်။

ဒီစနစ်ကိုတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ညှိနှိုင်းတီထွင်ဆောင်ရွက်ထားတယ်လို့  သတင်းတွေမှာ တွေ့ရတယ်။ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအစီရင်ခံစာ ၂၀၂၁ ခုနှစ်ရဲ့ဖော်ပြချက်အရဆိုရင် အီလက်ထရောနစ်မဲ ပေးစနစ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ စာရေးသူတို့  မြန်မာနိုင်ငံမှာ   အသုံးပြုမှာမို့   Myanmar  Electronic Voting Machine -MEVM လို့ဆိုတာပါ။ သူ့ရဲ့မူရင်းအသုံးအနှုန်းကတော့ Electronic Voting Machine-EVM ပါပဲ။ ဘယ်နိုင်ငံတွေကျင့်သုံးကြလဲဆိုရင်  အာဂျင်တီးနား၊ ဘရာဇီး၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ဗင်နီဇွဲလားစတဲ့နိုင်ငံတွေမှာ  ကျင့်သုံးနေတာကို လေ့လာတွေ့ရှိရပါတယ်။

အီလက်ထရောနစ်မဲပေးစနစ် (Electronic Voting Machine-EVM) က လေးမျိုးရှိတာကို ထပ်တွေ့ရပြန်တယ်။ ဒါတွေကတော့-

(၁)     တိုက်ရိုက်မှတ်တမ်းတင် အီလက်ထရောနစ်မဲပေးစနစ်( Direct Recording Electronic system-DRE) (ကျင့်သုံးသည့်နိုင်ငံများ- အိန္ဒိယ၊  ဘူတန်၊ ရိုမေးနီးယား၊ ဘရာဇီး၊ အီရန်၊ ပီရူး၊ အယ်လ်ဘေး နီးယား၊  နာမီဗီးယား၊  ဘူလ်ဂေးရီးယား၊ ဗင်နီဇွဲလား…) မဲပေးပုံပေးနည်းကတော့ မဲဆန္ဒရှင်တွေဟာ ကီးဘုတ်၊ ထိတွေ့မျက်နှာပြင်၊  မောက်၊  ဘောပင် ဒါမှမဟုတ် တခြားအီလက်ထရောနစ် ပစ္စည်းတစ်ခုခုကိုသုံးပြီး ကိုယ်ပေးချင်တာကို ရွေးချယ်မဲပေးခြင်းပဲဖြစ်ပါတယ်။ ဒီစက်ဟာ ပေးတဲ့မဲတွေကို မှတ်တမ်းအနေနဲ့သိမ်းထားပေးနိုင်ပါတယ်။

ဒီစက်တွေကို  မဲပေးချက်မှန်၊ မမှန်အတည်ပြုစက်(Voter-Verified Paper Audit Trail – VVPAT)ဖြင့် ချိတ်ဆက်ပြီးလည်း သုံးနိုင်သလို မချိတ်ဆက်ဘဲလည်းသုံးနိုင်ပါတယ်။   ချိတ်ဆက်ပြီးသုံးရင်တော့    မဲဆန္ဒရှင်ရွေးချယ်လိုက်တဲ့ ဆန္ဒမဲတွေအတွက်   VVPAT များက ကိုယ်ပေးလိုက်တဲ့မဲအတိုင်း ပြေစာသဘောမျိုး အထောက်အထား စက္ကူစလစ်ဖြတ်ပိုင်းလေးတွေ  ပရင့်ထုတ်ပေးမှာဖြစ်ပါတယ်။

(၂)     အီလက်ထရောနစ်မဲလက်မှတ်ထုတ်ပရင်တာ (Electronic Ballot Printer  System – EBPs) (ကျင့်သုံးသည့်နိုင်ငံများ - ကွန်ဂို၊ အာဂျင်တီးနား..) ဒီစက်ကတော့ အထက်မှာဖော်ပြထားတဲ့ DRE စက်နှင့်ဆင်တူပါတယ်။ ဒီစက်ကလည်း ကိုယ်ပေးလိုက်တဲ့ မဲဆန္ဒအတိုင်း မဲလက်မှတ်ကို ပရင့်ထုတ်ပေးတယ်။ အဲဒီမဲလက်မှတ်ကို အလိုအလျောက် မဲရေတွက်ပေးတဲ့  သီးခြားမဲလက်မှတ်ဖတ် စကင်နာစက်(Ballot Scanner)အတွင်းသို့ ထည့်သွင်းရေတွက်ပြီး  မဲပုံးထဲသို့ရောက်ရှိသွားတဲ့စနစ် ဖြစ်ပါတယ်။ EBPs ကတော့ ပေးတဲ့မဲတွေကို မှတ်တမ်းအနေနဲ့ သိမ်းထားပေးခြင်းမရှိပါဘူး။  EBPs နဲ့ တွဲဖက်လုပ်ဆောင်တဲ့ မဲလက်မှတ်ဖတ်စကင်နာစက်   (Ballot Scanner) ကတော့ မဲပေးချက်နဲ့  စုစုပေါင်းမဲအရေအတွက်များကို မှတ်တမ်းတင်ပေးနိုင်ပါတယ်။

(၃)     အလင်းဖြင့်မှတ်တမ်းတင်စနစ်(Optical Mark Recognition – OMR) (ကျင့်သုံးသည့်နိုင်ငံများ- ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အီရတ်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ..) အထူးပြုလုပ်ထားတဲ့ မဲလက်မှတ်ပေါ်မှာ မဲပေးသူရွေးချယ်တာကို စကင်ဖတ်စစ်ဆေးသောစနစ် (OMR systems)တပ်ဆင်ထားတဲ့စက်ဖြစ်ပြီး စာရွက်နဲ့မဲပေးတာကို  အီလက်ထရောနစ်ရေတွက်ခြင်းဆိုပြီး စနစ်နှစ်ခုပေါင်းစပ်ထားတာဖြစ်ပါတယ်။

OMR စက်မှာတော့ အဆိုပါစက်က  နားလည်ဖတ်ရှုနိုင်တဲ့  မဲစာရွက်ကိုသာ  အသုံးပြုရပါမယ်။ အဲဒီစာရွက်ပေါ်မှာ ဘောပင် သို့မဟုတ် ခဲတံကို အသုံးပြုရပါတယ်။ ဒါမှလည်း ဆန္ဒမဲလက်မှတ်များကို  OMR  စက်က ဖတ်ရှုမှတ်သား၍  အလိုအလျောက် ရလဒ်များ တွက်ချက်ပေးနိုင်မှာဖြစ်ပါတယ်။

(၄)     အင်တာနက်မဲပေးစနစ် (Internet Voting System ) (ကျင့်သုံးသည့်နိုင်ငံများ-ဩစတြေးလျနိုင်ငံ၊ အက်စတိုးနီးယားနိုင်ငံ…) မဲပေးသူက အင်တာနက်ချိတ်ထားတဲ့  ကွန်ပျူတာကိုသုံးပြီး  မဲပေးရတာဖြစ်ပါတယ်။  အင်တာနက်မှတစ်ဆင့်  မဲရေတွက်တဲ့ ဗဟိုကွန်ပျူတာဆာဗာဆီကို  ပေးတဲ့မဲတွေ လွှဲပြောင်းပေးတဲ့စနစ်ပင် ဖြစ်ပါတယ်။    အင်တာနက်ကနေမဲပေးတဲ့   အားနည်းချက် တချို့ကတော့ ကွန်ပျူတာစနစ်အတွင်းသို့ဟက်ကာ(Hacker)တွေ ဝင်ရောက် နှောင့်ယှက်နိုင်ခြင်းနဲ့ အချက်အလက်ပျက်စီးနိုင်ခြင်း    စတဲ့လုံခြုံရေးဆိုင်ရာပြဿနာများ ရှိနိုင်ပါတယ်။

နိုင်ငံတော်ရဲ့နိုင်ငံရေးခရီးလမ်းမှာ ဒီလိုအီလက်ထရောနစ်နဲ့မဲပေးစနစ်ကို   ကျင့်သုံးခဲ့တာမရှိခဲ့ပါဘူး။ ဒါ့ကြောင့် မဲဆန္ဒရှင်ပြည်သူတွေ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ဖို့  သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ပညာပေးရေးအစီအစဉ်တွေ  ဆောင်ရွက်ခဲ့တာကိုလည်း  တွေ့ရပါတယ်။ လတ်တလောထိတော့ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စတဲ့ နေပြည်တော် ကောင်စီနယ်မြေနဲ့ တိုင်းဒေသကြီးတွေမှာ မဲဆန္ဒရှင်ပေါင်းတစ်သိန်းကျော်နဲ့ လက်တွေ့ဆောင်ရွက် နိုင်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ 

ကျန်ရှိဒေသတွေမှာလည်း  မဲပေးစနစ်နဲ့ပတ်သက်ပြီး ပညာပေးအစီအစဉ်တွေ  ဆောင်ရွက်နေတာကို နေ့စဉ်ထုတ် သတင်းစာများမှာ တွေ့မြင်ဖတ်ရှုရပါတယ်။

မဲဆန္ဒရှင်များအတွက် မဲပေးစက်များ၏အကြောင်းအရာအကျဉ်း

မဲရုံတစ်ရုံမှာ  ဆန္ဒပြုစက်(Ballot Unit-BU)၊ ထိန်းချုပ်စက် ( Control Unit-CU)၊ မဲပေးချက် ဖော်ပြသည့်စက် (Verification Unit – VU)ဆိုပြီး စက်သုံးမျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ ဆန္ဒပြုစက်မှာတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမယ့်   ပါတီအလိုက်   ကိုယ်စားလှယ်လောင်း အမည်၊ သင်္ကေတအမှတ်အသားတွေနဲ့ တစ်တန်းတည်းမှာ ခလုတ်တွေပါမယ်။

ထိန်းချုပ်စက်မှာတော့  မဲပေးခြင်းစတင်ပြီဆိုတာနဲ့  မဲရုံတာဝန်ရှိသူက မဲပေးခြင်းစတင်တဲ့ ခလုတ်ကို နှိပ်ပေးမယ်။ မဲပေးချိန်ပြီးဆုံး၍ မဲရုံပိတ်သိမ်းသည်နှင့် မဲပေးခြင်းပိတ်သိမ်း ခလုတ်ကိုနှိပ်ပြီး ပိတ်လိုက်မှာဖြစ်တယ်။ ဒီနောက်တော့ မဲလုံးဝထပ်ပေးလို့မရတော့တာပဲဖြစ်တယ်။ မဲရုံကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက်မှာပဲ ထိန်းချုပ်စက်မှာရှိတဲ့ Print ခလုတ်ကိုနှိပ်ပြီး မဲရလဒ်ကို Print ထုတ်ပြီး မဲရုံကိုယ်စားလှယ်တွေနဲ့   အများပြည်သူကို ပြသမှာပဲဖြစ်ပါတယ်။

မဲပေးချက်ဖော်ပြသည့်စက်ဆိုတာဘယ်လိုလဲ။ 

ဒီစက်က မဲဆန္ဒရှင်တွေနဲ့   မဲရုံတာဝန်ရှိသူတွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေရဲ့ကြားက ပွင့်လင်းမြင်သာမှုတစ်ခုပါပဲ။ ဒီစက်ဟာ မဲပုံးနဲ့မဲပေးချက်ကိုချပြနိုင်မယ့် ပရင်တာတစ်ခုနဲ့ ချိတ်ဆက်ထားတဲ့စက်ပါပဲ။ ဆိုပါစို့။ မဲဆန္ဒရှင်ဟာ ဆန္ဒပြုစက်မှာ မဲပေးလိုက်မယ်။ ကိုယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်း အမည်၊ သင်္ကေတအတိုင်း စက္ကူဖြတ်ပိုင်းကို သုံးစက္ကန့်စက်ကထုတ်ပြမယ်။ အဲ့ဒီမှာ မဲဆန္ဒရှင်ဟာ ကိုယ်ရွေးချယ်တဲ့ကိုယ်စားလှယ်လောင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးနိုင်မှာပဲဖြစ်တယ်။ ပြီးတာနဲ့ အလိုအလျောက်စနစ်နဲ့ တွဲဆက်ထားတဲ့ မဲပုံးထဲကို မဲဖြတ်ပိုင်းဟာ လျှောကျသွားမှာပဲဖြစ်တယ်။ ဒီအချိန်ဟာ မဲဆန္ဒရှင်တစ်ဦးရဲ့မဲပေးမှု အောင်မြင်သွားပြီဆိုတာကို သိရမှာပဲဖြစ်တယ်။

အမှန်တရားနဲ့ မုသားဆိုသည်မှာ အမှန်တရားက ဖိနပ်စီးနေချိန်မှာ မုသားစကားက ကမ္ဘာပတ်ပြီးနေပြီလို့ ဆိုရပါမယ်။ အဖျက်ဆိုတာ ဘုရားရှင်လက်ထက်ကတည်းက ရှိနေပြီးသားပါပဲ။ လက်ရှိမှာလည်း  ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတဲ့   မြန်မာအီလက်ထရောနစ်မဲပေးစနစ်(Myanmar Electronic Voting Machine-MEVM) စက်တွေအပေါ်  ထုံးစံအတိုင်း ဝေဖန်ပုတ်ခတ်မှုတွေ ဒုနဲ့ဒေးတွေ့နေရပြန်ပါတယ်။

သူတို့ဝေဖန်ပုတ်ခတ်ချက်တွေကို စာရေးသူလေ့လာကြည့်မိတယ်။  ဒါတွေကတော့  မဲရုံမှူးနဲ့ တာဝန်ရှိသူတွေက မဲရလဒ်တွေကို အပြောင်းအလဲလုပ်နိုင်တယ်ဆိုတာမျိုးတွေ၊    အရင်ရွေးကောက်ပွဲ တုန်းကမှ မဲလက်မှတ်တွေ မှန်၊ မမှန်ပြန်စစ်လို့ရတယ်ဆိုတာမျိုးတွေ၊  ဘယ်နည်းပညာနဲ့ တီထွင်တယ်လို့အသိမပေးဘူးဆိုတာမျိုးတွေ၊ ထိန်းချုပ်သူက အပြောင်းအလဲလုပ်လို့ရတယ်ဆိုတဲ့ ဝေဖန်မှုမျိုးတွေပါပဲ။ ဪ..

သူတို့က အဖျက်အမှောင့်ပဲ။ အဖျက်အမှောင့်အတွေးနဲ့ပဲ တွေးမှာပေါ့။

ခုလိုစက်နဲ့မဲပေးတဲ့စနစ်တွေမှာ နံပါတ်(၁)အနေနဲ့ ခွင့်ပြုချက်ဖြင့်သာ မဲပေးနိုင်ခြင်းဖြစ်ပါတယ်။ မဲရုံမဖွင့်ခင်မှာလည်း ကိုယ်စားလှယ်လောင်းတွေ၊ ပါတီတွေကခန့်ထားတဲ့ မဲရုံကိုယ်စားလှယ်တွေက စက်တွေကို စမ်းသပ်စစ်ဆေးခွင့်ပေးထားပါသေးတယ်။ စက်ထဲမှာ အချက်အလက်ဘာမှမရှိတာတွေ၊  မဲပုံးထဲမှာ ဘာမှမရှိတာတွေကို  အားလုံးစစ်ဆေးပြီးမှ မဲရုံစတင်ဖွင့်လှစ်ချိန်မှာ မဲရုံမှူးက မဲပေးခြင်းစတင်တဲ့on/off  ခလုတ်ကိုနှိပ်ကာ မဲပေးခြင်းလုပ်ငန်းစဉ်ကို စတင်တာဖြစ်ပါတယ်။ ဒါတောင် မဲဆန္ဒရှင်တွေက မဲပေးလို့မရသေးပါဘူး။  နောက်တစ်ဆင့်အဖြစ် ထိန်းချုပ်စက်ကိုင်တဲ့   မဲရုံဝန်ထမ်းက မဲဆန္ဒရှင်တွေမဲပေးနိုင်ဖို့အတွက် မဲပေးခြင်းကိုခွင့်ပြုပေးတဲ့ Ballot ခလုတ်ကို နှိပ်ပေးမှသာ မဲပေးနိုင်မှာဖြစ်ပါတယ်။ (ဒါဟာ  ခွင့်ပြုချက်မရှိဘဲ  မဲပေးတာတွေ၊ မဲအရေအတွက်ကို လိုသလိုထည့်သွင်းတာတွေမလုပ်နိုင်အောင်   ကာကွယ်ပေးထားတာဖြစ်ပါတယ်)၊ ထိန်းချုပ်စက်ကိုင်တဲ့ မဲရုံဝန်ထမ်းကလည်း  ဒီစက်ကို နေရာရွှေ့လို့မရပါဘူး။ ခလုတ်နှိပ်ပြီး ခွင့်ပြုပေးတယ်ဆိုတာကလည်း အများမြင်သာတဲ့စားပွဲပေါ်မှာပဲ ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ဒါကိုလည်း ပါတီကိုယ်စားလှယ်တွေက ထင်သာမြင်သာစွာ စောင့်ကြည့်နေနိုင်ပါတယ်။ စက်တွေကို လုံခြုံရေးကြိုးတွေနဲ့ ချည်ထားပါသေးတယ်။

မဲပေးခြင်းလုပ်ငန်းစဉ်ပြီးလို့ မဲရုံပိတ်ပြီဆိုရင်လည်း မဲရုံမှူးဟာ ထိန်းချုပ်စက်မှာရှိတဲ့ မဲပေးခြင်းပိတ်သိမ်းတဲ့ on/off ခလုတ်ကို နှိပ်လိုက်တာနဲ့ နောက်ထပ်မဲပေးခြင်းလုပ်ငန်းတွေဟာ လုံးဝရပ်နားသွားပြီဖြစ်ပါတယ်။ (မဲပေးခြင်းစနစ်တစ်ခုလုံးကို ပိတ်ချလိုပြီဖြစ်တဲ့အတွက် မသမာမဲထပ်ပေါင်းခြင်း၊ မဲအရေအတွက် ပြောင်းလဲခြင်းတို့ကို မပြုလုပ်နိုင်တော့ပါဘူး။ မဲပေးခြင်းမပိတ်ခင်မှာလည်း စက်မှာ လူဘယ်လောက်မဲ ပေးထားတယ်ဆိုတာကို စစ်ဆေးပြီးမှ ပိတ်တာဖြစ်တဲ့အတွက် အဲ့ဒီအရေအတွက်ကိုလည်း ပါတီကိုယ်စားလှယ်တွေက သိနှင့်နေကြပါပြီ) မဲရုံပိတ်ပြီဆိုတာနဲ့ မဲရုံမှူးက မဲရုံကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက်မှာပဲ ထိန်းချုပ်စက်က Print  ခလုတ်ကိုနှိပ်ပြီး ရလဒ်စာရွက်ကို ချက်ချင်းထုတ်ပြမှာဖြစ်ပါတယ်။ မဲရုံမပိတ်ခင်မှာ စစ်ဆေးထားတဲ့ စုစုပေါင်းအရေအတွက်အတိုင်း မဲရလဒ်က ထုတ်ပြမှာဖြစ်ပါတယ်။ အဲဒီရလဒ်မှာ စက်နံပါတ်ရယ်၊ ရွေးကောက်ပွဲရက်ရယ်၊ ရလဒ်ကို ပရင့်ထုတ်တဲ့အချိန်ကို နာရီ၊ မိနစ်၊ စက္ကန့်အထိ ဖော်ပြထားလို့  နောက်ထပ် ဒီစက်နဲ့ရလဒ်ကို ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတဲ့စကားဟာ  အလွန်ရယ်စရာ ကောင်းလှပါတယ်။ နောက်ပြီး လူတစ်ဦးမဲပေးလိုက်တိုင်း မဲပေးမှုကိုပြသပေးတဲ့ မဲပုံးထဲက   ဆန္ဒမဲ ဖြတ်ပိုင်းတွေဟာ  သက်သေခံစာရွက်တွေအဖြစ် ချိပ်ပိတ်သိမ်းဆည်းထားမှာဖြစ်ပြီး ရွေးကောက်ပွဲ ကန့်ကွက်လွှာ တွေဖြစ်လာလို့ ရေတွက်ဖို့လိုလာရင်လည်း     အဲဒီဆန္ဒမဲဖြတ်ပိုင်းတွေကို  ဖွင့်ဖောက်ရေတွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)စနစ်ဟာ မဲပေးခြင်းစတင်ချိန်ကနေ ရလဒ်ထုတ်ယူ ချိန်အထိ  မဲပေးဖို့ခွင့်ပြုချက်များ၊  မဲပေးခြင်းပိတ်သိမ်းမှုများ၊  လုံခြုံရေးအစီအမံများနဲ့   ပွင့်လင်း မြင်သာမှု ရှိသော  မဲရေတွက်မှုများကို စနစ်တကျဒီဇိုင်းထုတ်ထားတာဖြစ်တဲ့အတွက် ဝေဖန်ပုတ်ခတ်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ မီဒီယာများပြောသကဲ့သို့ မဲရလဒ်များကို လိုသလိုချက်ချင်းပြောင်းလဲ၍ ရနိုင်မည်မဟုတ်ကြောင်း   ပြည်သူများသိရှိနိုင်စေရန် ဗဟုသုတပါးလိုပါတယ်။

မဲလက်မှတ်နဲ့ပေးတုန်းက ပိုကောင်းတယ်ဆိုတဲ့ သူတို့အပြော။ ဒါဆိုရင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲရဲ့ များစွာသော မဲစာရင်းကွာခြားချက်တွေကိုဖြေရှင်းဖို့  တရားဝင်နည်းလမ်းတကျ တောင်းဆိုခဲ့သော ပါတီများနဲ့ တပ်မတော်၏ ထုတ်ပြန်ချက်များကို  အဘယ့်ကြောင့်  လှည့်ပတ်ရှောင်နေရသလဲ၊ ကိုယ်မှန်နေရင် မဲမခိုးကြောင်း သက်သေနဲ့တကွပြပြီး စွပ်စွဲသမျှ အဖွဲ့အစည်းအားလုံးကို အရှက်ခွဲနိုင်တဲ့အပြင်    မိမိတို့မှန်ကန်မှု    ကမ္ဘာကျော်မယ့်အခွင့်အရေးကြီးကို  လက်လွှတ်ခံကာ မှန်သည့်အတွက် ဖြေရှင်းစရာမလိုဟု မျက်စိစုံမှိတ်ငြင်းခဲ့ကြသလဲဟု ဒီဆောင်းပါးကတစ်ဆင့် မေးလိုပါတယ်။ မိမိတို့ကိုယ်တိုင်လည်း  တိုးတက်ကောင်းမွန်အောင်မလုပ်နိုင်၊ တိုးတက်ကောင်းမွန်အောင် နည်းလမ်းများစွာဖြင့် အဖြေရှာ၍ ကြိုးစားနေကြသူများကိုလည်း ထိုင်အပြစ်တင်။  ဪ… သူတို့လုပ်တတ်ကြသည်မှာလည်း ဒါပဲရှိတာပါလားလို့ ဖြည့်တွေးပေးမိရင်း သနားစိတ်ပင်ဖြစ်မိပါသေးတယ်။ 

စကားကိုထိန်းပြောရရင် ဘယ်အစိုးရ မဲမသမာမှုပြုသလဲ၊ စကားကိုဒဲ့ပြောရရင် ဘယ်အစိုးရ မဲလိမ်မဲခိုးခဲ့သလဲဆိုတာ ပစ္စုပ္ပန်မှ ကျန်ခဲ့သောလေးနှစ်သို့ ပြန်လှည့်ကြည့်ရင်  တွေ့နိုင်ပါလိမ့်မယ်။ သူခိုးက လူပြန်ဟစ်တယ်ဟုသုံးနှုန်းရင် မယဉ်ကျေးရာကျပေဦးမယ်။ သို့ဖြစ်ပါ၍ အမှန်ကခါးသောအခါ မမှန်သူတို့သည် အခါးမကြိုက် မုသားလိုက်ကာ ဖြောင့်ဖြောင့်သွားနေသူတို့ကို လိမ်ဖည်လိမ်ဖည်နဲ့ လိုက်ငြိတွယ်နေဦးမည်သာဖြစ်တယ်။  အမှန်တရားနဲ့မုသား၊  သတင်းနဲ့ကောလာဟလကို  မိဘပြည်သူအပေါင်းကွဲကွဲပြားပြားနားလည်နိုင်ကြပါစေလို့လည်း ဆန္ဒပြုလိုပါတယ်။

မည်သို့ဆိုပါစေ … ယခုကျင်းပတော့မယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကလည်း တစ်ရက်ထက် တစ်ရက်    ပိုပိုနီးကပ်လာပါပြီ။ ရွေးကောက်ပွဲကျင်းပပေးပြီး ထွက်ပေါ်လာတဲ့ အစိုးရတစ်ရပ်ကို  နိုင်ငံတော် တာဝန်လွှဲအပ်နိုင်ရေးဟာ အန္တိမရည်မှန်းချက် ဖြစ်တယ်ဆိုတဲ့ အကြောင်းကို အားလုံးလည်း သိကြမှာပါ။  ရွေးကောက်ပွဲနီးကပ်လာချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ PDF အဖွဲ့တွေကိုတောင် ငြိမ်းချမ်းရေးအတွက် ကမ်းလင့်ကြိုဆိုခဲ့ပြီ ဆိုတာကိုလည်း မိဘပြည်သူ အပေါင်း  သိနှင့်ပြီးဖြစ်ပါလိမ့်မယ်။   ဒါကြောင့် တိုင်းရင်းသား ပြည်သူအပေါင်းကို ကောလာဟလတွေကို မယုံကြည်ဘဲ   မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့်   ယုံကြည်စွာမဲပေးနိုင်ပါကြောင်း  စာပန်းချီခြယ်မှုန်းရင်း တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်ဗျာ။      ။

MWD

ကျော်ဇေတ(ဥက္ကလာ)

နိုင်ငံသားတိုင်းအတွက် မှန်ကန်သော အသိတရား

လူတိုင်းသည်ဘဝတစ်ခုကို တည်ဆောက်နေကြသည်။ ဤသို့တည်ဆောက်ရာတွင်  အောင်မြင်သောဘဝမျိုးကို တည်ဆောက်ရန်လိုအပ်သည်။ အောင်မြင်သောဘဝမျိုးကို  တည်ဆောက်နိုင်ရန်အတွက် လိုအပ်သောအရာတစ်ခုမှာ မှန်ကန်သောအသိတရားပင်ဖြစ်သည်။ မှန်ကန်သောအသိတရားဖြင့်တည်ဆောက်မှသာ အောင်မြင်သောဘဝမျိုးကို ပိုင်ဆိုင်ရမည်။ အကယ်၍ မှားယွင်းသော အသိတရားဖြင့်တည်ဆောက်ပါက  ဆုတ်ယုတ်နိမ့်ကျသောဘဝမျိုးကိုသာပိုင်ဆိုင်ရမည်။ ဤသဘောအတိုင်းပင် နိုင်ငံသူ၊ နိုင်ငံသားများသည် နိုင်ငံကိုတည်ဆောက်နေကြသည်။   မှန်ကန်သော  အသိတရားများဖြင့် တည်ဆောက်ပါက  အောင်မြင်သောနိုင်ငံမျိုးကို ပိုင်ဆိုင်ရမည်။ အကယ်၍ မှားယွင်းသော အသိတရားများဖြင့် တည်ဆောက်ပါက ဆုတ်ယုတ်နိမ့်ကျနေသော နိုင်ငံမျိုးကိုပိုင်ဆိုင်ရမည်။ လူတစ်ဦး၏ ဘဝအောင်မြင်နေသလော သို့မဟုတ် ဆုတ်ယုတ်နေသလောဆိုသည်ကိုကြည့်ပြီး ထိုသူ၏အသိတရားများ မှန်ကန်နေသလော  သို့မဟုတ် မှားယွင်းနေသလော ဆိုသည်ကိုခန့်မှန်းကြည့်ရှုနိုင်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံအောင်မြင်နေသလော   သို့မဟုတ် ဆုတ်ယုတ်နိမ့်ကျနေသလော ဆိုသည်ကိုကြည့်ပြီး ထိုနိုင်ငံရှိလူမျိုးတို့၏ အသိတရားများ  မှန်ကန်မှုရှိနေသလော  သို့မဟုတ်  မှားယွင်းနေသလောဆိုသည်ကို ခန့်မှန်းသိရှိနိုင်သည်။

မှန်ကန်သောအသိတရားဆိုသည်မှာ

မှန်ကန်သောအသိတရားဆိုသည်မှာ ကျွန်ုပ်တို့အမိနိုင်ငံတွင် လူလာဖြစ်ရခြင်းမှာ အမိနိုင်ငံအတွက် ကောင်းကျိုးမှန်သမျှကို ဆောင်ရွက်ရန်နှင့် အနစ်နာခံပေးဆပ်မှုမှန်သမျှကို ဆောင်ရွက်ပေးရမည့် တာဝန်ဖြင့်  ရောက်ရှိလာခြင်းဖြစ်သည်။   အမိနိုင်ငံသည် ကျွန်ုပ်တို့အမိနိုင်ငံသားများအတွက် အနစ်နာခံရန်မဟုတ်။ ကျွန်ုပ်တို့နိုင်ငံသားများကသာ အမိနိုင်ငံအတွက် အနစ်နာခံပေးဆပ်နေရမည်။ အမိနိုင်ငံတည်ငြိမ်အေးချမ်းလာစေရန်၊ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပနိုင်ငံသားတွင် တာဝန်မရှိ၊ မိမိတို့နိုင်ငံသားများတွင်သာ တာဝန်ရှိသည်။ ကျွန်ုပ်တို့နိုင်ငံသားများသည် အမိနိုင်ငံအပေါ် ရယူလိုသူများအဖြစ် ရပ်တည်နေရန်မဟုတ်။ ပေးဆပ်အနစ်နာခံလိုသူများအဖြစ် ရပ်တည်နေရမည်။ ဤအချက်များသည် မှန်ကန်သောအသိတရား၏ သဘောများဖြစ်ကြသည်။ ကျွန်ုပ်တို့အသိတရားများ မှန်ကန်နေမှသာ ကျွန်ုပ်တို့အားလုံးသည် အမိနိုင်ငံ၏ အားကိုးရသည့် အားများအဖြစ် ရပ်တည်နိုင်ကြမည်ဖြစ်သည်။

မှန်ကန်သောအသိတရားနှင့် နိုင်ငံကြံ့ခိုင်မှု

ကမ္ဘာပေါ်တွင် အင်အားကြံ့ခိုင်တောင့်တင်းသော နိုင်ငံများရှိသကဲ့သို့ အင်အားကြံ့ခိုင်တောင့်တင်းခြင်း မရှိသောနိုင်ငံများလည်းရှိသည်။ နိုင်ငံချင်းတူပါလျက်နှင့် ကြံ့ခိုင်မှုအားချင်း ခြားနားသွားရသည်မှာ နိုင်ငံ၏လူမျိုးတစ်မျိုးနှင့်တစ်မျိုး မှန်ကန်သောအသိတရားရှိပုံခြင်း မတူညီကြသောကြောင့်ဖြစ်သည်။ မှန်ကန်သော အသိတရားရှိသည့်လူမျိုးက အမြော်အမြင်ကြီးမားစွာ၊  စည်းလုံးညီညွတ်စွာ  နေထိုင်သည်။

တစ်ဦးကိုတစ်ဦး  အပြန်အလှန် ကာကွယ်စောင့်ရှောက်ကြသည်။ တစ်ဦး၏တိုးတက်ရာ တိုးတက်ကြောင်းကို တစ်ဦးကကြိုးပမ်း ဆောင်ရွက်ပေးသည်။ တစ်ဦးကိုတစ်ဦး အပြန်အလှန် သစ္စာစောင့်သိကြသည်။ ထို့ကြောင့် နိုင်ငံသားအချင်းချင်း အပြန်အလှန်ယုံကြည်အားကိုးမှုများ ထားရှိလာကြပြီး စည်းလုံးညီညွတ်လာကြသည်။    နိုင်ငံသားများ စည်းလုံးညီညွတ်လာခြင်းကြောင့်    နိုင်ငံ၏အားကြံ့ခိုင် တောင့်တင်းလာသည်။ နိုင်ငံသားများ၏ အသိတရား မှန်ကန်မှုရှိနေခြင်းကြောင့်   ဤသို့နိုင်ငံ၏အား ကြံ့ခိုင်တောင့်တင်းလာခြင်းဖြစ်သည်။   သို့သော် မှားယွင်းသော အသိတရားရှိသည့်သူများက အမြော်အမြင်နိမ့်ကျစွာ၊ စိတ်ဝမ်းကွဲပြားစွာနေထိုင်သည်။ တစ်ဦးကိုတစ်ဦး အပြန်အလှန်တိုက်ခိုက် ဖျက်ဆီးကြသည်။ တစ်ဦး၏ပျက်စီးရာ ပျက်စီးကြောင်းကို တစ်ဦးက ကြံဆောင်ကြိုးပမ်းကြသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သစ္စာ ဖောက်ဖျက်ကြသည်။ ထို့ကြောင့် နိုင်ငံသားအချင်းချင်း အပြန်အလှန်ယုံကြည်မှုကင်းမဲ့လာကြပြီး  စည်းလုံးညီညွတ်မှု ပြိုကွဲလာသည်။ နိုင်ငံသားများ စည်းလုံးညီညွတ်မှုပြိုကွဲလာခြင်းကြောင့်   နိုင်ငံ၏ အားယုတ်လျော့ကျဆင်းလာသည်။ နိုင်ငံသားများ၏ အသိတရားများ မှားယွင်းနေခြင်းကြောင့်  ဤသို့နိုင်ငံ၏ အားယုတ်လျော့ကျ ဆင်းလာရခြင်းဖြစ်သည်။   နိုင်ငံတစ်နိုင်ငံ၏အား ကြံ့ခိုင်တောင့်တင်းနေမည်လော သို့မဟုတ် ယုတ်လျော့ ကျဆင်းနေမည်လောဆိုသည်မှာ လူမျိုး၏ အသိတရားများ မှန်ကန်နေသလော သို့မဟုတ် မှားယွင်းနေသလောဆိုသည့် အချက်ပေါ်တွင် များစွာမူတည်သည်။ ဤအချက်ကို နှလုံးသွင်းဆင်ခြင်ပြီး  အမိနိုင်ငံတော်ကြီး၏အား   ကြံ့ခိုင်တောင့်တင်းနေစေရန်အတွက် ကျွန်ုပ်တို့နိုင်ငံသားများ၏ အသိတရားမှန်ကန်နေရမည်။

မှန်ကန်သောအသိတရားနှင့် နိုင်ငံဖွံ့ဖြိုးမှုကမ္ဘာပေါ်တွင် အချို့သောနိုင်ငံများသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လျက် ရှိနေကြပြီး အချို့သောနိုင်ငံများသည်  ခေတ်နောက်ကျကျန်ရစ်ပြီး ဆုတ်ယုတ်နိမ့်ကျလျက်ရှိနေကြသည်။ နိုင်ငံချင်းတူပါလျက်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုချင်း ခြားနားနေရသည်မှာ  နိုင်ငံ၏လူမျိုးတစ်မျိုးနှင့်တစ်မျိုး မှန်ကန်သောအသိတရားရှိပုံချင်း  မတူညီကြသောကြောင့်ဖြစ်သည်။   မှန်ကန်သော အသိတရားရှိသည့်လူမျိုးက နိုင်ငံ၏အခြေအနေအရပ်ရပ်ကို ပိုမိုတိုးတက်မြင့်မားသည့် အခြေအနေကောင်းများအဖြစ်သို့  ရောက်ရှိအောင် တာဝန်သိစိတ်မြင့်မားစွာ  ကြိုးပမ်းဆောင်ရွက်သည်။ နိုင်ငံတွင်ကြုံတွေ့နေရသောပြဿနာ၊ အခက်အခဲ၊ အန္တရာယ်များဖြေရှင်းရေးသည်  မိမိနိုင်ငံသားများတွင်လည်း တာဝန်ရှိသည်ဟုခံယူပြီး နိုင်ငံတော်အစိုးရနှင့် တက်ကြွစွာပူးပေါင်းဖြေရှင်းသည်။ နိုင်ငံ၏ တော၊ တောင်၊ ရေ၊ မြေ၊ သယံဇာတအရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ စနစ်တကျအသုံးချပြီး နိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရှားပါးမှု၊ ပြတ်လပ်မှု၊ လိုအပ်မှုအမျိုးမျိုး ပြည့်ဝသွားအောင် ဖြည့်ဆည်းပေးသည်။ နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်၊  နိုင်ငံတော်က  အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများသည် မိမိတို့နိုင်ငံသားများ ကောင်းကျိုးအတွက်ဖြစ်သည်ဟု  အလေးအနက်ယုံကြည်ပြီး  တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်သည်။   နိုင်ငံတော်ကို   မိမိတို့အတ္တကောင်းကျိုးအတွက်  အသုံးမချဘဲ နိုင်ငံတော်ကောင်းကျိုးအတွက်  မိမိတို့၏ဘဝကို  အသုံးချစတေးသည်။ ဤသို့မှန်ကန်သော အသိတရားများကြောင့်  နိုင်ငံခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်။

သို့သော် မှားယွင်းသော အသိတရားရှိသည့်သူများကမူ နိုင်ငံ၏ကောင်းမွန်နေသော အခြေအနေအရပ်ရပ်ကို  ဆုတ်ယုတ်ဆိုးဝါးသည့် အခြေအနေဆိုးများအဖြစ်သို့ရောက်ရှိအောင်  စီမံဖန်တီးသည်။ နိုင်ငံကြုံတွေ့နေရသော ပြဿနာ၊ အခက်အခဲ၊ အန္တရာယ်များကို ပိုမိုဆိုးဝါးလာစေရန် ကောက်ကျစ်စဉ်းလဲစွာ  ကြံစည်လုပ်ဆောင်သည်။  နိုင်ငံ၏ တော၊ တောင်၊ ရေ၊ မြေ သယံဇာတများကို အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် တိုက်ခိုက်ဖျက်ဆီးပြီး   နိုင်ငံတွင်   ရှားပါးမှု၊ ပြတ်လပ်မှု၊ ကျပ်တည်းမှုအမျိုးမျိုးဖြစ်အောင် အရှက်အကြောက်ကင်းမဲ့စွာ ဆောင်ရွက်သည်။ နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်၊ နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့်  လုပ်ငန်းများကို ကဲ့ရဲ့ပြစ်တင်မှု အမျိုးမျိုးပြုလုပ်သည်။    နိုင်ငံကောင်းကျိုးအတွက် မိမိတို့ဘဝကိုပေးလှူခြင်း မပြုဘဲ မိမိတို့အတ္တကောင်းကျိုး အတွက် နိုင်ငံတော်ကို အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် အသုံးချစတေးသည်။

ဤသို့မှားယွင်းသော အသိတရားများကြောင့် နိုင်ငံခေတ်နောက်ကျပြီး ဆုတ်ယုတ်နိမ့်ကျလာရသည်။ နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်သည်လော သို့မဟုတ် ခေတ်နောက်ကျပြီး ဆုတ်ယုတ်နိမ့်ကျနေမည်လော  ဆိုသည်မှာ  လူမျိုး၏အသိတရားမှန်ကန်မှုရှိနေသလော  သို့မဟုတ်  မှားယွင်းနေသလောဆိုသည့် အချက်ပေါ်တွင်  များစွာမူတည်သည်။  ဤအချက်ကို နှလုံးသွင်းဆင်ခြင်ပြီး အမိနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်နေစေရန်အတွက် ကျွန်ုပ်တို့နိုင်ငံသားများ၏ အသိတရားများမှန်ကန်နေရမည်။

မှန်ကန်သောအသိတရားနှင့် နိုင်ငံအရှိန်အဝါ ကမ္ဘာပေါ်တွင် အချို့သောနိုင်ငံများသည် အရှိန်အဝါကြီးမားစွာရပ်တည်နေကြပြီး အချို့သောနိုင်ငံများသည် အရှိန်အဝါနိမ့်ကျစွာ ရပ်တည်နေကြသည်။ နိုင်ငံချင်းတူပါလျက် မည်သည့်အတွက်ကြောင့် နိုင်ငံ၏အရှိန်အဝါချင်း  ခြားနားနေရပါသနည်း။ အဖြေမှာ နိုင်ငံ၏ လူမျိုးတစ်မျိုးနှင့်တစ်မျိုး မှန်ကန်သော အသိတရားရှိပုံချင်း ခြားနားနေသောကြောင့်ဖြစ်သည်။ မှန်ကန်သော အသိတရားရှိသည့်လူမျိုးက   နိုင်ငံ၏အနာဂတ်ရေးကို မျှော်ကိုးပြီး  အချင်းချင်းစည်းလုံးညီညွတ်စွာ   နေထိုင်သည်။  ထို့ကြောင့်  ပြည်တွင်းစည်းလုံး ညီညွတ်မှုမြင့်မားသော  နိုင်ငံအဖြစ် ကမ္ဘာ့အလယ်ရပ်တည်ရသည်။ ဆင်ခြင်တုံတရားကြီးမားစွာ နိုင်ငံအတွက် မည်သည့်အမှားမျိုးကိုမှ မကျူးလွန်ဘဲ  တိုးတက်အောင်မြင်စေမည့် အမှန်တရားဟူသမျှကိုသာ ရွေးချယ်ဆောင်ရွက်သည်။ ထို့ကြောင့် အသိသတိကြီးမားပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့်မားသည့် နိုင်ငံအဖြစ်  အသိအမှတ်ပြုခြင်းခံရသည်။   အရှက်အကြောက်တရား နှစ်ပါးနှင့်အညီ ကျင့်ကြံနေထိုင်ပြီး မကောင်းမှုမှန်သမျှကိုရှောင်ရှားပြီး   ကောင်းမှုမှန်သမျှကို ပြုမူဆောင်ရွက်သည်။ ထို့ကြောင့် ကိုယ်ကျင့်သီလမြင့်မားသောနိုင်ငံအဖြစ် လေးစားတန်ဖိုးထားခြင်းခံရသည်။ ပြည်ပနိုင်ငံများ၏သပ်လျှိုသွေးခွဲစည်းရုံးမှုမှန်သမျှကို လုံးဝလက်မခံဘဲ နိုင်ငံတော်အပေါ်ကိုသာ  သစ္စာစောင့်သိသည်။  ထို့ကြောင့် စိတ်ဓာတ်ကြံ့ခိုင်သော နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာရပ်တည်ရသည်။ ဤသို့နိုင်ငံ၏ အရှိန်အဝါကြီးမားလာရခြင်းမှာ နိုင်ငံသားများ၏ အသိတရားများ မှန်ကန်မှုရှိနေသောကြောင့်ဖြစ်သည်။ သို့သော် မှားယွင်းသော အသိတရားရှိသည့်   လူမျိုးကမူ  ဆင်ခြင်တုံတရားကင်းမဲ့စွာ၊  စိတ်ဝမ်းကွဲပြားစွာနေထိုင်သည်။ ထို့ကြောင့် ပြည်တွင်းစည်းလုံးညီညွတ်မှုမရှိသောနိုင်ငံအဖြစ်  ကမ္ဘာ့အလယ်ရပ်တည်ရသည်။ ဆင်ခြင်တုံတရားကင်းမဲ့စွာ၊  နိုင်ငံအတွက်  အမှားဟူသမျှကို   တက်ကြွစွာကျူးလွန်ပြီး  အမှန်ဟူသမျှကိုလုံးဝမဆောင်ရွက်ဘဲနေသည်။ ထို့ကြောင့် အသိသတိကင်းလွတ်ပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသည့်နိုင်ငံအဖြစ်  အသိအမှတ်ပြုခြင်းခံရသည်။ အရှက်နှင့်အကြောက်တရား နှစ်ပါးကင်းမဲ့စွာကောင်းမှုမှန်သမျှကို မဆောင်ရွက်ဘဲ မကောင်းမှုမှန်သမျှကိုသာ ရွေးချယ်ကျူးလွန်သည်။ ထို့ကြောင့် အရှက်အကြောက်တရား နှစ်ပါးကင်းမဲ့ပြီး ကိုယ်ကျင့်သီလနိမ့်ကျသောနိုင်ငံအဖြစ် ဝိုင်းဝန်းအထင်အမြင် သေးခြင်းကိုခံရသည်။  ပြည်ပနိုင်ငံများ၏ သပ်လျှိုသွေးခွဲစည်းရုံးမှု မှန်သမျှကို လွယ်လင့်တကူလက်ခံပြီး   နိုင်ငံအပေါ်သစ္စာအမျိုးမျိုး ဖောက်ဖျက်သည်။ ထို့ကြောင့် စိတ်ဓာတ်ညံ့ဖျင်းသော နိုင်ငံအဖြစ် နိုင်ငံတကာ၏အထင်အမြင်သေးခြင်းကိုခံရသည်။  ဤသို့နိုင်ငံ၏အရှိန်အဝါနိမ့်ကျနေရခြင်းမှာ နိုင်ငံသားများ၏အသိတရားများ မှားယွင်းနေသောကြောင့်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအရှိန်အဝါကြီးမားစွာ ရပ်တည်နေမည်လော  သို့မဟုတ်  အရှိန်အဝါနိမ့်ကျစွာ ရပ်တည်နေမည်လောဆိုသည်မှာ နိုင်ငံရှိလူမျိုးသည် မှန်ကန်သောအသိတရားများရှိနေသလော သို့မဟုတ်  မှားယွင်းသော အသိတရားများရှိနေသလောဆိုသည့် အချက်ပေါ်တွင်  များစွာမူတည်သည်။ ဤအချက်ကို  အလေးအနက်ဆင်ခြင်ပြီး အမိနိုင်ငံတော်ကြီး၏အရှိန်အဝါကြီးမားနေစေရန်အတွက်  ကျွန်ုပ်တို့နိုင်ငံသားများ၏ အသိတရားများမှန်ကန်နေရမည်။

အသိတရားမှန်ကန်ရန် စာဖတ်ပါ

ကျွန်ုပ်တို့၏အသိတရားများ အစဉ်မှန်ကန်မှုရှိနေစေရန်  ကြိုးပမ်းဆောင်ရွက်နေရမည့် နည်းလမ်းများရှိသည်။ ယင်းနည်းလမ်းများထဲတွင်  ကျွန်ုပ်တို့အားလုံး  အမြန်ဆုံး၊ အလွယ်ကူဆုံး  အချိန်မရွေး၊ နေရာမရွေး၊ အခါမရွေး အသုံးပြုနိုင်သောနည်းလမ်းမှာ စာဖတ်ခြင်းနည်းလမ်းပင်ဖြစ်သည်။  ပညာရှိသူတော်ကောင်းများ ရေးသားထားသော စာအုပ်စာပေများကို အချိန်မရွေး၊ အခါမရွေး၊ နေရာမရွေး ကျွန်ုပ်တို့ဖတ်ရှုလေ့လာနိုင်သည်။ ဖတ်ရှုလေ့လာရန် ကျွန်ုပ်တို့ဆန္ဒပြင်းပြနေရမည်။ စာဖတ်ရန်ဆန္ဒပြင်းပြလျှင် စာအုပ်စာပေများကို မပြတ်ဖတ်ရှု လေ့လာနေမည်သာဖြစ်သည်။ စာအုပ်စာပေများကို ဖတ်ရှုလေ့လာနေခြင်းသည်  အသိတရားမှန်ကန်နေရန် အချက်(၇)ချက်ကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နေခြင်းဖြစ်သည်။ ပထမအချက်မှာ ပညာရှိသူတော်ကောင်းများထံ ဆည်းကပ်နေခြင်း၊ ဒုတိယအချက်မှာ ပညာရှိသူတော်ကောင်းများ၏အဆုံးအမကို နာယူနေခြင်း၊ တတိယအချက်မှာ  မိမိမသိရှိသေးသည့် မှန်ကန်သောအသိတရားများကို    ထပ်မံစုဆောင်းနေခြင်း၊ စတုတ္ထအချက်မှာ မိမိတွင်ရှိသည့်မှားယွင်းနေသော အသိတရားများကို ပြုပြင်တည့်မတ်ပေးနေခြင်း၊ ပဉ္စမအချက်မှာ မိမိစဉ်းစားဆင်ခြင် ထိုးထွင်းသိမြင်နိုင်စွမ်းကို မြှင့်တင်ပေးနေခြင်း   စသည့်အချက်များကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်းဖြစ်သည်။ ဆဋ္ဌမအချက်မှာ မိမိဘဝ၏ တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်အောင်မြင်မှုကိုတည်ဆောက်နေခြင်း၊ သတ္တမအချက်မှာ ပစ္စုပ္ပန်အချိန်များကို   တန်ဖိုးရှိစွာအသုံးချနေခြင်း စသည်တို့ဖြစ်ကြသည်။ ဤအချက်(၇)ချက်ကြောင့်   မှန်ကန်သောအသိတရားဖြစ်ပေါ်လာခြင်းဖြစ်သည်။

စာဖတ်ရာတွင် လိုက်နာရမည့်နည်းစနစ် စာပေများကိုဖတ်ရှုရာတွင်    နည်းစနစ်မှန်ကန်မှသာ အကျိုးတရားများစွာရရှိမည်။ နည်းစနစ်လွဲမှားစွာ  ဖတ်ရှုလေ့လာနေပါက  အကျိုးတရားမရရှိနိုင်ပါ။ မှန်ကန်သောနည်းစနစ်ဆိုသည်မှာ များများဖတ်၊ များများမှတ်၊ အလေးအနက်ဆင်ခြင် သုံးသပ်ဟူ၍ဖြစ်သည်။ များများဖတ်ဆိုသည်မှာ  ပညာရှိသူတော်ကောင်းများ၏စာများကို များများရှာဖွေဖတ်ရှုခြင်းဖြစ်သည်။ များများမှတ်ဆိုသည်မှာ ဖတ်ရှုလေ့လာထားသည့်   စာပေများအနက်မှ သဘောတရား၊ နိယာမ၊ သင်ခန်းစာအမျိုးမျိုးကို  မှတ်သားထားခြင်းဖြစ်သည်။  အလေးအနက်ဆင်ခြင်သုံးသပ်ဆိုသည်မှာ လောကကြီး၏ ဖြစ်စဉ်ဖြစ်ရပ်များကိုလည်းကောင်း၊ နေ့စဉ်ဘဝအတွေ့အကြုံများကို လည်းကောင်း၊ နိုင်ငံ၏ပစ္စုပ္ပန်အခြေအနေ အရပ်ရပ်ကိုလည်းကောင်း မှတ်သားထားသည့် အချက်အလက်များနှင့် အလေးအနက်ဆင်ခြင် သုံးသပ်အဖြေရှာခြင်းဖြစ်သည်။ ထို့ကြောင့်  များများဖတ်၊ များများမှတ်၊ အလေးအနက်ဆင်ခြင်သုံးသပ်ဟူသော မှန်ကန်သောနည်းစနစ်ဖြင့် စာပေများကိုဖတ်ရှုလေ့လာနေပါက အကျိုးတရားအမျိုးမျိုးကို ရရှိမည်ဖြစ်သည်။

စာဖတ်ခြင်းကြောင့်ရရှိသည့်အကျိုးတရားများ

စာပေများကို နည်းစနစ်မှန်ကန်စွာ ဖတ်ရှုလေ့လာခြင်းဖြင့် အကျိုးတရားများစွာ ရရှိနိုင်သည်။ ယင်းအကျိုးတရားများစွာထဲမှ အဓိကအချက်(၁၀)ချက်ကို ဖော်ပြလိုသည်။ ယင်းအချက်များမှာ အဖိုးတန်ဗဟုသုတများ ပိုမိုပွားများလာခြင်း၊ မှန်ကန်သောအသိတရားများ ထပ်မံတိုးပွားလာခြင်း၊  ယခင်ကလွဲမှားနေသောအသိများ မှန်ကန်သောအသိများအဖြစ်သို့ရောက်ရှိလာခြင်း၊   အမှားအမှန်၊အကောင်းအဆိုး၊ အကြောင်းအကျိုးမှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့်မားလာခြင်း၊ အသိတရားနှင့် သတိတရားပိုမိုမြင့်မားလာခြင်း၊   တန်ဖိုးနှင့်ဂုဏ်သိက္ခာရှိသော သမိုင်းကြောင်းကိုပိုင်ဆိုင်ရခြင်း၊ တွေးခေါ်မြော်မြင်နိုင်စွမ်းမြင့်မားလာခြင်း၊ ပစ္စုပ္ပန်ကာလ၏ အခြေအနေအရပ်ရပ်ကို ပြည့်စုံတိကျမှန်ကန်စွာ နားလည်ပြီး အနာဂတ်အခြေအနေများကို ထိုးထွင်းသိမြင်နိုင်စွမ်းမြင့်မားလာခြင်း၊ ကြုံတွေ့နေရသောပြဿနာ၊ အခက်အခဲတစ်ရပ်အား ဘက်စုံထောင့်စုံသိမြင်နားလည်ပြီး ပြဿနာဖြေရှင်းနိုင်သည့်စွမ်းရည်မြင့်မားလာခြင်း၊ လောကနှင့်ပတ်ဝန်းကျင်ကြီး၏ လိမ်ညာလှည့်စားမှု၊ ပရိယာယ်ဆင်မှုအမျိုးမျိုးကို မှန်ကန်စွာ ထိုးထွင်းသိမြင်ပြီး အောင်မြင်စွာကာကွယ် တားဆီးနိုင်စွမ်းမြင့်မားလာခြင်းတို့ဖြစ်ကြသည်။

ကျေးဇူးတရားပြန်လည်ပေးဆပ်ရမည့်တာဝန်

အမိနိုင်ငံသည် ကျွန်ုပ်တို့၏ကျေးဇူးရှင်ဖြစ်သည်။   ကျွန်ုပ်တို့နိုင်ငံသားများသည် ကျေးဇူးစားများဖြစ်ကြသည်။ ထို့ကြောင့် အမိနိုင်ငံ၏ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ရမည့်တာဝန်  ကျွန်ုပ်တို့နိုင်ငံသားများတွင်ရှိသည်။ ဤတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သည့်အနေဖြင့် အမိနိုင်ငံအား အင်အားကြံ့ခိုင်တောင့်တင်းသော၊    တိုးတက်ဖွံ့ဖြိုးသော၊ အရှိန်အဝါကြီးမားသော    နိုင်ငံအဖြစ်သို့ ပို့ဆောင်ပေးရမည်။ ဤသို့ပို့ဆောင်ပေးနိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ ကျွန်ုပ်တို့၏ အသိတရားများ မှန်ကန်နေရေးပင်ဖြစ်သည်။ အသိတရားများ   မှန်ကန်နေရေးအတွက် ကျွန်ုပ်တို့အစဉ်ကြိုးပမ်းဆောင်ရွက်နေရမည့်အချက်များမှာ စာပေများကို  များများဖတ်၊ များများမှတ်၊ အလေးအနက်ဆင်ခြင် သုံးသပ်နေခြင်းပင်ဖြစ်ပါကြောင်း နိဂုံးချုပ်အနေဖြင့် တင်ပြအပ်ပါသည်။   ။

MWD

ကျော်ကျော်သန်း(မဟာဝိဇ္ဇာ)

ပီလောပီနံကို လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စားသောက်ကုန်(အမှုန့်)နှင့် အဖျော် ယမကာတို့တွင်  ထည့်သွင်းအသုံးပြုကြသည်။   မြန်မာနိုင်ငံ၌   အများအားဖြင့်  ပီလောပီနံဥကိုပြုတ်၍   ဆီ၊  ဆားတို့နှင့်တို့ ကာ သရေစာအဖြစ်စားသုံးကြပြီး ပီလော ပီနံဥကြော်နှင့်  ပီလောပီနံဥပေါင်းအဖြစ် လည်း စားသုံးကြသည်။

ပီလောပီနံမှ    ကျန်းမာရေးအကျိုး အာနိသင်များရရှိစေရန်    ပီလောပီနံဥကို လုံလောက်စွာ ကျက်သည်အထိ    အချိန်ကြာကြာပြုတ်ပြီးမှသာ စားသုံးသင့်သည်။ ပီလောပီနံဥစားပြီးနောက် အချိန်လေးနာရီ အကြာတွင်  မူးဝေခြင်း၊  အော့အန်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပွားခြင်းသည် ပီလော ပီနံဥတောက်သော     လက္ခဏာများဖြစ် သည်။

ပီလောပီနံဥစားသုံးရာတွင်    အဆိပ် အတောက်များ လျော့ပါးစေရန်   ပီလောပီနံ ဥကို  ရေနှင့်ပွက်ပွက်ဆူအောင်  ၁၀  မိနစ် ခန့်ပြုတ်လိုက်ပါက ယင်းတွင်ပါဝင်သော Glucoside အဆိပ်များ ၅၀ ရာခိုင်နှုန်းမှ ၇၀  ရာခိုင်နှုန်းအထိ    လျော့ကျစေနိုင် သည်။

ပီလောပီနံရွက်နှင့် အာဟာရဓာတ်ပါဝင်မှုများ

ပီလောပီနံပင်မှ    ပီလောပီနံဥကိုသာ စားသုံးနိုင်ခြင်းမဟုတ်ဘဲ   ပီလောပီနံ အရွက်ကိုလည်း စား၍ရပြီး ကျန်းမာရေး အတွက်   အကျိုးသက်ရောက်မှုများစွာ ပေးစွမ်းနိုင်သည်။

ပီလောပီနံရွက်တွင် ပြည့်ဝဆီ(Satura-ted Fat) ပါဝင်မှုနည်းသကဲ့သို့ အကျိုးမပြု ကိုလက်စထရောနှင့်    ဆိုဒီယမ်ပါဝင်မှု လည်းနည်းသည်။ အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်   ကြွယ်ဝစွာပါဝင် သကဲ့သို့     အကျိုးပြုကို လက်စထရောနှင့်  ပရိုတင်းတို့လည်းပါဝင်သည်။     တခြား အာဟာရဓာတ်များ အနေဖြင့် ဗီတာမင်-B အုပ်စု၊ ဖောလိတ်၊ ဗီတာမင်-B6၊ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ ဆီလီ နီယမ်တို့ပါဝင်သည်။

စား၍ရသော ပီလောပီနံရွက်နှင့် ကျန်းမာရေးအာနိသင်များ

ပီလောပီနံရွက်အနုများကို   အသားဟင်းထဲ ထည့်ချက်၍ရသကဲ့သို့  အရွက်ကို ကြော်စားခြင်း၊ ဟင်းရည်ပြုလုပ်၍ သောက်ခြင်းနှင့်ပြုတ်တို့ခြင်းများ ပြုလုပ်နိုင်သည်။ ကယ်လိုရီပါဝင်မှုနည်းသော   ပီလောပီနံရွက်သည်   အစာခြေစနစ်ကိုကောင်းမွန် စေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အအေးမိခြင်း၊ အဆစ်ရောင်နာ၊     ခံတွင်းအနာများကို သက်သာစေနိုင်သကဲ့သို့ သက်လုံကောင်းစေရန်လည်း ထောက် ကူပေးနိုင်သည်။ သံဓာတ်ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့်     ကိုယ်ဝန်ဆောင်ချိန်တွင် သွေးအားနည်းခြင်းမဖြစ်ရန်  ကာကွယ်ပေးပြီး    ဖောလိတ်နှင့်   ဗီတာမင်- C ကြွယ်ဝစွာပါဝင်မှုကြောင့်      ကိုယ်ဝန် ဆောင်ချိန်တွင်   ကိုယ်ခံအားကောင်းစေ သည်။

ပီလောပီနံရွက်တွင် Lysine Protein ပါဝင်ခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်  ဗီတာမင်ချို့တဲ့မှုမဖြစ်စေရန် ကာကွယ် ပေးသည်။  ပီလောပီနံရွက်သည် အဖျား ကျစေပြီး       ခေါင်းကိုက်သက်သာစေ ခြင်း၊  အစာခြေစနစ်ကိုကောင်းမွန်စေပြီး အစာခြေစနစ်ကို ထိခိုက်စေသည့် ပိုးများကို   ဖယ်ရှားပေးခြင်း၊     ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို သက်သာစေပြီး ဝမ်းမှန်စေခြင်း၊   ခံတွင်းမြိန်စေပြီး  အစာစားချင် စိတ်ဖြစ်စေရန်  လုပ်ဆောင်ပေးခြင်း၊ အဆစ်ရောင်ခြင်း၊ အဆစ်နာကျင်ကိုက်ခဲ ခြင်းတို့ကိုသက်သာစေခြင်း၊  သဘာဝ သန်ကျဆေး တစ်မျိုးဖြစ်သည့် ပီလောပီနံ  ရွက်က သန်ကျစေရန် ထောက်ကူပေးနိုင် ပြီး အစာခြေစနစ်အတွင်းမှ ကပ်ပါးပိုးများ ကို ဖယ်ရှားပေးနိုင်ခြင်း၊     အနာကျက်မြန် စေခြင်း စသည့်ကျန်းမာရေးအကျိုး ကျေးဇူးများရရှိနိုင်သကဲ့သို့    ပရိုတင်း၊ ဗီတာ မင်- C နှင့် သံဓာတ်တို့ပါဝင်ခြင်းကြောင့် ကိုယ်ခံအားကောင်းစေရန်   ထောက်ကူ ပေးနိုင်သည်။ ပီလောပီနံ သည်    ကျန်းမာရေးအတွက် အကျိုး ကျေးဇူးများစွာရှိသော်လည်း     အလွန် အကျွံစားသုံးပါက ဆိုးကျိုးများလည်း ရှိနိုင်သည်။

သတိထားစားရမည့် ပီလောပီနံရွက်

ပီလောပီနံရွက်ကို စားသုံးမည်ဆိုပါက ရေစင်အောင်ဆေးကြောရန်နှင့် သေချာစွာ    ကျက်အောင်ချက်ပြုတ်ရန် လိုအပ်သည်။     အဆိပ်အတောက် မဖြစ်စေရန် အစိမ်းစားခြင်းနှင့်     အလွန်အကျွံ စားသုံးခြင်းကို  ရှောင်ကြဉ်သင့်သည်။ ရောဂါအခံ ရှိသူများ၊      ဓာတ်မတည့်မှုဖြစ်တတ်သူ များ၊    ကျန်းမာရေး ပြဿနာတစ်ရပ်ရပ် ကြောင့် ဆေးသောက်နေရသူများအနေဖြင့်     ဆရာဝန်၏ ခွင့်ပြုချက်ရမှသာ  စားသုံးသင့်သည်။

ပီလောပီနံအစာအဆိပ်သင့်ခြင်း

ပီလောပီနံပင်၏အမြစ်တွင်  အဆိပ်သင့်စေသော ဆိုင်ယာနိုက်(Cyanide)   ဓာတ်တစ်မျိုးပါဝင်သောကြောင့် အစာအဆိပ်သင့်ခြင်းလည်း ဖြစ်နိုင်သည်။ အစာအဆိပ် သင့်ခြင်းသည်    အသက်အန္တရာယ်ရှိပြီး ဆိုင်ယာနိုက်အဆိပ်သင့်  လက္ခဏာများဖြစ်သည့်  နှုတ်ခမ်းများပြာလာခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပျို့အန်ခြင်း၊ သတိ လစ်ခြင်းနှင့်  အခန့်မသင့်ပါက အသက်  သေဆုံးခြင်းတို့အထိ ဖြစ်နိုင်သည်။ ထို့ကြောင့်  ပီလောပီနံအစာအဆိပ် သင့်သောလက္ခဏာများ ဖြစ်ပေါ်လာပါက  ဆေးရုံသို့    အမြန်ဆုံး သွားရောက်သင့် သည်။

ပီလောပီနံသည်  တခြားသီးနှံများ စိုက်ပျိုး၍မရသော  မြေအမျိုးအစားတွင်လည်း စိုက်ပျိုးနိုင်သည်။  ပီလောပီနံကို  စိုက်ပျိုးချိန်မှစ၍ သိုလှောင် သိမ်းဆည်းသည့်အချိန်ထိ  လုပ်ဆောင်ရမည့် လုပ်ငန်းများကို အချိန်ကိုက် လုပ်ဆောင်ခြင်းဖြင့်  မျှော်မှန်းထားသည့် အထွက်နှုန်းနှင့်    စံချိန်မီအရည်အသွေး ကိုရရှိနိုင်မည်ဖြစ်သည်။ ကုန်ချောထုတ် လုပ်ပြီး ထွက်ရှိလာသည့်   စွန့်ပစ်ပစ္စည်း များနှင့်    အပင်၏အစိတ်အပိုင်းများကို  မြေဆွေးပြုလုပ်၍  စိုက်ခင်းများအတွင်း ထည့်သွင်းခြင်း၊ မှိုစိုက်ပျိုးနိုင်ခြင်းနှင့် တိရစ္ဆာန်များအတွက်အစာအဖြစ်   ကျွေးမွေးခြင်းတို့ ပြုလုပ်နိုင်သည်။   ရောဂါနှင့်ပိုးမွှားဒဏ်ကို အသင့်အတင့်ခံနိုင်၍ ဓာတု ဆေးဝါးသုံးစွဲမှု  အနည်းငယ်သာရှိသောကြောင့်   ဓာတ်ကြွင်းအာနိသင်နည်းပြီး စိုက်ပျိုးသူများ၊  စားသုံးသူနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု  နည်းပါးသည်။

သို့ရာတွင် ပီလောပီနံဥများကို တူးဖော် ပြီး ၂၄ နာရီအတွင်း တခြားအဆင့်တစ်ခု သို့      ပြောင်းလဲပစ်ရန် လိုအပ်ပါသည်။

ပီလောပီနံဥများမှ ပီလောပီနံမှုန့် ထုတ်လုပ်ရာတွင် တူးဖော်ပြီး ၂၄ နာရီအတွင်း ထုတ် လုပ်နိုင်မှသာ  အရည်အသွေး ကောင်းမွန် နိုင်သည်။   ပီလောပီနံမှုန့်များကို    အိတ်ခွံ များအတွင်း    ထည့်သွင်းသိမ်းဆည်း၍ အခန်းအပူချိန်တွင် နှစ်နှစ်အထိ သိုလှောင် နိုင်ပြီး ဈေးကွက်ပေါ်မူတည်၍ ရောင်းချနိုင်သည်။

အချုပ်အားဖြင့်ဆိုသော်  ပီလောပီနံသည် ကျန်းမာရေးပိုင်းနှင့်   စီးပွားရေးပိုင်း တွင် ကောင်းကျိုးများစွာရှိသကဲ့သို့ ကျန်းမာရေးပိုင်းတွင်  ဆိုးကျိုးသက်ရောက်မှု အနည်းငယ်လည်းရှိသည်။ ပီလောပီနံကို သံပရာသီးအပါအဝင်   အချဉ်ကဲ သော အစားအစာများနှင့်  တွဲဖက်စားသုံးမိပါက အော့အန်တတ်သည်။ သပြေသီးနှင့် ပီလောပီနံဥတွဲစားလျှင်   အဆိပ်ဖြစ်စေတတ်ပြီး   ဒန့်သလွန်သီးနှင့် ပီလောပီနံဥတွဲစားလျှင် တောက်တတ်သည်။ ကိုယ်ဝန် ဆောင်များ၊  နို့တိုက်မိခင်များ၊  ကလေး ငယ်များ၊  ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်ကြောင့်  ဆေးအမြဲသောက် နေရသူများနှင့်  ကျန်းမာရေးပြဿနာ အခံရှိသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်၍  ဆရာဝန်ခွင့်ပြုချက်ရမှသာ စားသုံးသင့်သည်။    စားသုံးမည်ဆိုလျှင်လည်း အခွံကို  သေချာစွာ ဖယ်ရှားပြီးမှ စားသုံးသင့်ကြောင်းနှင့်  အလွန်အကျွံစားသုံးရန် မသင့်ကြောင်း  အကြံပြု ရေးသားလိုက်ရပါသည်။

MWD

ဒေါက်တာလပြည့်ခင်

ယနေ့ကာလတွင် နိုင်ငံတိုင်း၊ လူမျိုးတိုင်းက တိုင်းပြည်အနာဂတ်များဖြစ်သော လူငယ်များကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။ ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ ရှစ်ဘီလီယံကျော် ရှိသည့်အနက် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်ဦးရေသည် ၁ ဒသမ ၂ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းခန့်ရှိကြောင်းနှင့် ယင်းလူငယ်ဦးရေ၏ ၉၀ ရာခိုင်နှုန်း နီးပါးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသူများဖြစ်သည်ဟု လေ့လာသိရှိရပါသည်။

ကမ္ဘာ့လူငယ်ဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ အာရှ-ပစိဖိတ်ဒေသမှဖြစ်ပြီး ဒေသတွင်း စုစုပေါင်းလူဦးရေ၏ ၁၉ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရပါသည်။ အာဆီယံဒေသတွင်း၌လည်း လူဦးရေ စုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းနီးပါးသည် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ ၁၆ ဒသမ ၈၉ သန်းမှာ အသက် ၁၅ နှစ်မှ ၃၄ နှစ်အထိ လူငယ်များဖြစ်ကြပြီး နိုင်ငံစုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင် နှုန်းကျော်ရှိသည်ဟု လေ့လာသိရှိရပါသည်။

ထိုကဲ့သို့သော ကမ္ဘာ့လူငယ်ထုတို့ ဖွံ့ဖြိုး တိုးတက်စေလိုမှုကိုအကြောင်းပြု၍ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဟူ၍ ဖြစ်ပေါ်လာရပါသည်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့

၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်က လစ်စဘွန်းမြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့လူငယ်ရေးရာ ဝန်ကြီးများညီလာခံက ထောက်ခံအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အမှတ် ၅၄/၁၂၀ အရ နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ နှစ်စဉ် အပြည်ပြည်ဆိုင်ရာလူငယ်များ နေ့နှင့်သက်ဆိုင်သည့် ဆောင်ပုဒ်သတ်မှတ်ကာ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပလျက်ရှိကြပါသည်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပရသည့်ရည်ရွယ်ချက်တွင် ကမ္ဘာတစ်ဝန်းရှိ လူမှုအသိုက်အဝန်း၌ လူငယ်များ၏အနာဂတ်ကို အလေးထားလာရန်နှင့် မြှင့်တင်ရန်အတွက် ကျင်းပခြင်းလည်း ပါဝင်ပါသည်။

ကမ္ဘာတစ်ဝန်းရှိ လူငယ်များရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက အလေးဂရုပြုလာစေရေးနှင့် မျက်မှောက်ကမ္ဘာ့ရေးရာများတွင် လူငယ်များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုလာစေရေးတို့အတွက် နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၌ ကျင်းပလျက်ရှိကြပါသည်။

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် သတ်မှတ်ထားသောဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့” “Local Youth Actions For The SDGs And Beyond” ဟူ၍ ဖြစ်ပါသည်။

ကုလသမဂ္ဂကချမှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) ပြီးဆုံးရမည့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူငယ်ဦးရေမှာ ၁ ဒသမ ၃ ဘီလီယံခန့် ရှိလာ မည်ဖြစ်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် အဓိကမောင်းနှင်အားများဖြစ်သော ထိုလူငယ်ထုသည် စွမ်းဆောင်ရည်မြင့်မားကာ တော်တတ်၊ ထက်မြက်နေရန် အထူးလိုအပ်လှပါသည်။ နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံ၌လည်း လူငယ်ကဏ္ဍ အထူးအလေးထား မြှင့်တင်ကာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန လူငယ်ရေးရာဦးစီးဌာနက မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

လူငယ်ရေးရာဦးစီးဌာန၏ မူဝါဒများမှာ

(၁)     လူငယ်များကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများအား ဆောင်ရွက်နိုင်စေရန် အတွက် ကူညီပံ့ပိုးပေးရန်၊

(၂)      လူငယ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ ပါဝင်ဆောင်ရွက်မှုကို အားပေးရန်၊

(၃)     လူငယ်များကို ဆောင်ရွက်မှု အရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန်၊

(၄)     လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရန်၊

(၅)     နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် လူငယ်များက အဓိကအခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံး ညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်လာနိုင်စေရန်၊

(၆)     ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင် မှု အရည်အသွေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည်တို့တွင် သာတူညီမျှ ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းစေရန်၊

(၇)     အနုပညာ၊ အားကစားလှုပ်ရှားမှုများ အပါအဝင် လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ပြီး အချင်းချင်းအပြန်အလှန် ထိတွေ့ဆက်ဆံ သင်ယူနိုင်မည့် လူငယ်စင်တာများ ထူထောင် ပေးရန်တို့ ဖြစ်ပါသည်။

ရည်မှန်းချက်များအနေဖြင့်

(၁)     နိုင်ငံ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ရန်၊

(၂)     လူငယ်များအတွင်း ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားပြီး နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုး စိတ်များ တိုးပွားလာစေရန်နှင့် နိုင်ငံတော်ကို ကာကွယ်လိုစိတ်များ ပေါ်ထွန်းလာစေရန်၊

(၃)     လူငယ်များအတွင်း အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေတို့ကို ထိန်းသိမ်းမြှင့်တင် လိုစိတ်များ တိုးပွားလာစေရန်၊

(၄)     လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့် ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်းမြှင့်တင် ဆောင်ရွက်ပေးနိုင်စေရန်၊

(၅)     မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် မသန်စွမ်းလူငယ်များဘဝ မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နိုင်စေရန်၊

(၆)     လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊

(၇)     နိုင်ငံတကာလူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ ရင်းနှီးစွာထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်စေရန်တို့ ဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။

လူငယ်ရေးရာဦးစီးဌာနအနေဖြင့် အောက်ပါအတိုင်း လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည် ဖော်ဆောင်လျက်ရှိသည်ကိုလည်း လေ့လာတွေ့ရှိ ရပါသည်-

(၁)     လူငယ်လူရွယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် အသင်းအဖွဲ့များဖွဲ့စည်းခြင်း၊ အသင်းအလိုက် လှုပ်ရှားမှုများ ဆောင်ရွက်စေခြင်းနှင့် လူငယ်ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်မည်။

(၂)     လူငယ်များ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုသုခုမများကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းတတ်လာစေ ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းနှင့် ပြည်တွင်း/ ပြည်ပအနုပညာများ၊ ယဉ်ကျေးမှုစသည့် နှီးနှောဖလှယ်ပွဲအစီအစဉ်များကို မြှင့်တင်ချိတ်ဆက် ဆောင်ရွက်မည်။

(၃)     လူငယ်များ အားကစားကို စိတ်ပါဝင်စားပြီး နေ့စဉ်အားကစားလှုပ်ရှား ကစားလာစေရေးအတွက် ပညာပေးဟောပြောခြင်း၊ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် မိမိတို့၏ သက်ဆိုင်ရာ တိုင်းရင်းသားစာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို လူငယ်များအနေဖြင့် မြတ်နိုးထိန်းသိမ်းနိုင်စေမည့် အစီအမံများ ဆောင်ရွက်သွားမည်။

(၄)     လူငယ်များအကြား တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားပညာပေးရေး၊ အသိပညာ ပြန့်ပွားရေးနှင့်ဆက်နွှယ်သော ကိစ္စရပ်များဆိုင်ရာ လူထုစစ်တမ်းများ သုတေသနပြုလုပ်ရာတွင် လူငယ်များကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မည်။

(၅)     နိုင်ငံအတွင်းရှိ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှုကဏ္ဍများအတွက် အနာဂတ်ဖွံ့ဖြိုးမှု အလားအလာကောင်းများကို ဖြည့်ဆည်းနိုင်ရေး မဟာ ဗျူဟာလမ်းညွှန်ချက်များကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်မည်။

(၆)     လူငယ်များခရီးသွားခြင်းနှင့် ဒေသန္တရဗဟုသုတကြွယ်ဝခြင်းကို အားပေးမြှင့်တင်ရန်အတွက် လိုအပ်သောအစီအစဉ်များကို လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

(၇)     နိုင်ငံတကာလူမှုအသိုက်အဝန်းတွင် မြန်မာလူငယ်များ၏ ဂုဏ်သိက္ခာအရည်အသွေးနှင့် အဆင့်အတန်း မြင့်မားလာစေရန်အတွက် နိုင်ငံတကာလူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများ ဆောင်ရွက်သွားမည်။

(၈)     လူငယ်များ အလုပ်အကိုင်ရရှိစေရေးအတွက် လေ့ကျင့်ပြုစုမွေးထုတ်ရေးစီမံကိန်း (EYE)အရ လုပ်ငန်းခွင်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ကဏ္ဍနှင့် နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်ရေး (TVET) ကဏ္ဍတို့ ဆက်စပ်မှု ပိုမိုအားကောင်း လာစေရန်အတွက် သက်ဆိုင်ရာအကြံပေး ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များပူးပေါင်း၍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ လက်တွေ့ကွင်းဆင်း ဆောင်ရွက်မှုများ၊ သင်ရိုးညွှန်းတမ်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်သွားပါမည်။

(၉)     လူငယ်များအနေဖြင့် အဖွဲ့အစည်းများနှင့် ဆောင်ရွက်ခြင်း၊ အလေ့အကျင့်ရရှိစေရန်နှင့် သက်တမ်းအလိုက် အဖွဲ့အစည်းများ ဖွဲ့စည်းပေးရန် (ဥပမာ- ယခင်ဖွဲ့စည်းခဲ့သော တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ ကင်းထောက်လူငယ်) နှင့် ၎င်းအဖွဲ့အစည်းများတွင် ဝါသနာတူရာ (စာပေ၊ ဂီတ၊ အနုပညာ၊ သိပ္ပံပညာ၊ ကွန်ပျူတာ(IT)၊ အားကစား၊ ယဉ်ကျေးမှု) ဘာသာရပ်များ စုပေါင်းလေ့လာ ဆည်းပူးနိုင်ရန်အတွက် အခွင့်အလမ်းများ ဆောင်ရွက်ပေးရန်၊ နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်လေ့လာနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။

(၁၀)   လူငယ်များနှင့်ပတ်သက်၍ လူငယ်များ၏ အခွင့်အရေးကို ကာကွယ်ပေးသည့် ဥပဒေ ရေးဆွဲပေးခြင်း စသည်တို့ပင်ဖြစ်ပါသည်။

စာရေးသူသည် လူငယ်ရေးရာဦးစီးဌာန၏ ဖိတ်ကြားချက်အရ အခြေခံပညာအထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူလေးများ တစ်နည်းအားဖြင့် လူငယ်လေးများကို ဟောပြောခွင့် ရရှိခဲ့ပါသည်။ အထူးသဖြင့် လူငယ်လေးများ စာဖတ်ခြင်းအလေ့ ထွန်းကားလာရေးကို ဦးတည်ဟောပြောဖြစ်ခဲ့ပါသည်။

လူငယ်ဆိုင်ရာဥပဒေများတွင် လူငယ်ဆိုသည်မှာ အသက်အပိုင်းအခြား ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားများကို ဆိုလိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ လူငယ်အရွယ်တွင် စာပေဖတ် မှတ်လေ့လာခြင်းအားဖြင့် လူငယ်တို့၏စိတ်ထဲတွင် ရဲဝံ့စွန့်စားလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်များ ဖြစ်ပေါ်လာကာ အသိဉာဏ်ပညာဆင်ခြင်တုံတရားများဖြင့် ထိန်းချုပ်၍ ဖွံ့ဖြိုးတိုးတက်သော လူငယ်လေးများ ဖြစ်လာမည်ဖြစ်ပါသည်။ သို့မှသာ လူငယ်မောင်မယ်လေးများသည် အတ္တဟိတ၊ ပရဟိတစိတ်မျှတစွာမွေးမြူ၍ မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိတို့လူ့ဘောင်လောက သာယာလှပအောင် စွမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။

လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်း

နိုင်ငံတော်က အားကိုးအားထားရသည့်လူငယ်များဖြစ်လာစေရေး လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရေးအတွက် လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်းပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာစီမံချက် ၂၀၂၅-၂၀၂၉ ကိုလည်း ရေးဆွဲ ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး အသိပညာပေးဟောပြောပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် လူငယ်များနှင့် ပိုမိုကောင်းမွန်သည့် အနာဂတ်လူ့အဖွဲ့အစည်းကို တည်ဆောက်သွားနိုင်ကြမည်ဖြစ်ပါသည်။

လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းချက်များတွင် နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများ၊ ကုလ သမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများရင်းနှီးစွာ ထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမို ဆောင်ရွက်နိုင်စေရန်ဟူ၍ပါရှိရာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို အကြောင်းပြု၍ လူငယ်ထုအကြား ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများမှ လူငယ်များနှင့် ချစ်ကြည်ရင်းနှီးကာ ယဉ်ကျေးမှုနည်းပညာ အတတ်ပညာ နယ်ပယ်စုံတွင် ပေါင်းစည်းယှက်နွှယ် ပညာဖလှယ်နိုင်အောင် လူငယ်ထု၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအတွက် အထောက်အကူကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။

ဖွံ့ဖြိုးမှုအား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုသာမက စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများ ဖြစ်ပေါ်စေပြီး လူမှုဘဝအရည်အသွေး တိုးတက်လာစေခြင်းဖြစ်သည်။ လူငယ်ထု၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည် ဖော်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုမူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များမှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် အကောင်အထည် ဖော်ရေး ရာနှုန်းပြည့်ဦးတည်လျက်ရှိသည်ကို လေ့လာသိရှိရပါသည်။

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ မရှိမဖြစ်လိုအပ်

ကမ္ဘာလောကနှင့် နိုင်ငံအသီးသီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးတက်ဆန်းသစ် သည့်အတွေးအခေါ်ရှိသော၊ နုပျိုတက်ကြွ၍ အားမာန်အပြည့်ရှိသော၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ မရှိမဖြစ်လိုအပ်ပါသည်။ ယနေ့ လူငယ်နောင်ဝယ်လူကြီး ဟူသည့် ဆိုရိုးစကားနှင့်အညီ လူငယ်များသည် နောင်တစ်ချိန်တွင် ကမ္ဘာလောကကြီးနှင့် နိုင်ငံအသီးသီး၏ တာဝန်များကို လွှဲပြောင်းထမ်းဆောင်ကြရမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြပါသည်။

လူငယ်များအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲခြင်းအားဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် မှုကို အကောင်အထည်ဖော်ရင်း ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ပြီးဘဝအတွက် စွမ်းဆောင်ရည်မြင့်တက်ကာ တိုင်းပြည်နှင့် လူမျိုးကိုချစ်တတ်သော မိမိအကျိုး၊ နိုင်ငံ့အကျိုး၊ လောကအကျိုးကို သယ်ပိုးနိုင်သော လူတော်လူကောင်းလေးများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ကိုးကား - mosya.gov.mm

 - နေ့စဉ်ထုတ်သတင်းစာများ

Photo - News 18

မောင်လေပြေ (တောင်တွင်း)

လက်ရှိမျက်မှောက်ခေတ်ကမ္ဘာကြီး၏ ကောင်းခြင်း၊ ဆိုးခြင်းများဆိုင်ရာဖြစ်ကြသည့် နိုင်ငံအချင်းချင်း သဘောထားမတိုက်ဆိုင် အငြင်းပွားမှုများအား လက်နက်ကိုင်ဖြေရှင်း၍ နိုင်ငံအချင်းချင်းစစ်မက် ဖြစ်ပွားကာ ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၊ အသက်အိုးအိမ်များနှင့် ဥစ္စာပစ္စည်းများဆုံးရှုံးပြီး အတိဒုက္ခရောက်ရှိကြရသည်။

နိုင်ငံအချင်းချင်း မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အတ္တကြီးကာ ကုန်သွယ်မှုပြိုင်ဆိုင်မှုကြောင့် နိုင်ငံတစ်ဝန်းလောင်စာဆီပြဿနာ၊ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာမှု၊ လူနေမှုစရိတ်များ တဖြည်း ဖြည်း မြင့်တက်လာမှု စသည့်ဆိုးကျိုးများ၊ လက်ရှိမျက်မှောက်ကာလတွင် တိုးတက်လာသော IT နည်းပညာများ၊ (AI) ကဲ့သို့ ဉာဏ်ရည်တုဖြင့် လူမှု ရေး၊ ပညာရေးနှင့် စီးပွားရေးတွင် ကဏ္ဍများပိုမိုဖွံ့ဖြိုး တိုးတက်ကောင်းမွန်လာမှုများ၊ နည်းပညာဆိုင်ရာ မြင့်မားတိုးတက်လာမှုကြောင့် လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလာမှု၊ လူသားအချင်းချင်း ဆက်သွယ်ကောင်းမွန်လာမှုသည် မျက်မှောက်ခေတ်ကာလတွင် ကောင်းခြင်း၊ ဆိုးခြင်းအရာရာအားလုံးမှာ လက်ရှိ ကာလတာဝန်ယူဆောင်ရွက်နေကြသော နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံသူနိုင်ငံသားများ လက်ရှိတာဝန်ယူဆောင်ရွက်နေသော နိုင်ငံအလိုက် ပြည်သူများ၏ ကောင်းကျိုး၊ ဆိုးကျိုးဖန်တီးမှုများသာ ဖြစ်ပါသည်။

အတူတကွ လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ရန်မှာ လူငယ်များ၏ တာဝန်သာဖြစ်

သို့သော် အနာဂတ်ကာလ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးတို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်ရေး၊ ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားအားလုံး အတူတကွပူးပေါင်း ဆောင်ရွက်နိုင်ရေးသည် ကိုယ်ချင်းစာစိတ်၊ မျှတသည့်စိတ်၊ ဖေးမကူညီလက်တွဲခေါ်ပြီး အတူတကွသာယာလှပသော လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ရန်မှာ ယနေ့မျက်မှောက်ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှ လူငယ်များ၏ တာဝန်သာလျှင် ဖြစ်ပါသည်။

လူငယ်ဆိုသည်မှာ လူသားမျိုးနွယ်စုတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်၊ နိုင်ငံ၏အနာဂတ်ကို ဖန်တီးနိုင်ကြမည့်သူများပင် ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်နေခြင်းသည်လည်း နိုင်ငံအတွင်းရှိ လူငယ်များ၊ နိုင်ငံသူနိုင်ငံသားများ၏ စည်းကမ်းကောင်းမွန်မှု၊ နိုင်ငံချစ်စိတ်ရှိမှု၊ အတတ်ပညာအသိပညာပြည့်ဝမှု၊ စိတ်ဓာတ် ကောင်းမွန်မှု၊ အဂတိလိုက်စားမှု ကင်းလွတ်မှုရှိခြင်းနှင့် စည်းကမ်းကောင်းမွန်မှု စသည်တို့ကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့ လူမျိုး၊ မိမိတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့နိုင်ငံအတွင်းရှိ လူငယ်များကို အဓိက ဦးစားပေးပြုစုပျိုးထောင်လာကြသည်ကို တွေ့ရမည်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး၊ တောတောင်ရေမြေသဘာဝ၊ နိုင်ငံ၏သမိုင်းကြောင်းနောက်ခံများ မတူညီခြင်းကြောင့် လူငယ်များကို ပြုစုပျိုးထောင်ရာ ပုံသဏ္ဌာန်တူညီချင်မှ တူနိုင်မည်ဖြစ်ပါသည်။ သို့သော်လူငယ်များကို ပြုစုပျိုးထောင်ရမည်ဆိုသော ရည်ရွယ်ချက်မှာ နိုင်ငံတိုင်းတူညီကြပါသည်။

ယနေ့ အာရှတိုက်ရှိ ချမ်းသာကြွယ်ဝသော နိုင်ငံများဖြစ်ကြသည့် ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်စသည့်နိုင်ငံများသည် လူငယ်များကို အဓိကထား၍ နိုင်ငံကိုတည်ဆောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ အဆိုပါနိုင်ငံများသည် တိုင်းပြည်၏ အနိမ့်ကျဆုံးအခြေအနေမှ မှန်ကန်သောခေါင်းဆောင်မှုနှင့် မူဝါဒခိုင်မာမှု၊ လူငယ်များအား အဓိကထားပြုစုပျိုးထောင်မှု၏ ရလဒ်ကြောင့် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်ပါသည်။

ဂျပန်နိုင်ငံဆိုလျှင် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် အမေရိကန်၏ အဏုမြူ ဗုံးနှစ်လုံး ကြဲချခံရပြီးစစ်ရှုံးကာ တိုင်းပြည်မှာ ပြာပုံဘဝသို့‌ ရောက်ရှိခဲ့သည်။ စစ်ရှုံး၍ စစ်ဘေး စစ်ဒဏ်သင့်ကာ စစ်လျော်ကြေးများဖြင့် တိုင်းပြည်ကို နာလန်မထူဘဲ ဆင်းရဲတွင်းနက်ခဲ့ရသည်။ သို့သော် ဂျပန်လူမျိုးတို့သည် ထိုအချိန်မှစ၍ တိုင်းပြည်ကို ပြန်လည်ထူထောင်ရာ၌ ရေရှည်စီမံကိန်းချမှတ်ကာ အနာဂတ်တွင် လူငယ်များအား မူဝါဒငါးချက်ဖြင့် ပြုစုပျိုးထောင်ခဲ့ပါသည်။

ထိုမူဝါဒ ငါးချက်မှာ -

(၁)     ပညာရေးစနစ်ကို အခြေခံများ ပြုပြင်ပြောင်းလဲခြင်း၊ အခမဲ့အလယ်တန်းအထိ မသင်မနေရ ပညာရေးဥပဒေများ ပြဋ္ဌာန်းခြင်း၊ သိပ္ပံနှင့် နည်းပညာ၊ အင်ဂျင်နီယာဘာသာရပ်များကို အလေးထားသင်ကြားစေခြင်း၊

(၂)      စည်းကမ်းနှင့် လူမှုတာဝန်အသိစိတ်ကို မွေးမြူစေခြင်း၊ ဂျပန်ပညာသင်ကျောင်းများတွင် စာသင်ခန်းပြင်ပ ပညာရေးကို အလေးထားခဲ့ပြီး ကျောင်းသား ကျောင်းသူများအား အုပ်စုလိုက်လှုပ်ရှားမှု (အားကစား၊ ဂီတ၊ သိပ္ပံ ပရောဂျက်)စသည်တို့ကို ပူးပေါင်းဆောင်ရွက်မှု အလေ့အထအား မြှင့်တင်ပေးခြင်း၊ လူမှုရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်မှု အလေ့အထများအား လေ့ကျင့်ပေးခြင်း(ဥပမာ - ကျောင်းတွင်း သန့်ရှင်းရေးကို ကျောင်းသားများ စုပေါင်းလုပ်ဆောင်စေခြင်း၊ ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင် ပါဝင်စေခြင်း)

(၃)     စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များ ပါဝင်စေခြင်း၊ ၁၉၅၀ - ၁၉၆၀ ပြည့်နှစ်များတွင် ဂျပန်စက်မှုလက်မှုလုပ်ငန်းများ (ဥပမာ- ကားထုတ်လုပ်ရေး အီလက်ထရောနစ်ကို အရှိန်အဟုန်မြှင့်လုပ်ကိုင်ရာတွင် လူငယ်များအားနည်းပညာနှင့် စီးပွားရေးဆိုင်ရာများကို လေ့ကျင့်သင်ကြားပေးခြင်း၊ ကုမ္ပဏီနှင့်တက္ကသိုလ်များ ချိတ်ဆက်၍ လူငယ်များ လက်တွေ့ကျကျ လုပ်ငန်းအတွေ့အကြုံရရှိစေရန်၊ Leadership နှင့် Apprenticeship အစီအစဉ်များ ဖန်တီးပေးခြင်း)

(၄)     နိုင်ငံသားစိတ်၊ မျိုးချစ်စိတ်ကို မွေးမြူပေးခြင်း၊ ဂျပန်အစိုးရသည် “တစ်နိုင်ငံလုံး လူမျိုးတစ်မျိုးတည်းဟူသော” စည်းလုံးညီညွတ်ရေးဝါဒကို အားပေးခဲ့ပြီး လူငယ်များအား နိုင်ငံအတွက် စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံသားများအဖြစ် ပျိုးထောင်ခဲ့ပါသည်။

(၅)     ကျန်းမာရေးနှင့် လူမှုဖူလုံရေးအတွက် ဂျပန်အစိုးရသည် ကျန်းမာရေးနှင့် အာဟာရကို မြှင့်တင်ရန် အခြေခံပညာကျောင်းများတွင် အစီအမံအဖြစ် နို့နှင့် ဖြည့်စွက်အာဟာရများကို ကျွေးမွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ဖော်ပြပါနည်းလမ်းများဖြင့် လူငယ်များအား ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့သော ဂျပန်နိုင်ငံသည် ၁၉၈၀ ပြည့်လွန်ကာလများတွင် စက်မှုဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာသော နိုင်ငံအဖြစ်သို့ ပြောင်းလဲလာကာ ယခုအခါ အာရှသာမက ကမ္ဘာမှာပင် ချမ်းသာကြွယ်ဝသော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။ လူငယ်များအား စနစ်တကျ ပြုစုပျိုးထောင်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံက ဆန်တန်ချိန်သိန်းနှင့်ချီပြီး ကူညီထောက်ပံ့ပေးခဲ့

တောင်ကိုရီးယားနိုင်ငံကို ကြည့်မည်ဆိုလျှင် ၁၉၄၅ ခုနှစ်တွင် ဂျပန်လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး သူ့ကျွန်ဘဝတွင် အနှိမ်ခံဘဝနှင့် ဆင်းဆင်း ရဲရဲနေခဲ့ကြရပါသည်။ ထမင်းအစား ပြောင်းဆန်ကိုသာ စားခဲ့ကြရပါသည်။ လွတ်လပ်ရေးရပြီး ၁၉၅၀-၁၉၅၃ ခုနှစ်တွင် တောင်-မြောက် စစ်ဖြစ်ခဲ့ရာ ပြည်တွင်းစစ်ကြောင့် စစ်ဘေး၊ စစ်ဒဏ်သင့်ကာ စားရေရိက္ခာရှားပါး၍ ထမင်းငတ်သည့်ဘဝသို့ ရောက်ခဲ့ကြပါသည်။ နိုင်ငံတကာမှဆန်စပါးများ ထောက်ပံ့ခဲ့ကြရာတွင် မြန်မာနိုင်ငံသည်လည်း ဆန်တန်ချိန်သိန်းနှင့်ချီပြီး ကူညီထောက်ပံ့ပေးခဲ့ပါသည်။

ထိုအချိန်တွင် တောင်ကိုရီးယားခေါင်းဆောင်နှင့် တောင်ကိုရီးယားလူကြီးများက စကားတစ်ခွန်းအား ပြောကြားခဲ့သည်မှာ “ငါတို့လူမျိုးတွေ ငါတို့လက်ထက်မှာပဲ ထမင်းငတ်ရမယ်။ ငါတို့ရဲ့မျိုးဆက်၊ ငါတို့ရဲ့ကလေးတွေ၊ ငါတို့လူငယ်တွေလက်ထက်မှာတော့ဘယ်တော့မှ ထမင်းမငတ်စေရဘူး၊ ငါတို့ကလေးတွေ၊ လူငယ်တွေကို ကြိုးစားပြီး ပြုစုပျိုးထောင်မည်” ဟု သန္နိဋ္ဌာန်ချပြီး လူငယ်များကို သူတို့ဘဝ၏ နာကြည်းမှု၊ ခံပြင်းမှု၊ မခံချင်စိတ်များနှင့် နှိုင်းယှဉ်ပြီးပြုစုခဲ့ကြပါသည်။

ပညာရေးကို အမျိုးသားရေးအဆင့် သတ်မှတ်ပြီး အခြေခံပညာများကို အခမဲ့သင်ယူစေခဲ့သည်။ အဆင့်မြင့်သင်ယူမှုစနစ်များကို ကျင့်သုံး၍ သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်များကို အထူးအလေးထား သင်ကြားစေပါသည်။ ကမ္ဘာ့အဆင့်မီတက္ကသိုလ် Seoul Nation University ၊ Korea Advanced Institute of Science of Tech-nology (KAIST) တို့နှင့် Post တို့သည် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို ကမ္ဘာ့အဆင့်မီအောင် လူငယ်များကို ပြုစုပျိုးထောင်သင်ကြားခဲ့သည့် နည်းပညာ နှင့် စီးပွားရေးကို မြှင့်တင်နိုင်ရန် နိုင်ငံတွင်းရှိ Sam-sung ၊ LG ၊ Hyundai ကုမ္ပဏီကြီးများကို ရင်းနှီးမြှုပ်နှံမှု အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

လူငယ်များနှင့် ပတ်သက်သော Digital ၊ Inter-net ၊ Business (ဥပမာ - E-Sport ၊ K-pop) စသည့် ဖန်တီးမှုများကို အားပေးခဲ့သည်။ ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းကို နိုင်ငံတကာအထိ ပေါက်ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အားကစားနှင့် ကျန်းမာရေးကဏ္ဍကို အခြေခံပညာကျောင်းမှ စတင်၍ လေ့ကျင့်ပြုစုပျိုးထောင် ဆောင်ရွက်ပေးခဲ့သည်။ လူငယ်များကို စနစ်တကျပြုစုပျိုးထောင်လေ့ကျင့်ဆောင်ရွက်ပေးခဲ့သည့် တောင်ကိုရီးယား နိုင်ငံသည် ၁၉၅၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ပြီး ယခုအခါ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် မလေးရှားနိုင်ငံမှ ခွဲထွက်ပြီး လွတ်လပ်ရေးရရှိခဲ့ပါသည်။ ယင်းနိုင်ငံသည် သဘာဝသယံဇာတ နည်းပါးပြီး သဘာဝအရင်းအမြစ် နည်းပါးသော ကျွန်းနိုင်ငံငယ်တစ်ခုသာ ဖြစ်ပါသည်။

အထူးအလေးထားပြုစု ပျိုးထောင်ခဲ့

ထိုအချိန်က စင်ကာပူနိုင်ငံခေါင်းဆောင် လီကွမ်ယုက တိုင်းပြည်ကို ပြန်လည်ထူထောင်ရာတွင် လူငယ်များကို အဓိကထားပြီး ပညာရေး၊ စည်းကမ်း၊ နိုင်ငံ့အကျိုးစီးပွား၊ အကျင့်စာရိတ္တနှင့် အဂတိကင်းရှင်းရေး အထူးအလေးထားပြုစု ပျိုးထောင်ခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။

ပညာရေးနှင့် ပတ်သက်ပြီး နည်းပညာ၊ သိပ္ပံနှင့်စီးပွားရေးဆိုင်ရာပညာရေးကို အထူးအလေးထား သင်ကြားစေခဲ့ပါသည်။ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အဆင့်မြင့်သင်ရိုးညွှန်းတမ်းများ၊ စမ်းသပ်မှုစနစ်များကို အားပေးခဲ့ပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ လူငယ်များ၏ အရည်အချင်းကို မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံသားစိတ်မွေးမြူခြင်းနှင့် ပတ်သက်၍ လီကွမ်ယု အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး လူမျိုးတစ်မျိုးတည်း “One Nation ၊ One People” ဟူသော စည်းလုံးညီညွတ်ရေးဝါဒကို အားပေးခဲ့ပါ သည်။ လူမျိုးပေါင်းစုံ၊ ဘာသာစကားယဉ်ကျေးမှုအရ လေးစားမှုဖြင့် ပညာပေးကာ နိုင်ငံတော်အတွက် စွမ်းဆောင်ရည်ပြည့်ဝသော လူငယ်များအဖြစ်ပြုစု ပျိုးထောင်ခဲ့ပါသည်။

စည်းကမ်းနှင့် တာဝန်ယူမှုကို အလေးထားတတ်စေရန် လီကွမ်ယုလက်ထက်မှစ၍ စင်ကာပူ နိုင်ငံသည် နိုင်ငံအတွင်း လူနေမှုစည်းကမ်းကို တင်းတင်းကျပ်ကျပ်မူဝါဒ ဥပဒေချမှတ်ခြင်း၊ အဂတိလိုက်စားမှုကို အထူးအလေးထား အရေးယူဆောင်ရွက်ခြင်း၊ ကျောင်းသားလူငယ်ဘဝမှ စတင်ပြုစုပျိုးထောင်ခြင်း၊ အခြေခံပညာကျောင်းများတွင် စာသင်ခန်းပြင်ပ လှုပ်ရှားမှုများ (Curriculum Activeities)ကို မဖြစ်မနေပါဝင်စေကာ ခေါင်းဆောင် မှု စွမ်းရည်များကို ဖွံ့ဖြိုးစေခဲ့ပါသည်။

စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သည့်အနေဖြင့် အစိုးရသည် လူငယ်များအား နည်းပညာ၊ အင်ဂျင်နီယာနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုများရရှိစေရန် ပြည်ပသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ ဒေသဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို အလေးထားဆောင်ရွက်ခဲ့ပါသည်။

ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် လူမှုဖူလုံရေးအတွက် စင်ကာပူနိုင်ငံ၌ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ၊ သန့်ရှင်းသောရေနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစနစ်ကို ချမှတ်ဆောင် ရွက်ခဲ့ပါသည်။ စင်ကာပူနိုင်ငံခေါင်းဆောင် လီကွမ်ယုက အရည်အချင်းပြည့်ဝသော လူငယ်များအား နိုင်ငံတော်၏ အနာဂတ်အဖြစ် ရင်းနှီးမြှုပ်နှံခြင်းကို အဓိကမူဝါဒအဖြစ် ချမှတ်ဆောင်ရွက်ခြင်းကြောင့် နှစ် ၂၀ ကျော်ကာလအတွင်း တဖြည်းဖြည်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာပြီး ယနေ့ကမ္ဘာမှာ သန့်ရှင်းသော မြို့တော်၊ ခရီးသွားလည်ပတ်မှုကောင်းသော မြို့တော်၊ စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းသော နိုင်ငံအဖြစ်သို့ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။

အဆိုပါနိုင်ငံများ၏ ပြုမူဆောင်ရွက်ချက်မူဝါဒများမှာ အတုယူဖွယ်ကောင်းသော အချက်များပင် ဖြစ်ပြီး လူငယ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက် ရေရှည်ရင်းနှီးမြှုပ်နှံရမည့် အကြောင်းအရာတစ်ခုဆိုတာ ပေါ်လွင်စေခဲ့ပါသည်။ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖန်တီးကြ သူများဖြစ်ပြီး အသိပညာအတတ်ပညာနှင့်ပြည့်စုံပြီး ပညာပြည့်ဝ နှလုံးလှသောလူငယ်များကို မွေးထုတ်ပေးနေခြင်းသည် တိုင်းပြည်၏အနာဂတ်ကို တည်ဆောက်နေခြင်းပင်ဖြစ်ပေသည်။ အရည်အသွေးပြည့်ဝသော လူငယ်အဖွဲ့အစည်းများကို ပိုင်ဆိုင်သည့်နိုင်ငံများသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်မှာ ဧကန်မလွဲ ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်စာရင်းအရ နိုင်ငံတကာတွင် အသက် ၁၅ - ၂၄ နှစ်အတွင်းအားလူငယ်ဟု သတ်မှတ်ပြီး ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်းရှိပါသည်။ မြန်မာနိုင်ငံတွင် လူငယ်သတ်မှတ်ချက်ကို အသက် ၁၅- ၃၅ နှစ်အဖြစ် သတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်းခန့်သည် လူငယ်များဖြစ်သည်ဟု သိရှိရပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ အသုံးချနိုင်ပါကထူးခြားသည့် အင်အားစုတစ်ရပ်ဖြစ်လာမည်မှာ ဧကန်မလွဲဖြစ်ပါသည်။

သို့သော် မြန်မာ့သမိုင်းကို ပြန်လည်ကြည့်ပါက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးကတည်းက လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော လက်နက်ကိုင်အဖွဲ့များကြောင့် အစိုးရအစဉ်အဆက် လက်နက်ကိုင်ပဋိပက္ခများနှင့် ရင်ဆိုင်ဖြေရှင်းနေရပြီး လူငယ်များ၏ အနာဂတ်မှာ မှေးမှိန်ခဲ့ရပါသည်။ ယနေ့မျက်မှောက် မြန်မာနိုင်ငံရှိ လူငယ်များအတွက် ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်ရမှုများမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုပြဿနာ၊ အွန်လိုင်းမီဒီယာပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊ နိုင်ငံရေးမူဝါဒမှိုင်းများ၏ပြဿနာများ ဖြစ်ပါသည်။

အွန်လိုင်းမီဒီယာပြဿနာမှာ ယနေ့ခေတ်မီတိုးတက်လာသည်နှင့်အမျှ လူငယ်လူရွယ်များ၊ အရွယ်မတိုင်မီကပင် လက်ကိုင်ဖုန်းပေးကိုင်ပြီး သာမန်ဂိမ်းကစားရာမှတစ်ဆင့် တဖြည်းဖြည်းချင်း အွန်လိုင်းဂိမ်းသို့ ကူးစက်ကာ စွဲစွဲလမ်းလမ်းအသုံးပြု လာခြင်းသည် လူငယ်များ၏ ပညာရေးနှင့် ကိုယ်ကျင့် တရား၊ အသိပညာ အတတ်ပညာ ရှာဖွေလေ့လာ ရမည့်အချိန် စသည်တို့ ထိခိုက်နစ်နာဆုံးရှုံးမှုကို များစွာဖြစ်ပေါ်စေပါသည်။

ထို့အပြင် လူငယ်များသည် လက်ကိုင်ဖုန်းကို အသုံးပြုပြီး Social Network ကို တွင်တွင် ကျယ်ကျယ်အသုံးပြုလာခြင်းကြောင့် အနောက်နိုင်ငံများ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ အားကျပြီး ဘာသာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ ထိခိုက်မှုရှိစေခြင်း၊ ဆင်ဆာဖြတ်တောက်မှုမရှိဘဲ လိင်ကိစ္စဗီဒီယိုများ၊ လိင်ကိစ္စအကြောင်းအရာများကို ငယ်ရွယ်စဉ်က ကြည့်ရှုနေခြင်းသည် ကိုယ်ကျင့် တရားဆိုင်ရာ ပျက်စီးမှုများ၊ လူမှုရေးရာနေထိုင်မှုပုံစံများကို များစွာထိခိုက်စေပါသည်။

မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ၏ အဓိကစိန်ခေါ်မှုနောက်တစ်ခုမှာ မူးယစ်ဆေးဝါး ပြဿနာပင်ဖြစ်ပါသည်။ လက်နက်ကိုင်အဖွဲ့များက နယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးများ စိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများအား နိုင်ငံတကာနှင့် ချိတ်ဆက်မှောင်ခိုပြုလုပ်နေခြင်းတို့ကြောင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါးများပျံ့နှံ့လျက်ရှိပြီး Happy Water ၊ K နှင့် E တို့ စသည့် ဆေးဝါးမျိုးစုံများ လူငယ် များအကြား ရေပန်းစားလျက်ရှိနေပါသည်။ KTV များ၊ Bar များ၊ Night Club များသည် မူးယစ်ဆေးဝါး သုံးစွဲပြီး ပျော်စံသောနေရာဖြစ်နေခြင်းကြောင့် အနာဂတ်တွင် အားကိုးအားထားပြုရမည့် လူငယ် များ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများစွာ ပျက်စီးဆုံးရှုံးစေသည့် အကြောင်းတရားများပင် ဖြစ်နေပါသည်။

ထို့ပြင်လည်း မတည်ငြိမ်မှုများကြောင့် နိုင်ငံအနှံ့အပြားရှိ လူငယ်တော်တော်များများ စစ်ဘေးရှောင်ရခြင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်းတို့ကြောင့် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများ ဆုံးရှုံးရခြင်း၊ ပညာသင်ရန် အချိန်နောက်ကျခြင်းတို့ ဖြစ်ပါသည်။ ပညာသင်ရန် အခက်အခဲတော်တော်များများ ကြုံတွေ့နေရသည်မှာ လက်ရှိလူငယ်များ ရင်ဆိုင်ဖြေရှင်းနေရသော စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်ပါသည်။

အမှားအမှန်ကို ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သော လူငယ်များ ထွက်ပေါ်လာစေရန်ဖြစ်

၁-၈-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် သတ်မှတ်ဖွဲ့စည်းပြီး လူငယ်ရေးရာဦးစီးဌာနကို အသစ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ယင်းမှာ နိုင်ငံအတွင်းရှိ လူငယ်များ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေကာ ယဉ်ကျေးလိမ္မာ၍ အမှားအမှန်ကို ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သည့် ပညာပြည့်ဝနှလုံးလှသော လူငယ်များ ထွက်ပေါ်လာစေရန် ဖြစ်ပါသည်။

လူငယ်ရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတွင်းရှိ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် အားကစားကို လိုက်စားစေခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ငယ်စဉ်ကတည်းက တိုးတက်ကောင်းမွန်လာ‌အောင် ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး လူငယ်များကို အဓိကပြုစုပျိုးထောင်ရန်အတွက် လူငယ်ကဏ္ဍ ၁၆ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ ကဏ္ဍများမှာ-

(၁)     ပညာရေးကဏ္ဍ

(၂)      ကျန်းမာရေးကဏ္ဍ

(၃)     မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ် သည့် အန္တရာယ်များကဏ္ဍ

(၄)     အားကစားနှင့် အပန်းဖြေခြင်းကဏ္ဍ

(၅)     အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍ

(၆)     စီးပွားရေးကဏ္ဍ

(၇)     နိုင်ငံရေးကဏ္ဍ

(၈)     စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍ

(၉)     သုတေသနကဏ္ဍ

(၁၀)   သိပ္ပံနှင့် နည်းပညာကဏ္ဍ

(၁၁)   ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုကဏ္ဍ

(၁၂)    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ

(၁၃)   ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကဏ္ဍ

(၁၄)   ကျား၊ မညီမျှမှုကဏ္ဍ

(၁၅)   လူ့အခွင့်အရေးကဏ္ဍ

(၁၆)   နိုင်ငံတကာဆက်ဆံရေးကဏ္ဍတို့ ဖြစ်ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် အခြေခံအချက်များပါဝင်သော လူငယ်စင်တာများကို တည်ဆောက်ပေးလျက်ရှိပါသည်။ ယခုဆိုလျှင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် တည်ဆောက်ပြီးစီးပြီဖြစ်ပြီး ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

ကုလသမဂ္ဂက နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ပြီး လူငယ်ကဏ္ဍကို အထူးမြှင့်တင်ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့၏ ဆောင်ပုဒ်ဖြစ်သော “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီ သို့” (Local Youth Actions For The SDGs And Beyond) ဟူ၍ ဆောင်ပုဒ်ကိုထုတ်ပြန်ခဲ့ပါသည်။

မိမိတို့နိုင်ငံအနေဖြင့်လည်း မိမိတို့၏ မိသားစုရှိ သား၊ သမီးများ၊ မိမိမြို့ရွာရှိ လူငယ်လူရွယ်များ၊ မိမိနိုင်ငံအတွင်းရှိ လူငယ်လူရွယ်များကို ငယ်စဉ်ကပင် ဂရုတစိုက်ပြုစုပျိုးထောင် ပညာသင်ကြားစေခြင်း၊ အသိဉာဏ်ပညာနှင့်ပြည့်စုံရန် သွန်သင်ဆုံးမခြင်း၊ ၎င်းတို့ဝါသနာပါရာ လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးခြင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အတတ်ပညာများ ဆည်းပူးလေ့လာသင်ယူစေခြင်း၊ တိုးတက်လာသော IT ပညာနည်းပညာများ၊ AI ကဲ့သို့ ပညာရပ်များ အကျိုးရှိစွာအသုံးချစေခြင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ ဘာသာတရားနှင့် ကိုက်ညီသော စာပေများ လေ့လာစေခြင်း၊ စာဖတ်ခြင်းအပြုအမူကို ငယ်စဉ်ကပင် အလေ့အကျင့် ပြုလုပ်ပေးခြင်း စသည့် လုပ်ဆောင်မှုများသည် မိမိနှင့် မိသားစုအတွင်း၊ မိမိတို့မြို့ရွာ၊ မိမိတို့နိုင်ငံနှင့် မိမိတို့ အနာဂတ်အတွက် ကောင်းမွန်စွာရင်းနှီးမြှုပ်နှံနေခြင်းပင်ဖြစ်ပါသည်။

မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်၍ အေးချမ်းသာယာ ဝပြောမှုရှိစေရန်အတွက် မိမိတို့၏ သား၊ သမီး လူငယ်များအား ယခုမှစ၍ ဗလငါးတန်နှင့်ပြည့်စုံကာ ပညာပြည့်ဝနှလုံးလှသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြပါလို့ ရေးသားတင်ပြလိုက်ရ ပါသည်။ ။

MOI

Photo- Muwado

ဗိုလ်ကြည်(လူငယ်)

 “ဝါဆိုဝါခေါင် ရေဖောင်ဖောင်”ဆိုသည့်စကားနှင့်အညီ ဝါခေါင်လသည် မိုးကောင်းစွာ ရွာသွန်းသောကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ရေများပြည့်ကာ ရေတိုးနေသည်။ မိုးလယ်လဖြစ်၍ တောင်သူဦးကြီးတို့ကောက်စိုက်ချိန်ဖြစ်ပြီး လယ်ကွင်းပြင်တွင် ကောက်ပင်များဖြင့် စိမ်းစိုနေသည်။

ဝါခေါင်လကို  ပုဂံခေတ်ကျောက်စာတွင်   “နံကာလ”ဟူ၍ ရေးသားသုံးနှုန်းကြပြီး “နံ”သည် အချိန်ကာလ “ကာ”သည် လယ်ယာထွန်ယက်စိုက်ပျိုးခြင်းဖြစ်သဖြင့် “လယ်ယာထွန်ယက် စိုက်ပျိုးသောလ”ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ ဝါခေါင်လ သို့မဟုတ် သိဟ်ရာသီဟူသော ဝေါဟာရမှာ သီဟဟူသော ပါဠိသက်စကား“ခြင်္သေ့”ဖြစ်၍ ရာသီရုပ်ပုံကို ခြင်္သေ့ပုံဖြင့်သရုပ်ဖော်သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်နေ့ဖြစ်သည်။ မြန်မာပြက္ခဒိန်၏ပဉ္စမမြောက်လတွင် ကျရောက်သည်။  ရာသီပန်းမှာ  ခတ္တာပန်းဖြစ်ပြီး  ရာသီခွင်မှာ သိဟ်ရာသီဖြစ်သည်။  မြန်မာတို့၏  ၁၂ လရာသီပွဲတော်များအနက်   ဝါခေါင်လတွင် ဘာသာရေးယဉ်ကျေးမှု အစဉ်အလာ စာရေးတံပွဲကို ကြည်ညိုသဒ္ဓါ ပွားဖွယ်ပြုလုပ်ကြသည်။

မေတ္တာအခါတော်နေ့ ဖြစ်တည်လာပုံ

အခါတစ်ပါး၌ ရဟန်းငါးရာတို့သည်  မြတ်စွာဘုရားထံမှ  ကမ္မဋ္ဌာန်းတောင်း၍ ဟိမဝန္တာနှင့်တစ်စပ်တည်းတည်ရှိသော တောအုပ်တစ်ခုတွင် တရားအားထုတ်၍ နေကြလေရာ ရဟန်းတော်တို့၏ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကြောင့် နတ်တို့သည် သစ်ပင်များပေါ်တွင် မနေနိုင်ကြတော့ဘဲ မြေပြင်၌ ဆင်းသက်၍ အချိန်ကြာမြင့်စွာ နေကြရသောကြောင့် သည်းမခံနိုင်တော့သဖြင့် ညဉ့်အခါတွင် ရဟန်းတော်များအား အမျိုးမျိုးခြောက်လှန့်ပြီး ရောဂါအန္တရာယ်ထူပြောအောင်၊ သမာဓိမရအောင်  အမျိုးမျိုးဖန်တီးကြလေရာ ရဟန်းငါးရာတို့လည်း  ဤအရပ်သည်  ပဋိရူပဒေသမဟုတ်ဟု  တိုင်ပင်ကြပြီး မြတ်စွာဘုရားထံသွားရောက်ကာ အလုံးစုံလျှောက်ထားကြလေသည်။

ထိုအခါ ဘုရားရှင်တော်က  ရဟန်းတော်များအား လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ချစ်ခင်စေမည့် မေတ္တသုတ်တရားတော်ကို သင်ပေးတော်မူ၍ ထိုတောအုပ်သို့ပင် ပြန်သွားကြရန် မိန့်ကြားတော်မူလေသည်။ ရဟန်းများတောအုပ်သို့ ပြန်သွားကြပြီး မြတ်စွာဘုရားသင်ကြားတော်မူလိုက်သည့်အတိုင်း မေတ္တသုတ်ကိုရွတ်ဆိုလျက် မေတ္တာဘာဝနာကိုပွားများကြရာ နတ်တို့နှင့်သင့်မြတ်ကာ အေးချမ်းစွာ တရားကျင့်ကြံနိုင်ကြလေသည်။ ထို့ကြောင့် ဝါခေါင်လပြည့်နေ့ကို “မေတ္တာအခါတော်နေ့”ဟူ၍ သတ်မှတ်ခေါ်ဆိုခြင်းဖြစ်သည်။

ရဟန်းတော်များသည် မြတ်စွာဘုရားထံ ပြန်လည်ကြွမြန်းသောကာလသည် ပထမဝါဆိုဖြစ်ပြီး ရဟန်းတော်များ ဤတောအတွင်း၌ပင်  ဒုတိယဝါဆိုခဲ့ကြခြင်းဖြစ်ရာ ကျမ်းဂန်များအရ  “မေတ္တသုတ်တော်”ကိုဟောသောလသည်လည်း ဝါခေါင်လဖြစ်ကြောင်းသိရှိနိုင်ပေသည်။ မေတ္တသုတ်တော်သည် ဗုဒ္ဓဘာသာရေးနယ်ပယ်တွင် အလွန်အကျိုးများစေသည့်သုတ်တော်ဖြစ်သည်။  ရဟန်း သံဃာတော်များသည် ဝါခေါင်လပြည့်နေ့ရောက်လျှင် မေတ္တသုတ်တော်များကို ရွတ်ဆိုပွားများကြသည်။ ရပ်ထဲရွာထဲတွင် နေထိုင်သူများသည်လည်း ဘုရား၊ ပုထိုး၊ စေတီများတွင် မေတ္တသုတ်တော်များ ရွတ်ဖတ်၍ ကုသိုလ်မေတ္တာပွားများခြင်းတို့ကို  ဆောင်ရွက်ကြသည်။

မေတ္တာဟူသည် အေးချမ်းသော၊ အေးငြိမ်းသော သဘောကိုဆောင်သောကြောင့် လူ၊ နတ်၊ ဗြဟ္မာတို့၏ နှစ်သက်မြတ်နိုးခြင်းကို ရရှိလေသည်။ မေတ္တာသည် လူသားတိုင်း ထားရှိသင့်သော အရာဖြစ်သည်။ သတ္တဝါမှန်သမျှ မေတ္တာနှင့်သာ ဆက်ဆံသင့်သည်။ ဝါခေါင်လအခါသမယသည် မိုးရာသီဖြစ်သကဲ့သို့ မေတ္တာဓာတ်များပက်ဖျန်းပါက ပို၍အောင်မြင်အေးချမ်းသော၊ အေးမြသောအခြေအနေများသာ ဖြစ်ပေါ်လာမည် ဖြစ်သည်။

စာရေးတံမဲပွဲတော်ကျင်းပ

ဝါခေါင်လတွင် ထင်ရှားသော ရာသီပွဲတော်မှာ စာရေးတံမဲပွဲတော်ဖြစ်သည်။ စာရေးတံမဲပွဲတော် ဖြစ်ပေါ်လာပုံမှာ ရာဇဂြိုဟ်ပြည်  ဝေဠုဝန်ကျောင်းတော်၌  မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်အခါက ရာဇဂြိုဟ်တစ်ပြည်လုံး စားနပ်ရိက္ခာငတ်မွတ် ခေါင်းပါးခြင်းနှင့် ကြုံတွေ့နေချိန်ဖြစ်သည်။ တပည့်ဒါယကာများက တစ်ကျောင်းလုံးရှိ သံဃာအားလုံးကို ဆွမ်းလှူဒါန်းခြင်းမပြုလုပ်နိုင်သဖြင့် သံဃာတစ်ပါးဖြစ်စေ၊  သုံးပါးဖြစ်စေ၊ သံဃာဆယ်ပါးဖြစ်စေ စသည်ဖြင့် မိမိတို့တတ်နိုင်သမျှ လှူဒါန်းခွင့်ပြုပါရန် ဘုရားရှင်အား လျှောက်ထားတော်မူခဲ့သည်။ ထိုအခါ ဘုရားရှင်တော်မှ ခွင့်ပြုတော်မူသဖြင့် မည်သည့်သံဃာဟူ၍ အစွဲမထားဘဲ စာရေးတံမဲချ၍ လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

စာရေးတံမဲချပုံမှာ ဝါး၊ နှီးပြားများ သို့မဟုတ် သစ်သားတံတို့၏ ထိပ်တွင် ဆွမ်းဒကာ၏ အမည်နှင့် နေရပ်ကို   ရေးမှတ်ထားသည်။ ရဟန်းများက ထိုစာရေးတံမဲများကို အလှည့်ကျမဲနှိုက်ကာ မိမိတို့ မဲကျသည့် ဆွမ်းဒကာ၏အိမ်သို့ ဆွမ်းစားကြွရခြင်းဖြစ်သည်။ ဘုရားရှင်က စာရေးတံမဲပွဲတော်ကို မည်သည့်လတွင် ကျင်းပရမည်ဟူ၍ သတ်မှတ်မထားသော်လည်း ရှေးမြန်မာမင်းများလက်ထက် ကတည်းကပင်   သံဃာတော်များ   တစုတစည်းတည်းရှိရာ   ဝါခေါင်လတွင်   ကျင်းပခဲ့ကြသည်။ စာရေးတံမဲပွဲကို “မဟာဒုက်ပွဲ”ဟူ၍လည်း ခေါ်ဆိုကြသည်။

ယနေ့ခေတ်ကာလတွင် စာရေးတံမဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲများကို ဝါခေါင်လဟူ၍ သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ခြင်းများ နည်းပါးလာကြသည်။ ရပ်ကွက်ဘုရားပွဲများ ကျင်းပကြပြီးနောက် စက္ကူမဲလိပ်များတွင် စာရေးတံမဲနံပါတ ်ဂဏန်းများကိုသာ ရေးသားလာကြသည်။ ဝါခေါင်လ၏အခြားပွဲတော်တစ်ခုမှာ တောင်ပြုံးနတ်ရှင်ညီနောင်ပွဲဖြစ်သည်။ မန္တလေးမြို့ မြောက်ဘက် တောင်ပြုံးရွာတွင်  ရွှေဖျင်းကြီး၊  ရွှေဖျင်းလေး နတ်ညီနောင်နှစ်ပါးကို ပူဇော်ပသသည့်ပွဲကို ပုဂံခေတ်မှ ယနေ့တိုင်အောင် ဝါခေါင်လဆန်း ၈ ရက်နေ့မှ ဝါခေါင်လပြည့်နေ့အထိ ကျင်းပကြသည်။

မေတ္တသုတ်တော် ရွတ်ဖတ်ပူဇော်

မေတ္တသုတ်တော်တွင် မေတ္တာဘာဝနာပွားသူတို့ လိုက်နာရမည့်မေတ္တာမူ ၁၅ ချက် ပါဝင်သည်။ အဆိုပါမူများမှာ စနစ်တကျ မေတ္တာပို့သနည်းများ၊ မေတ္တာပို့သူ၏ စိတ်ထားပုံထားနည်း၊ မေတ္တာဘာဝနာ၏ အပိုင်းအခြား၊  မေတ္တသုတ်ပွားသူ၏ ရည်ရွယ်ချက်၊ မေတ္တာကြောင့် ဈာန်ရနိုင်ပုံ၊ ထိုဈာန်တွင် ယစ်မူး၍မနေဘဲ  ထိုဈာန်ကိုအခြေခံထား၍ ဝိပဿနာတရားဖြင့် မဂ်ပေါက်ဖိုလ်ဝင်ကျင့်စဉ်များကို လမ်းညွှန် ထားတော်မူခြင်းဖြစ်သည်။ ဝါခေါင်လသည် ၂၉ ရက်ရှိသည့်အတွက် ရက်မစုံသောလတွင် ပါဝင်သည်။ ဝါခေါင်လတွင် မြန်မာလူမျိုးတို့၏ ကောင်းသောရက်၊ ရက်ရာဇာအဖြစ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့ဖြစ်ပြီး  ရှောင်ရှားသင့်သော ရက်များအဖြစ် ကြာသပတေးနေ့နှင့် စနေနေ့တို့ဖြစ်သည်။ “မွန်းတည့်ချိန်ခါ၊ တိုင်းတာပါ၊   ဆာယာတစ်ဖဝါး”ဟူသော သံပေါက်အရ ဝါခေါင်လ၏ နေမွန်းတည့်ချိန်တွင် လူ၏အရိပ်သည် တစ်ဖဝါးသာရှိကြောင်း မှတ်သားရသည်။

ဝါခေါင်လအခါသမယသည်  မြို့နေလူထု၊ ကျေးလက်နေသူတို့  အေးချမ်းစွာနေထိုင်နိုင်သော ရာသီဖြစ်ပြီး တရားဘာဝနာပွားများ အားထုတ်ခြင်းဖြင့် မေတ္တာပို့သ၍ ကောင်းမွန်သော ကာလဖြစ်သည်။ ဝါခေါင်လတွင် ရဟန်းသံဃာတော်များသည် ဝါဆိုတော်မူစဉ်ကာလဖြစ်သကဲ့သို့ လူပုဂ္ဂိုလ်တို့မှာလည်း လယ်ယာလုပ်ငန်းခွင်များ မပြတ်မလပ် လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင်  ဝါခေါင်လပြည့်နေ့တွင် မေတ္တာအခါတော်နေ့ဖြစ်သည့် အားလျော်စွာ ထိုနေ့တွင် သာသနာတော်ကို များစွာကျေးဇူးပြုသည့် မေတ္တသုတ်တော်ကို အိမ်တိုင်း၊ ကျောင်းတိုင်း၊ ဓမ္မာရုံတိုင်းတွင် ရွတ်ဆိုပွားများခြင်းဖြင့် မေတ္တာလွှမ်းခြုံသော အခါသမယဖြစ်ပေသည်။

ဂုဏ်ယူရသည့် ယဉ်ကျေးမှုဓလေ့များ

မြန်မာနိုင်ငံတွင် ဘာသာရေးအထိမ်းအမှတ်အဖြစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ကို နှစ်သစ်မင်္ဂလာအခါတော်နေ့၊ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓအခါတော်နေ့၊ နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့၊ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့၊ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့၊ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့၊ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့ကို    သာမညဖလအခါတော်နေ့၊ နတ်တော်လပြည့်နေ့ကို ဓမ္မစာဆိုတော်များနေ့၊ ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့၊ တပို့တွဲလပြည့်နေ့ကို ဩဝါဒပါတိမောက်အခါတော်နေ့နှင့် တပေါင်းလပြည့်နေ့ကို မြတ်ဗုဒ္ဓ၏ပြည်တော်ဝင် အခါတော်နေ့ဟူ၍ ဘာသာရေးအထိမ်းအမှတ်နေ့များ အဖြစ် ရှေးယခင်ကတည်းကအစဉ်အလာမပျက်  နှစ်စဉ်ကျင်းပခဲ့ကြသည်။

ထိုဘာသာရေး အထိမ်းအမှတ်နေ့များတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသကဲ့သို့ ပွဲတော်များလည်း သတ်မှတ်ကျင်းပကြသည်။ မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များ ဖြစ်သည့် တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ၊ နယုန်လ စာပြန်ပွဲ၊ ဝါဆိုလ ဝါဆိုပွဲ၊   ဝါခေါင်လ စာရေးတံမဲပွဲ၊ တော်သလင်းလ လှေပြိုင်ပွဲ၊ သီတင်းကျွတ်လ မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ ကထိန်ပွဲ၊ နတ်တော်လ စာဆိုတော်ပွဲ၊ ပြာသိုလ မြင်းခင်းပွဲ၊ တပို့တွဲလ ထမနဲပွဲ၊ တပေါင်းလ သဲပုံစေတီပွဲတို့ကို ကျင်းပကြသည်။ ရှေးမြန်မာမင်းများ၊ ဘိုးဘွားများက ထိုမြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ပွဲတော်များကို သားစဉ်မြေးဆက်   လက်ဆင့်ကမ်းအမွေ   ပေးထားခဲ့ကြသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည်  ဂုဏ်ယူစရာကောင်းသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်တွင် တည်ရှိလျက်ရှိသည်။ ရိုးရာယဉ်ကျေးမှုပျောက်ပါက လူမျိုးပါ ပျောက်ကွယ်နိုင်သည်။ ထို့ကြောင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ရိုးရာ ဝိသေသလက္ခဏာများအပေါ်   လေးစားတန်ဖိုးထားကြရမည်။   နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှု အရိုးပေါ်အရွက်ဖုံးကာ ယဉ်ကျေးမှုပျောက်ကွယ်မသွားစေရန် ဆက်လက်ထိန်းသိမ်းရပေမည်။

သို့ဖြစ်ရာ လူတိုင်းအတွက် အခြေခံတရား ဖြစ်တော်မူသော မေတ္တာတရားကို လူတိုင်းကိုယ်စီကိုယ်င ကျင့်သုံးနေထိုင်ခြင်းဖြင့်   ဗဟိဒ္ဓဟူသည့် အပြင်ငြိမ်းချမ်းမှုသာမက   မိမိ၏အဇ္စျတ္တဖြစ်သည့် အတွင်းငြိမ်းချမ်းမှုကိုပါ ရရှိစေနိုင်သည်။ “မေတ္တာခြုံ လုံခြုံ၊ မေတ္တာလွှမ်း အေးချမ်း”ဆိုသကဲ့သို့ ထူးမြတ်သည့်ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော မေတ္တသုတ်တရားတော်ကို ရွတ်ဖတ်ပွားများ ပူဇော်ကြခြင်းဖြင့် ဘေးဘယာများ ကင်းဝေးပြီး အေးချမ်းသာယာမှု အပေါင်း ရရှိခံစား စံစားနိုင်မည်ဖြစ်ပေသည်။    ။

MWD

ငွေလရောင်

သွေးလွန်တုပ်ကွေးရောဂါသည် Arbo- virus အမျိုးအစားဖြစ်သည့်  ဒင်ဂီး ဗိုင်းရပ်စ်ပိုး သယ်ဆောင်သော  ခြင်ကျားကိုက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည်    ရောဂါဖြစ်ပွားပါက     တခြားကမ္ဘာ့နိုင်ငံများ နည်းတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  သို့ သတင်းပေးပို့ရသော  ရောဂါတစ်မျိုး  ဖြစ်သည်။

ရာသီမရွေးဖြစ်ပွားတတ်ပြီး   မိုးဦးကျ ကာလမှစ၍ မိုးရာသီတွင် အဖြစ်အများ ဆုံးရောဂါဖြစ်သည်။  မိုးရာသီဖြစ်သဖြင့် ခြင်ကျားများ ပေါက်ပွားရာနေရာများပြား လာခြင်း၊ ခြင်ကျားခိုအောင်းရန် ချုံနွယ် ပိတ်ပေါင်းများ       ထူထပ်လာခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု များပြားလာရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည်       သဘာ၀ဘေး အန္တရာယ်များနှင့်  ရာသီဥတုပြောင်းလဲမှု များကြောင့် ယခင်ကထက် ခြင်ပေါက်ပွား မှုပိုများလာရာ   အစဉ်သတိပြုကြစေ လိုသည်။    သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့်ခြင်ကျားနှင့်   ပိုးလောက် လမ်းများကို ကြိုတင်နှိမ်နင်းရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းစဉ်များကို    ကိုယ်ထူ ကိုယ်ထစနစ်ဖြင့်  အစဉ်သတိပြုလုပ် ဆောင်သင့်ပေသည်။

သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့် အေးဒိစ်ခြင်ကျားသည်  ရေကြည်ရေသန့် တွင် ပေါက်ပွားလေ့ရှိသည်။ ထိုခြင်ကျားသည် ပိုးလောက်လမ်းဘ၀မှ ခြင်ကောင် ဖြစ်ရန် ခုနစ်ရက်ခန့်ကြာမြင့်သည်။ ခြင်တစ်ကောင်၏   ပျမ်းမျှသက်တမ်းသည် တစ်လမှ  သုံးလခန့်ရှိသည်။   ခြင်မတစ် ကောင်သည် သူ့သက်တမ်းတစ်လျှောက်တွင် အနည်းဆုံး   ခုနစ်ကြိမ်ခန့် အောင်အောင်မြင်မြင်ဥဥနိုင်သည်။ တစ်ကြိမ်ဥလျှင်  ရာသီဥတုနှင့် နေရာဒေသ တို့ပေါ်မူတည်၍    ဥ ၅၀ မှ ၃၀၀ အထိ ဥနိုင်သည်။  မိုးရွာပြီးနောက်  ရေအိုင်များ၊   အိုးခြမ်းပဲ့များ၊  ဘက်ထရီအိုးဟောင်းများတွင်      မိုးရေတင်ကျန်ပြီးနောက်  နေထွက်လာသောအခါ ပိုးလောက်လမ်း များပေါက်ပွားလာကြကာ ယင်းမှတစ်ဆင့် ခြင်းကျား(ခေါ်) ခြင်ပုန်းများဖြစ်လာသည်။     ခြင်ပုန်းသည်   ပေါက်ပွားမှုမြန်ဆန်ပြီး ကိုက် ၁၀၀ အထိ ပျံသန်းနိုင်သည်။

အဆိုပါခြင်ကျားသည်   နေ့ဘက်တွင် ကိုက်လေ့ရှိပြီး   စာသင်ကျောင်းများ ဖွင့်ချိန်တွင် ကျက်စားလာကြသည်။ ခြင်ဆိုးများသည် လူတစ်ဦးဆီမှ နောက်တစ်ဦးဆီသို့  မတူညီသောသွေးများကို သယ်ဆောင် ၍    သွေးစုပ်ခံရခြင်းဖြင့်    လူထုကြား  သွေးလွန်တုပ်ကွေးရောဂါ အစပျိုး ဖြစ်ပေါ်လာသည်။ ယခင် အသက်သုံးနှစ်မှ ၁၅ နှစ်အရွယ်ကလေးများတွင်  သွေးလွန် တုပ်ကွေးရောဂါ အဖြစ်များကြပြီး နောက် ပိုင်းတွင် တစ်နှစ်အောက်ကလေးငယ် များသာမက   အသက် ၁၅  နှစ်အထက် (၂၅ နှစ်မှ ၃၀ နှစ်)    အရွယ်တွင်လည်း    သွေးလွန်တုပ်ကွေးရောဂါ   ဖြစ်ပွားလာကြသည်။ မိုးနှောင်းကာလ စက်တင်ဘာလအထိ  အဖြစ်များ၍    သတိနှင့်ကြိုတင်  ကာကွယ်ကြရန် လိုအပ်သည်။

သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ

ရောဂါလက္ခဏာများမှာ အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်နှင့် အထက်အဖျားကြီးခြင်း၊ ကိုယ်အပူချိန် ၁၀၅   ဒီဂရီဖာရင်ဟိုက် ခန့်အထိ   ရုတ်တရက်ဆောင့်တက်လာခြင်း၊ ခေါင်းလွန်စွာကိုက်ခဲခြင်း၊ နားထင်များနာကျင်ကိုက်ခဲခြင်း၊ အရိုး၊ ကြွက်သား၊ အရိုးဆစ်စသည့် ကိုယ်လက်ကိုက်ခဲခြင်း၊ ဗိုက်နာ၊ ဗိုက်အောင့်ပြီး ဗိုက်ကိုအထိမခံ နိုင်ခြင်း၊ ခိုက်ခိုက်တုန်၍ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ အရေပြားပေါ်   အနီရောင် အစက်များပေါ်လာခြင်း၊   မျက်နှာနီအန်း ခြင်း၊ပင်ပန်းနွမ်းနယ်ကာ   အချိန် ပြည့်မှိန်းနေတတ်ပြီး    အစာစားချင်စိတ်မရှိခြင်း၊ အစားအသောက်၊ အရည်၀င်ပြီး သည်နှင့်တစ်ပြိုင်နက်  အန်ထွက်ခြင်း၊ လည်ချောင်းနာခြင်း၊   လက်မောင်းကို  သွေးပေါင်ချိန်တိုင်းကိရိယာဖြင့်   တိုင်းကြည့်ပါက Hess Test Positive ဖြစ်နေ ခြင်း စသည်တို့ဖြစ်သည်။  တချို့သူများမှာ ချောင်းဆိုး၊ နှာစေး၊ ၀မ်းပျက်၊ ၀မ်းလျှော ဖြစ်ပွားတတ်သည်။

သွေးလန့်ခြင်းရောဂါလက္ခဏာများ

အထက်ပါ လက္ခဏာများသည် သာမန် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပြီး ဆေးဝါး ကုသမှုခံယူပါက ပျမ်းမျှရက်သတ္တပတ်အတွင်း ပြန်လည်ကောင်းမွန်မည်ဖြစ်သည်။ သို့သော် သုံးရက်မှငါးရက်အတွင်း အဖျားတက်ရာမှ ရုတ်တရက် အဖျားကျလာပြီး     တော်တော်နှင့် မလန်းဆန်းဘဲ လေးလံထိုင်းမှိုင်း၍ မှိန်းနေခြင်း၊ ကယောင် ကတမ်းဖြစ်ခြင်း၊ ခြေလက်များအေးစက် ခြင်း စသည်တို့သည်  သွေးလန့်ခြင်းရောဂါ လက္ခဏာများဖြစ်သည်။    အထူးသဖြင့် ကလေးများတွင် သွေးလန့်လေ့ရှိကြသည်။ သွေးလန့်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အနှံ့ အပြားကို သွေးသွားလာမှု လျော့သွားခြင်း ကိုဆိုလိုသည်။ သွေးရည်ကြည်များ ပြင်ပကို  ခဏထွက်သွားသည်ဟု  ဆေးသိပ္ပံ ပညာအရပြောလေ့ရှိပြီး       အသက်အန္တရာယ်စိုးရိမ်ရသဖြင့်   အဖျားကျစဉ် မလန်းလျှင် အစဉ်သတိချပ်ဟု ပြောစမှတ် ပြုကြသည်။

သွေးလန့်သော တခြားလက္ခဏာများမှာ မတ်တတ်ရပ်စဉ် မူးယိုင်ခြင်း၊ မကြာခဏ အဖျားတက်လိုက် ကျလိုက်ဖြစ်ခြင်း၊ မောပန်းခြင်း၊ သွေးခုန်နှုန်းသိသိသာသာ ကျဆင်း ခြင်း၊ အာခံတွင်းခြောက်သွေ့ခြင်း၊ အသက်ရှူနှုန်းမြန်ဆန်လာခြင်း၊ အသည်း ရောင်လာခြင်း၊ ကော်ဖီရောင်ပျို့အန်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ နှာခေါင်းသွေးလျှံ ခြင်း၊ သွေးဖြူဥနည်းသွားခြင်း၊ ဆီးနည်းလာပြီး ဆီးထဲသွေးပါခြင်း၊ ကတ္တရာစေး အရောင်၀မ်း အမည်းများသွားခြင်း စသည် တို့ဖြစ်ကြသည်။ ထိုအခြေအနေမျိုးတွင် ဆရာ၀န်၏ လက်ဦးမှုကို    အရယူနိုင်ရန် လွန်စွာအရေးကြီးသည်။ ထိုအခါ လူနာ၏ ရောဂါအခြေအနေနှင့်   ကိုယ်ခံစွမ်းအားပေါ် မူတည်ပြီး တစ်နာရီခြားတစ်ခါစောင့် ကြည့်ကာ ဆရာ၀န်က လိုအပ်သလို ရိုးရိုး ဆားရည်သွင်းခြင်း သို့မဟုတ် သွေးရည် ကြည်သွင်းခြင်းတို့ကို သွေးခုန်နှုန်းပမာဏ၊ ဆီးပမာဏနှင့်    သွေးအပျစ်အကျဲနှုန်း  စသည်တို့ပေါ်မူတည်၍    ထိရောက်စွာ ကုသမှုခံယူရမည်ဖြစ်သည်။

ရောဂါဖြစ်နေချိန် ရှောင်ကြဉ်ရမည့်အစားအစာများ

သွေးလွန်တုပ်ကွေးရောဂါဖြစ်နေပါက အစာမဖြတ်သင့်ဘဲ အစားအသောက်များ စားရမည်။ စွပ်ပြုတ်ရည်၊ ဓာတ်ဆားရည် စသည့်အားရှိစေမည့်  အစားအသောက် များကို  ၀င်အောင်ကျွေးရမည်။   အစာ ပျော့ပျော့ကျွေးရမည်။ ကော်ဖီ၊ လက်ဖက် ရည်၊  ချောကလက်စသော  အညိုရောင် ပါသည့် အစားအသောက်များကို  ရှောင်ကြဉ်ရမည်။ အဘယ်ကြောင့်ဆိုသော် သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်လာပါက ကော်ဖီရောင် အန်တတ်ခြင်းကြောင့်ဖြစ် သည်။

သွေးလွန်တုပ်ကွေးရောဂါအတွက် အိမ်တွင်းကုထုံး

-   တမာရွက်နှင့် တမာအဆီတို့က သွေးကိုသန့်စင်စေသည်။ ထို့ကြောင့် တမာပြုတ်ရည်ဖြင့်  ရေဖတ်တိုက်ပါ သို့မဟုတ် တမာဆီလူးပေးပါ။

-   ခန္ဓာကိုယ်တွင်း  ရေဓာတ် ဆုံးရှုံးမှုကို ပြန်လည်အစားထိုးရန်နှင့်    အပူချိန် လျှော့ချနိုင်ရန် ရေများများသောက်ပါ။ 

-   အဖျားလုံး၀ကျသည်အထိ   အဖတ် လုံး၀မစားဘဲ အရည်စစ်သောက်ပါ။

-    နံနံပင်က  အဖျားကျစေရုံသာမက သွေးလွန်တုပ်ကွေးရောဂါကြောင့် ကုန်ဆုံးသွားသော အားအင်များကို      ပြန် လည်ဖြည့်တင်း ပေးနိုင်သည်။

-    ပင်စိမ်းရွက်ကလည်း သွေးလွန်တုပ်ကွေး ဖျားနာခြင်းအတွက် အကောင်း ဆုံး ဆေးတစ်ခွက်ဖြစ်၍  ပင်စိမ်းရွက် ၁၅ ရွက်ခန့် ဝါးစားပါ သို့မဟုတ် ပင် စိမ်းရွက်အစိုကို      ရေနွေးကြမ်းခတ် သောက်ပါ။

-   သင်္ဘောသီးနှင့်    သင်္ဘောစေ့တို့ကို တုပ်ကွေးဖျားနာခြင်းအတွက် သဘာ၀ ဓာတ်စာအဖြစ် ယုံကြည်စိတ်ချစွာ စားနိုင်သည်။   သင်္ဘောရွက်ထဲတွင် ပါရှိသော အင်ဇိုင်းဓာတ်များက ကိုယ် အပူချိန်ကျစေရုံမျှမက သွေးလွန်တုပ် ကွေးရောဂါကြောင့်   အစာမကြေ ဗိုက်နာခြင်းအတွက် အားဆေးတစ် ခွက်ဖြစ်သည်။ 

-  ပဲနံ့သာပင်ရွက်ကို လက်ဖက်ရည်ကြမ်း ခတ်သောက်ခြင်းက   အဖျားကျစေရုံမျှမက ခန္ဓာကိုယ်တွင်း ဇီ၀ကမ္မဖြစ် စဉ်ကို ကောင်းစွာလည်ပတ်စေသည်။

-   တလည်းသီးနှင့် အနက်ရောင်စပျစ်သီး တို့က သွေးဆဲလ်များကို တိုးပွားလာ စေသည်။

-   လိမ္မော်ရည်က  အစာခြေအားကောင်း ခြင်း၊ ဆီးသွားခြင်း၊ လန်းဆန်းစေခြင်း တို့ကို ပေးစွမ်းနိုင်သည်။

- ကြက်သွန်နီကို ထက်ခြမ်းခြမ်း၍ ဖန်ပုလင်းထဲထည့်ကာ ရှလကာရည် မြုပ်အောင်တစ်ညဉ့်ထည့်သိပ်စိမ်၍ အဖုံးကို လုံအောင်ဖုံးထားပါ။ ထမင်း စားသည့်အခါတိုင်း ထည့်စားပေးခြင်းဖြင့်   မိသားစုအလိုက်   သွေးလွန် တုပ်ကွေးရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်သည်။

ကြိုတင်ကာကွယ်ရန် နည်းလမ်းကောင်းများ

ခြင်ကျားလောက်လမ်းသည် ရေကြည်ရေသန့်တွင် အဓိကပေါက်ပွားပြီး ခြင်ကျား ပေါက်ပွားပုံအဆင့်ဆင့်ဖြစ်သည့်  (ဥ- ပိုးလောက်လမ်း- ပိုးရုပ်ဖုံး- သက်ကြီး ကောင်) ဖြစ်စဉ်မှာ ပျမ်းမျှရှစ်ရက်မှ ၁၀ ရက်ခန့်အထိ ကြာမြင့်သည်။ ထို့ကြောင့် မိမိအိမ်၊ ကျောင်းနှင့်ပတ်၀န်းကျင်တို့တွင် ရက်သတ္တပတ်လျှင် အနည်းဆုံးတစ်ကြိမ် ခြင်ကျားလောက်လမ်းရှာဖွေပြီး လောက် လမ်းပေါက်ပွားမှုမရှိအောင် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရန်လိုအပ်သည်။

သွေးလွန်တုပ်ကွေးရောဂါကို  ပျောက်ကင်းအောင်    ကုသနိုင်သောဆေးဝါးမှာ ယနေ့အထိမပေါ်သေးပါ။ ရောဂါဖြစ်လာမှ ကုသခြင်းထက် မဖြစ်အောင်ကြိုတင်ကာ ကွယ်ရန်လိုအပ်သည်။ ထို့ကြောင့် ကာကွယ်ခြင်းက    ကုသခြင်းထက် ပိုမိုထိရောက်၏ Precaution  is  better  than Cure  ဟု ဆိုကြခြင်းဖြစ်သည်။ အရေးကြီးဆုံးမှာ   ခြင်ကိုက်မခံရစေရန် ဖြစ်သည်။ နေ့လယ် နေ့ခင်းတွင်     အင်္ကျီလက်ရှည်၊   ပုဆိုး ရှည်ရှည်၀တ်ဆင်ခြင်း၊   ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊  ရေစီးရေလာကောင်းပြီး ခြင်မပေါက်ပွားစေရန် ရေဆိုးမြောင်းများ ရှင်းလင်းခြင်း၊ လေ၀င်လေထွက်ကောင်း ပြီး  ခြင်မခိုအောင်းနိုင်စေရန်  အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြံတွင်း၊ ခြံပြင် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကိုယ်ထူကိုယ်ထ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်း ခြင်းတို့အပြင် အစားအစာသန့်ရှင်းခြင်း၊ ရေသန့်ရှင်းခြင်း၊    လက်သန့်ရှင်းခြင်း၊ အိမ်သာ(မိလ္လာ)သန့်ရှင်းခြင်း၊ ပတ်၀န်းကျင် သန့်ရှင်းခြင်း စသည့်သန့်ငါးသန့်နှင့်အညီ မိမိအသိစိတ်ဓာတ်ဖြင့်    အိမ်ထောင်စု တစ်စုချင်းစီတိုင်း တာ၀န်ယူကြမည်ဆိုပါက သန့်ရှင်းကျန်းမာသော စံပြရပ်ကွက်၊ ကျေးရွာ၊   မြို့နယ်မှသည်  တစ်နိုင်ငံလုံး အတိုင်းအတာအထိ   သွေးလွန်တုပ်ကွေး ရောဂါ ကျဆင်းလာမည်ဖြစ်သည်။

ကူးစက်ရောဂါဆိုင်ရာအရ   သွေးလွန်တုပ်ကွေးရောဂါသည် လေးနှစ်လျှင်တစ် ကြိမ် အပြင်းအထန် ြစ်ပွားတတ်သည်။  ထို့ပြင်  သွေးလွန်တုပ်ကွေးရောဂါသည် ရာသီတစ်ခုတည်းတွင်ပင် နှစ်ခါပြန် ဖြစ်နိုင်သည့်အတွက် ပထမတစ်ကြိမ်ဖြစ် ပြီးသူများလည်း မပေါ့ဆကြရန်လိုအပ်ပြီး ပထမတစ်ကြိမ် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ဖူးသူသည် နောက်တစ်ကြိမ်ထပ်ဖြစ်လျှင် ပို၍ဆိုးနိုင်ကြောင်း    ကျန်းမာရေး သုတေသီများက သတိပေးထားသည်။

သတိပေးလိုသည်မှာ  ယနေ့အချိန် ကာလအထိ  ကမ္ဘာပေါ်တွင်  ကိုဗစ်-၁၉ ရောဂါကို    တွေ့ကြုံနေရဆဲဖြစ်သည်။ ကိုဗစ်-၁၉  ရောဂါသည်  ပူပြင်းခြောက် သွေ့မှုကိုမနှစ်သက်ဘဲ   စွတ်စိုသော အေးမြမှုကိုနှစ်သက်သည့် သဘောရှိသည်။ လက်ရှိ မြန်မာနိုင်ငံရာသီဥတုသည် ချမ်း အေးစွတ်စိုသော မိုးရာသီဖြစ်ရာ မိုးကာလ တွင် မလွဲမသွေဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊   ရာသီတုပ်ကွေးရောဂါ၊   ၀မ်းပျက်၊  ၀မ်းလျှောရောဂါ၊  အရေပြား ရောဂါ      စသည့်ကူးစက်တတ်သော ရောဂါအမျိုးမျိုးတို့အပြင်    ကိုဗစ်-၁၉ ရောဂါကိုလည်း   အစဉ်သတိရှိကြစေလိုသည်။ ဖော်ပြပါ မိုးရာသီကာလတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများသည်    အထိုက်အလျောက်    ကြိုတင်ကာကွယ် နိုင်သည့်ရောဂါများဖြစ်ရာ  မိမိနှင့် မိသားစု တစ်စုချင်းစီအလိုက်      ရောဂါမဖြစ်အောင် ကျန်းမာရေးနှင့် လျော်ညီစွာ ပြုမူနေထိုင်ကြခြင်းဖြင့် ကြိုတင်ကာကွယ် စေလိုကြောင်း    အသိပေး ရေးသားလိုက်ရပါသည်။

MWD Web Portal

Photo - On Doctor

ပေါက်ပေါက်

ပြည်ထောင်စုတစ်မျိုးသားလုံးနဲ့ ကိုက်ညီပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို အခြေခံတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ MSME (Micro, Small and Medium Enterprises)လုပ်ငန်းတွေ တိုးတက်များပြားလာပြီး ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ဖို့ မွေးမြူရေးဇုန်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီလို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံမှာ ယနေ့အထိ  လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု နည်းပါးနေသေးတဲ့ နို့စားနွားမွေးမြူ ထုတ်လုပ်ခြင်းနဲ့  နို့နဲ့နို့ထွက်ပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတွေဟာလည်း အဓိကအခန်းကဏ္ဍ တစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။ Veterinaria Digital ဆိုတဲ့ Website က မြန်မာနိုင်ငံရဲ့ နှစ်အလိုက်နို့ထုတ်လုပ်မှုဟာ နိုင်ငံ့ဝယ်လိုအားရဲ့ ထက်ဝက်တောင် မပြည့်မီတဲ့အတွက် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ နယူးဇီးလန်နဲ့ ဩစတြေးလျနိုင်ငံတွေက တင်ပို့နေရကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ဒါကြောင့် ပထမအဆင့်အနေနဲ့က နို့နဲ့နို့ထွက်ပစ္စည်းတွေကို ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံပေါများစေဖို့ အဓိကထား ဆောင်ရွက်ရမှာဖြစ်တယ်။ ပြီးမှ ပြည်ပအထိ  ပြန်လည်ပို့ဆောင်နိုင်တဲ့အထိ ကြိုးစားအားထုတ်ကြရမှာဖြစ်ပါတယ်။  အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ဖို့ ပထမလိုအပ်ချက်က အကျိုးအမြတ်များများ ဖြစ်နိုင်တဲ့ နို့စားနွားတွေကို မွေးမြူထုတ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။

နို့စားနွားမွေးမြူသူတွေ အကျိုးအမြတ်များများ ရဖို့ဆိုတာကလည်း နို့ထွက်နှုန်းကောင်းပြီး မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေမှာ ခံနိုင်ရည်ရှိပြီး ကျန်းမာသန်စွမ်း၊ ထုတ်လုပ်မှုမြင့်မားတဲ့ မျိုးကောင်းမျိုးသန့်တွေ ရရှိဖို့လိုအပ်ပါတယ်။  အခြားတစ်ဖက်ကလည်း စိုက်ပျိုးရေးလုပ်ငန်းများမှ ရရှိလာတဲ့ ‌ဘေးထွက်ပစ္စည်းတွေဖြစ်တဲ့ ဥပမာအနေနဲ့ ပြောရရင် ပဲမျိုးစုံစိုက်ပျိုးရေးမှ ရရှိလာမယ့် ပဲရိုး၊ ပဲမှော်၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ခြင်းမှ ရရှိလာမယ့် ကောက်ရိုး၊ ဖွဲ၊ ဆန်ကွဲနဲ့ ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းမှရရှိလာမယ့်  ပဲဖတ်၊ နှမ်းဖတ်စသည်တို့ကို အသုံးပြုပြီး စျေးနှုန်းချိုချိုသာသာနဲ့ အရည်အသွေးပြည့်မီအောင် ပြုပြင်ထုတ်လုပ်ထားတဲ့ တိရစ္ဆာန်ဖြည့်စွက်စာများကို ထုတ်လုပ်ဖြန့်ဖြူးမယ့် MSME လုပ်ငန်းများလည်း ဟန်ချက်ညီအကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုပါတယ်။ ဒေသနဲ့ကိုက်ညီတဲ့မျိုးဖြစ်မှ ဒေသရာသီဥတု အခြေအနေအမျိုးမျိုးမှာ  အကြမ်းခံမယ်၊  ကျန်းမာမယ်။  ထုတ်လုပ်မှုစွမ်းအားကောင်းမယ်။ မျိုးကောင်းရရုံနဲ့မပြီးသေးပါ။ အရည်အသွေးကောင်းတဲ့အစာနဲ့  စနစ်ကျတဲ့ထိန်းကျောင်းမှုလည်း လိုအပ်ပါတယ်။ အဲဒီလိုမျိုး  အစာ၊ ထိန်းကျောင်းမှုတွေကောင်းပါမှ နို့စားနွားတွေရဲ့ ထုတ်လုပ်မှုစွမ်းအားတွေ ကောင်းလာမယ်၊ နွားနို့ အရည်အသွေးတွေ ကောင်းလာမယ်၊ အကျိုးအမြတ် ပိုများလာမယ်။ ဒါနဲ့တင်မပြီးသေးပါ။ ရရှိလာတဲ့ နို့ထွက်နှုန်းနဲ့အညီ အလေအလွင့်မရှိ အရည်အသွေးပြည့်ဝသော နို့ထွက်ပစ္စည်းများကို ထုတ်လုပ်တဲ့ MSME လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့နေထိုင်ရာ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေဖြစ်တဲ့ မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်၊ အမရပူရခရိုင်နဲ့  ပြင်ဦးလွင်ခရိုင်တွေမှာ နို့စားနွားတွေမွေးမြူကြပါတယ်။ နို့ထွက်ကောင်းပြီး နို့ညှစ်လို့ရတဲ့ ရိုးရိုးဒေသနွားမျိုးတွေကို အများစုမွေးမြူကြပြီး မေထုန်မျိုးလို့ ဒေသခံတွေခေါ်နေကြတဲ့  ဖရီရှန်မျိုးကိုလည်း အနည်းစုမွေးမြူနေကြပါတယ်။ ရွေးချယ်မွေးမြူထားတဲ့ ဒေသနွားတွေအနေနဲ့ နို့ထွက်ကောင်းတယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံခြားမျိုးနဲ့ယှဉ်မယ်ဆိုရင် နို့ထွက်အရမ်းနည်းပါတယ်။ ကျွန်တော်တို့ဌာနအနေဖြင့် ဒေသနွားမျိုးများ၏ မျိုးအောင်မြင်နှုန်းမြှင့်တင်ရေးစီမံကိန်းအတွက် သုတေသနစစ်တမ်းများ ကောက်ယူရန်  နေပြည်တော်ရှိ ကျေးရွာတို့သို့ သွားရောက်လေ့လာခဲ့တဲ့အခါ နွားမွေးတောင်သူ အားလုံးနီးပါး နို့မညှစ်ကြတာကို တွေ့ရပါတယ်။ နို့ထွက်နှုန်း ကောင်းနိုင်မယ့် လက္ခဏာရှိ နွားမတချို့ကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့နို့မညှစ်ကြပါ။  ဘာကြောင့်လဲ မေးကြည့်တော့  နွားပေါက်စလေးနို့မဝမှာစိုးလို့ မညှစ်တာလို့ လူတိုင်းရဲ့ အဖြေတွေကတူနေတာ တွေ့ရတယ်။ ပြီးတော့ တချို့ကတော့ ညှစ်ချင်တယ် မညှစ်တတ်ဘူးပြောကြတယ်။ နို့ထွက်နည်းတော့ နွားမွေးမြူသူတွေအနေနဲ့ နို့ညှစ်ဖို့ စိတ်မဝင်စား။ ဒါကြောင့် ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ မွေးမြူရေး သုတေသနဌာနနဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွေ အနေနဲ့ အထွက်နှုန်းကောင်းပြီး  ရာသီဥတုနဲ့ ရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိတဲ့ နွားမများကို ရွေးချယ်ရပါမယ်၊ ပြီးတော့ မျိုးမြှင့်ပေးတဲ့   သုတေသနတို့၊  လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်တာတို့ကိုလုပ်ပြီး  နွားမွေးတောင်သူတွေ အတွက်  မျိုးကောင်းမျိုးသန့်တွေ ပေါပေါများများ ဖြန့်ဖြူးပေးနိုင်ဖို့၊ ပိုမိုကြိုးစားဆောင်ရွက်ပေးဖို့၊ ဌာနများအတွင်း ပိုမိုချိတ်ဆက်လုပ်ကိုင်ကြဖို့ လိုအပ်ပါတယ်။

ဒေသနဲ့ကိုက်ညီတဲ့ အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များကို အချိန်တိုအတွင်း ထုတ်လုပ်နိုင်ဖို့ မျိုးပွားအကူနည်းပညာ (Assisted Reproductive Technology)များကို သုတေသနဌာန လုပ်ငန်းများမှာရော၊ နို့စားနွားမွေးမြူရေး လုပ်ငန်းတွေမှာရော တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ဖို့ လိုအပ်ပါတယ်။

တိုးချဲ့တည်ထောင်လာမယ့် နို့စားနွားမွေးမြူရေး ဇုန်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်းထုတ် MSME လုပ်ငန်းတွေအတွက် ဒေသနဲ့ကိုက်ညီမယ့် မျိုးကောင်းမျိုးသန့်တွေကို စျေးချိုချိုနဲ့ ပေါပေါများများ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ အကျိုးဖြစ်ထွန်းမှု များစေမယ့် မွေးမြူနည်းစနစ်၊ လုပ်ငန်းစီမံခန့်ခွဲမှုနဲ့ ထိန်းကျောင်းမှုစနစ်များကို လုပ်ငန်းလုပ်ကိုင်ရန်စိတ်ဝင်စားသူများအား   လေ့ကျင့်ပညာပေးခြင်း၊   အစာလုံလုံလောက်လောက် ရရှိနိုင်ရန်ဆောင်ရွက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းကို အစိုးရဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ စုပေါင်းဆောင်ရွက်မှုပေးခြင်းတို့ ဆောင်ရွက်မှသာ အကျိုးအမြတ်များလာမှာဖြစ်တယ်။   အဲဒါဆိုရင် ပြည်သူတွေအနေနဲ့  လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ဖို့ ပိုမိုစိတ်ဝင်စားလာမှာဖြစ်ပါတယ်။  နို့ထွက်ကောင်းတဲ့ နိုင်ငံခြားမျိုးများဟာ အရင်းအနှီး အလွန်ကြီးတဲ့အပြင် ရာသီဥတုဒဏ်၊  ကပ်ပါး   အစရှိတဲ့ ရောဂါပိုးမွှားဒဏ်တို့ကို  ခံနိုင်ရည်အားနည်းပြီး ရောဂါရလွယ်ခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းနဲ့ ပျက်စီးဆုံးရှုံးနိုင်ခြင်းတွေကြောင့် နို့ထုတ်လုပ်မှု ကုန်ကျစရိတ်ပိုမိုမြင့်မားကာ အကျိုးအမြတ်များ ရရှိသင့်သလောက် မရရှိတာတို့  ဖြစ်နိုင်ပါတယ်။   ဒါကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေမယ့်၊    ရာသီဥတုနဲ့ရောဂါပိုးမွှားဒဏ် ပိုမိုခံနိုင်မယ့် ဒေသနွားမျိုးများကို မျိုးမြှင့်တင်မွေးမြူခြင်းဖြင့် ထုတ်လုပ်မှုနဲ့ အကျိုးအမြတ်   ပိုမိုကောင်းမွန်စေမယ့် နည်းလမ်းကို အသုံးပြုပါက မြန်မာ့နို့စားနွား မွေးမြူရေးဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ စာရေးသူတွေ့ကြုံခဲ့ရတာလေး တစ်ခုလောက် မျှဝေချင်ပါတယ်။ စာရေးသူက ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အိန္ဒိယနိုင်ငံ ဟာရီယာနားပြည်နယ် ကရနားမြို့ရှိ နို့နဲ့နို့ထွက်ပစ္စည်းဆိုင်ရာ သုတေသနဌာနတွင် ပါရဂူသင်တန်း တက်ရောက်ခဲ့စဉ်က သတိထားမိတာက အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုက အရမ်းကြမ်းပါတယ်။ ဒေသတစ်ခုနဲ့တစ်ခုလည်း ရာသီဥတုက အရမ်းကွာခြားပါတယ်။ သို့သော် အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ နို့နဲ့နို့ထွက်ပစ္စည်းထုတ်လုပ်မှု အမြင့်မားဆုံး နိုင်ငံတွေထဲမှာပါပါတယ်။ ဒေသခံနွားတွေကို မျိုးမြှင့်တင်ခြင်းများ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပြီး  နို့ထွက်နှုန်းများမြင့်မားစွာ ရရှိနေကြပါတယ်။ နို့ပေးကာလ ရက်ပေါင်း ၃၀၅ ရက်မှာ ဆာဟိဝါးနွားမျိုးမှာ နို့ ၃၀၀၀ မှ ၄၀၀၀ ကီလိုဂရမ်၊ သာပါးကားနွားမျိုးမှာ နို့ ၂၂၀၀ မှ ၃၇၀၀ ကီလိုဂရမ်၊ ဒေသနွားမျိုးနဲ့ ဖရီရှန်နွားမျိုးကိုစပ်ထားတဲ့ စပ်မျိုးများဖြစ်တဲ့ ကာရမ်ဖရီးစ်မှာ နို့ ၄၅၀၀ မှ ၇၀၀၀ ကီလိုဂရမ်၊ ဒေသနွားနဲ့  ဘရောင်းဆွစ်နွားမျိုးကို စပ်ထားတဲ့ စပ်မျိုးကာရမ်ဆွစ်မှာ နို့ ၄၅၀၀ မှ ၆၅၀၀ ကီလိုဂရမ်နဲ့ ဒေသခံနို့စားကျွဲ မူရကျွဲမျိုးများမှာ နို့ ၃၀၀၀ မှ ၄၃၀၀ ကီလိုဂရမ်အထိထွက်ရှိနေကြောင်း လေ့လာမှတ်သား ခဲ့ရပါတယ်။ အဲဒီ သုတေသနဌာနမှာ နို့စားနွားနဲ့ နို့စားကျွဲ အကောင်ရေ ၂၀၀၀ ကျော်ကို မွေးမြူထားပြီး  နွားစာအတွက် စားကျက်မြေဧက များစွာမှာ ရေသွင်းစနစ်ဖြင့် ရာသီသုံးမျိုးစလုံး မနားတမ်းစိုက်ပျိုးကာ နိုင်ငံတော်မှ မဟာသိပ္ပံနှင့် ပါရဂူသိပ္ပံ သင်တန်းသားများကို နှစ်စဉ်

နှစ်တိုင်း ပညာသင်ဆုများ ပေး၍ သုတေသန လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်အောင် စီမံဆောင်ရွက်နေကြတာကို အားကျဖွယ်တွေ့ခဲ့ရပါတယ်။ အဲဒီသုတေသနဌာနမှာ နို့ထွက်ပစ္စည်းအမျိုးမျိုးအတွက် သုတေသနတွေ လုပ်ဆောင်ရန် နို့လီတာပေါင်း  ၆၀၀၀၀ ကျော်ကို စီမံခန့်ခွဲ လုပ်ဆောင်နိုင်တဲ့ နို့ထွက်ပစ္စည်းစက်ရုံ တစ်ခုကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ထိုသုတေသနဌာနမှ ထုတ်လုပ်ရောင်းချသော နို့ထွက်ပစ္စည်းများမှာ လူကြိုက်များတာ တွေ့ရပါတယ်။

သူတို့နိုင်ငံရဲ့မျိုးမြှင့်တင်ခြင်းလုပ်ဆောင်ပုံမှာ ဒေသနွားမျိုးတွေထဲ နို့ထွက်ကောင်းတဲ့ နွားမျိုးတွေကိုရွေးချယ်၊ မျိုးမြှင့်တင်ရေး သုတေသနတွေလုပ်၊ ပြီးတော့ မွေးမြူသူတွေကို ပြန်ဖြန့်၊ ဒါတွေကို စဉ်ဆက်မပြတ် အရှိန်အဟုန်နဲ့ လုပ်နေကြတာတွေ့ရပါတယ်။ အဲဒီအတွက် မျိုးပွားနှုန်း မြှင့်တင်မှုအကူ နည်းပညာတွေဖြစ်တဲ့ မျိုးပွားဆဲလ်များစုဆောင်းသိုလှောင်ခြင်း (semen cryopreservation)၊ မေထုန်မဲ့သားစပ်ခြင်း (Artificial insemination)၊ မျိုး‌ကောင်းမျိုးသန့်အမြန်ပွားဖို့ မမျိုးဥများကိုစုဆောင်း၍ ဖန်ပြွန်သန္ဓေသားများ ဖန်တီးခြင်းနှင့် သန္ဓေသားကူးပြောင်းသန္ဓေဆောင်စေခြင်း နည်းပညာများ (In vitro embryo production and embryo transfer technologies)ကို သုတေသနပြု၍ တွင်တွင်ကျယ်ကျယ် သုံးပြုနေကြောင်း အားကျအတုယူဖွယ် တွေ့ခဲ့ရပါတယ်။ မေထုန်မဲ့သားစပ်ခြင်းမှာ အိန္ဒိယနိုင်ငံတွင် နွားမွေးတောင်သူများအကြား သားစပ်ခြင်းအလေ့အထ တစ်ခုလိုတောင်ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။ ပြည်နယ်တစ်ခုတည်းအတွင်းမှာပင် မျိုးပွားဆဲလ် ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းကို ဌာနပိုင်ရော၊ ပုဂ္ဂလိကပိုင်ရော အရေအတွက်မှာ ရာချီရှိကြောင်း လေ့လာသိရှိခဲ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း “နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်း MSME လုပ်ငန်းများ အကျိုးများေဖို့နှင့် တိုးတက်များပြားလာစေဖို့  ဒေသနွားမျိုးမြှင့်တင်လို့ မျိုးပွားအကူနည်းပညာများကို   အားကိုးကြပါစို့”လို့တိုက်တွန်းရင်း မြန်မာ့နို့စားနွား မွေးမြူရေး MSME လုပ်ငန်းများ  စဉ်ဆက်မပြတ် တိုးတက်အောင်မြင်ပါစေကြောင်း ဆန္ဒပြုရေးသား လိုက်ပါတယ်။   ။

MWD Web Portal

အေးစိုး(မွေး/ဆေး)