ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ရွှေပဒေသာ၊ ငွေပဒေသာ မြေမှာပေါက်စေသောဝ်တဲ့။ ရှေးလူကြီးတွေ မျှော်မှန်းတောင့်တခဲ့ကြတဲ့ အရာပါ။ သူ့ခေတ်နဲ့သူ့အခါ တိုင်းပြည်စည်ပင် သာယာဝပြောရေး၊ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေးကို ဆိုလိုခြင်းဖြစ်ပြီး လက်တွေ့အားဖြင့်လည်း “မုဆိုးမတောင် ဘုရားတည်နိုင်တယ်” ဆိုတဲ့ ခေတ်ကြီးတစ်ခေတ် ရှိခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိ မျက်မြင်အထောက်အထားတွေကလည်း ငြင်းမရအောင် ထင်ထင်ရှားရှားရှိနေဆဲပါ။ နှစ်ပေါင်းထောင်ချီ ကြာမြင့်လာတဲ့အထိ နိုင်ငံသူ၊ နိုင်ငံသားတွေ ဂုဏ်ယူဝင့်ကြွားနိုင်ရလောက်အောင် ပထမ မြန်မာနိုင်ငံတော်ကြီးကို ထည်ထည်ဝါဝါ၊ ဂုဏ်ဒြပ် မြင့်မြင့်မားမား တည်ဆောက်နိုင်ခဲ့ကြတာဟာ အခြေခံအားဖြင့် စီးပွားရေးကောင်းမွန်ခဲ့ကြလို့၊ ပညာရည်မြင့်မားခဲ့ကြလို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်အရှေ့ ဘက်ကမ်းပေါ်မှာတည်ရှိတဲ့ ပုဂံနေပြည်တော်ကို ဗဟိုပြုပြီး တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော် ကြီးဟာ သူ့ခေတ်သူ့အခါမှာ ကမ္ဘာနဲ့ရင်ပေါင်တန်း နိုင်ခဲ့ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ဒေသမှာတည်ထားတဲ့ ပုဂံမြို့တော်ရဲ့ ရေပေးရေးစနစ်မှာ ပုဂံသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းအားကို တွေ့နိုင်ပြီး ကျောထောက်နောက်ခံနယ်မြေတွေမှာ ဆည်မြောင်းတွေတည်ဆောက်တာ၊ ကန်တွေဆည်ဖို့တာကို ဘုရင်မင်းမြတ်တွေကိုယ်တိုင်က ကြီးကြပ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ စိုက်ပျိုး ရေး ကုန်ထုတ်စွမ်းအားမြင့်မားဖို့ မင်းနဲ့ပြည်သူ အတူတကွ ကြိုးပမ်းအားထုတ်အလုပ်လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကုန်ထုတ်စွမ်းအားမြင့်မားတာနဲ့အမျှ ကုန်သွယ်စီးပွားကလည်း ဖွံ့ဖြိုးခဲ့ပါတယ်။ ဧရာဝတီမြစ်ကြီးဟာ ပင်လယ်ထွက်ပေါက်ရေလမ်း ကြောင်းကြီးဖြစ်ပြီး ပုသိမ်ကတစ်ဆင့် နိုင်ငံတကာကို သွားလာနိုင်ပါတယ်။ ဒါ့အပြင် ရှေးခေတ်တရုတ်ပိုးလမ်းမကြီးရဲ့ လမ်းခွဲတစ်ခုဟာ မြန်မာနိုင်ငံကို ဖြတ်သန်းသွားတာမို့ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကိုပါ ဖြစ်ထွန်းစေခဲ့တယ်လို့လည်း ယုံကြည်ရပါတယ်။ နိုင်ငံတော်အေးချမ်းသာယာပြီး ကုန်ထုတ် စွမ်းအားမြင့်မားမှုကြောင့် လူတိုင်းစီးပွားရေး ကောင်းမွန်ကြတဲ့အခါ ပညာရေးအားဖြင့်လည်း သာမန်အရပ်သူ၊ အရပ်သားများသည်ပင်လျှင် မြင့်မြင့်မားမား တတ်မြောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေ ရေတွင်းမှာ ရေအတူခပ်ရင်း အဘိဓမ္မာအကြောင်းအရာ ပြောကြတဲ့အကြောင်းတွေ၊ နန်းတွင်းမှာ ရဟန်းတော်တွေကို ကန့်လန့်ကာ နောက်ကနေပြီး စာဝါပို့ချတဲ့ သံဗျင်မင်းသမီးရဲ့အကြောင်း စတာတွေဟာ ပထမမြန်မာနိုင်ငံတော် ကာလအမျိုးသားပညာရည် မြင့်မားမှုအကြောင်း ကို ပြောပြနေခြင်းပဲဖြစ်ပါတယ်။

အစကို ပြန်ကောက်ပြီးပြောရရင်တော့ ပဒေသာပင်မြေမှာပေါက်တဲ့ခေတ်ကို လူတိုင်းလိုချင်ကြပါတယ်။ ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်ပေါင်တန်းတဲ့အခါ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံသား၊ စည်ပင် သာယာဝပြောတဲ့ နိုင်ငံသားအဖြစ် ခေါင်းမော့ရင်ကော့ချင်ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ တချို့နိုင်ငံတွေက အလွန်ခေတ်မီဖွံ့ဖြိုးတိုးတက် ပြီး တချို့ကတော့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနောက်ကျကြပါတယ်။ တချို့ကတော့လည်း တစ်ဆင့်ပြီးတစ်ဆင့် မှန်မှန်ဖွံ့ဖြိုးတိုးတက်နေကြတာဖြစ်ပါတယ်။ နိုင်ငံတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုချင်း မတူညီကြတာဟာ လူမျိုးအရ အရည်အသွေးကွာခြားမှုကြောင့်၊ တချို့သောလူမျိုးတွေ ညံ့တာကြောင့်လို့ ယူဆကြတာရှိပြီး အဲဒီအယူအဆကို လူမျိုးအရ နိမ့်ကျမှုအယူအဆလို့ ခေါ်ကြပါတယ်။ ဆိုလိုတာက ကမ္ဘာပေါ်မှာ လူမျိုး တစ်မျိုးနဲ့တစ်မျိုး ကာယ၊ ဉာဏ၊ ဇွဲ ၊ လုံ့လ၊ ဝီရိယ စတဲ့အစွမ်းအစ အရည်အချင်းတွေ မတူညီကြဘူး။ တချို့က အစွမ်းအစအရည်အချင်းမြင့်မားပြီး တချို့က နိမ့်ကျကြတယ်။ ဒါကြောင့် နိုင်ငံအလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေ မတူညီဘဲ ကွာခြားခဲ့ကြတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူမျိုးအရ နိမ့်ကျတယ်လို့ ဆိုရာမှာလည်း နှစ်မျိုးရှိပြီးတော့ တစ်မျိုးက ဗီဇအရ နိမ့်ကျခြင်းဖြစ်ပြီး နောက်တစ်မျိုးက ပတ်ဝန်းကျင်ကြောင့် နိမ့်ကျရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့အယူအဆအရ လူတွေရဲ့အရည်အချင်း၊ အရည်အသွေးကွာခြားရခြင်းဟာ မိမိတို့နေထိုင်ရာဒေသရဲ့ ပတ်ဝန်းကျင်အခြေအနေတွေ၊ ယဉ်ကျေးမှုအစဉ်အလာတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အာဟာရဓာတ်စားသုံးမှု အခြေအနေတွေ၊ ဦးစီးဦးဆောင်သူတို့ရဲ့ အရည်အချင်း၊ အရည်အသွေးတွေစတဲ့ အခြေအနေအရပ်ရပ်ပေါ်မှာ မူတည်တယ်လို့ဆိုပါတယ်။ မှတ်သားစရာ ကောင်းတာက လူတွေဟာ ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ဖိအားပေးမှု (Conviction, expectation, pressure) တွေမရှိဘဲနဲ့ မိမိတို့ရဲ့ အစွမ်းအစတွေကို အစွမ်းကုန်အသုံးချလေ့မရှိဘူး ဆိုတာပါ။

ဒီကနေ့ ကျွန်တော်တို့ရဲ့နိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာမှာ ကျွန်တော်တို့ မြန်မာလူမျိုးများဟာ လူညံ့လူဖျင်းများလားလို့မေးရင် ဗီဇအရရော ပတ်ဝန်းကျင်အရပါ လုံးဝမဟုတ်ပါဘူးလို့ ငြင်းဆိုရပါလိမ့်မယ်။ ဒီဆောင်းပါးအစမှာဆိုခဲ့တဲ့အတိုင်း ပထမမြန်မာနိုင်ငံတော်ကြီးကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်အကောင်အထည်ဖော်ခဲ့ကြရာမှာ မြန်မာတွေအားလုံး (ဗမာလူမျိုးများသာမက တိုင်းရင်းသားများပါ) စည်းလုံးညီညွတ်စွာနဲ့ သူ့တာကိုယ့်တာ ကျေပွန်စွာ အလုပ်လုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ၁၉ ရာစုမှာ တိုင်းတစ်ပါးကျူးကျော် သူနယ်ချဲ့လက်အောက် ကျရောက်ခဲ့ကြပြီး လွတ်လပ်ရေးရပြီးကာလ ၂၀ ရာစုနှစ် လက်ရှိ ၂၁ ရာစုတစ်လျှောက်မှာလည်း နိုင်ငံကို ကောင်းစွာတည်ဆောက်မှု မပြုနိုင်ခဲ့သေးပါဘူး။ ကမ္ဘာနဲ့ တူတူတန်တန် ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံသူ နိုင်ငံ သားတွေ ဖြစ်ဖို့၊ ကိုယ့်ခေတ်မှာမညံ့ကြဖို့ ကျွန်တော်တို့ ကြိုးပမ်းအားထုတ် အလုပ်လုပ်ကြရမှာဖြစ်ပြီး ဉာဏ်ပညာမြင့်မြင့်မားမားနဲ့ အလုပ်လုပ်နိုင်ကြဖို့အတွက် လူတိုင်းပညာရည် မြင့်မားကြဖို့လိုပါတယ်။ တစ်ပြိုင်တည်းမှာပဲ နိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည် သာယာလှပစေဖို့ သဘာဝပတ်ဝန်းကျင်အခြေအနေကောင်းမွန်စေရမှာလည်း ဖြစ်ပါတယ်။

ပစ္စက္ခကာလမှာ ကျွန်တော်တို့ဟာ သမိုင်းစာမျက်နှာသစ်တစ်ခုကို ရေးထိုးနေကြပြီဖြစ်ပါတယ်။ မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာ့နိုင်ငံများဟာ ဒီကနေ့ကျွန်တော်တို့နိုင်ငံ ကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေကို ရင်ဆိုင်ကျော်လွှားပြီးမှ အောင်မြင်မှုရယူနိုင်ခဲ့ကြတာကိုလည်း သတိချပ်ကြဖို့လိုပါတယ်။ နိုင်ငံနဲ့လူမျိုးကို တိုးတက်မြင့်မားအောင် ပို့ဆောင်နိုင်တဲ့ ပထမ ဦးဆုံးသောအင်အားဟာ စိတ်ဓာတ်အင်အားပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကြီးပွားဖွံ့ဖြိုး တိုးတက်ရမယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အားဟာ ခေါင်းဆောင်မှုပြုသူနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံးမှာ ပြင်းပြင်းပြပြဖြစ်တည်လာတဲ့အခါ တစ်နည်းအားဖြင့် စိတ္တာဓိပတိ ဖြစ်လာတဲ့အခါ စက်ယန္တရား တစ်ခုလည်ပတ်မှုစတင်ဖို့ အစပျိုးတဲ့စွမ်းအင်လို အလုပ်လုပ်လာပါတယ်။

ဖိအားအမျိုးမျိုးအောက် ကျရောက်နေရတဲ့ ဘဝရှည်ကြာလာတဲ့အခါ လွတ်မြောက်လိုတဲ့ ဆန္ဒနဲ့ ရုန်းကြွလာတဲ့စွမ်းအင်ဟာ Need achievement (N’ach) ဆိုတဲ့ ထမြောက်လိုအင်ပါ။ ဒီကနေ့ ကမ္ဘာမှာ မြန်မာဆိုရင် မသိကြတာ၊ လှောင်ပြောင် ရယ်မောကြတာ၊ နှိမ့်ချဆက်ဆံကြတာ၊ ပြည်ဝင်ခွင့် မပေးတာ၊ အလုပ်အကိုင်တွေမှာ ကန့်သတ်ခံရတာ၊ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာလည်း ဖယ်ကြဉ်ကြတာ၊ အုပ်စုဖွဲ့ ဖိအားမျိုးစုံပေးပြီး အနိုင်ကျင့်တာ စတာတွေဟာ မြန်မာလူမျိုးတွေအဖို့ နာကြည်းစရာ၊ တမြည့်မြည့်နဲ့ ခံရခက်စရာတွေပါ။

တကယ်တော့ ယဉ်ကျေးမှုမြင့်မားပါတယ်ဆိုတဲ့ မျက်မှောက်ကမ္ဘာကြီးမှာ အမှန်တကယ် ရှင်သန်ထွန်းကားနေတာက အင်အားသည်သာ အခရာဆိုတဲ့ တောနက်ကြီးဥပဒေ (Jungle Law) ပါ။ အင်အားအကြီးမားဆုံးနိုင်ငံဟာ ကမ္ဘာ့အရေးအရာကို လိုသလို ပုံဖော်ခြယ်လှယ်နိုင်ပြီး အင်အားရှိတဲ့ နိုင်ငံကိုပဲ အလေးဂရုပြုကြတာဖြစ်ပါတယ်။ တောနက်ကြီးထဲက သားရိုင်းတိရစ္ဆာန်တွေလို အင်အားအနည်းဆုံးသတ္တဝါက အစားခံရုံသက်သက်ပဲဖြစ်ပြီး အင်အားနည်းပေမယ့် အဆိပ်ပြင်းရင်တော့ ရှောင်သွားတတ်ကြတာမျိုး နိုင်ငံတကာ ဆက်ဆံရေးမှာလည်း တွေ့ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအလယ်မှာ မြန်မာဟေ့လို့ ခေါင်းမော့ရင်ကော့နိုင်အောင် နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အင်အားနဲ့ နိုင်ငံကို ခိုင်ခိုင်မာမာခံ့ခံ့ညားညား တည်ဆောက်ကြရမှာဖြစ်ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ စွမ်းပကားနဲ့ပဲ လှောင်ပြောင်မှုတွေ၊ နှိမ့်ချမှုတွေ၊ ကန့်သတ်မှုတွေ၊ ဖယ်ကြဉ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ ဖိအားပေးမှုတွေကို ဖယ်ရှားပစ်ကြရမှာပဲဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အဓိကအင်အားသုံးရပ်ဖြစ်တဲ့ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေး အင်အားတို့ကို ခိုင်ခိုင်မာမာတည်ဆောက်ရာမှာ ကျွန်တော်တို့ နိုင်ငံသားအားလုံး တာဝန်ကျေပွန် ကြဖို့လိုပါတယ်။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးမြင့်မားတိုးတက်စေဖို့အတွက် ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မားဖို့လိုနေပါတယ်။ မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေက လူတစ်ဦးချင်းစီရဲ့ ထုတ်လုပ်နိုင်စွမ်းတွေကို မိမိတို့မမီသေးဘူးဆိုရင်တောင် လက်ရှိမိမိတို့ရဲ့ ကုန်ထုတ်လုပ်မှုထက် နှစ်ဆထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။ ဒီအတွက် လူတိုင်းအလုပ်လုပ်ကြဖို့နဲ့ အလုပ်လုပ်နိုင်အောင် အခြေအနေတွေ၊ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုပါတယ်။ ရွှေပဒေသာ မြေကပေါက်စေဖို့ လူတိုင်းအလုပ်လုပ်ကြရမှာဖြစ်သလို နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုကို အားပေးကြရမှာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ဖွံ့ဖြိုးဖို့ အလုပ်လုပ်ကြရာမှာ ယခင်က လူကြီး​တွေပြောခဲ့သလို ဖိုးသုည၊ မယ်သုညတွေနဲ့ တိုင်းပြည်တည်ဆောက်လို့ မရနိုင်ပါဘူး။ တန်ဖိုးမြင့်မားတဲ့ လူ့စွမ်းအားအရင်း အမြစ်ကသာ နိုင်ငံကိုမြင့်မားအောင် တည်ဆောက် နိုင်မှာဖြစ်လို့ လူတိုင်းပညာတတ်ဖို့၊ အမျိုးသား ပညာရည်မြင့်မားဖို့လိုပါတယ်။ ဉာဏ်ပညာနဲ့ လုံ့လ၊ ဝီရိယတို့ကသာ နိုင်ငံကိုဂုဏ်သိက္ခာမြင့်မားအောင် တည်ဆောက်ကြရာမှာ အဓိကဦးဆောင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးကြဖို့ လိုအပ်ပါတယ်။ ပညာရေးကို နှောင့်ယှက်သူ၊ ပညာရေးကို ဟန့်တားသူ၊ ပညာရေးကို ဖျက်ဆီးသူများကိုလည်း ဖယ်ရှားရှင်းလင်းသွားကြရမှာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ မိမိတို့ ဘိုးဘွားများရဲ့အမွေ၊ ထူးခြားကောင်းမွန်ပြည့်စုံတဲ့ သဘာဝတွေနဲ့ လှပတဲ့ပြည်ထောင်စုကြီးကို နဂိုရည် အတိုင်း စိုပြည်အလှ မပျက်စေဖို့ပါ။ နှင်းဖုံးတောင်တန်းကြီးတွေနဲ့ ရေဝေတောင်တန်းကြီးတွေ၊ သဘာဝရေအိုင်ကြီးတွေနဲ့ တသွင်သွင်စီးဆင်းနေတဲ့ ရေချိုအရင်းအမြစ် မြစ်ချောင်းတွေ၊ သဘာဝ အလျောက် ပေါက်ရောက်နေတဲ့ သစ်တော၊ ဝါးတောတွေနဲ့ စားရေရိက္ခာအသက်သွေးကြော မြေကောင်းယာကောင်းတွေ၊ ရှည်လျားတဲ့ပင်လယ်ကမ်းရိုးတန်းတွေနဲ့ အဏ္ဏဝါအရင်းအမြစ်တွေ၊ မြန်မာ့ရေမြေမှာ ရှင်သန်ကျက်စားကြတဲ့ သားငှက်တိရစ္ဆာန် တွေအားလုံးကို ချစ်မြတ်နိုးကြဖို့နဲ့ ထာဝရတည်ရှိအောင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဖြစ်ပါတယ်။

တောင်ပေါ်မြေပြန့် နိုင်ငံတစ်ဝန်းမှာ နေထိုင်ကြတဲ့ ကျွန်တော်တို့ ပြည်ထောင်စုသားတွေ၊ နိုင်ငံသားတွေမှာ အလှကိုယ်စီရှိကြပြီး ရောင်စုံပန်းချီကား တစ်ချပ်လို ရှုချင်စဖွယ် တင့်တယ်လှပါတယ်။ ကျွန်တော်တို့ နိုင်ငံသားအားလုံးရဲ့ တူညီတဲ့ဝိသေသ လက္ခဏာကတော့ ရင်းနှီးဖော်ရွေမှုဖြစ်တယ်လို့ ကမ္ဘာက အသိအမှတ်ပြုကြပါတယ်။ မြန်မာကို မသိတဲ့လူတွေက ကမ္ဘာမှာအများကြီးရှိသလို သိသွားတဲ့လူတွေက ချစ်ခင်ကြတာ၊ မြတ်နိုးကြတာ၊ အလေးထားကြတာကို တွေ့ကြရမှာလည်းဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာလူမျိုး အားလုံးမှာရှိကြတဲ့ အလှကိုယ်စီကို ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ကြဖို့၊ မြန်မာ့မြေပေါ်မှာ အလှဝေ အောင် မေတ္တာတရားတွေ ထွန်းကားဖို့၊ နိုင်ငံနှင့်လူမျိုးတွေကို အရုပ်ဆိုးအကျည်းတန်စေတဲ့ ဒေါသတိမ်သလ္လာတွေ ဖယ်ရှားရှင်းလင်းဖို့၊ ကျွန်တော်တို့ အားလုံးရေးထိုးကြရမယ့် သမိုင်းစာမျက်နှာသစ်ကို လက်ရေးညီညီရေးစီကြဖို့ မေတ္တာရှေ့ထား နှိုးဆော်လိုက်ရကြောင်းပါဗျား။ ။

MOI

သာထူး

ယခုအခါ  မိုးရာသီရောက်လာပြီဖြစ်၍  အပူဒဏ်မှ   သက်သာရာရစေသည်သာမက   စိမ်းလန်းစိုပြည်သော   ပတ်ဝန်းကျင်ကြောင့်   လန်းဆန်းအေးမြပြီး သက်သောင့်သက်သာရှိသည့်အချိန်ဖြစ်သည်။   သို့သော်လည်း   တချို့သောရောဂါပိုးများ   ကူးစက်မှုအန္တရာယ်နှင့် ကျန်းမာရေးအန္တရာယ်များကို  တိုးမြင့်လာစေသည်။ မိုးရာသီတွင် ခန္ဓာကိုယ်ခုခံအားစနစ် အားနည်းခြင်း၏    အဖြစ်များသောလက္ခဏာတချို့ တွင် အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းကဲ့သို့ ရောဂါလက္ခဏာများ မကြာခဏ ခံစားရခြင်းတို့အပြင် တုပ်ကွေးနှင့် တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပွားနိုင်သည်။    ကိုယ်ခံအားစနစ်ကို အားကောင်းစေခြင်းသည်  ဖျားနာခြင်းမှကာကွယ် ပေးရုံသာမက   ရောဂါပြင်းထန်မှုနှင့်ကြာချိန်တို့ကို   လျော့နည်းစေသည်။      ထိရောက်သောကြိုတင် ကာကွယ်မှု၊ ဆောင်ရန်၊ ရှောင်ရန်နှင့် အကြံပြုချက်များကို     လိုက်နာခြင်းဖြင့်    မိုးရာသီကာလတွင် ကိုယ်တိုင်နှင့်  မိသားစုကိုကာကွယ်နိုင်သည်။

မိုးရာသီတွင် အဖြစ်များသောကျန်းမာရေးအန္တရာယ်များ

ရေကြောင့်ဖြစ်သောရောဂါများ

ညစ်ညမ်းသောရေကြောင့်   ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊  ဝမ်းပျက်၊ ဝမ်းလျှောရောဂါ နှင့်   အစာအိမ်ရောင်ခြင်းတို့   မကြာခဏဖြစ်တတ်သည်။

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သောရောဂါများ

မိုးရာသီတွင် ပတ်ဝန်းကျင်စိုစွတ်ပြီး ရေဝပ်သော နေရာများကြောင့် ခြင်များပိုမိုပေါက်ပွားရှင်သန်ကြပြီး သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားကဲ့သို့သောရောဂါ များ ဖြစ်ပွားနိုင်သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အိမ်တွင်းရှိ    စိုထိုင်းဆနှင့်   အနီးကပ်ထိတွေ့မှုကြောင့် အအေးမိ၊ တုပ်ကွေးနှင့်ချောင်းဆိုးခြင်းတို့ ပို၍အဖြစ်များသည်။

အရေပြားရောဂါများ

မိုးရာသီတွင် စိုထိုင်းဆများလာပြီး စိုစွတ်မှုကြောင့် အရေပြားပြဿနာအမျိုးမျိုး      ဖြစ်လာနိုင်သည်။

အဖြစ်များသော အရေပြားရောဂါများတွင်   မှိုပိုးဝင်ခြင်း၊  ဗက်တီးရီးယားပိုးဝင်ခြင်း (အနာပေါက်ခြင်းနှင့် မွေးညင်းပေါက်ရောင်ခြင်း)၊   နှင်းခူကြွခြင်းနှင့် တခြားအရေပြားယားယံမှုများ ပါဝင်သည်။   ဝက်ခြံထွက်ခြင်းနှင့်ဗောက်ထခြင်းသည်လည်း  မိုးရာသီ ကာလတွင် ပို၍အဖြစ်များသည်။

မတော်တဆမှုများ

မိုးရာသီတွင်  ပတ်ဝန်းကျင်စိုစွတ်သောကြောင့် စိုစွတ်သောမြေမျက်နှာပြင်များ၊      ချော်နေသော မျက်နှာပြင်များနှင့် လမ်းများကြောင့် သွားလာရာတွင် ချော်လဲခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့ မကြာခဏ တွေ့ကြုံရနိုင်သည်။

မိုးရာသီအတွင်း      ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်စေရန်       အထောက်အကူဖြစ်စေမည့် ဆောင်ရန်၊ ရှောင်ရန်အကြံပြုချက်တချို့မှာ အောက်ပါ အတိုင်းဖြစ်သည်။

မျှတသောအစားအစာကိုစားသောက်ခြင်း

မျှတသောအစားအစာသည်  ခန္ဓာကိုယ်ခုခံအားစနစ်ကိုပံ့ပိုးရန်အတွက် လိုအပ်သောအာဟာရဓာတ် များရရှိရန်သေချာသည်။   သစ်သီးများနှင့်ဟင်းသီး ဟင်းရွက်များတွင် ဗီတာမင်များ၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများနှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်ကို ရောဂါပိုးမွှားများရန်မှ   ကာကွယ်ပေး သည်။  အစေ့အဆန်များ၊  ပရိုတင်းများနှင့်ပေါင်းစပ် ခြင်းဖြင့် ကိုယ်ခံအားအတွက်  လိုအပ်သောစွမ်းအင် နှင့် အမိုင်နိုအက်စစ်များကိုပေးစွမ်းသည်။ မိုးရာသီ တွင် သကြားဓာတ်နှင့် ပြုပြင်ထားသောအစားအစာများသည် ကိုယ်ခံအားစနစ်ကို  ထိခိုက်စေနိုင်သဖြင့် စားသုံးမှုကို ကန့်သတ်ထားသင့်သည်။ ရောင်ရမ်းမှု ကိုဖြစ်စေသော   ဆိုဒီယမ်မြင့်မားသည့်အစားအစာ စားသုံးမှုကိုလည်း လျှော့ချသင့်သည်။

အစပ်နှင့်အဆီများသော အစားအစာများကိုရှောင်ခြင်း

အစပ်နှင့်အဆီများသော    အစားအစာများသည်ရောင်ရမ်းမှုနှင့်အစာခြေပြဿနာများကို   ဖြစ်စေတတ်သောကြောင့် အန္တရာယ်ရှိသည်။ အဆိုပါအစား အစာများသည်    အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ်မှရောဂါပိုးမွှားများအားခုခံကာကွယ်နိုင်စွမ်းကို      အားနည်းစေနိုင်သည်။ ကိုယ်ခံအားစနစ် အားကောင်းစေရန် အစပ်နှင့်အဆီများသောအစားအစာများကို    အလွန်အကျွံစားသုံး ခြင်းမှ ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

ရေဓာတ်ပြည့်ဝစေခြင်း

ကိုယ်ခံအားစနစ်အပါအဝင်     ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ   ကောင်းမွန်စွာလုပ်ဆောင် နိုင်စေရန်အတွက် ရေကိုလုံလောက်စွာသောက်သုံးရန် အရေးကြီးသည်။ ရေသည် အဆိပ်အတောက်များ ကို   ဖယ်ရှားပေးပြီး  အာဟာရများ   ခန္ဓာကိုယ်အနှံ့ လည်ပတ်မှုကိုထောက်ပံ့ပေးသည်။ထို့ကြောင့်  မိုးရာသီတွင်   ရေဓာတ်ပြည့်ဝစေခြင်းသည်   ကိုယ်ခံစွမ်းအားကိုမြှင့်တင်ရန်      အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။

ရာသီပေါ်အသီးအနှံများကိုစားသုံးခြင်း

လိမ္မော်သီး၊ တလည်းသီး၊ မာလကာသီး၊ သင်္ဘောသီး၊ သစ်တော်သီး စသည့်ရာသီပေါ်အသီးအနှံများ တွင် ဗီတာမင်- A၊ ဗီတာမင်- C ၊ ပိုတက်ဆီယမ်နှင့်  အမျှင်ဓာတ်တို့ကဲ့သို့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သော  အာဟာရဓာတ်များ  ကြွယ်ဝစွာပါရှိသည်။ ဗီတာမင်- C  သည်   ရောဂါပိုးများကို တိုက်ဖျက်ရန် အရေးကြီးသော သွေးဖြူဥများထုတ်လုပ်မှုကို မြှင့်တင်ပေးသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ဆဲလ်များ ပျက်စီးခြင်းမှကာကွယ်ပေးပြီး အမျှင်ဓာတ်သည် အစာခြေခြင်းနှင့်    အစာအိမ်ကျန်းမာရေးအတွက် အထောက်အကူပြုသည်။  ရာသီပေါ်အသီးအနှံများ ကို လတ်လတ်ဆတ်ဆတ်စားသုံးခြင်းသည် မိုးရာသီတွင်    ကိုယ်ခံစွမ်းအားမြှင့်တင်ရန်    အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်သည်။

ပရိုတင်းဓာတ်ကြွယ်ဝသောအစားအစာများကိုစားသုံးခြင်း

ပရိုတင်းများသည်    ကိုယ်ခံအားဆဲလ်များအပါ အဝင် ခန္ဓာကိုယ်အတွင်းရှိ တစ်သျှူးများတည်ဆောက် ခြင်းနှင့် ပြုပြင်ခြင်းတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။ ရောဂါပိုးမွှားများနှင့်ရောဂါများကို တိုက်ဖျက်ရာတွင်   ကူညီပေးသည့်  အမျိုးမျိုးသော ကိုယ်ခံအားလုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးသည့် မရှိမဖြစ်လိုအပ်သောအမိုင်နိုအက်စစ်များကို   ပံ့ပိုးပေးသည်။    ထို့ကြောင့်   မိုးရာသီတွင်   ကိုယ်ခံအားကောင်းမွန်ရန်  အဆီမပါသောအသား၊  ကြက်၊  ငါး၊ ဥ၊   နို့ထွက်ပစ္စည်း၊   ပဲနှင့်အခွံမာသီးများကဲ့သို့သော ပရိုတင်းဓာတ်ကြွယ်ဝသည့် အစားအစာများကိုစားသုံးရန်လိုအပ်သည်။

လုံလောက်စွာအိပ်စက်အနားယူခြင်း

တစ်ညတာ   ကောင်းမွန်စွာအိပ်စက်ရခြင်းသည် ကိုယ်ခံအားလုပ်ဆောင်ချက်နှင့်     ကျန်းမာရေးကို ထိန်းသိမ်းရန် အထောက်အကူဖြစ်စေသည်။ ကိုယ်ခံ အားစနစ်ကို ပြန်လည်နုပျိုစေရန်  ၇ - ၈  နာရီကြာ အိပ်စက်ရန်လိုအပ်သည်။   အိပ်ရေးပျက်ခြင်းသည် ပြန်လည်ပြုပြင်သောလုပ်ငန်းစဉ်ကို ဟန့်တားစေပြီး ကိုယ်ခံအားစနစ်ကိုအားနည်းစေသဖြင့် ရောဂါပိုးကူးစက်နိုင်ခြေကို တိုးမြင့်စေသည်။ ထို့ကြောင့် နေ့စဉ်ကောင်းမွန်စွာ အိပ်စက်အနားယူရန်လိုအပ်သည်။

စိတ်ဖိစီးမှုကိုစီမံခန့်ခွဲခြင်း

အလုပ်နှင့် ဘဝဖိစီးမှုများသည် ကိုယ်ခံအားစနစ်ကို  ဖိနှိပ်နိုင်ပြီး  ရောဂါပိုးများကူးစက်ခံရနိုင်သည်။ နာတာရှည်စိတ်ဖိစီးမှုက ကိုယ်ခံစွမ်းအားကို အား နည်းစေနိုင်သည်။    စိတ်ဖိစီးမှုကိုလျှော့ချပေးသည့် တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း သို့မဟုတ် ယောဂကဲ့သို့သော   အပန်းဖြေနည်းများဖြင့်   စိတ်ပင်ပန်းမှုကိုဖြေရှင်းပါက ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်သည်။

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းက သွေးလည် ပတ်မှုကောင်းစေပြီး    ကိုယ်ခံအားကိုမြှင့်တင်ပေး နိုင်သည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ရောဂါများ ကိုဖြစ်စေသည့်    ရောင်ရမ်းမှုကိုလည်းသက်သာစေသည်။    ကိုယ်ခံအားစနစ်ကို    အားကောင်းစေရန် လမ်းလျှောက်ခြင်း၊   ပြေးခြင်း၊အကြောဆန့်ခြင်း ကဲ့သို့ အသင့်အတင့်ပြင်းထန်သောလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်သည်။   မိုးရာသီတွင်   ခန္ဓာကိုယ် တက်ကြွနေစေရန် ယောဂ၊ ဆန့်ထုတ်ခြင်း သို့မဟုတ် ကိရိယာလွတ်လေ့ကျင့်ခန်းများကဲ့သို့    အိမ်တွင်း လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်သင့်သည်။

ဆေးဖက်ဝင်အပင်များစားသုံးခြင်း

နေ့စဉ်အစားအစာများတွင် ကြက်သွန်ဖြူ၊  ချင်း၊ နနွင်းနှင့် ငရုတ်ကောင်းမှုန့်ကဲ့သို့သော ဆေးဖက်ဝင် အပင်များကိုထည့်နိုင်သည်။  ယင်းတို့သည် ကိုယ်ခံ စွမ်းအားကိုအားကောင်းစေပြီး     ရောဂါပိုးများကို တိုက်ထုတ်ရန်ကူညီပေးသည်။ ချင်း၊ ပူဒီနာရွက်နှင့် သစ်ကြံပိုးခေါက်ကဲ့သို့သော ဆေးဖက်ဝင်အပင်များဖြင့်  လက်ဖက်ရည်ကဲ့သို့   ကျိုထားသောသတ္တုရည်တွင် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့်    ရောင်ရမ်းမှုကိုဆန့်ကျင်သည့်ဒြပ်ပေါင်းများ ကြွယ်ဝစွာပါဝင်သည်။ ဆေးဖက် ဝင်အပင်များသည် ခန္ဓာကိုယ်၏ခုခံအားတုံ့ပြန်မှုကို ပံ့ပိုးပေးသည်။  ဆေးဖက်ဝင်အပင်များဖြင့် ပြုလုပ်ထားသော လက်ဖက်ရည်သောက်ခြင်းဖြင့်  မိုးရာသီတွင်    အဖြစ်များသည့်   လက္ခဏာများဖြစ်သော လည်ချောင်းနာခြင်းကို       သက်သာစေနိုင်ကြောင်း   အာယုဗ္ဗေဒဆေးကျမ်း၌ ဖော်ပြထားသည်။

တစ်ကိုယ်ရေသန့်ရှင်းမှုဂရုပြုခြင်း

တစ်ကိုယ်ရေသန့်ရှင်းမှုကိုထိန်းသိမ်းပါ။ လက်ကို မှန်မှန်ဆေးပါ။ အထူးသဖြင့် အစာမစားမီနှင့် အိမ်သာသုံးပြီးနောက်  လက်ကိုမကြာခဏဆေးပါ။ပိုးမွှားများခိုအောင်းမှုကိုကာကွယ်ရန်  လက်သည်းတိုတိုညှပ်ပြီးသန့်ရှင်းပေးပါ။ နေ့စဉ်ရေချိုးပြီး အရေပြား ကိုခြောက်သွေ့အောင်ထားပါ။ အစိုဓာတ်က  မှိုနှင့် ဗက်တီးရီးယားပိုးမွှားများကို အားပေးသဖြင့် နေ့စဉ် ရေချိုးပြီး     ရေစိုအဝတ်အစားကို   အမြန်ဆုံးလဲပါ။ စိုစွတ်သောအဝတ်အစားများကမှိုတက်ခြင်းကို အားပေးသဖြင့် အဝတ်များကိုလျှော်ဖွပ်ပြီး သေချာ မီးပူတိုက်ပါ။  ဖြစ်နိုင်လျှင်  လူစုလူဝေး၊  လေ၀င် လေထွက်မကောင်းသောနေရာများနှင့်   ဝေးဝေးနေပါ။  ချောင်းဆိုး၊ နှာချေသောအခါ ပါးစပ်နှင့်နှာခေါင်း ကိုအုပ်ထားပါ။

ခြင်အန္တရာယ်ကာကွယ်ရေး

ခြင်မပေါက်ပွားစေရန် အိမ်ပတ်ဝန်းကျင်တစ်ဝိုက် ရှိ   ပန်းအိုးများ၊   တာယာဟောင်းများနှင့်   ပုံးထဲမှ ရေများကို ဖယ်ရှားပါ။ ပိုးမွှားများနှင့် ကြွက်များကို တားဆီးရန်   ပတ်ဝန်းကျင်ကိုသန့်ရှင်းအောင်ထားပါ။   ပြတင်းပေါက်များတွင်  ခြင်လုံဆန်ခါတပ်ပြီး ခြင်ထောင်အသုံးပြုပါ။ ခြင်နှင့်ထိတွေ့နိုင်သော အရေပြားပေါ်တွင် Insect killer များကိုလိမ်းပေးပါ။ အထူး သဖြင့်   အရုဏ်တက်ချိန်နှင့်  ညနေဆည်းဆာချိန် များတွင်     အင်္ကျီလက်ရှည်နှင့်ဘောင်းဘီရှည်ကို ဝတ်ဆင်ပါ။

အစားအသောက်ဘေးကင်းရေး

မိုးရာသီတွင်     ညစ်ညမ်းသောရေသည်  ရောဂါအဖြစ်များသောအရာဖြစ်သောကြောင့်    သောက် ရေသန့်  သို့မဟုတ် သန့်ရှင်းသောရေ၊ ကျိုချက်ပြီး စစ်ထားသောရေကိုသာသောက်ပါ။  သွားတိုက်ရန်နှင့် အစားအစာပြင်ဆင်ရန် သန့်ရှင်းသောရေကိုအသုံးပြုပါ။  ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ပြင်ဆင်ချက် ပြုတ်ထားသော   အစားအစာများကို   စားသုံးပါ။ အစိမ်း သို့မဟုတ်   မချက်ပြုတ် ရသေးသော  အစားအစာများ  စားသုံးခြင်းကိုရှောင်ကြဉ်ပါ။ လမ်းဘေး အစားအစာများနှင့် ဖုံးအုပ်မထားသော အစားအစာများကို ရှောင်ကြဉ်ပါ။ တတ်နိုင်သမျှ အိမ်လုပ်အစား အစာများကို စားသုံးပါ။ လှီးဖြတ်ထားသော အစားအစာများတွင် ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်များခိုအောင်းနိုင်သောကြောင့်ရှောင်ကြဉ်ပါ။ အစားအစာများကို   လေလုံသောဘူးများတွင်   သိမ်းဆည်းပါ။  သဘာဝဖြည့်စွက်စာများဖြင့်  ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပါ။

အချုပ်အားဖြင့်ဆိုရသော် မိုးရာသီတွင် ကျန်းမာပြီးကိုယ်ခံစွမ်းအားမြှင့်တင်ရန်  အထိုင်များသော လူ နေမှုပုံစံကိုလျှော့ချပြီး  ကိုယ်လက်လှုပ်ရှားမှုပုံမှန် လုပ်ရန်၊ တစ်ကိုယ်ရေသန့်ရှင်းမှုဂရုပြုရန်၊ လုံလောက်စွာအိပ်စက်အနားယူရန်၊ ကိုယ်ခံစွမ်းအားမြှင့်တင်ရန် အထူးအကျိုးပြုသည့်အစားအစာများကို   မျှတစွာစားသုံးရန်နှင့် ရေများများသောက်ရန်လိုအပ်သည်။  အဖျားကြီးခြင်း၊   ချောင်းဆိုးခြင်း၊   ဆက်တိုက်ဝမ်း လျှောခြင်း  သို့မဟုတ်  တခြားရောဂါလက္ခဏာများ ခံစားရပါက    ဆရာဝန်နှင့်အမြန်ပြသပြီး   အချိန်မီဆေးကုသမှုခံယူရန်လိုအပ်ကြောင်း ရေးသားလိုက် ရပါသည်။                            

 Photo- Aosspl

ဒေါက်တာသိင်္ဂီကျော်

ယမန်နေ့မှအဆက်

 မြို့တော်အေးချမ်း၍ စည်းကမ်းပိပြားနေပုံ တွေ့ရသဖြင့် မစ္စတာဆွမ်တို့အဖွဲ့ အံ့အားသင့်သွားကြသည်။

ဗြိတိသျှကိုယ်စားလှယ်ထွက်ခွာသွားပြီးမှ ပိုမိုသာယာကောင်းမွန်နေသည်ဟု ထင်မှတ်ရတော့မလိုဖြစ်သွားသည်။ နိုင်ငံခြားသားတို့ရှိစဉ် မြို့တော်၌ ငြိမ်သက်အေးဆေးစွာ ရှိစေရမည်ဟု ဆယ်အိမ်ခေါင်းတို့အား အထူးတလည်ဆင့်ဆိုထားမည်မှာ အမှန်ဖြစ်ပေသည်။

သို့ရာတွင် အရှင်မင်းမြတ်သည် ငွေဝင်ပေါက်နည်းသစ် နည်းကောင်းတစ်ခုကို မကြံနိုင်မဖန်နိုင်ပါက မကြာမီ ၎င်း၏ဘဏ္ဍာတိုက်၌ အသပြာကုန်ခန်းသွားမည်မှာမလွဲပေ။

- ၁၈၈၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်(သောကြာနေ့)

နေမျိုးနွယ်ဘုရင် မြန်မာပြည်၏ သီပေါနတ်ရွာစံသွားခြင်း

ကြာသပတေးနေ့က ရရှိသောကြေးနန်းသတင်းအရ မြန်မာပြည် (တိဗက်ပြည်တောင်ဘက်၊ အိန္ဒိယနှင့် တရုတ်ပြည်အကြားရှိ အာရှအရှေ့တောင်ပိုင်းမှ တိုင်းပြည်တစ်ပြည်၏ဘုရင်သည် ကျောက်ရောဂါဖြင့် နတ်ရွာစံသွားလေပြီ။ နတ်ရွာစံဘုရင့်ဈာပနကိစ္စအရပ်ရပ်ကို ယခုစီစဉ်ကြပေသည်။ မယုံကြည်နိုင်လောက်အောင်  ရက်စက်ကြမ်းကြုတ်လှသော ဤလူ့တိရစ္ဆာန်အကြောင်း အပြည့်အစုံရေးသားတင်ပြနိုင်ရန် မလွယ်ကူလှပေ။

- ၁၈၈၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်(တနင်္ဂနွေနေ့)

သီပေါဘုရင်၏ ဗေဒင်ဆရာများ

လန်ဒန်၊ ဧပြီလ ၁၀ ရက် သရက်မြို့ သတင်းထောက်ထံမှ အောက်ပါကြေးနန်းကို ပို့လိုက်သည်။ လူတွေ အလွန်စိတ်မငြိမ်မသက်ဖြစ်နေကြသည်။ မန္တလေးဗေဒင်ဆရာများက  ဘေးအန္တရာယ်ဆိုးကြီးများ ဖယ်ရှားပစ်ရန် ယဇ်ပူဇော်ပွဲကြီး တစ်ခုပြုလုပ်မှဖြစ်မည်ဟုယူဆဟောပြောကြသည်။ လူပေါင်း ၄၀၀ ကို ယဇ်ပူဇော်ရမည်။ ဘုန်းတော်ကြီး ၁၀၀ ပါဝင်ရမည်။ ကျန် ၃၀၀ မှာမိန်းမ၊ ယောကျ်ား၊ ကလေးများ ဖြစ်ရမည်ဟုဆိုသည်။ ယဇ်ပူဇော်ရန် လူရွေးရေးအတွက် လုံလုံလောက်လောက်ရစေခြင်းငှာ လူအများကို လိုက်လံဖမ်းဆီးနေကြသည်။ ယခင်က ယဇ်ပူဇော်လျှင် ဘုန်းတော်ကြီးများ လွတ်ငြိမ်းချမ်းသာခွင့်ရသော်လည်း ယခုဘုန်းတော်ကြီးများပါဝင်နေ၍ ဘုန်းတော်ကြီးများ မန္တလေးမှထွက်ခွာသွားကြပြီ။ ရိုမန်ကက်သလစ် မယ်သီလရှင်ကျောင်းမှ ကလေးများကို မကြာမီ ဖမ်းဆီးကြသည်။ သို့သော် အကြံအောင်မသွားပါ။

သီပေါဘုရင်၏ ဆောင်ရွက်ချက်များသည် လွန်စွာ မိုက်မဲကြောင်း  လူအများတွေ့မြင်နေရသော်လည်း အခြေအနေပြောင်းလဲပစ်ရန် မည်သို့မျှမတတ်နိုင်ကြပေ။

- ၁၈၈၀ ပြည့်နှစ်၊ ဧပြီလ ၅ ရက်(တနင်္လာနေ့)

လူမဆန်အောင် ကြမ်းကြုတ်သောမြန်မာဘုရင်

လန်ဒန်၊ ဧပြီလ ၁၂ ရက်

ရန်ကုန်မှ ကြေးနန်းသတင်းအရ နာမကျန်းဖြစ်နေသော ဘုရင်မင်းမြတ် ပြန်လည်ကျန်းမာလာရန် လူကြီး၊ မိန်းမ၊ ယောကျ်ား၊ မိန်းကလေး၊ ကလေး၊  ဘုန်းတော်ကြီးများနှင့် နိုင်ငံသားများအပါအဝင် လူပေါင်း ၇၀၀ ကို နန်းတော်မြို့ရိုး ပြအိုးများအောက်တွင် အရှင်လတ်လတ်မီးရှို့၍ ပူဇော်လိုက်ကြောင်း သတင်းရရှိသည်။ မန္တလေးတစ်မြို့လုံး ထိတ်လန့်ချောက်ချားလျက်ရှိပြီး ရာပေါင်းများစွာသော လူအပေါင်းတို့ မြို့မှထွက်ခွာသွားနေကြသည်။ ဘုရင်၏ဝေဒနာမှာ ကုဋ္ဌနူနာဟု ပြောနေကြသည်။

၁၈၈၀ ပြည့်နှစ်၊ ဧပြီလ ၁၃ ရက်(အင်္ဂါနေ့)

မြန်မာပြည်တွင်   လူအများအား  အစုလိုက်သတ်ဖြတ်ပစ်နေခြင်း

လန်ဒန်၊ ဧပြီလ ၁၂ ရက်

ဘုရင်မင်းမြတ်   ပြန်လည်ကျန်းမာလာရန် ယဇ်ပူဇော်ခံရသော    လူကြီး၊ မိန်းမ၊ ယောကျ်ား၊ မိန်းကလေး၊   ကလေး၊  ဘုန်းတော်ကြီးများနှင့် နိုင်ငံခြားသားများကို နန်းတော်မြို့ရိုး ပြအိုးများအောက်တွင် အရှင်လတ်လတ် မြေမြှုပ်ပစ်ခံရခြင်းဖြစ်သည်။

၁၈၈၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်(တနင်္လာနေ့)

ဘုရင်ကွယ်လွန်ကြောင်း ကောလာဟလ

လန်ဒန် ဧပြီလ ၁၈ ရက်

ကာလကတ္တားမှ ကြေးနန်းတစ်စောင်တွင် သီပေါဘုရင်သည် ကျောက်ကြီးရောဂါဖြင့် နတ်ရွာစံသွားပြီဖြစ်၍ ၎င်းနေရာတွင် ယခင်က အကျဉ်းချခံနေရသော မလွန်မင်းသားက ထီးနန်းအရိုက်အရာဆက်ခံလိုက်ပြီဟု ဖော်ပြထားသည်။ ဤသတင်းကို ယခုအထိ အတည်မပြုရသေးပေ။ သို့ရာတွင် မန္တလေးတွင် ကျောက်ကြီးရောဂါဖြစ်ပွားနေရကား ဘုရင်နတ်ရွာစံသည်မှာ မဟုတ်ဟုမဆိုနိုင်ပေ။ တိုင်းမ်သတင်းစာတွင် ဆောင်းပါးရှင်တစ်ဦးက မန္တလေးတွင် သတ်ဖြတ်မှုများဖြစ်ပွားနေကြောင်း၊ သတင်းသည် မှန်ကန်နိုင်သည်ဟု ထင်မြင်ကြောင်း ဖော်ပြရေးသားထားသည်။

၁၈၈၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်(ဗုဒ္ဓဟူးနေ့)

လန်ဒန် ကောလာဟလသတင်း

လန်ဒန်၊ စက်တင်ဘာလ ၂၉ ရက် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်က မြန်မာပြည်ကို  လက်နက်ဖြင့် ဝင်ရောက်သိမ်းပိုက်ရန်အကြောင်းပေါ်ပေါက်နေပါပြီဟု ဗြိတိသျှအစိုးရထံ သံကြိုးဖြင့် အစီရင်ခံလိုက်သည်။ သီပေါဘုရင်က ဗြိတိသျှကုန်သွယ်ရေးအသင်းထံမှ ဒဏ်ငွေတောင်းခံငွေကို  ကန့်ကွက်လွှာပို့ရန်  ဗြိတိသျှမြန်မာပြည်ဝန်ရှင်တော်မင်းကြီးကို အမိန့်ပေးလိုက်ကြောင်းလည်း သံကြိုးတွင် ဖော်ပြထားသည်။ လော့ဒ်ဒပ်ဖရင်၏ လေသံမှာ မြန်မာပြည်ကို လျင်မြန်စွာသိမ်းပိုက်သည်ဖြစ်ကြောင်း ပေါ်လွင်နေပေသည်။ ပဲရစ်မြို့ရှိ မြန်မာသံအရာရှိအား သတင်းထောက်များတွေ့ဆုံရာတွင် ၎င်း၏သံအဖွဲ့လာရောက်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြင်သစ်နှင့်ကူးသန်း ရောင်းဝယ်ရေး စာချုပ်တစ်ခုချုပ်ဆိုရန်အပြင် မြန်မာပြည်ကို အင်္ဂလိပ်တို့သိမ်းပိုက်၍ အိန္ဒိယပြည်တွင်းသို့ သွတ်သွင်းခြင်းကို နည်းလမ်းရှိသမျှ ကာကွယ်တားဆီးရန်ဖြစ်သည်ဟု ရှင်းလင်းပြောပြသည်။ 

၁၈၈၅  ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်(ဗုဒ္ဓဟူးနေ့)

မြန်မာပြည်နှင့်ပတ်သက်သည့် ဗြိတိသျှအကြံအစည် လွန်ခဲ့သည့်နှစ်ပတ်က အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်သည် ဗြိတိသျှအစိုးရထံ မြန်မာပြည်ကို လက်နက်ဖြင့် ဝင်ရောက်စွက်ဖက်ရန် အရေးပေါ်ပေါက်လာပြီဟု ကြေးနန်းရိုက်ကြားခဲ့သည်။

သို့ရာတွင် ဘုရင်ခံချုပ်၏ စကားအသုံးအနှုန်းကို ကောက်သော်  မြန်မာပြည်ကိုလုံးဝ သိမ်းယူရန် ကြံရွယ်နေကြောင်း ထင်ရှားပေါ်လွင်ပေသည်။

ရှင်ဘုရင်အဖြစ် ရာဇပလ္လင်ပေါ်တက်ရောက်ခဲ့သူ အပေါင်းတွင် တိရစ္ဆာန်သဖွယ် ရက်စက်ကြမ်းကြုတ်ဆုံးသူ တစ်ဦးဖြစ်သည့် သီပေါဘုရင်သည်  ဤနန်းသို့ သက်ဦးဆံပိုင်စနစ်ကို တင်းပြည့်ကျပ်ပြည့် ကျင့်သုံးနေ၍သာ အင်္ဂလိပ်တို့က မြန်မာပြည်ကိုသိမ်းပိုက်၍ အိန္ဒိယပြည်သို့ သွတ်သွင်းမည့်ဘေးမှ ကိုယ်ကျိုးမပါကြည့်ရှုသူများက ပြစ်တင်ဝေဖန်ခြင်းမပြုဘဲ နှုတ်ဆိတ်နေကြရပေသည်။ ၎င်း၏တိုင်းပြည်တွင် ပေါများလှသော ကျားတိရစ္ဆာန်များ၏ နှလုံးသားနှင့်တူသော နှလုံးသားရှိသူ ဘုရင်စနစ်၏ ယခင်က ရက်စက်ကြမ်းကြုတ်မှုကို ခရစ်ယာန်ဘာသာဝင်အပေါင်းတို့ ကြားသိကြရ၍ စက်ဆုပ်ထိတ်လန့်ခဲ့ကြရလေပြီ။

 ၁၈၈၅  ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်(စနေနေ့)

မြန်မာပြည်တွင် အရေးအခင်းလှုပ်ရှားနေခြင်း။

လန်ဒန်၊ အောက်တိုဘာလ ၁၆ ရက်

အိန္ဒိယဘုရင်ခံချုပ်ဟောင်း ရိပွန်မြို့စားကြီးက ယနေ့ဟောပြောပွဲတစ်ခု၌  အလွန်ရန်မူလိုသည့် နတ်ဆိုးကောင်  သီပေါဘုရင်အား  နန်းချပစ်ရန် အကောင်းဆုံးနည်းမှာ မြန်မာပြည်ကို စစ်မက်ပြုခြင်းသာဖြစ်လျှင် မြန်မာပြည်ကို အိန္ဒိယပြည်တွင်းသို့သွတ်သွင်းခြင်းကို ၎င်းက ကန့်ကွက်သည်ဟုဆိုသည်။  ဤကဲ့သို့ဆောင်ရွက်လျှင် အိန္ဒိယမဟာရာဂျာမင်းသားများ ထိတ်လန့်တုန်လှုပ် သွားဖွယ်ရှိသည်ဟု ၎င်းကပြောကြားသည်။

၁၈၈၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်(စနေနေ့)

(အယ်ဒီတာမှတ်ချက်)

ဗြိတိသျှတို့ မြန်မာပြည်ကို ဝင်ရောက်တိုက်ခိုက်ရန် စိုင်းပြင်းနေသော အခြေခံအကြောင်းရင်းကို  သိလိုသူတို့သည် လွန်ခဲ့သော ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများက လန်ဒန်တွင်ထုတ်ဝေသော ဂျာနယ်များတွင်ပါရှိသည့် စိတ်ဝင်စားဖွယ် ဆောင်းပါးများကို ဖတ်ရှုကြည့်သင့်ကြသည်။ ဤဆောင်းပါးများတွင်  အထက်မြန်မာပြည်သည် ကမ္ဘာတွင် မဖွင့်လှစ်ရသေးသော အကောင်းဆုံးဈေးကွက်ဖြစ်ကြောင်း ဖော်ပြထားသည်။  ထို့ကြောင့် ပြင်သစ်တို့သည် ဤဈေးကွက်သို့ ဝင်ရောက်အပိုင်စီးရန် ခြေပုန်းခုတ်နေကြောင်း အင်္ဂလိပ်တို့အား   သတိပေး အကြောင်းကြားထားသည်။

အထက်မြန်မာပြည်ကိုသာမက တရုတ်ပြည်အနောက်ပိုင်း၊ တိဗက်ပြည်အရှေ့ပိုင်းတို့ကိုပါ ဗြိတိသျှကုန်သွယ်ရေးအတွက် အချိန်ရှိခိုက်ထိုးဖောက် ဝင်ရောက်လိုက်ကြရန် ဆော်ဩတိုက်တွန်းထားပေသည်။

၁၈၈၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်(ဗုဒ္ဓဟူးနေ့)

သီပေါသည် မနှစ်မြို့ဖွယ်အကောင်းဆုံး ခေတ်နှင့်မကိုက်ညီဆုံး ဘုရင်တစ်ပါးဖြစ်သည်။ ၎င်း၏ဆောင်ရွက်ချက်များကို ချုပ်ချယ်ကန့်သတ်ရန် စည်းကမ်းများမချမှတ်ဘဲ  စစ်ပြေငြိမ်းစာချုပ် ချုပ်ဆိုလိုက်မည် မဟုတ်ဟုမျှော်လင့်ရသည်။

ရက်စက်ကြမ်းကြုတ်သော ဤလူရိုင်းကောင်ကို စိတ်ကျေနပ်ဖွယ်ရာ စီစဉ်ချထားလိုက်မည်ဆိုပါက ဗြိတိသျှတို့သည် မြန်မာပြည်ကို ထာဝရသိမ်းပိုက် လိုက်သည့်တိုင်အောင် ယဉ်ကျေးသော လူအပေါင်းက ကျေနပ်လက်ခံကြမည်သာဖြစ်သည်။

(အပြည့်အစုံလေ့လာရန် ဆရာကြီးဦးကိုလေး၏ သီပေါမင်းနှင့် နယူးယောက်တိုင်းမ် စာအုပ်ကို ဖတ်ရှုသင့်ကြပါသည်။) ဆရာကြီးဦးကိုလေးက ထိုစာအုပ်တွင် အင်္ဂလိပ်သတင်းစာ၊ အမေရိကန်သတင်းစာများတွင် ဖော်ပြပေးချက်အားလုံး တစ်ခုမှမမှန်ကန်ကြောင်း ပြေပြေပြစ်ပြစ် ငြင်းဆိုချေပထားသည်။ သီပေါဘုရင်၏ အပါးတော်မြဲအတွင်းဝန် ဦးစံရွှေရေးသားသော ရတနာဂီရိသို့ သီပေါဘုရင်က သွားရောက်တွေ့ဆုံခဲ့သည့် မှတ်တမ်းစာအုပ်ကိုလည်း ဖတ်ရှုသင့်သည်။

 အင်္ဂလိပ်နှင့်အမေရိကန်တို့မှ သတင်းစာများသည် လွန်ခဲ့သော နှစ်ပေါင်း ၁၄၆ နှစ်ခန့်ကျော်က မမှန်သတင်း လုပ်ကြံဖန်တီးသော သတင်းများဖြင့် သီပေါမင်းကို စွပ်စွဲပုတ်ခတ်ရေးသားပြီး ၎င်းတို့ကြံရွယ်ထားသော မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ပြီး ကုပ်သွေးစုပ်ရန် ထိုမမှန်သတင်းများဖြင့် နယ်ချဲ့လမ်းခင်းခဲ့ခြင်းသာဖြစ်သည်။ သီပေါမင်းသည် ဘာသာရေးကိုင်းရှိုင်းသည်။ ကိုယ်တိုင်ပထမပြန် စာမေးပွဲအောင်ခဲ့သည်။  အရပ်သူ၊ အရပ်သားတို့သည် သီပေါမင်း ကုဋ္ဌနူနာဖြစ်နေသည်။ သီပေါမင်းသေပြီဆိုသော သတင်းကိုလည်း မမှန်မကန်နှစ်ကြိမ်သုံးကြိမ် ရေးသည်။ သတင်းများရေးသည်ကိုလည်း စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ပြန်လည်ဖြေရှင်းခြင်းမရှိပေ။ ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံကို သိမ်းပိုက်ရန်အတွက်သာ အကွက်ဆင် အကွက်ချကလိမ်ကကျစ် အလိမ်အညာသတင်းများဖြင့် သိက္ခာမဲ့စွာ အောက်တန်းကျစွာ သတင်းလိမ်၊ သတင်းတုတို့၏ ဘိုးဘေးဘွဲ့ခံထိုက်သူများဖြစ်သည်။

ရဟန်းသံဃာ၊ ကလေးများအပါအဝင် လူ ၇၀၀ ကို အရှင်လတ်လတ် မီးရှို့သတ်သည်ဆိုသော လုပ်ကြံသတင်းကား ယုတ်မာလွန်းသော နယ်ချဲ့တို့၏ မိုက်ရိုင်းမှုကိုဖော်ပြနေပေသည်။  အင်္ဂလိပ်ကုန်သွယ်ရေး ကိုယ်စားလှယ်များကို   မြန်မာဘုရင်(သီပေါ)က မတရားသဖြင့်  လျော်ကြေးတောင်းသည်ဟူသော နယူးယောက်တိုင်းမ်မှ   သတင်းပါဖြစ်ရပ်မှန်မှာ အိန္ဒိယအခြေစိုက် အင်္ဂလိပ်တို့၏ ဘုံဘေဘားမားသစ်ကုမ္ပဏီက မြန်မာဘုရင်ထံကျွန်းသစ် လာဝယ်သည်။ ထိုကာလက သင်္ဘောများ၏ကြမ်းခင်းများမှာ သစ်သားများသာဖြစ်ရာ သူတို့နိုင်ငံထွက်သစ်များက ပင်လယ်ဆားငန်ရည်နှင့် ထိပါများသော် ပျက်စီးလွယ်၏။                                     

 မြန်မာ့ကျွန်းသစ်ကား မည်သည့်အခါမှ မပျက်ချေ။ ဘုံဘေဘားမားက မြန်မာကျွန်းသစ် ၈၅၀၀၀ လုံး ခုတ်လှဲထားပြီး ၃၀၀၀၀  ဖိုးသာ ငွေချေသည်။

၅၅၀၀၀ ကို သစ်ဖိုးမပေးဘဲ ခိုးသယ်မည်လုပ်စဉ် မြန်မာအကောက်တော်အရာရှိများက စစ်ဆေးတွေ့ရှိသဖြင့် ဘုရင်က ခိုးခုတ်သော သစ်လုံးရေ ၅၅၀၀၀ အတွက် သစ်ဖိုးတောင်းပြီး နောက်နောင်ခိုးမခုတ်ရန် စတိဒဏ်ငွေရိုက်စေ၏။  နောက်ပိုင်းထိုဒဏ်ငွေ ကိုပင် တပ်ရိုက်ခြင်းမပြုတော့ဘဲ လွှတ်ပေးပါလျက် အင်္ဂလိပ်လူကြီးလူကောင်းတို့၏  သစ်ခိုးမှုကြီးကို ကာကွယ်ဖုံးဖိရန် မြန်မာနိုင်ငံကို ကျူးကျော်တိုက် ခိုက်ခြင်းဖြစ်သည်။ သူခိုးက လူဟစ်ဆိုသော စကားပုံအတိုင်းပင်   သစ်သူခိုးက  သတင်းလိမ်များဖြင့် မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းဖြစ်သည်။

ကမ္ဘာလှည့် ဂျာမန်လူမျိုးတစ်ဦးက သီပေါမင်းနှင့် တွေ့ဆုံခွင့်ရပြီးနောက် ကိုလုံးမြို့ထုတ် စာနယ်ဇင်းများတွင် “သီပေါမင်းသည်  သေရည်သောက်ကြူးသည့် လက္ခဏာမတွေ့ရပါ။ ဆေးလိပ်လည်း မသောက်၊ ဆေးရွက်ကြီးလည်း မငုံပေ။ သီပေါသည် ၂၁ နှစ်အရွယ် လူငယ်အဖြစ် အနည်းငယ်ဆူဖြိုးသော်လည်း ကျွန်ုပ်တွေ့မြင်ဖူးသော မြန်မာလူမျိုးများထဲတွင် အချောအလှဆုံးဖြစ်သည်”ဟု ရေးသားခဲ့သည်။

ကမ္ဘာကျော်စာရေးဆရာမကြီး ဒေါ်ရိုသီဝုဒ်မင်းက ၎င်းရေးသားသော The Making of Burma စာအုပ်(ရန်ကုန်တက္ကသိုလ်မှ    ဆရာဦးတင်မောင်ရင်က ခေတ်မြန်မာတည်ဟန် ခေါင်းစဉ်ဖြင့် ဘာသာပြန်ရေးသားထုတ်ဝေသောစာအုပ်)  တွင် သီပေါသည် သေသောက်ကြူးယစ်ထုတ်ကြီးမဟုတ်ပါဟု ရေးခဲ့သည်။                                

အင်္ဂလိပ်အရေးပိုင်ဟောင်း စာရေးဆရာ ဖီးလ်ဒင်းဟောက ၁၈၉၀ ပြည့်နှစ်က ၎င်းရေးသားသော The Soul of People စာအုပ်တွင် မြန်မာလူမျိုးတို့သည် ဘာသာတရားကို အကြွင်းမဲ့ရိုသေကိုင်းရှိုင်းသူများဖြစ်ကြသည်။ အရက်သောက်ခြင်း၊ ဘိန်းရှူခြင်းသည် မကောင်းကြောင်း ယုံကြည်ကြသူများဖြစ်သည်။ သီပေါသည် ယစ်ထုတ်ကြီးတစ်ယောက်ဖြစ်သည်ဟု စွပ်စွဲချက်များသည် လုံးဝမမှန်ကန်ကြောင်း ယခု ကျွန်ုပ်သိရပြီဟုရေးခဲ့သည်။ လူ ၇၀၀ မီးရှို့သတ်သည်ဆိုသော စွပ်စွဲချက်သည်လည်းမမှန်ဟု ဖီးလ်ဒင်းဟောက ရေးခဲ့သည်။

ယခုမျက်မှောက်ကာလ အနောက်သတင်းမီဒီယာများသည် လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ကျော်က သတင်းလိမ် နယ်ချဲ့သမားတို့၏ မြေးမြစ်များဖြစ်ရာ နယ်ချဲ့ဆိုးမွေခံများအဖြစ် ယခုလည်း စာနယ်ဇင်းမျိုးစုံ၊ ရေဒီယိုရုပ်မြင်သံကြားသတင်းမျိုးစုံ၊ Online သတင်းမျိုးစုံမှ နေ့မအားညမအား ၎င်းတို့သိမ်းပိုက ကျွန်ပြုသွေးစုပ်လိုသော ပစ်မှတ်နိုင်ငံ များအပေါ် သတင်းလိမ်၊ သတင်းတု၊ မုသားလုပ်ကြံသတင်းများဖြင့် ကမ္ဘာကိုမှိုင်းတိုက်နေခြင်းသာဖြစ်သည်။ ဆောင်းပါးရှည်လွန်းနေပြီဖြစ်၍ မျက်မှောက်ကာလ သတင်းလိမ်၊ မုသားသတင်း ကွန်ရက်များအကြောင်းကို ခြေခြေမြစ်မြစ်ရေးသား တင်ပြရန် ကြိုးစားပါဦးမည်။

မျက်မှောက်ခေတ် နယ်ချဲ့လက်ဟောင်း၊ လက်သစ်တို့ကလည်း သတင်းမီဒီယာလုပ်ငန်းကို နယ်ချဲ့စီမံချက်များတွင် လက်နက်ကောင်းအဖြစ် အသုံးပြုလျက်ရှိပေသည်။ ပုံစံကလည်း လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ကျော်က အင်္ဂလိပ်၊ အမေရိကန်သတင်းစာများ ဖြစ်သော လန်ဒန်ဒေးလီးနယူးစ်သတင်းစာ၊ အမေရိကန်နယူးယောက်တိုင်းမ် သတင်းစာတို့တွင် လုံးဝမမှန်ကန်သော သတင်းလိမ်၊ သတင်းမှားများဖြင့် နယ်ချဲ့လမ်းဖောက်ခဲ့ကြသည်။ ထိုနည်းတူ ယနေ့နယ်ချဲ့မီဒီယာ များသည်လည်း ၎င်းတို့ပစ်မှတ်ထားသော နိုင်ငံများ၏ သတင်းများကို လိမ်လည်ဖော်ပြခြင်း၊ သတင်းမှားဖြင့် ခွင်ရိုက်ခြင်း၊ စွပ်စွဲပုတ်ခတ်အပုပ်ချသတင်းများဖြင့် ကမ္ဘာကိုအယုံသွင်းပြီး ပိုင်လောက်မှ ထိုပစ်မှတ်နိုင်ငံကို ကျူးကျော်ခြင်း၊ ပိတ်ဆို့ခြင်း၊ နှောင့်ယှက်ခြင်းများလုပ်နေကြသဖြင့် မိမိတို့၏ အမျိုးသားရေးခုခံအားဖြင့် တာဝန်သိအမျိုးသားရေး အလေးထားသော သတင်းမီဒီယာများကလည်း ပြောင်မြောက်ထက်မြက်စွာ တုံ့ပြန်နိုင်ကြရန် အလေး ဂရုပြုသင့်ကြောင်းပါခင်ဗျား။       ။

မြဝတီဆောင်းပါး

မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာတိုင်း    တပ်မတော်၏ အခန်းကဏ္ဍကို ထင်ရှားစွာမြင်တွေ့ရသည်။   မြန်မာနိုင်ငံသည် ကိုလိုနီနိုင်ငံအဖြစ်ရှိနေစဉ် မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မည်ဆိုပါက တပ်မတော်တစ်ရပ်မဖြစ်မနေ လိုအပ်လာသည်ကို သိရှိလာကြသည်။ ယခင်က မိမိတို့တွင် ရရာလက်နက်များဖြင့် တိုင်းတစ်ပါးအုပ်စိုးသူတို့ကို တော်လှန်တိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား၊ လူအင်အားမညီမျှ၍ အောင်မြင်မှုပန်းတိုင်နှင့် ဝေးကွာခဲ့သည်။ ဤသည်ကိုသင်ခန်းစာယူကာ နိုင်ငံတွင်ခိုင်မာအားကောင်းသော  မြန်မာ့တပ်မတော်တစ်ရပ် ပေါ်ထွန်းလာရေး  ကြိုးပမ်းဆောင်ရွက်ရန် စဉ်းစားဆုံးဖြတ်လာခြင်းဖြစ်သည်။

တပ်မတော်တစ်ရပ်ပေါ်ထွန်းလာခဲ့သည်မှာ လွယ်လွယ်ကူကူ အောင်မြင်ခဲ့သည်မဟုတ်ပေ။ လျှို့ဝှက်စွာလှုပ်ရှား ဆောင်ရွက်ရခြင်းဖြစ်၍ သခင်အောင်ဆန်းဦးဆောင်သော လူငယ် ၃၀ ဦးတို့မှာ မိမိတို့စစ်ပညာ သင်ကြားမည့် နေရာသို့ အသုတ်လိုက်ခွဲကာ သွားရောက်ခဲ့ကြရသည်။ ဂျပန်တို့ထံတွင် ပင်ပန်းဆင်းရဲစွာ စစ်အတတ်ပညာများ၊ အုပ်ချုပ်မှုပညာများ သင်ယူတတ်မြောက်လာသည့်အခါ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)ကို စတင်ဖွဲ့စည်းခဲ့ကြသည်။ အဆိုပါဗမာ့လွတ်လပ်ရေး တပ်မတော်သည် လွတ်လပ်ရေးတိုက်ပွဲဝင်ရန်အတွက် ဂျပန်များနှင့်အတူ မြန်မာနိုင်ငံသို့  စစ်ကြောင်းများခွဲကာ ပြန်လည်ဝင်ရောက်လာကြသည်။ နယ်ချဲ့အုပ်ချုပ်နေသော အင်္ဂလိပ်တို့ကို ဂျပန်တပ်များနှင့်အတူ တိုက်ခိုက်ချေမှုန်းခဲ့သည်။

ထိုစဉ်က ဗမာ့လွတ်လပ်ရေးတပ်မတော်၏ အင်အားမှာ  ငါးသောင်းခန့်ရှိနေပြီဖြစ်သည်။ မြန်မာတို့သည် အရေးကြီးလျှင်သွေးနီးသည် ဆိုသည့်အတိုင်း   နိုင်ငံလွတ်လပ်ရေးအတွက်   တိုက်ပွဲဝင်ရန် စစ်တိုက်နိုင်သူမှန်သမျှ တပ်မတော်သို့ အလုအယက်ဝင်ရောက်ကြသည်။ ဘုန်းတော်ကြီးများသည်ပင်လျှင်   လူဝတ်လဲကာ လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ထို့အတူ ကျောင်းသား၊ ကျောင်းသူများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများသည်လည်း အားတက်သရောပါဝင်ကြသည်။ မိမိအရေးထက်  နိုင်ငံ့အရေးကို ဦးစားပေးခဲ့ကြသည်။ နယ်ချဲ့အင်္ဂလိပ်တို့ ဆုတ်ခွာသွားချိန်တွင် ဂျပန်တို့အနေဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော်၏ ကြီးထွားလာသောစစ်အင်အားကို စိုးရိမ်လာသည့် အတွက် လွတ်လပ်ရေးတပ်မတော်မှ ကာကွယ်ရေးတပ်မတော်သို့    အမည်ပြောင်းကာ တပ်မတော်အင်အားကိုလည်း များစွာလျှော့ချပစ်ခဲ့သည်။

ဂျပန်တို့က မြန်မာနိုင်ငံကို အတုအယောင်လွတ်လပ်ရေး သို့မဟုတ် ရွှေရည်စိမ်လွတ်လပ်ရေ ပေးခဲ့ပြီး မြန်မာတိုင်းရင်းသားတို့အပေါ်  ဖက်ဆစ်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ တပ်မတော်နှင့် မြန်မာပြည်သူ တစ်ရပ်လုံးက လွန်စွာ ဆိုးရွားလှသော ဖက်ဆစ်တို့ကို ပြန်လည်မောင်းထုတ်နိုင်ရန် လျှို့ဝှက်စီစဉ်နေစဉ်အတွင်း    ဒုတိယကမ္ဘာစစ်တွင် အင်္ဂလိပ်တို့   အရေးသာသည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့တပ်မတော်သည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဖက်ဆစ်တော်လှန်ရေးကြီးကို  စတင်ဆင်နွှဲခဲ့သည်။  အောင်မြင်မှု များစွာရရှိခဲ့သည်။ မြန်မာ့တပ်မတော်၏ တိုက်စွမ်းရည် တိုက်စွမ်းအားကို နယ်ချဲ့တို့ကပင်  လေးစားခဲ့ကြရသည်။ နောက်ဆုံးတွင် နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို ၁၉၄၈  ခုနှစ်  ဇန်နဝါရီလ  ၄ ရက်တွင် လွတ်လပ်ရေး ပေးခဲ့ရသည်။ လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်မှုတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တပ်မတော်သည်  အဓိကအခန်းကဏ္ဍတွင် ပါဝင်ခဲ့၍    အောင်မြင်မှုများစွာ ရရှိခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးရရှိသည့်အခါ မြန်မာနိုင်ငံ၏ အခြေအနေမှာ တည်ငြိမ်အေးချမ်းပြီး စိတ်ချမ်းသာဖွယ်ကောင်းသည့် အခြေအနေမဟုတ်ပေ။ ရောင်စုံသောင်းကျန်းသူတို့ ထူပြောကာ    နယ်မြေဒေသများစွာကို ရောင်စုံသောင်းကျန်းသူတို့ လွှမ်းမိုးထားသည်။ နောက်ဆုံးတွင် ထိုစဉ်က နိုင်ငံတော်အစိုးရ၏ အာဏာစက်မှာ   ရန်ကုန်မြို့ ကွက်ကွက်ကလေးသာကျန်ရှိတော့သည်။

ထိုအခြေအနေမျိုးတွင်  တပ်မတော်သည်   တိုက်ရင်းလေ့ကျင့်၊  လေ့ကျင့်ရင်းတိုက်  ဟူသော  ဆောင်ပုဒ်ကိုစွဲကိုင်ကာ တပ်မတော်အင်အား များပြားရရှိအောင်  စုစည်းရင်း သောင်းကျန်းသူများကို ချေမှုန်းခဲ့ရသည်။     ပြည်တွင်းသောင်းကျန်းမှု အောင်မြင်စွာချေမှုန်းနေစဉ်မှာပင် ပြည်ပကျူးကျော်မှုကို    ရင်ဆိုင်ရပြန်သည်။    

အဆိုပါ    ပြည်ပကျူးကျော်မှုကိုလည်း    တပ်မတော်က    အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည်။

ဤအဖြစ်အပျက်များမှာ မျိုးဆက်သစ်လူငယ် အဆက်ဆက်တို့   သိထားရမည့် တပ်မတော်၏ စွမ်းဆောင်ချက်ဖြစ်စဉ် အမှန်များဖြစ်သည်။ နိုင်ငံအတွက် တပ်မတော်တစ်ရပ်ရှိနေ၍ နိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိခဲ့သည်။ တပ်မတော်တစ်ရပ်ရှိနေ၍ ရရှိထားသောလွတ်လပ်ရေး ပြန်လည်မဆုံးရှုံး ခြင်းဖြစ်သည်။ ဤသည်မှာ ငြင်းချက်မထုတ်နိုင်သော အမှန်တရားဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲသည် မြန်မာ့သမိုင်းကို အကျည်းတန်စေခဲ့သည်။

မဲလိမ်မဲခိုးမှုနှင့်  တရားမဲ့ပြုကျင့်မှုများ ထင်ရှားစွာဖြစ်ပေါ်ခဲ့သည်။

ထိုစဉ်က  တာဝန်ရှိခဲ့သည့်    အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာပါတီတို့အနေဖြင့် နိုင်ငံနှင့်လူမျိုးအကျိုးကို ငဲ့ညှာထောက်ထားလျှင် ပေါ်ပေါက်လာသည့်ပြဿနာများကို ပြေလည်အောင်ဖြေရှင်းပေးကြရမည်ဖြစ်သည်။ ထိုသို့ဖြေရှင်းပေးခြင်းမရှိခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ အဆိုပါအပြောင်းအလဲကာလတွင်လည်း သက်ဆိုင်ရာပါတီဝင်များအနေဖြင့် တရားဥပဒေဘောင်အတွင်းက ရင်ဆိုင်ဖြေရှင်းကာ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက် အရွေးခံကြရမည်သာဖြစ်သည်။ နည်းမှန်လမ်းမှန်ကိုလျှောက်လှမ်းရမည့်အစား လူငယ်လူရွယ်များကိုစည်းရုံးကာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဆောင်ရွက်စေခဲ့သည်။ အဆိုးရွားဆုံးသော လုပ်ရပ်မှာ မိမိနှင့်အမြင်မတူသည့်ပြည်သူများကိုသတ်ဖြတ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများကို    သတ်ဖြတ်ခြင်း၊ သာသနာတော်အတွက်      ကြိုးပမ်းအားထုတ်နေသည့်    ဆရာတော်၊သံဃာတော်များနှင့် သီလရှင်များကို  သတ်ဖြတ်ခြင်း၊  ဆရာ၊ ဆရာမများကို သတ်ဖြတ်ခြင်း၊       ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူငင်ခြင်း၊  အကြမ်းဖက်မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ရပ်များကို   လုပ်ဆောင်ကြခြင်းဖြစ်သည်။

ပြည်သူများအတွက်   အော့နှလုံးနာ  ရွံရှာစက်ဆုပ်ဖွယ်ရာများကို လုပ်ဆောင်ခဲ့သည်။

အဆိုပါဆင်ခြင်ဉာဏ်ကင်းမဲ့သော လူငယ်လူရွယ်များကို     တိုင်းရင်းသားအမည်ခံ  အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအချို့က ဖောက်ခွဲဖျက်ဆီးရေး နည်းလမ်းများသင်ပေးခဲ့သည်။ ကောင်းမွန်သော၊ ပြည်သူကိုအကျိုးပြုသော သင်တန်းမျိုးမဟုတ်ဘဲ ဖောက်ခွဲဖျက်ဆီးလူသတ်နည်း သင်တန်းများပေးခဲ့ပြီး PDF အမည်တပ်ပေးလိုက်ကြသည်။ ထို့ကြောင့်    PDF အမည်ခံအကြမ်းဖက်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုကာ လက်နက်ကိုင် အဖွဲ့အစည်းများအား နိုင်ငံရေးနည်းလမ်းများ လုပ်ဆောင်ကြဖို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးပွဲများ    တည်ဆောက်သည်။ တပ်မတော်အနေဖြင့်လည်း တစ်ဖက်သတ်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲခြင်းကို အကြိမ်ပေါင်းများစွာ  ထုတ်ပြန်ကြေညာပေးခဲ့သည်။

စစ်မှန်၍စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်း စဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လိုသည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဖြင့်  ဖိတ်ခေါ်ကမ်းလှမ်း ခဲ့ခြင်းဖြစ်သည်။

ထိုသို့ကောင်းမွန်စွာဖိတ်ခေါ်နေခြင်းအပေါ် မျက်ကွယ်ပြုကာ အကြမ်းဖက်သောင်းကျန်းသူတို့၏   ထုံးစံအတိုင်း တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်နေသော မြို့ရွာများအား  အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်သည်။ အကြမ်းဖက်သောင်းကျန်းသူတို့ အနေဖြင့် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ရွာများတွင် ပြည်သူကိုကောင်းကျိုးပြုသည့် လုပ်ငန်းများမလုပ်ဘဲ အဖျက်လုပ်ရပ်များကိုသာ  လုပ်ဆောင်သည်။ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သည့်အပြင် နေအိမ်များနှင့်ဈေးဆိုင်ခန်းများကို ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ အများပြည်သူများ သွားလာနေသည့် လမ်းများ ဖျက်ဆီးခြင်းတို့ကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ လုပ်ဆောင်ခဲ့သည်။

ယခုအခါ  တပ်မတော်အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး   တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရေး ဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့်နေရာများသို့ အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ဖြင့် တန်ပြန်တိုက်စစ်များ ဆင်နွှဲလျက်ရှိသည်။ ထိုသို့ဆင်နွှဲမှုကြောင့်  တပ်မတော်က အောင်ပွဲများစွာ ရရှိလာသည်။   တပ်မတော်၏ အောင်ပွဲများမှာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အောင်မြင်မှုများဖြစ်သည်။ တိုင်းရင်းသားအပေါင်းတို့၏ စိတ်နှလုံးကို ကြည်နူးချမ်းမြေ့စေသည်။ တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးမှုရှိသော ဒေသပတ်ဝန်းကျင်တွင် နေထိုင်လိုကြသည်မှာ လူသားတိုင်း၏   ဆန္ဒအစစ်အမှန်ဖြစ်သည်။

၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပထမဆုံးကြားသိရသည့် အောင်ပွဲသတင်းမှာ မိုးဗြဲသတင်းဖြစ်သည်။ KNPP၊ KNDF အဖွဲ့များ နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီသိမ်းပိုက်ထားသည့် မိုးဗြဲမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရရှိပြီး မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းကောင်းကို ဇူလိုင်လ ၇ ရက်နေ့ထုတ် သတင်းစာများတွင်  ဖော်ပြထားသည်။ မိုးဗြဲမှာ ပင်လောင်းမှလွိုင်ကော်သို့သွားရာ လမ်းကြောင်းပေါ်တွင်   တည်ရှိသည်။

ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းကြောင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် တပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့တစ်မြို့လုံးကို ထိန်းချုပ်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းကြောင်း ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ  ၆ ရက်တွင်  မိုးဗြဲမြို့အား တပ်မတော်မှ သိမ်းပိုက်ရရှိခဲ့သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် မိုးဗြဲမြို့အား   သိမ်းပိုက်ရရှိပြီးနောက် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံလမ်းကြောင်းအား ဇူလိုင်လ ၇  ရက်မှ ၁၁ ရက်အတွင်း ဆက်လက်ရှင်းလင်းခဲ့ရာ ဇူလိုင်လ ၁၁ ရက်တွင်     အပြီးတိုင်ရှင်းလင်းနိုင်ခဲ့သည်။

ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ဆက်သွယ်ရေး လမ်းမကြီးအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် လွိုင်ကော်မြို့မှပြည်သူများအနေဖြင့် ဟိုပုံး၊ တောင်ကြီး မြို့နှင့် အောင်ပန်း၊ ကလောမြို့တို့မှတစ်ဆင့် နေရာဒေသအနှံ့သို့ နှစ်သက်ရာ၊ သင့်လျော်ရာ ဆက်သွယ်ရေးလမ်းကြောင်းများဖြင့် သွားလာနိုင်ကြပြီဖြစ်သည်။ အဆိုပါအရပ်ဒေသရှိ     ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်မှု  အဆင်ပြေပြီး ကုန်စည်စီးဆင်းမှုလည်း  မြန်ဆန်လာသည့်အတွက်   နိုင်ငံတော်အစိုးရနှင့်   တပ်မတော်ကို    ကျေးဇူးတင်ကြောင်း   ရင်တွင်းစကားသံများကိုလည်း   ကြားသိရပြီဖြစ်သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးများကို အဆင့်ဆင့်ခြေကုပ်ယူ၍   အကြမ်းဖက်သောင်းကျန်းသူများကို   ချေမှုန်းလျက်ရှိသည်။   တပ်မတော်စစ်ကြောင်းများ၏  အောင်ပွဲသတင်းများမှာ    ရပ်တန့်မသွားဘဲ ဆက်တိုက်ဆိုသလို ကြားသိနေရသည်။ တပ်မတော်စစ်ကြောင်းများ အနေဖြင့် မိမိတို့အားသတ်မှတ် ပိုင်းခြားပေးထားသည့် စစ်ဆင်ရေးနယ်မြေများ အလိုက် အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းလျက်ရှိရာ နယ်မြေအလိုက်       အောင်ပွဲသတင်းများမှာ  အားရကျေနပ်ဖွယ် ကောင်းလှသည်။

တပ်မတော်စစ်ကြောင်းများက နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ကြောင်း ဝမ်းသာဖွယ်သတင်းကို ဇူလိုင်လ ၁၇ ရက်နေ့ထုတ် သတင်းစာများတွင်   ဖော်ပြထားသည်။ နောင်ချိုမြို့တွင်   နှစ်ကာလကြာမြင့်စွာ နေထိုင်ခဲ့သည့်ပြည်သူများသည် မိမိတို့နေရပ်သို့ အေးချမ်းစွာပြန်နိုင်ကြပြီဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများ မိမိတို့တာဝန်များကို ပြန်လည်ထမ်းဆောင်ကြသည်။ စာသင်ကျောင်းများ ပြန်လည်ဖွင့်ကာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားကြသည်။ တပ်မတော်အကြီးအကဲများ အနေဖြင့် တိုက်ပွဲဝင်အောင်ပွဲရ တပ်မတော်သားများအား အဆင့်တိုးမြှင့်ပေးခြင်း၊ ချီးကျူးဂုဏ်ပြုခြင်းတို့ကို  နွေးထွေးစွာဆောင်ရွက်ပေးသည်။ ထို့အတူ ပြည်သူများ၏စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ အဆင်ပြေစေရေးတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခြင်းနှင့် ပတ်သက်၍ အားလုံးက ပျော်ရွှင်ကြည်နူးကြသည်။ နောင်ချိုသတင်းကဲ့သို့ နောက်ထပ်သတင်းကောင်း တစ်ခုကိုလည်း     ထပ်မံကြားသိရပြန်သည်။ ဤသည်မှာ တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်းမြို့အား ပြန်လည်ထိန်းချုပ်ခြင်း သတင်းဖြစ်သည်။ ထိုသတင်းကို ဇူလိုင်လ ၂၄ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ နောင်ချိုက တိုင်းရင်းသားပြည်သူများကဲ့သို့    သပိတ်ကျင်းက တိုင်းရင်းသားပြည်သူများသည်လည်း ပျော်ရွှင်ကြည်နူးနေမည်မှာ အမှန်ဖြစ်သည်။ နောင်ချို၊  သပိတ်ကျင်း  ကောင်းသတင်းများကဲ့သို့ပင် ဇူလိုင်လ  ၂၅   ရက်နေ့ထုတ်သတင်းစာများတွင်   သတင်းကောင်းတစ်ခု ပေါ်လာပြန်သည်။    ဤသည်မှာ “KNU၊ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ နှောင့်ယှက်ပိတ်ဆို့ထားသည့် ကျုံဒိုး-ကော့ကရိတ် ပြည်ထောင်စုကားလမ်းမကြီးအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်” သည့် သတင်းဖြစ်သည်။

ကျုံဒိုး၊ ကော့ကရိတ်နှင့် ပြည်ထောင်စုလမ်းမပေါ်ရှိ     မြို့ရွာနေပြည်သူများ ပျော်ရွှင်ကြည်နူးနေမည်မှာ အမှန်ပင်ဖြစ်သည်။ အအိပ်ပျက်၊ အစားပျက်နှင့် စိုးရိမ်ကြောင့်ကြစွာနေခဲ့ရသော ပြည်သူများမှာ    ပြည်သူကိုကိုယ်စားပြုသည့် တပ်မတော်၏အောင်ပွဲများကြောင့် ပြုံးပျော်ရွှင်ပျနေကြပြီဖြစ်သည်။ ဤဆောင်းပါးကို ရေးသားနေစဉ်မှာပင်  စာရေးသူ၏စိတ်ထဲ၌ မနက်ဖြန်ပေါင်းများစွာတွင် ပေါ်ထွန်း လာဦးမည့်  သတင်းကောင်းများကို ဆက်လက်စောင့်မျှော်နေမိပါသည်။

လက်နက်ကိုင်အဖွဲ့အစည်းအချို့အနေဖြင့် တိုင်းရင်းသားနာမည် အမျိုးမျိုးတပ်ကာ  ဖွဲ့စည်းထားသော်လည်း  အမှန်စင်စစ် အဆိုပါတိုင်းရင်းသားများကို ကိုယ်စားပြုခြင်းမဟုတ်ပါ။   လွတ်လပ်ရေးရခါစက ရောင်စုံသောင်းကျန်းသူများကို တပ်မတော်က အောင်ပွဲခံခဲ့သကဲ့သို့ ယခုအခါမှာလည်း နာမည်အမျိုးမျိုးတပ်ထားသည့် ရောင်စုံသောင်းကျန်းသူတို့ကို အောင်ပွဲခံလျက်ရှိသည်။ တပ်မတော်၏အောင်ပွဲသည် တိုင်းရင်းသားအားလုံး၏ အောင်ပွဲဖြစ်သကဲ့သို့ နိုင်ငံတော်ကို ကောင်းကျိုးပြုသည့် အောင်ပွဲများလည်းဖြစ်သည်။     မြို့ပြကျေးလက်မှန်သမျှ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိလာသည်နှင့် ပြည်သူတို့၏လူမှုစီးပွားဘဝများ အဆင့်အတန်းမြင့်မားလာမည်ဖြစ်သည်။    ထို့ကြောင့် တပ်မတော်၏ အောင်မြင်မှုများသည် ပြည်သူတို့၏ အောင်ပွဲအစစ်အမှန်ဖြစ်သည်ဟူ၍ ဂုဏ်ယူမိပါကြောင်း ရေးသားလိုက်ရပေသည်။   ။

မြဝတီဆောင်းပါး

မမှန်ကန်သောပါးစပ်သတင်း(ကောလာဟလအမှား)၊ သတင်းတုသတင်းယောင် (Fake News)၊ သတင်းမှားဟူသော လိမ်ညာသတင်းများ ဖန်တီးကာ အသုံးပြုပြီး ၎င်းတို့၏  ယုတ်မာကောက်ကျစ်သော နယ်ချဲ့လုပ်ရပ်အောင်မြင်ရေး အတွက်  အနောက်နိုင်ငံများ(အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်မှအစ  ဥရောပ(EU)အရင်းရှင်နယ်ချဲ့နိုင်ငံများ)က အသုံးပြုသည်မှာ ယနေ့ကာလမှာမှမဟုတ်။  လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ကျော်က  ကလိမ်ကကျစ်လိမ်ညစ်သော မသမာသတင်းများသုံးခဲ့သည်မှာ ငြင်း၍မရနိုင်ကြပေ။

မန္တလေးတက္ကသိုလ်   ကျောင်းအုပ်ဆရာကြီး(အငြိမ်းစား) ဦးကိုလေးသည် ကျွန်တော်တို့  ဆရာကြီးဖြစ်သည်။

၁၉၅၁- ၁၉၅၂  ပညာသင်နှစ်တွင် ကျွန်တော်တို့ မန္တလေးတက္ကသိုလ် စတင်တက်ရောက်စဉ်  ဆရာကြီးကို တွေ့ရသည်။  ကျွန်တော်တို့က  ပထမနှစ် ကျောင်းသားသစ်(ချာတိတ်)များဖြစ်၍ ဆရာကြီးကိုတွေ့လျှင်ပင်  စတင်နှုတ်မဆက်ရဲခဲ့ပါ။ ဆရာကြီးကျောင်းမှ အနားယူပြီး ရန်ကုန်သို့ဆင်းလာကာ ပိဋကတ်သုံးပုံကို အင်္ဂလိပ်လို ပြန်ဆိုသောလုပ်ငန်း၊ သံဃာ့တက္ကသိုလ်တွင်    အင်္ဂလိပ်စာဧည့်ပါမောက္ခတာဝန်များ ဆောင်ရွက်ရင်း ဆရာကြီးသည် စာရေးသော အလုပ်ကိုလည်း လုပ်သည်။

ဆရာကြီးသည်    ဇေယျာမောင်ကလောင်အမည်ဖြင့်  စာစရေးစဉ်ကပင် အင်္ဂလိပ်နယ်ချဲ့တို့၏ လုပ်ရပ်ယုတ်ဇာတ်များကို စက္ကူဖြူပြဇာတ်ရေးရာ အင်္ဂလိပ်အစိုးရ မျက်စောင်းထိုးခြင်း ခံခဲ့ရသည်။

မန္တလေးထုတ်  ဒို့ခေတ်စာပေမဂ္ဂဇင်းတွင် ဆရာကြီးရေးသားသော ဇေယျာမောင်၏ “ကျွန်ုပ်တို့ဝန်”ဆောင်းပါးကို အင်္ဂလိပ်တို့က အရေးယူခဲ့သည်။ဆရာကြီးသည် ရန်ကုန်သို့ဆင်းလာပြီးနောက် လစဉ်ထုတ်မြက်ခင်းသစ်မဂ္ဂဇင်းတွင်  မောင်သစ္စာကလောင်အမည်ဖြင့်   ထေရဝါဒဗုဒ္ဓသာသနာအကြောင်း လစဉ်ရေးသားသောဆောင်းပါးများကို  စာအုပ်ထုတ်ဝေခဲ့သည်။ သီရိလင်္ကာနိုင်ငံမှ သီဟိုဠ်ဆရာတော် အရှင်ဝေပုလ္လရာဟုလာ(ဝါပိုလာရာဟုလာ)ရေးသားသည့်   What  The Buddha taught ကို မြန်မာဘာသာသို့ “မြတ်ဗုဒ္ဓဒေသနာ”စာအုပ်ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့သည်။

၁၉၅၀ ပြည့်နှစ်က ကုလသမဂ္ဂနှင့် အမေရိကန်ဓာတုဗေဒ အသင်းကြီးက ပူးတွဲချီးမြှင့်သော   ပညာသင်ဆုရ၍ အမေရိကန်နိုင်ငံသို့  သွားရောက်ကာ စိုက်ပျိုးရေးဆိုင်ရာ ဓာတုဗေဒပညာရပ် နောက်ဆုံးပေါ်နည်းနာများကို လေ့လာခဲ့သည်။ ဆရာကြီးသွားရောက် လေ့လာသော  အမေရိကန်ကော်နဲတက္ကသိုလ် စာကြည့်တိုက်မှ နယူးယောက်တိုင်းမ် သတင်းစာအုပ်တွဲဟောင်းများ  (အထူးသဖြင့်) ရတနာပုံခေတ်    သီပေါမင်းလက်ထက်မှ သတင်းစာများကို ဆရာကြီး နေ့စဉ်အားလပ်ချိန်တိုင်း    လှန်လှောဖတ်ရှုကာ ထိုသီပေါခေတ်မြန်မာသတင်းစာများကို အပတ်တကုတ် ရှာဖွေကူးယူခဲ့၊  လေ့လာခဲ့သည်။   မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ ထိုခေတ်ကာလ နယူးယောက်တိုင်းမ်သတင်းစာ၊ အင်္ဂလန်ထုတ် လန်ဒန်ဒေးလီးနယူးစ်သတင်းစာ၊ ဆန်းဒေးတိုင်းစ်သတင်းစာ၊ သီပေါမင်းခေတ်တွင် ယုတ်ဉာဏ်ဖြင့် လုပ်ကြံဖန်တီးထားသော   သတင်းတု၊   သတင်းလိမ်၊ သတင်းမှားများကို  ချေပရေးသားကာ ၁၉၆၉ ခုနှစ်တွင်  ရန်ကုန်ကန်တော်လေး မြန်မာ့ဂုဏ်ရည်လမ်းရှိ ပုဂံစာအုပ်တိုက်မှ “သီပေါမင်းနှင့်   နယူးယောက်တိုင်းမ်”သတင်းစာခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။

ကျွန်တော်သည် မန္တလေးတက္ကသိုလ်ကျောင်းအုပ်ကြီး  (ဒုတိယအဓိပတိ) ဆရာကြီး ဦးကိုလေး၏စာအုပ်ကို အပြန်ပြန်အလှန်လှန်ဖတ်ရှုကာ  မြက်ခင်းသစ်မဂ္ဂဇင်း၊ နိုင်ငံပိုင်သတင်းစာများဖြစ်သော ကြေးမုံ၊ မြန်မာ့အလင်း၊ ဗိုလ်တထောင်၊ နော့သင်းစတားဂျာနယ်တို့တွင် “နှစ် ၁ဝဝ က ဓာတ်ပြားဟောင်းနှင့် ဟန်မပြောင်းသော   ဓာတ်ပြားသစ်”   ခေါင်းစဉ်ပါ ဆောင်းပါးချုပ် ၅ ပုဒ်တွဲကို အကြိမ်ကြိမ် အထပ်ထပ်ရေးသားခဲ့သည်။ ကန်တော်လေးဘုရင့်စာအုပ်တိုက်မှ ထုတ်ဝေသော “လူ့အခွင့်အရေးအကြောင်း  ပြောကြစတမ်းဆိုလျှင်”စာအုပ်တွင်လည်း ထပ်မံထည့်သွင်းဖော်ပြခဲ့သည်။ ၁၈၇၉ ခုနှစ်၊ ၁၈၈ဝ ပြည့်နှစ်မှ ၁၈၈၅ ခုနှစ်အတွင်းထုတ်ဝေသော အင်္ဂလန်ထုတ်  လန်ဒန်ဒေးလီးနယူးစ် သတင်းစာပါသတင်းများ အတိုင်း  အမေရိကန်နိုင်ငံ  နယူးယောက်တိုင်းမ်သတင်းစာက  ကူးယူဖော်ပြခြင်း၊ နယူးယောက်တိုင်းမ် သတင်းစာအတွက် သတင်းထောက်  (ထိုစဉ်က   မြန်မာနိုင်ငံရောက် သတင်းထောက်)က ရေးသားပေးပို့ခြင်းများဖြင့်   ရတနာပုံခေတ်၊ ကုန်းဘောင်မင်းဆက်  ၁၁  ဆက်မှ နောက်ဆုံးမင်းဆက်ဖြစ်သော  သီပေါခေတ်ကို ရစရာမရှိအောင် လုပ်ကြံသတင်းများဖြင့် ယုတ်မာကောက်ကျစ်စွာ ဖော်ပြခဲ့သည်။ ကလိမ်ကကျစ်အလိမ်အညစ် သတင်းအချို့ကို ထုတ်နုတ်တင်ပြပါရစေ။ ထိုစဉ်က အင်္ဂလိပ်စစ်တပ်သို့ ဝင်ရောက်အမှုထမ်းနေသော စာရေးဆရာ ဆာဂျိမ်းစ်ဂျော့စကော့ အမည်ခံစာရေးဆရာက ရေးသားပေးပို့ခဲ့သည်။  လန်ဒန်ဒေးလီးနယူးစ်သတင်းစာသို့မူ သတင်းထောက်ဖူးကားနှင့် အင်္ဂလိပ်စစ်ဗိုလ်အချို့က မြန်မာသတင်းများ လုပ်ကြံဖန်တီးပေးပို့ခဲ့ကြပေသည်။ ဆာဂျိမ်းစ်ဂျော့စကော့ မြန်မာနိုင်ငံတွင်    အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ အရာရှိကြီးဖြစ်သွားသောအခါ အင်္ဂလိပ်ဘုံဘေဘားမား သစ်ကုမ္ပဏီ၏   ဥပဒေအကြံပေး ဝတ်လုံကြီးဖြစ်သည့် ပွိုင်လင်က သတင်းလိမ်များ ဆက်လက်ဖန်တီးပေးပို့ခဲ့သည်။

- ၁၈၇၉ ခုနှစ်  ဖေဖော်ဝါရီလ ၂၁ ရက်(သောကြာနေ့) ကာလကတ္တား ဖေဖော်ဝါရီလ ၂ဝ ရက်။

မန္တလေးမှသတင်းများအရ မြန်မာဘုရင်သည်   မင်းညီမင်းသားများနှင့် ဆွေတော်မျိုးတော်အားလုံးကို သတ်ဖြတ်ပစ်လိုက်သည်။  မှူးမတ်သစ်များကို ထုတ်ပစ်၍  ယခင်ကရာထူးရရှိခဲ့သော အမတ်ဟောင်းများကို ပြန်လည်ခန့်ထားခြင်းဖြင့် သက်ဦးဆံပိုင်အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းခဲ့ပြန်သည်။

- ၁၈၇၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်(စနေနေ့)

ကာလကတ္တား(ယနေ့အခေါ် ကိုးလ်ကတ္တား)ဖေဖော်ဝါရီလ ၂၁ ရက်။

မန္တလေးမှ  နောက်ထပ်သတင်းအရ   မင်းဆွေမင်းမျိုးများကို   သတ်ဖြတ်လိုက်ခြင်းကြောင့် တစ်မြို့လုံးလွန်စွာ တုန်လှုပ်ချောက်ချားနေကြသည်။ အသတ်ခံရသူ ၈၆ ဦးဖြစ်၍ သတ်ဖြတ်ပုံခြင်းရာ အသေးစိတ်မှာ အထူးကြောက်မက်ဖွယ်ကောင်း၏။    နောက်ထပ်သွေးထွက်သံယိုမှု ကာကွယ်ရန်(ဗြိတိသျှ အင်္ဂလိပ်)တို့က ဝင်ရောက်ကာကွယ်ရန်၊ ဟန့်တားပေးရန် လူအများက မျှော်လင့်အားထားနေကြရ၏။

- ၁၈၇၉  ခုနှစ်   မတ်လ ၁၁ ရက်(အင်္ဂါနေ့) ကာလကတ္တား မတ်လ ၁ဝ ရက်။

မန္တလေးမြို့အခြေအနေသည် လွန်စွာစိုးရိမ်ဖွယ်ဖြစ်နေ၏။   ဗြိတိသျှပိုင်မြန်မာပြည်တွင် မြို့စောင့်တပ်များအင်အားကို နှစ်ဆတိုးထားလိုက်ပြီဖြစ်သည်။ မြန်မာတို့သည် ရန်ကုန်နှင့်မန္တလေးကြား  ကြေးနန်းအဆက်အသွယ်ကိုဖြတ်တောက်လိုက်ကြ၍ အထက်မြန်မာပြည် အခြေအနေသည်  ဥရောပလူမျိုးများအတွက် အရေးတကြီးဖြစ်နေပေသည်။ ဘုရင့်အမိန့်ဖြင့် မကြာသေးမီက သတ်ဖြတ်ခြင်းခံရသောလူဦးရေမှာ ၄ဝ မျှသာဖြစ်သော်လည်း သတ်ဖြတ်ရာတွင် ရက်စက်ညှဉ်းပန်းမှု အမျိုးမျိုးကို အသုံးပြုခဲ့သည်ဟု အဆိုရှိ၏။

- ၁၈၇၉ ခုနှစ်   မတ်လ  ၁၇ ရက်(တနင်္လာနေ့) လန်ဒန် မတ်လ ၁၆ ရက်။

ဗြိတိသျှပါလီမန်အောက်လွှတ်တော်တွင် သောကြာနေ့က  အဘယ်ကြောင့် ဗြိတိသျှပိုင် မြန်မာပြည်သို့စစ်တပ်များစေလွှတ်ရသနည်းဟု မေးကြားချက်ကို ဖြေဆိုရာ၌ ဆာစတက်ဖို့ဒ်နော့စ်ကုတ်သည် မတ်လ ၁ဝ ရက် ရက်စွဲဖြင့် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်လစ်တန်ပေးပို့လိုက်သော အောက်ပါကြေးနန်းစာကို ဖတ်ပြလေသည်။

မန္တလေးရှိ ဗြိတိသျှသံမှူးကလည်း မြန်မာတို့သည် စစ်ပြင်ဆင်မှုများ ပြုလုပ်နေ၍ဖြစ်ကြောင်း၊ ခံတပ်များကိုလည်း ပိုမိုခိုင်ခံ့ရန်   အားဖြည့်နေကြကြောင်းအစီရင်ခံခဲ့သည်။ နိုင်ငံခြားသားများကို ခြိမ်းခြောက်မည့် အန္တရာယ်နှင့်   ဆူပူမှုများဖြစ်မည့်အကြောင်း ကောလာဟလ ဖြစ်နေသည်။ သတင်းစုံသိသောရပ်ကွက်များက  မဖွယ်မရာအခြင်းအရာများ ဖြစ်ပေါ်လိမ့်မည်ဟု သတိပေးချက်များ ရရှိထား၍ အခြေအနေအရပ်ရပ်မှာ စိုးရိမ်ဖွယ်ဖြစ်နေသည်။ မြန်မာပြည်ရှိ မြို့စောင့်တပ်မှာ  ငြိမ်းချမ်းသည့်အခါ  အစောင့်အရှောက်သဘောသာဖြစ်၍ နယ်ခြားတွင်  တစ်စုံတစ်ရာဆူပူလှုပ်ရှားပါက ကာကွယ်ပေးနိုင်ရန်  အင်အားမကြီးပါ။  စစ်တပ်အင်အားဖြည့်လိုက်သော သတင်းသည် မန္တလေးမြို့ရှိ   ကျွန်ုပ်တို့သံမှူးအား အထောက်အကူပြုပါလိမ့်မည်။

- ၁၈၇၉ ခုနှစ် မတ်လ ၂ဝ ရက်(ကြာသပတေးနေ့)

ရက်စက်သော မြန်မာဘုရင် ဗြိတိသျှနှင့်အချင်းဖြစ်ပွားလာရခြင်း၏အစ။

ကာလကတ္တား မတ်လ ၁၉ ရက်။

အရက်မူးယစ်ရမ်း ကားနေသည်ဆိုသော မြန်မာဘုရင်သည် တစ်ယူသန်သမားများနှင့် ဆန့်ကျင်ရေးပါတီဝင်များ၏ တိုက်တွန်းလှုံ့ဆော်ချက်အရ    သံမှူးအိမ်ကို  ထိုးဖောက်ဝင်ရောက်မည်ဟု ခြိမ်းခြောက်လျက်ရှိပေသည်။  အစိုးရကိုယ်တိုင် ဤသို့ရန်မူသောအမှုကိုပြုလိုက်ပါက    ဥရောပတိုက်သားအားလုံးကို သုတ်သင်ပစ်လိုက်ရန် အချက်ပေးလိုက်သကဲ့သို့ ဖြစ်လိမ့်မည်ဟု  ယုံကြည်ကြသည်။

- ၁၈၇၉ ခုနှစ် မတ်လ ၂၂ ရက်(စနေနေ့)(ခေါင်းကြီးပိုင်း)

မြန်မာ့ထီးနန်းဘုရင်အပြောင်းအလဲတွင် မငြိမ်မသက်မှုများဖြစ်နေခြင်း။

ဘုရင်သည် သက်ဦးဆံပိုင်ဖြစ်သည်။ ပထမတစ်လ၊  နှစ်လတွင်  ကောင်းစွာဆောင်ရွက်ပြုမူခဲ့သည်။

ထို့နောက်တွင်မူ  သုံးဆယ် မက္ခရာမင်းသားနှင့် ၎င်း၏ဆွေတော်မျိုးတော်များ အပါအဝင် လူပေါင်း ၁ဝဝ နီးပါးကို ရက်စက်စွာ သတ်ဖြတ်မှုကြီး ပေါ်ပေါက်ခဲ့သည်။

အချို့တိုင်းပြည်များမှ    ရက်စက်ကြမ်းကြုတ်သော ဘုရင်တို့ကို ဖယ်ရှားပစ်ရန်တာဝန်ကို အင်္ဂလန်ပြည်အား ကံကစီမံဖန်တီး ပေးလာဟန်ရှိနေသည်။ သို့ဖြစ်ရကား ယဉ်ကျေးမှုသွန်သင်ပေးရန် အတွက် ဇူးလူးနှင့် အာဖဂန်လူမျိုးများအပြင် မြန်မာများကိုပါ အင်္ဂလိပ်တို့စစ်မက်ပြုရကောင်း ပြုရဖွယ်ဖြစ်နေပေသည်။

- ၁၈၇၉ ခုနှစ်  မတ်လ  ၂၈ ရက်(သောကြာနေ့)(ခေါင်းကြီး)

မန္တလေးက ပြည့်ရှင်ဘုရင်။

ထီးမွေနန်းမွေကို    ရယူနိုင်သော သို့မဟုတ်  လုရန်ကြံစည်သော မင်းညီမင်းသားမြောက်မြားစွာကို သတ်ဖြတ်၍ နန်းတက်ပွဲကျင်းပခဲ့သော သသီရ မဟာ ဥပမ္မာရာဇာ(Thathira Maha Opanma Raza)ဘွဲ့ခံသီပေါဘုရင်သည်   မြန်မာ့ထီးနန်းတွင် စံမြန်းခဲ့သည့်အချိန်ကစ၍ အင်္ဂလိပ်တို့သည်  ထိုအရပ်ဒေသတွင် ကိုလိုနီနယ်သစ်များ ထပ်မံရရှိနိုင်သော စစ်ပွဲသစ်တစ်ခုတိုက်ရကောင်း တိုက်ရလိမ့်မည်ဟူသော သတင်းများပေါ်ထွက်လိုက်၊ ငြင်းဆိုလိုက်ဖြစ်ခဲ့ပေသည်။

ဘုရင်တစ်ပါးက  အပတ်တကုတ် ကြိုးစားမွေးထုတ်ခဲ့သော မင်းဆွေမင်းမျိုးများကို နောက်ဘုရင်က သုတ်သင်ပစ်ခြင်း အလေ့အထသည် အသစ်အဆန်းကိစ္စ တစ်ရပ်မဟုတ်ပါပေ။ ထုံးတမ်းစဉ်လာပင် ဖြစ်နေရကား  အင်္ဂလန်ကဝင်ရောက် စွက်ဖက်ရန်အကြောင်းမရှိပေ။ သို့ရာတွင် မန္တလေးမြို့ရှိ ၎င်း၏သံရုံးကိုကျူးကျော် တိုက်ခိုက်ခြင်း၊    ရန်ကုန်နှင့် ကာလကတ္တားမြို့တို့တွင်   ခိုလှုံနေသည်ကို လိုက်လံနှောင့်ယှက်ခြင်းပြုပါက စစ်ဖြစ်ပွားနိုင်သော ကိစ္စရပ်ဖြစ်လာပေမည်။

- ၁၈၇၉  ခုနှစ်   ဧပြီလ  ၂၈ ရက်(တနင်္ဂနွေနေ့)

မန္တလေးတွင် လူအများကို အစုအရုံးလိုက် ရက်စက်စွာသတ်ဖြတ်ခြင်း။

လန်ဒန်နယူးစ်၏   ရန်ကုန်သတင်းထောက်ထံမှ ပထမတွင် သတ်ဖြတ်မှုများကို ရှေးရိုးဗမာ့ ထုံးစံအတိုင်းပင် ပြုလုပ်ကြသည်။

ဦးခေါင်းကို သူ၏ခြေမျက်စိနှင့်  ပူးတွဲချည်နှောင်ထားကာ လည်ကုပ်ကို ဝါးရင်းတုတ်ဖြင့်  တစ်ချက်တည်း ရိုက်နှက်၍ ကိစ္စတုံးစေခြင်းဖြစ်သည်။  သို့ရာတွင် သရဲမရဲစီး  အရူးစိတ်ပေါက်နေသော သီပေါအတွက် ဤသတ်ဖြတ်ပုံရှုခင်းသည် မကြာမီပင်   ရိုး၍ပေါ့ပြက်ပြက်ရှိလာသည်။

၁၆ နှစ်ပျိုအရွယ်ရှိ သမီးတော်ကလေးကို   ကိုယ်ရံတော်တပ်မှ   တပ်သား ရှစ်ယောက်လက်သို့ အပ်လိုက်ရာ ၎င်းတို့၏ ယုတ်မာညစ်ညမ်းသော  အလိုဆန္ဒကို ဖြည့်ကြပြီးမှ မေ့မြောနေသော သူငယ်မလေးကို ထိုကျင်းထဲသို့ ဆွဲပစ်လိုက်ကြပြန်သည်။

- ၁၈၇၉ ခုနှစ် ဩဂုတ်လ  ၃၁ ရက်(တနင်္ဂနွေနေ့)

ထီရုံများဖွင့်သဖြင့်  ပျက်စီးကြခြင်း။

 နောက်ဆုံးတီထွင်လိုက်သည့်  သီပေါဘုရင်၏ အရူးထသောင်းကျန်းမှုတစ်ရပ်။

လန်ဒန်နယူးစ်၏ ရန်ကုန်သတင်းထောက်ထံမှ ၎င်း၏နန်းတော်သည် ထိတ်လန့်စက်ဆုပ်ဖွယ်များနှင့် မကောင်းမှုဒုစရိုက်များ ကိန်းအောင်းရာ တွင်းပုပ်ကြီးတစ်ခုဖြစ်နေသည့်အလျောက် မြို့တော်တစ်ခုလုံးကိုလည်း   နန်းတော်နည်းတူဖြစ်ရန် သီပေါဘုရင်သည် အစွမ်းကုန်ကြိုးစားလျက်ရှိချေသည်။ ထီဖွင့်ခြင်းဖြင့် ဘဏ္ဍာငွေရှာကြံရန် စိတ်ကူးပေါက်လာပြီးနောက် ထီရုံများကို မြို့လုံးပြည့်ဖွင့်သည်။ ထီရုံတစ်ခု၌ အပတ်စဉ်ထီဖွင့်ရန် သီးခြားအစီအစဉ်များပြုလုပ်ထားသည်။   ထိုသို့ဖြစ်ရကား  တစ်မြို့လုံးအဆက်မပြတ် အုန်းအုန်းကျွက်ကျွက် လှုပ်ရှားနေသည်။  

လူတွေ၏စိတ်လည်း  ဂနာမငြိမ်ဖြစ်နေကြသည်။  ငွေရှိသူများသည်  ရှိသမျှ ထီလက်မှတ်ဝယ်ပစ်လိုက်ကြ၍ ငွေမရှိသူများက ခိုးဝှက်လုယူရန်  လှည့်လည် ရှာကြံနေကြသည်။

ငွေနှစ်ကျပ်မတည်ရုံဖြင့် ငွေတစ်သောင်းရတဲ့ စီးပွားရေးလောက် ဘယ်စီးပွားရေးက ပိုကောင်းနိုင်သေးသလဲဟု   ဘုရင်က မေးမြန်းခဲ့သည်။ ဤသို့ပြောပုံဆိုပုံများကြောင့် မကောင်းကျိုးများဖြစ်ပေါ်လာဖွယ်ရာရှိသည်။ လူထု၏ တုံ့ပြန်အုံကြွမှုကြီး ဘုရင့်အပေါ်သက်ရောက်လာစရာ အကြောင်းရှိသည်။

အစဉ်အလာ လုပ်ရိုးလုပ်စဉ်အားလုံး ပျက်ပြားနေချေပြီ။ လူအပေါင်းတို့သည် နေ့ညမပြတ် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ မကြာမီ ဤဖြစ်ရပ်များ အဆုံးသတ်ရချေမည်။ ပြင်းထန်သော အုံကြွပေါက်ကွဲမှုကြီးဖြင့် နိဂုံးချုပ်ကောင်းချုပ်စေလာတော့မည်။ ဗမာလူမျိုးတို့သည် ပုန်ကန်သည်ဆိုပါက အလွန်သွေးဆာသော လူမျိုးပေတကား။

- ၁၈၇၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက် (အင်္ဂါနေ့)

မြန်မာပြည်၏ သေသောက်ကြူးဘုရင်လန်ဒန် စက်တင်ဘာလ ၂၂ ရက်။

ဘုရင်သည် လွန်မင်းစွာ သေသောက်ကြူးနေသည်။   အင်္ဂလန်နှင့်စစ်ဖြစ်မည့် ဘေးအန္တရာယ်ကို သဘောမပေါက်နိုင်အောင် စိတ်မာန်တက်ကြွ၍ ဘုရင်အား အမြော်အမြင်ကင်းမဲ့သော လူငယ်အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ခြံရံနေကြသည်။ ဤအခြေအနေရှိနေသမျှ အသက်ဆံဖျားထား၍   နေထိုင်ကြရမည်မှာ  အမှန်ပင်ဖြစ်သည်။

- ၁၈၈၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်(သောကြာနေ့)

မြန်မာပြည့်ရှင်ဘုရင် အင်္ဂလိပ်လူမျိုးအဖွဲ့တစ်ဖွဲ့အား ဝမ်းမြောက်ကြည်သာစွာ အခစားဝင်ခွင့်ပေးခြင်း လန်ဒန်နယူးစ်၏ လန်ဒန်သတင်းထောက်ထံမှလွန်ခဲ့သော တစ်နှစ်အချိန် အောက်တိုဘာလ ထီးနန်းတက်စဉ်က သီပေါဘုရင်သည် အလွန်တင့်တယ်ချောမောသူ တစ်ဦးဖြစ်ခဲ့ပေသည်။ ချောမွေ့၍ သံလွင်သီး အရောင်အသားအရေရှိကာ တစ်ပြည်လုံးတွင် အချောအလှဆုံး ဗမာတစ်ယောက်ဟု ပြောစမှတ်ပြုခဲ့ကြသည်။ ယခုမူ ၎င်း၏မျက်နှာသည်   အန်းတမ်းတမ်း ပွတတဖြစ်နေသည်။ မျက်တွင်းနက်၍ မျက်စိများသည် အရောင်အဆင်း ကင်းမဲ့နေချေသည်။

တစ်ကိုယ်လုံး၏ ရုပ်ဆင်းသဏ္ဌာန်သည် မကျန်းမမာ စက်ဆုပ်ဖွယ်ရာဖြစ်နေလေသည်။  မျက်နှာကိုမော်၍  ကြည့်သည်။ ကြည့်ပြန်လျှင်လည်း   ဘေးစောင်းသာငဲ့ကြည့်ပြီး မျက်လွှာပြန်ချသွားတော့၏။ အချုပ်ဆိုရသော် နှစ် ၂၀ အရွယ်လူငယ်တစ်ဦးအတွက် အရက်သေစာမသောက်စားရေး ဟောပြောပွဲများတွင် ကြောက်မက်ဖွယ်ရာအဖြစ်   သက်သေတင်ပြရန် အကောင်းဆုံး နမူနာတစ်ခုဖြစ်ပေတော့သည်။     

မြဝတီဆောင်းပါး

ဝမ်းဗိုက်ပူနေသူကို ဗိုက်ပူ သို့မဟုတ် ဘီယာဗိုက်ဆိုပြီး လူတွေက နောက်ပြောင်ကျီစယ်လေ့ရှိပါတယ်။ ဝတဲ့သူတွေပဲဗိုက်ပူတာမဟုတ်ပါဘူး။ ပိန်တဲ့သူတွေပါ အစာအာဟာရမမျှတာ၊ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်တာ၊ အရက်ဘီယာအလွန်အကျွံသောက်တာကြောင့် ဗိုက်ပူနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်တာက ကလေးအတွက် အဝလွန်စေတာ၊ ဗိုက်ပူစေတာအပြင် တခြားကျန်းမာရေး ပြဿနာတွေလည်း တွေ့ကြုံရနိုင်ပါတယ်။

ဗိုက်ပူနေတာက အမြင်အနေနဲ့အကြည့်ရဆိုးစေသလို နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ခြေ အလွန်များပါတယ်။

ခန္ဓာကိုယ်အတွက်ဆိုးကျိုးဖြစ်စေတဲ့     သွေးတွင်းကိုလက်စထရောတွေ၊ သကြားဓာတ်တွေက အမြဲမြင့်တက်နေတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးရောဂါအပြင် စိတ်ကျရောဂါ၊ ကင်ဆာရောဂါ၊ ရုတ်တရက်တက်ခြင်း၊ သတိလစ်ခြင်းအထိ  ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့် ဗိုက်ပူတဲ့သူတွေအတွက် အချိန်တိုအတွင်းအဆီကျစေနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။

အချိုလျှော့စားခြင်း

သကြားအလွန်အကျွံ ထည့်ထားတဲ့မုန့်တွေ၊ ဖျော်ရည်တွေ၊ အအေးတွေ၊စားစရာတွေက အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။ သကြားမှာ ဂလူးကို့စ်တစ်ဝက်၊   ဖရက်တို့စ်သကြားခေါ်တဲ့  အသည်းကပဲ ချေဖျက်နိုင်တဲ့ ဓာတ်ပေါင်းတစ်ဝက် ပါဝင်ပါတယ်။

ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးဖို့ ဂလူးကို့စ်ကိုအသုံးပြုရပါတယ်။ သကြား ပါဝင်မှုများတဲ့အချိုမုန့်တွေ၊ အအေးတွေ၊ အချိုရည်စတာတွေ စားသောက်တာများလာတဲ့အခါ သွေးတွင်းဖရက်တို့စ်ပမာဏများလာပါတယ်။ အသည်းက ကောင်းကောင်းမချေဖျက်နိုင်တော့တဲ့အခါ အဲဒီဓာတ်ပေါင်းတွေက အဆီအဖြစ် ပြောင်းလဲသွားပြီး ဝမ်းဗိုက်နဲ့အသည်းမှာ အဆီဖုံးသွားပါတယ်။

အချိုဓာတ်ကအဝလွန်စေပြီး ဗိုက်အဆီတက်စေပါတယ်။ နောက်ဆက်တွဲအနေနဲ့ အသည်းနဲ့ နှလုံးမှာရောဂါ ဖြစ်စေပါတယ်။ အချိုဓာတ်က ကယ်လိုရီစားချင်စိတ်ကိုနှိုးဆွပေးလို့ ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ အစားအစာတွေ ပိုစားရင်းနဲ့ ဗိုက်ပူလာကြပါတယ်။ ဒါကြောင့်  ဗိုက်အဆီချလိုသူတွေအနေနဲ့ သကြားနဲ့အချိုလျှော့စားဖို့ လိုအပ်ပါတယ်။

ကစီဓာတ်လျှော့စားခြင်း

ကစီဓာတ်က ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ တစ်နေ့တာခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ကစီဓာတ်စားသုံးမှုများတဲ့အခါ အဝလွန်နိုင်ခြေ မြင့်တက်လာပါတယ်။ နေထိုင်မှုပုံစံ ပြောင်းလဲသင့်ပါတယ်။ ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥ၊ ပဲအမျိုးမျိုး၊ အာလူးကြော်၊ သကြားအပြင် ဘီယာတွေမှာ ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ကစီဓာတ်တွေ အများအပြားပါဝင်တာကြောင့်  ဗိုက်အဆီကျလိုသူတွေ အနေနဲ့  ပုံမှန်ထက်လျှော့ပြီးစားပေးသင့်ပါတယ်။

ပရိုတင်းပိုစားခြင်း

အသားဓာတ်လို့လူသိများတဲ့ပရိုတင်းဓာတ်က ကိုယ်အလေးချိန်ကို ကျစေတဲ့ အာဟာရဓာတ်အဖြစ် လူသိများပါတယ်။ ပရိုတင်းဓာတ်က ကိုယ်တွင်းကယ်လိုရီတွေကို လောင်ကျွမ်းဖို့ ကူညီပေးနိုင်ပါတယ်။ အဝလွန်နေသူတွေ၊ ဝမ်းဗိုက်အဆီချလိုသူတွေအနေနဲ့ ငါး၊ ပင်လယ်စာ၊ အစေ့အဆန်၊ အသား၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုးစတဲ့ပရိုတင်း ပါဝင်မှုများတဲ့ အစားအစာတွေ ပိုစားသင့်ပါတယ်။

အမျှင်ဓာတ်များတဲ့အစာစားခြင်း

အမျှင်ဓာတ်က နေ့စဉ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်ကိုရရှိစေပါတယ်။ အစာကြေစေတယ်။ ဝမ်းမှန်စေတယ်။ အစာမကြာခဏစားချင်စိတ်ကိုထိန်းချုပ်ပေးနိုင်တယ်။ ဝမ်းဗိုက်မှာစုနေတဲ့ အဆီပိုတွေကိုလည်း လျော့ကျစေနိုင်တာကြောင့် အဝလွန်သူတွေ၊ ကိုယ်အလေးချိန် ထိန်းလိုသူတွေ၊ ဗိုက်အဆီကျလိုသူတွေ အမျှင်ဓာတ်မဖြစ်မနေစားသင့်ပါတယ်။

ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေအပြင် အမျှင်ဓာတ်ပေါများစွာ ပါဝင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်း

နေ့စဉ် နာရီဝက်ကနေတစ်နာရီကြာ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။ ဘောလုံးကန်တာ၊ ဘော်လီဘော ကစားတာ၊ ဘတ်စကက်ဘောကစားတာ၊ ကိုယ်ကာယလေ့ကျင့်တာတွေကို ပြုလုပ်ဖို့လိုအပ်ပါတယ်။ ကိုယ်တွင်းအဆီကျစေဖို့ အာဟာရမျှတတဲ့အစားအသောက်နဲ့ထိန်းဖို့လိုအပ်သလို လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့လည်း လိုအပ်ပါတယ်။

ပြားချပ်ပြီး အဆီမရှိတဲ့ ဝမ်းဗိုက်ကိုပိုင်ဆိုင်ဖို့   လေ့ကျင့်ခန်းကို အချိန်ပေးပြုလုပ်ဖို့လိုအပ်သလို အစားအသောက်ကိုပါ ပြောင်းလဲရမှာဖြစ်ပါတယ်။ ဝမ်းဗိုက်အဆီကျဖို့ အောက်ပါ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားသုံးပေးဖို့ လိုအပ်ပါတယ်။

ငရုတ်သီးစိမ်းမှာ Capsaicin ပါဝင်ပြီး ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေလို့ အဆီတွေကို စွမ်းအင်အဖြစ်ပြောင်းလဲစေနိုင်ပါတယ်။

ပဲမျိုးစုံက ဘယ်လိုအကျိုးရှိလဲဆိုရင် ပဲမျိုးစုံမှာ အမျှင်ဓာတ်၊ ပရိုတင်းနဲ့သံဓာတ်ကြွယ်ဝပြီး    အဆီနဲ့ရေဓာတ်စုတာကို   လျော့ကြစေလို့ဗိုက်ပြည့်တင်းစေပါတယ်။ ပဲကိုကြော်ချက်တာ၊ သုပ်စားတာ ဒါမှမဟုတ်ဖျော်ရည်ထဲထည့်သောက်နိုင်ပါတယ်။

ရွှေဖရုံသီးမှာ   ဗီတာမင်-C ကြွယ်ဝပြီး  ခွန်အားကိုတည်မြဲစေကာ အဆီလောင်ကျွမ်းမှုကို အားပေးပါတယ်။ ဗီတာမင်-A လည်း ပါဝင်တာကြောင့် မျက်စိအတွက်ပါ အထောက်အကူ ဖြစ်စေပါတယ်။ ရွှေဖရုံသီးကို ဟင်းချို၊ စွပ်ပြုတ်၊ ဖျော်ရည် ဒါမှမဟုတ် မုန့်ဖုတ်တဲ့အခါ ထည့်သွင်းပြီး စားသုံးနိုင်ပါတယ်။

အစာစားပြီး နာရီအနည်းငယ်အတွင်း ဗိုက်ပြန်ဆာလာပြီး အဆီများတဲ့မုန့်တွေစားချင်စိတ်ကို ထိန်းချုပ် နေရတယ်ဆိုရင် သခွားသီးစားကြည့်သင့်ပါတယ်။ ရေဓာတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်က ဗိုက်ဆာတာကို သက်သာစေပါတယ်။ သခွားသီးကိုလှီးပြီး ရေနဲ့တွဲဖက်စားသုံးရုံပဲဖြစ်ပါတယ်။ အဲဒီလိုစားပေးတာက အစာစားချင်စိတ်ကိုလျော့ကျစေပြီး ကယ်လိုရီစားသုံးမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။ သခွားသီးနဲ့ရေကနေရရှိတဲ့ရေဓာတ်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးမှာ ကယ်လ်စီယမ်နဲ့ဗီတာမင်-C အများအပြားပါဝင်ပြီး ဝမ်းဗိုက်မှာစုနေတဲ့အဆီတွေကို တိုက်ဖျက်ပေးဖို့ကူညီပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးက ရေဓာတ်ပြည့်ဝပြီး အရသာလည်းရှိပါတယ်။ အသုပ်ထဲထည့်စားတာ ဒါမှမဟုတ် ဒီတိုင်းစားတာက  ဝမ်းဗိုက်အဆီကျဖို့ကြိုးပမ်း နေသူတွေအတွက်တော့ အကောင်းဆုံးဖြစ်ပါတယ်။

ရေကို နေ့စဉ် ဖန်ခွက်(၆-၈)ခွက် ဒါမှမဟုတ်(၂-၃)လီတာ သောက်သင့်ပါတယ်။ ရေက ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပြီး အဆီပိုတွေကိုလောင်ကျွမ်းစေပါတယ်။ ပရိုတင်းက ကြွက်သားတည်ဆောက်မှုကို အားပေးပြီး အဆီလောင်ကျွမ်းမှုကို မြန်ဆန်စေပါတယ်။ ပထမတန်းစားပရိုတင်းကို အသားကရရှိပြီး ဒုတိယတန်းစားပရိုတင်းကို ပဲအမျိုးမျိုးကနေရရှိပါတယ်။

ဗိုက်ချပ်ဖို့ နေ့စဉ်အစားအသောက်ဆင်ခြင်သင့်သလို နေ့စဉ်နာရီဝက်ကနေတစ်နာရီကြာ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ လမ်းလျှောက်၊   ရေကူးတစ်ခုခုပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းကို မြန်ဆန်စွာ လုပ်ခြင်းကြောင့် ကျလာတဲ့ချွေးက ပိုလျှံတဲ့ကယ်လိုရီတွေကို အဆီအဖြစ်မစု ဆောင်းစေဘဲ ချွေးအဖြစ် စွန့်ထုတ်ပစ်လို့ အဆီစုဝေးခြင်း၊ အဝလွန် ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်းတို့ကနေကာကွယ်ပေးပါတယ်။   

Photo - Times Now       

 

ဒေါက်တာလွင်သန့်

“ပေါင်း”ဟူသော စကားလုံးသည် မြန်မာအဓိပ္ပာယ်အားဖြင့် အပေါင်းလက္ခဏာဆောင်သော်လည်း တောင်သူလယ်သမားဦးကြီးများ၏ စိုက်​ရေးပျိုးရေးလုပ်ငန်းတွင် အနုတ်လက္ခဏာဆောင်သော စကားလုံးဖြစ်သည်။ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ပေါင်းကြောင့် အထွက်နှုန်း သိသိသာသာလျော့နည်းစေနိုင်ပြီး လျော့နည်းမှုပမာဏသည် သီးနှံအမျိုးအစား၊ ပေါင်းအမျိုးအစား၊​ ပေါင်းအနည်းအများနှင့် သီးနှံစိုက်နည်းစနစ်တို့အပေါ် မူတည်သည်။ ယေဘုယျအားဖြင့် ပေါင်းကြောင့် သီးနှံအထွက်နှုန်း ၂၀ မှ ၁၀၀ ရာခိုင်နှုန်းအထိဆုံးရှုံးနိုင်သည်။ ပေါင်းကြောင့် မြေပဲစိုက်ပျိုးရာတွင် ၂၄ ဒသမ ၄ ရာခိုင်နှုန်း၊ ​ပြောင်းဖူးတွင် ၃၆ မှ ၆၀ ရာခိုင်နှုန်း၊ နေကြာတွင် ၂၀ မှ ၇၀ ရာခိုင်နှုန်း စသည်ဖြင့် အထွက်နှုန်းလျော့နည်းနိုင်ပါသည်။

၁၉၉၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသည် နည်းစနစ်အမျိုးမျိုးဖြင့် စိုက်ပျိုးထားသော စပါးများတွင် ပေါင်းပင်ကြီးထွားမှုကို ကာကွယ်မှုမရှိဘဲအထွက် နှုန်းဆုံးရှုံးမှုပမာဏကို သုတေသနပြုစမ်းသပ် ခဲ့ရာ ရေသွင်းစိုက်ပျိုးခြင်းစနစ်တွင် ပျိုးထောင် ကောက်စိုက်ခြင်းမှာ ၄၈ ရာခိုင်နှုန်း၊ ရေခံကြဲခင်းမှာ ၄၄ ရာခိုင်နှုန်း၊ မျိုးစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်းမှာ ၅၅ ရာခိုင်နှုန်း ပျမ်းမျှအားဖြင့် အထွက်နှုန်းဆုံးရှုံးခဲ့သည်။ ရေတော်မိုးတော် စိုက်ပျိုးခြင်းတွင် အခြောက်တမန်းပြင် မျိုးစေ့ချစိုက်ပျိုးခြင်းမှာ ၇၄ ရာခိုင်နှုန်း၊ အစိုတမန်းပြင် မျိုးစေ့ချစိုက်ပျိုးခြင်းမှာ ၆၁ ရာခိုင် နှုန်း၊ ပျိုးထောင်ကောက်စိုက်ခြင်းမှာ ၅၁ ရာခိုင်နှုန်းအထွက်နှုန်း ဆုံးရှုံးခဲ့သည်။ မိုးရေဖြင့် ကုန်းမြင့်ဒေသစိုက်ပျိုးခြင်းတွင် ကြဲပက်စိုက်ပျိုးခြင်း(သို့) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းမှာ ၉၆ ရာခိုင်နှုန်းအထိ အထွက်ဆုံးရှုံးခဲ့သည်။ ပေါင်းသည် စိုက်ပျိုး​ရေးထုတ်လုပ်မှု၌ အဓိကကျသော အဟန့်အတားတစ်ခု ဖြစ်သည်။

ပေါင်းဆိုသည်မှာ

ပေါင်းဆိုသည်မှာ “လူတို့စိုက်ပျိုးထားသော သီးနှံပင်များ၏ကြီးထွားမှုကို အနှောင့်အယှက် ဖြစ်စေသည့် အလိုအလျောက်ပေါက်​ရောက်သော အပင်များ” ကိုခေါ်ပါသည်။ ပေါင်းပင်များကို ပြင်ပ ရုပ်သွင်ပြင်ပေါ်မူတည်ပြီး မြက်၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်းဟူ၍ အုပ်စုသုံးခု ခွဲခြားသတ်မှတ်ကြသည်။ သက်တမ်းကာလအရ တစ်နှစ်ခံပင်၊ နှစ်နှစ်ခံပင်နှင့် နှစ်ရှည်ခံပင်ဟူ၍ခွဲခြားနိုင်ပါသည်။ အလေ့အထအရ ခွဲခြားရာတွင် ရေနေပေါင်း၊ ရေတစ်ဝက်ကုန်းတစ်ဝက်ပေါင်းနှင့် ကုန်းနေပေါင်းဟူ၍ ခွဲခြား ထားပါသည်။

ပေါင်းသည် သီးနှံပင်များနည်းတူ ကြီးထွားမှုနှင့်ဖွံ့ဖြိုးမှုအတွက် လိုအပ်ချက်များတူညီနေသည်။ သီးနှံစိုက်ပျိုးထုတ်လုပ်ရန် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ပေါင်းပင်များအတွက် ပတ်ဝန်းကျင်အခြေခံကောင်းများ ဖြစ်ပေါ်စေပြီး လျင်မြန်စွာ ကြီးထွားနိုင်သည်။ ပေါင်းသည် မျိုးစေ့မြောက်မြားစွာ ထုတ်လုပ်နိုင်ခြင်း၊ မျိုးစေ့သည် ချက်ချင်းပေါက်ရောက်ခြင်းမရှိဘဲ သစ်စေ့ငုတ်ချိန်ရှိခြင်း၊ အစေ့အခွံမှာ လေ၊ ရေတို့ကို အလွယ်တကူ စိမ့်ဝင်နိုင်ခြင်းမရှိနိုင်အောင် မာကျောခြင်း၊ အခြေအနေပေးသည်နှင့်တစ်ပြိုင်နက် မျိုးစေ့သည် အညှောက်ပေါက်နိုင်စွမ်းအားရှိခြင်း၊ သဘာဝပတ်ဝန်းကျင်အမျိုးမျိုးတွင် မျိုးစေ့ပေါက်နိုင်ခြင်း၊ ရှင်သန်ကြီးထွားနိုင်ခြင်း၊ နေရာအနှံ့အပြားသို့ ပျံ့နှံ့နိုင်သည့်စွမ်းအားရှိခြင်းစသည်တို့ကြောင့် ပေါင်းသည်သက်တမ်းရှည်စွာ ဖြစ်ထွန်းနေပါသည်။

စိုက်ပျိုး​ရေးဖျက်ပင်ပေါင်း

ပေါင်းကြောင့် သီးနှံပင်အတွက် လောင်းရိပ်ကို ဖြစ်ပေါ်စေခြင်းနှင့် နေရောင်ခြည်ရရှိနိုင်မှု လျော့နည်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ပေါင်းသည် မြေဆီလွှာထဲမှ ရေကိုစုပ်ယူခြင်းကြောင့် သီးနှံပင်အတွက် ရေရရှိမှုပမာဏကို လျော့နည်းစေပြီး အစိုဓာတ်တည်ရှိမှုကာလကို တိုတောင်းစေသည်။ ပေါင်းသည်မြေဆီလွှာထဲမှ အာဟာရဓာတ်ကိုရယူပါသည်။ ထို့အပြင် သီးနှံပင်များကိုကျွေးသော မြေဩဇာများမှ အာဟာရဓာတ်များကိုလည်း ရယူစားသုံးပါသည်။ အထူးသဖြင့်မြေဩဇာတွင် ပါရှိသည့် နိုက်ထရိုဂျင်ကို သီးနှံပင်များနှင့် ယှဉ်ပြိုင်စားသုံးကြသည်။

စိုက်ခင်းထဲတွင် ပေါင်းပင်များက ကြီးစိုးအုပ်မိုးသွားလျှင် သီးနှံအတွက် နေရာမရှိတော့ပေ။ ထိုအခါသီးနှံပင်များသည် ကြီးထွားမှုမရှိဘဲ အပွင့်၊ အသီး၊ အစေ့၊ အဆန် မတည်တော့ပေ။ ပေါင်းသည် သီးနှံပင်များကို ဖျက်ဆီးနိုင်သော ရောဂါများ၊ ပိုးမွှားများနှင့် ဖျက်ကောင်များအတွက် နေစရာအိမ်ခြံမြေ သဖွယ်ဖြစ်စေသည်။ နှံကောင်သည် မြက်ပေါင်းများတွင် ဥ ဥပြီး သီးနှံရွက်များကို ဖျက်ဆီးသည်။ ရွက်ထွေးပိုးသည် ပြောင်းဖူး၊ စပါးနှင့်ဟင်းသီး ဟင်းရွက်ပင်များကို ကူးစက်နိုင်သည်။ ခူမွေးရှည်သည် နေကြာ၊ ဝါ၊ ပဲမျိုးစုံတွင် ကျ​ရောက်လေ့ရှိပြီး ပေါင်းပင်များမှ စတင်ဖျက်ဆီးတတ်သည်။ စုပ်စားပိုးများဖြစ်သည့် ပင့်ကူနီများသည် ​ပေါင်းပင်များတွင် ခိုအောင်းနေတတ်ပြီး ခရမ်းချဉ်၊ ငရုတ်၊ ပဲမျိုးစုံတွင် ကျ​ရောက်တတ်သည်။ ပျပိုးသည် ပေါင်းပင်တွင် ပေါက်ပွားလေ့ရှိပြီး သခွား၊ ဖရဲ၊ ပဲမျိုးစုံတွင် ဗိုင်းရပ်စ်​ရောဂါများကို ကူးစက်နေစေနိုင်သည်။ ယင်ဖြူသည် ပေါင်းပင်များတွင် ဥ ဥတတ်ပြီး ခရမ်းချဉ်၊ အာလူး၊ ဆေးရွက်ကြီးတို့တွင် ကျရောက်တတ်သည်။ ပင်နာကျ​ရောဂါသည် ပေါင်းပင်တွင် ရောဂါဖြစ်၍ ဆက်လက်ကူးစက်နိုင်ပြီး အာလူး၊ ခရမ်းချဉ်တို့တွင် ကျ​ရောက်တတ်သည်။ ပင်ညှိုး​ရောဂါသည် ပေါင်းပင်တွင်ရှင်သန်နေနိုင်ပြီး ပဲမျိုးစုံနှင့် ခရမ်းချဉ်တို့ကို ထိခိုက်စေနိုင်သည်။ ရွက်ပြောက်စွန်း​ရောဂါမှာ မြက်ပေါင်းတို့တွင် ခိုအောင်းနေနိုင်ပြီး စပါး၊ ပြောင်းတို့တွင် ကျ​ရောက်သည်။

ပေါင်းသည် စိုက်​ရေးပျိုး​ရေးလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ထိခိုက်စေနိုင်သည်။ သီးနှံများ ရိတ်သိမ်းရာတွင် ပေါင်းကြောင့် အနှောင့်အယှက် ဖြစ်စေပြီး သီးနှံထွက်ကုန်များတွင် ပေါင်းစေ့များ ရောပါလာပါက အရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။ ပေါင်းပင်၏ အမြစ်မှထွက်သော အရည်များနှင့်အရွက်မှထွက်သော အရည်များသည် သီးနှံပင်များကို အဆိပ်ဖြစ်စေပါသည်။

ပေါင်းသည် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးထားသောသီးနှံများကို ဖျက်ဆီးရုံမှတစ်ပါး အခြားဘာမျှ အကျိုးမရှိပေ။ သီးနှံပင်ကို မည်မျှပင်ပြုစုပါစေ၊ မြေဩဇာကျွေးပါစေ ပေါင်းရှိနေလျှင် အပင်သည် ကြီးထွားသန်စွမ်းမှုမရှိဘဲ အပွင့်၊ အသီး အားနည်းကာ အစေ့အဆန် ကောင်းစွာမတည်နိုင် ဖြစ်တတ်သည်။ နောက်ဆုံးတွင် တောင်သူဦးကြီး များလိုအပ်သော အထွက်နှုန်းကိုမရရှိဘဲ ဝင်ငွေပါ နည်းသွားနိုင်ပါသည်။ ထို့ကြောင့်ပေါင်းသည် စိုက်ပျိုးရေးဖျက်ပင် ဖြစ်သည်။

​ပေါင်းကာကွယ်နှိမ်နင်းခြင်း

ပေါင်းကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများမှာ ကြိုတင်ကာကွယ်ခြင်း၊ လူဖြင့်ကာကွယ်နှိမ်နင်းခြင်း၊ ကိရိယာဖြင့် နှိမ်နင်းခြင်း၊ စိုက်ပျိုးနည်းလမ်းဖြင့် နှိမ်နင်းခြင်း၊ ဇီဝနည်းဖြင့်နှိမ်နင်းခြင်းနှင့် ဓာတုနည်းဖြင့် နှိမ်နင်းခြင်းတို့ဖြစ်သည်။

(က) ကြိုတင်ကာကွယ်ခြင်း

ပေါင်းမျိုးစိတ်များ ဝင်ရောက်လာမှုကို ဟန့်တားခြင်းလုပ်ငန်းသည် ရှင်သန်ပေါက်ပွားပြီးသော ပေါင်းများကို နှိမ်နင်းခြင်းလုပ်ငန်းထက် ပိုမို လွယ်ကူပါသည်။ စိုက်ပျိုးမည့်စိုက်ခင်းဧရိယာအတွင်း ပေါင်းစတင်ပေါက်ပွားခြင်းမှ ရှောင်ကြဉ်ရန် နည်းလမ်းများမှာ ပေါင်းမျိုးစေ့ကင်းသော သီးနှံမျိုးစေ့များကိုသုံးခြင်း၊ လယ်ယာသုံးကိရိယာများနှင့် ကျွဲ၊ နွားတို့မှ ပေါင်းမပြန့်ပွားစေရန် ၎င်းတို့ကို ပေါင်းကင်းစင်အောင်ထားရှိခြင်း၊ ကောင်းစွာဆွေးမြည့်သော သဘာဝမြေဩဇာနှင့် လယ်ယာစွန့်ပစ်ပစ္စည်းများကို အသုံးပြုခြင်း၊ စိုက်ရေးပျိုးရေးလုပ်ငန်းများကို ပေါင်းကာကွယ်ခြင်းအသိဖြင့် စနစ်တကျ စီမံလုပ်ဆောင်ခြင်း၊ စိုက်ခင်းမြေ၊ ကန်သင်းများ၊ ရေသွင်းမြောင်းများ၊ စွန့်ပစ်မြေနှင့် အများနှင့်ဆိုင်သော‌နေရာများတွင် ပေါင်းပေါက်ပွားမှုမရှိအောင် ကာကွယ်ခြင်း၊ အပင်အစိတ်အပိုင်းများမှ မျိုးပွားနိုင်သော နှစ်ရှည်ခံပင်ပေါင်းများကို ပျံ့နှံ့မှုမရှိအောင် ကာကွယ်ခြင်းတို့ ဖြစ်သည်။

(ခ) လူဖြင့်ကာကွယ်နှိမ်နင်းခြင်း

စိုက်ခင်းအတွင်းပေါက်လာသော ပေါင်းများကို လူအင်အားအသုံးပြု၍ လက်ဖြင့်နုတ်ပစ်ခြင်း၊ ခြေဖြင့်နင်းခြေခြင်း၊ စပါးတွင် ခြေဖြင့်မြေထဲသို့ မြှုပ်ပစ်ခြင်း၊ ပေါက်ပြား၊ တူးရွင်းနှင့် တံစဉ်တို့ကိုအသုံးပြု၍ ရိတ်ခြင်း၊ ဖြတ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။

(ဂ) ကိရိယာဖြင့် နှိမ်နင်းခြင်း

အပင်အတန်းများအကြားရှိ ပေါင်းပင်များကို ပေါင်းလိုက်ကိရိယာ (ကြားပေါင်းလိုက်ကိရိယာ)ကို ရှေ့တိုးနောက်ဆုတ်ပြုလုပ်၍ ပေါင်းများကို နှိမ်နင်းခြင်းဖြစ်သည်။ ပေါင်းပင်များကို ချွန်ထက် သော အသွားများမှ ဖြတ်တောက်ပစ်ပြီး မြေထဲသို့ ရောက်ရှိသွားခြင်းဖြင့် တစ်နှစ်ခံပေါင်းပင်များကို နှိမ်နင်းနိုင်ပါသည်။ ထို့အပြင် မြေသားကို ကြေမွသွားစေပြီး ပေါင်းပင်၏အမြစ်များကို ထိခိုက်မှုဖြစ်စေခြင်းတို့ကြောင့် ပေါင်းများပြန်လည်ရှင်သန်မှုမဖြစ်မီ ခြောက်သွေ့ပြီး သေဆုံးသွားနိုင်ပါသည်။ ကိရိယာဖြင့် နှိမ်နင်းခြင်းသည် လူလုပ်အားဖြင့် နှိမ်နင်းခြင်းထက် အချိန်ကုန်သက်သာစေပြီး ကုန်ကျစရိတ်လည်း သက်သာစေပါသည်။

(ဃ) စိုက်ပျိုးနည်းလမ်းဖြင့်နှိမ်နင်းခြင်း

စိုက်ပျိုးနည်းလမ်းဖြင့် နှိမ်နင်းခြင်းဆိုသည်မှာ ပေါင်းပင်များကို ၎င်းတို့နှစ်ခြိုက်မှုမရှိသော အခြေအနေကို ဖန်တီးပေးခြင်းဖြင့် ပေါင်းပင်၏ ယှဉ်ပြိုင်မှုစွမ်းအားကို လျော့နည်းအောင် လုပ်ဆောင်နိုင်သည့်နည်းလမ်းများ သို့မဟုတ် ပေါင်းပင်များကို အချိန်ကာလတစ်ခုအတွင်း ရှင်သန်ကြီး ထွားခွင့်ပေးပြီး ၎င်းကာလအတွင်းမှာပင် ပေါင်းကို တိုက်ရိုက်နှိမ်နင်းသည့်နည်းလမ်း ဖြစ်သည်။ စိုက်ပျိုးနည်းလမ်းများအနေဖြင့် မြေယာပြုပြင်ခြင်း၊ ရေသွင်းရေထုတ်စီမံဆောင်ရွက်ခြင်း၊ စိုက်ပျိုးနည်းလမ်းများအသုံးပြုခြင်း၊ မျိုးစေ့ရွေးချယ်ခြင်း၊ အပင်ဦးရေအနည်းအများ၊ ပင်ကြွင်းဖုံးအုပ်ခြင်းနှင့် ဓာတ်မြေဩဇာအသုံးပြုခြင်းတို့ဖြစ်သည်။

မြေယာပြုပြင်ခြင်းတွင် ပေါင်းများကို ထယ်ထိုးခြင်းနှင့်ထွန်မွှေပေးခြင်း၊ နွေထယ်ရေးခံပြီး ထယ်ထိုးပေးခြင်းဖြင့် ပေါင်းစေ့များနှင့်ပေါင်းပင်အစိတ်အပိုင်းများကို နေရောင်ခြည်ဖြင့် ခြောက်သွေ့စေပြီး သေစေခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ရေသွင်းရေထုတ် စီမံဆောင်ရွက်ခြင်းတွင် သီးနှံမစိုက်ပျိုးခင်ရေသွင်းခြင်း သို့မဟုတ် မြေကောင်းစွာပြင်ဆင်ခြင်းဖြင့် ပေါက်လာသော ပေါင်းများကို ထွန်ယက်ခြင်း သို့မဟုတ် ပေါင်းသတ်ဆေးအသုံးပြုခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ စိုက်ပျိုးနည်းလမ်းများတွင် သီးလှည့်စိုက်ခြင်းနှင့် သီးညှပ်စိုက်ခြင်းတို့သည် ပေါင်းပင်ပေါက်ရောက်မှုကို နည်းစေသည်။ မျိုးစေ့နှုန်းထားကို ပိုမိုသုံးစွဲပေးခြင်းဖြင့် အပင်ဦးရေကိုများစေပြီး သီးနှံပင်များကို စိပ်စိပ်စိုက်ပျိုးရာရောက်ကာ ပေါင်းပေါက်ရောက်မှုနည်းစေခြင်းနှင့် ပေါင်းပင်ကိုယှဉ်ပြိုင်မှု အားကောင်းစေရန် ပင်ပိုင်းကြီးထွားမှုကောင်းသည့်မျိုး ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

သီးနှံမစိုက်ပျိုးခင် ပဲမျိုးရင်းဝင်အပင်များ၊ ညံပင်၊ ပိုက်ဆံလျှော်၊ မြေနိမ့်ချယ်ရီ စသည့်အပင်များကို စိုက်ပျိုးပြီး ထယ်ထိုးထွန်မွှေပေးခြင်းနှင့် ကောက်ရိုးပြတ်များအပါအဝင် သီးနှံပင်ကြွင်းပင် ကျန်များကို မြေဆီလွှာအားဖုံးအုပ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ မြေဩဇာကျွေးရာတွင် ပေါင်းပင်သည် သီးနှံပင်ထက်အာဟာရကို ပိုမိုစုပ်ယူ နိုင်၍ သီးနှံပင်ရရှိနိုင်မည့် နည်းလမ်းများကို စနစ် တကျ အသုံးပြုခြင်းနှင့် ပေါင်းကင်းစင်မှုအတွက် များစွာအထောက်အကူပြုနိုင်ရန် သီးနှံပင်ကို ပေါင်း ပင်နှင့်ယှဉ်ပြိုင်ကြီးထွားစေခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ မြေဆီလွှာမျက်နှာပြင်ကို ပလတ်စတစ်အကြည် သို့မဟုတ် အနက်ဖြင့် နွေရာသီနေပြင်းပြင်း ပူချိန်တွင် လေးပတ်မှ ခြောက်ပတ်အထိ ဖုံးအုပ်ပေးခြင်း၊ အပူချိန်လျော့နည်းသည့်အချိန်တွင် ရှစ်ပတ်အထိ ဖုံးအုပ်ပေးခြင်းဖြင့် ပေါင်းစေ့နှင့် မြေဆောင်ရောဂါပိုးအချို့ကို သေစေနိုင်ပါသည်။

(င) ဇီဝနည်းဖြင့်နှိမ်နင်းခြင်း

ဇီဝနည်းဖြင့်နှိမ်နင်းခြင်းဆိုသည်မှာ ပေါင်းပင်၏ သဘာဝရန်သူများမှ သဘာဝအလျောက် လုပ်ဆောင်ချက်များဖြင့် နှိမ်နင်းခြင်းနှင့် ပေါင်းပင်၏ သဘာဝရန်သူများကို ပေါင်းနှိမ်နင်းရန် ရည်ရွယ် ချက်ဖြင့်မွေးမြူ၍ နှိမ်နင်းခြင်းတို့ ဖြစ်သည်။ ပေါင်းပင်၏သဘာဝရန်သူများမှာ အင်းဆက်ပိုးများ၊ မှို၊ ဗိုင်းရပ်စ်၊ ဗက်တီးရီးယားများ၊ နီမတုတ်စသည့် အဏုဇီဝပိုးမွှားများ၊ ငါး၊ ဘဲ၊ နွားနှင့် အခြားတိရစ္ဆာန်များတို့ ဖြစ်သည်။

(စ) ဓာတုနည်းဖြင့်နှိမ်နင်းခြင်း

ဓာတုနည်းဖြင့် နှိမ်နင်းခြင်းဆိုသည်မှာ ပေါင်းနှိမ်နင်းရန် ဓာတုပေါင်းသတ်ဆေးကို လုပ်သားရှားပါးချိန်နှင့် လုပ်အားခဈေးကြီးချိန်တို့တွင် အသုံးပြုခြင်းဖြစ်သည်။ ဓာတုပေါင်းသတ် ဆေးများကို အသုံးပြုရာတွင် ထိရောက်မှုရှိစေရန် ပေါင်းသတ်ဆေးအသုံးပြုရမည့်အချိန်၊ အသုံးပြု ရမည့်နည်းလမ်းနှင့် သက်ရှိများအပေါ် အကျိုး သက်ရောက်မှုတို့ကို သိရှိနားလည်ရန် လိုအပ်ပါသည်။

သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံအထွက် တိုးရေးနည်းလမ်းများကို အသုံးပြုရန်လိုအပ်သကဲ့သို့ သီးနှံအထွက်မလျော့ရေး နည်းလမ်းများကိုလည်း လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။ ပေါင်းသည် သီးနှံပင်များနှင့်အပြိုင် နေရောင်ခြည်၊ ရေ၊ အာဟာရနှင့်နေရာတို့ကို ယှဉ်ပြိုင်လုယူသည်။ ပေါင်းသည် တောင်သူဦးကြီးများရရှိမည့် သီးနှံအထွက်နှုန်းကို လျော့နည်းစေခြင်းဖြင့် ဝင်ငွေကို လျော့နည်းစေနိုင်ပါသည်။ ထို့ကြောင့် အဓိပ္ပာယ်အားဖြင့် အပေါင်းလက္ခဏာဆောင်သော်လည်း လက်တွေ့စိုက်ပျိုးထုတ်လုပ်ခြင်းတွင် သီးနှံပင်အတွက်ဖြစ်စေ၊ တောင်သူဦးကြီးများအတွက်ဖြစ်စေ အနုတ်လက္ခဏာဆောင်သော ပေါင်းကိုမဖြစ်မနေ ကြိုးစားကာကွယ်နှိမ်နင်းကြရန် လိုအပ်ပါကြောင်း စေတနာအပေါင်းနှင့် တင်ပြလိုက်ရပါသည်။ ။

MOI

စိုးမိုးဝင်း(စိုက်ပျိုးရေး)

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်တွေအပြင် အကောင်းဆုံး အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာအကြောင်းအရာတွေနဲ့ ပတ်သက်လို့ အိုင်တီပညာရှင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက နှစ်စဉ်အချိန်နဲ့အမျှ တီထွင်ထုတ်လုပ်ဖန်တီးပေးလျက် ရှိပါတယ်။ ဖန်တီးထားတဲ့ နည်းပညာဆိုင်ရာ Game တွေဟာ လူငယ်လူရွယ်တွေကိုသာမက ကလေး သူငယ်၊ လူကြီးတွေ ပါမကျန် ဖမ်းစားထားနိုင်တဲ့ စိတ်ဝင်စားဖွယ် နည်းပညာ ကုန်ပစ္စည်း ဖြစ်ပါတယ်။

“ခေတ်ကပြောင်းသွားပြီဦးလေးရေ။ ဦးလေးတို့၊ အဒေါ်တို့ခေတ်လို မဟုတ်တော့ဘူး။ ကျွန်တော်တို့လူငယ်တွေက ဂိမ်းတွေ၊ အက်ပလီကေးရှင်းတွေထဲမှာ ပဲပျော်မွေ့နေကြတာ။ ကျောင်းကမဖွင့်၊ အလုပ်ကမရှိ၊ လည်စရာကမရှိ၊ မရှိတာတွေများတော့ နည်းပညာတွေထဲမှာ နေတာပဲကောင်းတာပေါ့။ ပျော်စရာလည်းဖြစ်တယ်။ အပျင်းလည်းပြေတယ်။ အားလပ်ချိန်တွေကို ဂိမ်းထဲမှာပဲ ဖြုန်း လိုက်တဲ့သဘောပေါ့” လို့ ၂၀၂၀ ပြည့်နှစ်က ကျွန်တော့်တူလေးတစ်ဦး ပြောစကားကို သတိရမိပါတယ်။

ဂိမ်းတွေဆော့လွန်းလို့ ဆုံးမတဲ့ ဦးလေးဖြစ်သူကို ပြန်လည်ခွန်းတုံ့ပြန်တာကို နားထောင်ခဲ့ ရပါတယ်။ တူလေးရဲ့စကားဟာ အဲဒီအချိန်ကာလအဖို့တော့ မှန်နေပါတယ်။ ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားလာတော့ စာသင်ကျောင်းတွေပိတ်၊ ကလေးသူငယ်၊ လူငယ်လူရွယ်တွေ ထွက် ပေါက်ပိတ်တော့ အိမ်ထဲမှာသာ ဂိမ်းနဲ့အဖော်ပြုတာဟာ အပြစ်မဆိုသာပါဘူး။

ဆိုးကျိုးတွေဖြစ်လာနိုင်

နည်းပညာတွေ တိုးတက်ဖြစ်ထွန်းလာတာဟာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းအမျိုးမျိုးပေါ်မှာ နည်းပညာအသစ်အဆန်းတွေ အဆက်မပြတ် ပေါ်ထွက်လာနေသလို လူငယ်တွေစိတ်ဝင်စားတဲ့ ဂိမ်းအသစ်အဆန်းတွေလည်း ပလူပျံအောင်ပေါ်ထွက်လာပါတယ်။ ဂူဂဲပလေး(Google Play)ရဲ့ နှစ်ပတ်လည်မှာဆိုရင် အကောင်းဆုံးအက်ပ် (Apps)တွေနဲ့ ဂိမ်းဆုတွေကို ကြေညာပေးကြသလို နည်းပညာ ကုမ္ပဏီတွေနဲ့ ကွန်ပျူတာပညာရှင်တွေကလည်း အမျိုးမျိုးအဖုံဖုံ ဖန်တီးမိတ်ဆက်ကြပါတယ်။

ပလေးစတိုး(Play Store)မှာဆိုရင် သန်းနဲ့ချီတဲ့ ခေါင်းစဉ်တွေနဲ့ အကောင်းတကာ့ အကောင်းဆုံး ပေါ်ထွက်လာတဲ့ အက်ပလီကေးရှင်းအမျိုးမျိုးဟာ လူငယ်လူရွယ်တွေအတွက် စွဲမက်စရာဖြစ်စေ ခဲ့ပါတယ်။ နည်းပညာခေတ်မှာ လူငယ်နဲ့ လက်ကိုင်ဖုန်း၊ လူငယ်နဲ့အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေဟာအတော့်ကိုရေပန်းစားပါတယ်။ လူငယ်တွေဟာ ဖုန်းအသစ်အဆန်းတွေ၊ နည်းပညာ အသစ်အဆန်းတွေကို မက်မောကြတာဟာ သဘာဝဖြစ်ပါတယ်။ နားလည်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လာနိုင်တာတွေနဲ့ လူ့အသိုက် အဝန်းမှာမကောင်းတဲ့ လက္ခ ဏာတွေဖြစ်လာနိုင်တာတွေကိုတော့ ဖန်တီးသူ၊ အသုံးပြုသူနဲ့ အုပ်ထိန်းသူတွေ သတိပြုသင့်ပါတယ်။

အန္တရာယ်ရှိတဲ့ဂိမ်းတွေ

ဂိမ်းဆိုတာ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်မှုတွေကို စိတ်ကူးဖန်တီးထားတဲ့ အွန်လိုင်းကစားပွဲဖြစ်ပါတယ်။ ဂိမ်းစတင်ပေါ်တုန်းက ရိုးရိုးဂိမ်းလေးတွေ ဆော့ကစားကြရာမှ စတားဝါး (Star War) ကြယ်တာရာစစ်ပွဲပုံစံနဲ့ တိုက်ခိုက်ကြတဲ့ ကစားပွဲတွေအထိ စိတ်ဝင် စားဖွယ်၊ ပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ လောင်းကစားကိုအားပေးတဲ့ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုး မီးဂိမ်း စတဲ့ ဂိမ်းတွေပေါ်ပေါက်လာပါတယ်။ နောက် Callof Duty လို ပစ်ခတ်တိုက်ခိုက်တဲ့ဂိမ်းတွေ ပေါ်ထွက်လာတဲ့အခါ ကလေးသူငယ်လူငယ်တွေနဲ့ လူ့ဘောင်လောက အနာဂတ်အတွက် စိုးရိမ် စရာတွေဖြစ်လာပါတယ်။

ဂိမ်းဆိုတာတိုက်ကြ၊ ခိုက်ကြတာဖြစ်လို့ ကြောက်မက်ဖွယ်ရာတွေ ပါလာမှာပါပဲ။ ဒါပေမဲ့ တချို့ ဂိမ်းတွေဟာ အလွန်အကျွံရက်စက်မှုတွေနဲ့ အကြမ်းဖက်ရက်စက်မှုတွေကို လမ်းပြထားတာ တွေ့ရပါတယ်။ ၂၀၁၂ ခုနှစ်ဝန်းကျင်က ပေါ်ထွက်ခဲ့တဲ့ ဗိုင်းရပ်စ်ဂိမ်းတွေနဲ့ စစ်ပွဲဂိမ်းတွေဟာ လူတွေကို အကြောင်းမဲ့ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်တဲ့ ဂိမ်းတွေဖြစ်ပြီးဂိမ်းကစားတဲ့ လူငယ်တွေကို စွဲလမ်းသဘောကျစေခဲ့ပါတယ်။ အဲဒီလိုဖြစ်ခဲ့ တာဟာကောင်းသလား၊ မကောင်းဘူးလားဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ဂိမ်းနဲ့ပတ်သက် တဲ့ ဆိုရှယ်မီဒီယာဟာ လူငယ်တွေကို ဘယ်လိုလွှမ်းမိုးခဲ့သလဲဆိုတာကို နမူနာတင်ပြလိုပါတယ်။

အကြမ်းဖက်ရှေ့ပြေးဂိမ်း

၂၀၁၀ ပြည့်နှစ်ကထုတ်လုပ်တဲ့ Infinity Ward COD; Modern Warfare 2 ဂိမ်းဟာ အကြမ်းဖက်မှုတွေကို အထူးလှုံ့ဆော်တဲ့ ဂိမ်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဂိမ်းထဲမှာပါဝင်တဲ့ စပိုင်တစ်ယောက်နေရာမှာ ဝင်ရောက်ကစားရတဲ့ပုံစံဖြစ်ပြီး လေယာဉ်ကွင်းထဲမှာ တွေ့သမျှလူတွေကို မသေမချင်းပစ်သတ်တဲ့ပုံစံ ဖန်တီးထားပါတယ်။ လူငယ်တွေ အကြမ်းဖက်မှုကို ကြိုက်နှစ်သက် ဖို့ နည်းပေးလမ်းပြဖြစ်နေလို့ ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ ပြဿနာဖြေရှင်းခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်က ထုတ်လုပ်တဲ့ Shooting ဂိမ်းတစ်ခုဖြစ်တဲ့ Postal ဟာ ဂိမ်းအတွင်းက ဇာတ်ကောင်အသက်ရှင် ကျန်ရစ်ဖို့ ရန်သူအမြောက်အမြားကိုသတ်ဖြတ်ဖို့ သေနတ်တွေ၊ မိုင်းတွေ၊ ဗုံးတွေ စတဲ့ လက်နက်တွေ အကုန်လုံးအသုံးပြုထားပါတယ်။ ပိုဆိုးတဲ့အချက်က ဂိမ်းကစားသူဟာ အပြစ်မရှိတဲ့သူတွေကို တိုက်ခိုက်နိုင်တဲ့အချက်ဖြစ်ပါတယ်။ အဲဒီအတွက် ဒီဂိမ်းကို နိုင်ငံအတော်များများက တားမြစ်ခဲ့ ပါတယ်။

၂၀၁၁ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Mortal Kombat ဂိမ်းကတော့ အလွန်ကြမ်းတမ်းပြီး ရက်စက်တဲ့ ဗိုင်းရပ်စ်ဂိမ်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါကို ထပ်မံဖြည့်စွက်ပြီး အသက်သွင်းလိုက်တဲ့ အခါ ထုတ်လုပ်သူတွေရော ကစားသူတွေပါ လက်ဖျားခါလောက်အောင် လူတစ်ယောက်ကို စုတ်ပြတ်သတ်သွားအောင် ရက်စက်ပြတဲ့ကစားကွက်တွေပါဝင်ခဲ့ပြီး ဂိမ်းကစားသူတွေကို စွဲလမ်းသွားစေခဲ့ ပါတယ်။ နောက်တစ်ခုက ဂိမ်းကစားသူတွေကို အရူးအမူးဖြစ်စေခဲ့တဲ့ ၂၀၀၁ ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Grand Theft Auto 3 ဖြစ်ပါတယ်။ မြေပုံထဲမှာ မိမိနှစ်သက်ရာ ပြုလုပ်နိုင်ပြီး အရာ အားလုံးကို ပစ်ခတ်သတ်ဖြတ်ဖျက်ဆီးစေခဲ့ပါတယ်။ မီဒီယာတွေက ဒီဂိမ်းကစားတဲ့သူဟာ ကားခိုးဖို့အတွက် ဝန်မလေးတော့သလို ရဲဝန်ထမ်းတွေကို ပြန်လည် သတ်ဖြတ်ဖို့အတွက် ဝန်မလေးတော့ကြောင်း ဝေဖန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒုစရိုက်မှုတွေကို အားပေးတဲ့သဘောဖြစ်နေတဲ့အတွက် ကန့်သတ်ချက်တွေထားပြီး ထုတ်လုပ်ခဲ့ရပါတယ်။

ရက်စက်မှုတွေကမ်းကုန်

အကြမ်းဖက်ဂိမ်းတွေထုတ်လုပ်တဲ့နေရာမှာ ကျော်ကြားတဲ့ Rockstar Game မှာ ၂၀၀၃ ခုနှစ်ကထုတ်လုပ်တဲ့ Manhunt ဂိမ်းဟာ သွေးထွက်သံယိုအဖြစ်ဆုံးနဲ့ ရက်စက်မှုတွေ သရဖူ ဆောင်းလောက်အောင် ဖန်တီးခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်က ထုတ်လုပ်ခဲ့တဲ့ Soldier ofFortune ဂိမ်းဟာ အကြမ်းဖက်ဂိမ်းတွေမှာ အထူးလှုပ်ခတ်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အလွန် ရက်စက်တဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဒီဂိမ်းကို ဂျာမနီနိုင်ငံ အတွင်း ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဖော်ပြခဲ့တဲ့ နမူနာဂိမ်းတွေဟာ နိုင်ငံတကာဂိမ်း သမိုင်းမှာ ရက်စက်ဆုံး ဂိမ်းတချို့ဖြစ်ပြီး တခြားရက်စက်တဲ့ဂိမ်းတွေနှစ်အလိုက်၊ စီးရီးအလိုက် ပေါ်ထွက် လာခဲ့ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ လူငယ်တွေနဲ့လူ့အသိုက်အဝန်းကို ဂိမ်းတွေဟာ ဘယ်လောက် အကျိုးပြုခဲ့တယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ မျက်မှောက် ကာလလူငယ်တွေကြားမှာ လောင်းကစားမှုတွေ၊ ဒုစရိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ များလာတာဟာ အသုံးမပြုသင့်တဲ့ ဂိမ်းတွေနဲ့လည်း ပတ်သက်မယ်လို့ ထင်ပါတယ်။

အကြမ်းဖက်မှုတွေမှာအသုံးချ

မကြာသေးမီနှစ်များအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပေါ်လာပြီး အကန့်အသတ်နဲ့နေရစဉ်မှာ လူငယ်တွေကြားမှာ ဂိမ်းကစားမှုတွေ ပိုမိုရေပန်းစားလာပါတယ်။ ပိုဆိုးလာတာက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးကိုအကြောင်းပြုလို့ အိုင်တီပညာရှင်တချို့ဖန်တီးထားတဲ့ PDF Game တွေ ပေါ်ထွက်ခဲ့ပြီး အမေရိကန်၊ စင်ကာပူနဲ့ ဩစတြေးလျမှာ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ဒီဂိမ်းကို နိုင်ငံ ခြားသားတွေ စိတ်ဝင်စားမှုမရှိဘဲ ပြည်တွင်း/ပြည်ပက စိတ်ခံစားချက် မြင့်မားတဲ့ မြန်မာတွေနဲ့ မသိနားမလည်တဲ့လူငယ်အချို့က အသုံးပြုခဲ့ကြ ပါတယ်။

တော်လှန်ရေးမှာမပါဝင်နိုင်တဲ့ လူငယ်တွေကို အွန်လိုင်းပေါ်မှာ စိတ်ကူးယဉ်လို့ရအောင် ဖန်တီးပေးထားတာလို့ဆိုပါတယ်။ အမှန်တကယ်တော့ ဂိမ်းစွဲလမ်းတဲ့လူငယ်တွေကို အသုံးချပြီး ရန်ပုံငွေ ရအောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဂိမ်းထဲမှာကစားတဲ့ ကျည်တွေကို ၁ ဒေါ်လာ၊ ၁၀ ဒေါ်လာ၊ ၉၉ ဒေါ်လာဆိုပြီး ဝယ်ရပါတယ်။ ၁ ဒေါ်လာကို ကျည်အတောင့် ၅၀၀၀ ရပါတယ်။ နောက်တစ်နည်းက ဒီဂိမ်းဆော့ဖို့ ကျည်ဆန်တွေကို ကြော်ငြာတွေကိုကြည့်ပြီး ငွေဖန်တီးတဲ့ နည်းလမ်းဖြစ်ပါတယ်။

အကြမ်းဖက်ဥပဒေနဲ့ငြိစွန်း

ဒီလိုဂိမ်းတွေကို သိလျက်နဲ့ဖြစ်စေ၊ မသိလို့ဖြစ်စေ မိမိတို့ဖုန်းထဲမှာ ထည့်သွင်းထားပြီး ဂိမ်းကစားမယ်ဆိုရင် အန္တရာယ်ရှိတယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။ ဂိမ်းဆိုတာ လူငယ်လူရွယ်တွေအတွက် အပျင်းပြေ၊ အပျော်အဖြစ် ကစားတယ်ဆိုပေမယ့် အန္တရာယ်ရှိနိုင်တဲ့ ဂိမ်းတွေကိုတော့ သတိထားကစားဖို့လိုအပ်ပါတယ်။ NUG နဲ့ CRPH အကြမ်းဖက် အဖွဲ့တွေဟာ ပြည်သူတွေကို တော်လှန်ရေး အကြောင်းပြပြီး နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေ ရန်ပုံငွေတွေရရှိဖို့နဲ့ လူငယ်တွေလမ်းမှားရောက်စေမယ့် PDF Game တွေကိုဖန်တီးခဲ့ကြပါတယ်။ ဒီ PDF Game Application တွေကို လက်ကိုင်ဖုန်းတွေမှာ ယူမထားဖို့လိုပါတယ်။

အခုပေါ်ထွက်နေတဲ့ အန္တရာယ်ရှိတဲ့ PDF ဂိမ်းတွေဟာ PDF Hero ၊ PDF Hero-2၊ End Game- Union Multiplayer War of Heroes တွေဖြစ်ပါတယ်။ ဒီဂိမ်းတွေဟာ အကြမ်းဖက်မှုကို အားပေးတဲ့ဂိမ်းတွေဖြစ်တာကြောင့် ဖန်တီးထုတ်လုပ်တာဖြစ်ဖြစ်၊ ကြော်ငြာထည့်သွင်းတာ ဖြစ်ဖြစ်၊ အသုံးပြုတာဖြစ်ဖြစ် ဘယ်လိုနည်းနဲ့လုပ်လုပ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းပါတယ်။

အရေးယူခံရမှာဖြစ်

စစ်တိုက်ကစားဖို့ လိုအပ်တဲ့ကျည်ဆန်တွေကို ဂိမ်းမှာပါဝင်တဲ့ ကြော်ငြာတွေကိုကြည့်ပြီး ဖြည့်တင်းရတာကြောင့် ဒီဂိမ်းကို ဆော့ကစားသူတွေဟာ PDF Game ကြော်ငြာအားလုံးကို ကြည့်ရှုပြီးပါက အလှူငွေကျပ် ၅၀ အလိုအလျောက်ပေးသွင်းပြီးဖြစ်နေပါတယ်။ ဒါကြောင့် PDF Game တွေကစားတာဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို အထောက်အပံ့ပေးတဲ့ ကစားနည်းဖြစ်တယ်ဆိုတာကို လူငယ်တွေကြားမှာ သိရှိနားလည်စေဖို့ အသိပေးမှုတွေမျှဝေပေး ဖို့ လိုအပ်ပါတယ်။ အကယ်၍ လမ်းခရီးမှာ သက်ဆိုင်ရာကလုံခြုံရေးအရ စစ်ဆေးစဉ် မိမိတို့လက်ကိုင်ဖုန်းအတွင်းမှာ PDF ဂိမ်းတွေရှိနေတာကိုတွေ့ရှိရင် အရေးယူခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် PDF Game တွေမှာပါဝင်ပြီး အခကြေးငွေပေးကာ ကြော်ငြာထည့်သွင်းထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း အရေး ယူခံရမှာဖြစ်ပါတယ်။

နည်းပညာတိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလမှာ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေ အပျင်းပြေစေဖို့ ဂိမ်းတွေဖန်တီးထုတ်လုပ်ကြတာကို အပြစ်မဆိုလိုပါဘူး။ ဒါပေမဲ့ ပုံမှန် အပျင်းပြေစေမယ့် ပျော်ရွှင်စရာဆော့ကစားကွက်တွေထက် ပိုမိုလွန်ကဲတဲ့လူတွေရဲ့ စိတ်ဓာတ်နဲ့ စရိုက်လက္ခဏာတွေ ပျက်ပြားစေမယ့် နည်းပေးလမ်းပြဖန်တီးထားမှုတွေကိုတော့ သတိထားဖို့လို ပါတယ်။

ဂိမ်းတွေစတင်ပေါ်ပေါက်စဉ်က ဘောလုံးပွဲဂိမ်း၊ ငါးဖမ်းဂိမ်း၊ ကားပြိုင်ပွဲဂိမ်း၊ စစ်ပွဲဂိမ်း၊ အားကစားဂိမ်း စတဲ့ ဂိမ်းတွေဟာ အပျော်သက်သက်ဖြစ်ပေမယ့် ၂၀၀၀ ပြည့်လွန်ကာလတွေက စလို့ ပေါ်ပေါက်လာတဲ့ဂိမ်းတွေထဲမှာ လောင်းကစားဂိမ်းတွေ၊ ဒုစရိုက်မှုကိုအားပေးတဲ့ ဂိမ်းတွေအပြင် အကြမ်းဖက်ရက်စက်မှုတွေ ဖန်တီးထားတဲ့ အကြမ်းဖက်ဂိမ်းတွေ ပေါ်ပေါက် လာပါတယ်။ မျက် မှောက်ကာလတွေမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကြမ်းဖက် ရက်စက်မှုတွေ ပိုများလာတဲ့သဘောဖြစ်လာတာတွေကို တွေးတောဆင်ခြင်ကြည့် ရင် သတိပြုစရာတွေဖြစ်ပါတယ်။ ပိုလို့ ဆိုးတဲ့အခြေအနေ တွေဖြစ်လာတာက တိုင်းပြည်တွေရဲ့ နိုင်ငံရေးလောကမှာ ဂိမ်းတွေကိုအသုံးချလာလို့ အစိုးရတွေက ပိတ်ပင်တားမြစ်အရေးယူ ကြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးကို အကြောင်းပြုပြီး မြေပြင်ပေါ်မှာရော အွန်လိုင်းနည်းပညာတွေ ပေါ်မှာပါ အဖျက်အမှောင့်တွေ အမျိုးမျိုးအဖုံဖုံ ဖန်တီးလာကြပါတယ်။ ယခုအသုံးချလာတဲ့ PDF Game တွေဟာ အကြမ်းဖက်အဖွဲ့တွေအတွက် ရန်ပုံငွေရှာဖွေပြီး လူငယ်တွေကို ဒုက္ခ ရောက်အောင် အသုံးချဖန်တီးထားတဲ့ အန္တရာယ်ရှိတဲ့ဂိမ်းတွေဖြစ်ပါတယ်။ အကြမ်းဖက်ဂိမ်း တွေနဲ့ စိတ်ကူးယဉ် မယ်ဆိုရင် ဂိမ်းကိုနိုင်အောင်မကစားနိုင်ဘဲ PDF Game ကစားတဲ့သူတွေ ဂိမ်းသွားနိုင်တာကို သတိပြုဖို့လိုပါတယ်။ ဒါ့ကြောင့် လူငယ်တွေနဲ့ မိဘအုပ်ထိန်းသူတွေအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ PDF Game တွေကို သိရှိထားကြဖို့နဲ့ သတိပြုရှောင်ရှား ကြဖို့စေတနာကောင်းနဲ့ အသိပေးနှိုးဆော်လိုက်ရပါတယ်။      ။

MOI

ကိုပေါက်

(ယမန်နေ့မှအဆက်)

နှစ်နိုင်ငံအကျိုးစီးပွားအတွက် ရည်ရွယ်၍

ဤနေရာတွင် China - Myanmar Economic Corridor (CMEC) မှ မြန်မာနိုင်ငံ အကျိုးစီးပွားနှင့် ဆက်စပ်နေသည့် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကို လေ့လာကြည့်ရပါမည်။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ Gateway ၊ တရုတ်အတွက် ကမ္ဘာကို ချဲ့ထွင်မည့် နိုင်ငံတကာစျေးကွက် အကျိုးစီးပွားများကို မြင်မိပါသည်။ စီးပွားရေးတစ်ခုတည်းမက စွမ်းအင်ဖူလုံမှု၊ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်၊ နယ်စပ်ဒေသများ လုံခြုံရေးနှင့် နယ်စပ်ကုန်သွယ်ရေးများ ပါဝင်သော လုံခြုံရေးရာရှုထောင့်များမှ နှစ်နိုင်ငံအကျိုးစီးပွား၊ ဒေသအကျိုးစီးပွား၊ ကမ္ဘာ့အကျိုးစီးပွားများအထိ မြင်ရပါမည်။

စွမ်းအင်ဆိုင်ရာကဏ္ဍတွင် အရှေ့အလယ်ပိုင်းနှင့် အာဖရိကရေနံစိမ်းကို ၂၀၁၃ ခုနှစ်၊ မြန်မာ့ သဘာဝဓာတ်ငွေ့ကို ၂၀၁၇ ခုနှစ်ကတည်းကပင် အရှည် ၇၇၁ နှင့် ၇၉၃ ကီလိုမီတာအသီးသီးရှိသော ရေနံစိမ်းပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများဖြင့် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ခရိုင် ချုံကျင်းမြို့အထိ သွယ်တန်း၍ တင်ပို့နေပြီဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နန့်ခမ်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသည့် ရွှေလီရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့နေပြီဖြစ်သည်။ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှရောက်ရှိလာသော ရေနံစိမ်းများကို ယူနန်သို့ ပိုက်လိုင်းမှတစ်ဆင့် တင်သွင်းရာမှာ အရေးပါသော ကျောက်ဖြူ မဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့်အတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်ကုန်းလမ်း ရထားလမ်းကြောင်းများကြောင့် ဤဒေသသည် နောင်တွင် ဒေသတွင်း၌ ထင်ရှားသော မြန်မာ့စက်မှုဇုန်အချက်အချာနေရာတစ်ခုအဖြစ် ရောက်ရှိလာမည်မှာ မလွဲပါ။

ထို့အပြင် ယူနန်နယ်စပ်မြို့ ရွှေလီမှ မူဆယ်၊ ကျောက်ဖြူအထိ ရထားလမ်း၊ ကားလမ်းများဖြင့် ပုံဖော်ထားသည့် တရုတ်နိုင်ငံ၏ အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာနှစ်စင်းမူဝါဒကြောင့်လည်း ယူနန်ပြည်နယ်၏ အရှေ့တောင်အာရှနှင့် တောင်အာရှကုန်သွယ်ရေးလမ်းကြောင်းအိပ်မက်ကြီးသည် အမှန်တကယ်ဖြစ်လာနိုင်သည်။ ရလဒ်အနေဖြင့် အမေရိကန်ရေတပ်၏ ခြိမ်းခြောက်မှုအောက်ရောက်နေသည့် တရုတ်ကုန်သွယ်လမ်းကြောင်း ဖြတ်သန်းရာ မလက္ကာရေလက်ကြားအပေါ် မှီခိုနေရမှုသည်လည်း လျော့ကျသွားနိုင်ပါသည်။

မြန်မာနိုင်ငံအရှေ့မြောက်ဒေသများနှင့် နယ်စပ် ယူနန်ခရိုင်သည် အဓိကကုန်သွယ်ဖက်များဖြစ်သော်လည်း ခေတ်အဆက်ဆက် မူးယစ်ဆေးဝါးစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်ရာသံသရာထဲမှ ရုန်းမထွက်နိုင်သောနေရာများလည်းဖြစ်သည်။ ထိုဒေသတစ်ခုလုံး မူးယစ်ဆေးဝါးပပျောက်ပြီး တရားဥပဒေစိုးမိုးကာ ကုန်သွယ်ထုတ်လုပ်မှုနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့် ဒေသတစ်ခုဖြစ်ပေါ်လာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ထွက်လာပြီး ဆင်းရဲမှုပပျောက်ရေးအတွက် နယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန်များ တည်ဆောက်နိုင်ရန် လိုအပ်နေပါသည်။

လမ်းကြောင်းပုံသဏ္ဌာန်

CMEC စင်္ကြံဆိုသည်ကို မြင်ကြည့်လျှင် Y ပုံသဏ္ဌာန်ရှိပြီး ကီလိုမီတာ ၁၇၀၀ အရှည်ရှိပါသည်။ လမ်းကြောင်းသည် တရုတ်နိုင်ငံ ယူနန်ခရိုင်မြို့တော် ကူမင်းမြို့မှစတင်ပြီး တရုတ်-မြန်မာနယ်စပ်ကို မူဆယ်၌ဖြတ်၍ မန္တလေးအထိ၊ ထိုမှနှစ်ပိုင်းခွဲကာ မူလတစ်ကြောင်းအဖြစ် ရခိုင်ပြည်နယ် ကျောက်ဖြူမှသည် ဘင်္ဂလားပင်လယ်အော်အထိလည်းကောင်း၊ နောက်တစ်ကြောင်းက မန္တလေးမှ ကုန်သွယ်မြို့တော် ရန်ကုန်အထိလည်းကောင်းဖြစ်သည်။ ထိုစင်္ကြံလမ်းကြောင်းများကြောင့် ဥရောပ၊ အာဖရိက အထိ တရုတ်နိုင်ငံ၏ ကုန်သွယ်မှုလမ်းကြောင်းအရှည်သည် ကီလိုမီတာ ၃၀၀၀ ခန့် လျော့နည်းသွားသည်ဟု ဆိုပါသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် နေပြည်တော် ပူးတွဲကွန်ဖရင့်တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ စတင်ကြေညာခဲ့သည့် CMEC သည် နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းရေးသာဖြစ်ပြီး အကျိုးယုတ်စရာမရှိပါ။ ထို့ကြောင့် တရုတ်နိုင်ငံ BRI အောင်မြင်ရေးတွင် အိန္ဒိယသမုဒ္ဒရာဆီ ဝင်ပေါက်၊ ထွက်ပေါက်သဖွယ်ဖြစ်နေသည့် မြန်မာနိုင်ငံပါဝင်နေသည့် တရုတ်- မြန်မာ CMEC ကို အမြန်အကောင်အထည်ဖော်နိုင်ရန် အရေးကြီးပါသည်။ ထို့ကြောင့်လည်း အဆိုပြုစီမံကိန်း ၃၃ ခုအနက် နယ်ပယ်ကိုးခုကို လွှမ်းခြုံသည့် တန်ဖိုးအားဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉ ဘီလီယံရှိသည့် စီမံကိန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။

စီမံကိန်းသုံးခု

ဆက်လက်၍ CMEC မူဘောင်အောက်ရှိ အဓိကကျသော စီမံကိန်းကြီးသုံးခုကို လေ့လာကြည့်ရ အောင်ပါ။ နံပါတ်(၁) တရုတ်နိုင်ငံ CITIC အုပ်စုနှင့် မြန်မာနိုင်ငံတို့၏ ၂၀၁၈ ခုနှစ် ကနဦးသဘောတူညီ ချက်အရ စတင်ခဲ့သော ၄၂၈၉ ဧကရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းနှစ်ပိုင်း ပါဝင်သည်။ ကွန်တိန်နာတင်သင်္ဘောများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘောများ ဆိုက်ကပ်ရာ မဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့် ရမ်းဗြဲဆိပ်ကမ်းနှစ်ခု၊ အဆင့်မြင့်အိမ်ရာ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုလှောင်ကန်၊ ဓာတ်အားပေးရုံစီမံကိန်းများ ပါဝင် သည့် ရေနက်ဆိပ်ကမ်းအပိုင်းနှင့် ချည်မျှင်နှင့် အထည်၊ အစားအသောက်၊ ရေထွက်ပစ္စည်း၊ ဆေးဝါး၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်နှင့် သုတေသနလုပ်ငန်းများပါဝင်သည့် စက်မှုဇုန်အပိုင်းများဟူ၍ ဖြစ်သည်။ ကနဦးအဆင့်မှာပင် စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းနှစ်ခုမှ လုပ်ငန်းအသစ်ပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်မည်ဟုလည်း ဆိုပါသည်။

CMEC မူဘောင်အောင်တွင် နံပါတ် (၂) စီမံကိန်းများအဖြစ် နှစ်နိုင်ငံနယ်ခြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကို တွေ့ရမည်ဖြစ်သည်။ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဟာဗျူဟာအရ အချက်အချာကျသော နယ်စပ်မြို့များနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်မြို့များအကြား ဟိုချောင် - ကံပိုင်တည်ဂိတ်၊ ရွှေလီ-မူဆယ်ဂိတ်၊ မိန်းတိန် - ချင်းရွှေဟော်ဂိတ်သုံးခုတွင် တည်ရှိသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များသည် နယ်စပ်ကုန်သွယ်ရေး၊ ယဉ်ကျေးမှုပူးပေါင်းဆောင် ရွက်မှုစင်တာနှင့် စီးပွားရေးဇုန်များ ထူထောင်နိုင်သည်အထိ ရည်မှန်းဆောင်ရွက်လျက်ရှိသည့်ဇုန်များ ဖြစ်သည်။ ထို့နောက် CMEC အောက်မှ နံပါတ် (၃) ကျောက်ဖြူ - ကူမင်း ရထားလမ်းစီမံကိန်းကလည်း စိတ်ဝင်စားစရာကောင်းသည်။ တရုတ်နိုင်ငံအတွင်း ရထားလမ်းစနစ်ဖြင့် ချိတ်ဆက်ထားသည့် ကီလိုမီတာ ၁၄၀၀ အရှည်ရှိ ကူမင်း-ကျောက်ဖြူ လျှပ်စစ်အမြန်ရထားစီမံကိန်းလမ်းကို မူဆယ်- မန္တလေး၊ မန္တလေး - ကျောက်ဖြူ အပိုင်းနှစ်ပိုင်းခွဲ၍ ရေနံနှင့် ဂက်စ်ပိုက်လိုင်းနှင့်အပြိုင် ဆောင်ရွက်သွား ရန် ဘူမိဗေဒတိုင်းတာမှုများကို စတင်ဆောင်ရွက် နေပြီဖြစ်ပါသည်။

စိန်ခေါ်မှုများလည်းရှိနေမည်သာ

 ကြီးမားသော ကမ္ဘာ့အဆင့် စီးပွားရေးကွန်ရက်ကို ဦးဆောင်နေသူ တရုတ်နိုင်ငံနှင့် မိတ်ဖက်ပါတနာ မြန်မာနိုင်ငံနှစ်နိုင်ငံလုံးအတွက် အားသာချက်နှင့် အခွင့်အလမ်းများရှိသည့်နည်းတူ စိန်ခေါ်မှုများ လည်း ရှိနေမည်မှာမလွဲပါ။ ထိုစိန်ခေါ်မှုများကြောင့်ပင် CMEC တိုးတက်မှုမှာ ကာလတစ်ခု အတွင်း နှောင့်နှေးခဲ့ရသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များတည်ရှိရာ နှစ်နိုင်ငံနယ်ခြားမြို့ များသည် လက်နက်ကိုင်အဖွဲ့အစည်းများစွာရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော ဒေသများဖြစ်သည့် အတွက် ထိုဒေသများ တည်ငြိမ်အေးချမ်းအောင် ဦးစားပေးဆောင်ရွက်နေရခြင်းဖြစ်သည်။

တရုတ် - မြန်မာနယ်စပ်တွင် တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အားကောင်းပြီး ဒေသတွင်း မတည်ငြိမ်ခြင်းက တိုးတက်မှုအတွက်  မည်သည့်ကြိုးပမ်းမှုကိုမဆို ဟန့်တားရာရောက်ပါသည်။ အချို့သောဒေသများတွင် ကျရောက်တတ်သည့် သဘာဝကပ်ဘေး၊ ရောဂါကပ်ဘေးကဲ့သို့ စိန်ခေါ်မှု များကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ ဖွံ့ဖြိုးမှုကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပက ဖန်တီးမြဲ လက်ရှိ ကြုံတွေ့ရင်ဆိုင်နေရသည့် ဟန့်တားနှောင့်ယှက်မှုများအားလုံးကို အနာဂတ်စိန်ခေါ်မှုများအဖြစ် ဆက်လက်ထည့်သွင်းထားရပါဦးမည်။

ဖွံ့ဖြိုးမှုအမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အချို့ဒေသခံတို့၏အမြင်များ

ဥပမာ- သဘာဝပတ်ဝန်းကျင်၊ မြေယာပိုင်ဆိုင်မှုကို သင်ခန်းစာယူ၍ ညီညွတ်မျှတသော တုံ့ပြန်မှု၊ ကောင်းမွန်သောအုပ်ချုပ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ အားလုံးပါဝင်မှုများဖြင့် ပုံရိပ်ကောင်းများ ဖြစ်ပေါ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တွေ့ကြုံရနိုင်မည့် အန္တရာယ်များအတွက်လည်း ပုံမှန်အကဲဖြတ်အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ကြောင့်လည်း စိန်ခေါ်မှုများရှိနေငြား CMEC ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကား ဆက်လက်အပြုသဘောဆောင်နေမည် ဖြစ်ပါသည်။

၂၀၂၅ ခုနှစ် IMF ကမ္ဘာ့ GDP (PPP) ထုတ်ပြန်ချက်အရ USD သန်းပေါင်း ၄၁ ဒသမ ၇၁ သန်းဖြင့် ကမ္ဘာတွင် စီးပွားရေးစွမ်းဆောင်နိုင်မှု အမြင့်ဆုံး နိုင်ငံဖြစ်နေသည့် တရုတ်နိုင်ငံ၏ BRI ပန်းတိုင်တွင် ပါဝင်ခြင်းဖြင့် သိသာထင်ရှားသောအကျိုးကျေးဇူးများစွာကို ရရှိမည်ဟု ယူဆပါသည်။ အိမ်နီးချင်းမိတ်ဆွေကောင်းစိတ်ဓာတ်ကို အခြေခံ၍ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးမှုအရာတွင် တန်းတူညီမျှ ပေါင်းစည်းမှုမှတစ်ဆင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုများ ရရှိလာမည်ဟု ယုံကြည်ထားပါသည်။ ထိုသို့သော အပြန်အလှန်ယုံကြည်မှုကသာ ဒေသတွင်းဖွံ့ဖြိုးမှုနှင့် တည်ငြိမ်မှုကိုပါ ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။

နယ်မြေအခြေအနေတည်ငြိမ်ပါက ကျောက်ဖြူအပါအဝင် အထူးစီးပွားရေးဇုန်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ခရီးသွားလုပ်ငန်းများစွာကို အကောင်းဆုံးဆွဲဆောင်ရာဖြစ်သည်။ အခွန်အကောက်ရငွေများ တိုးတက်လာမည်မှာ သေချာသည်။ စီးပွားရေးလုပ်ငန်းရှင်များ၏ ပြည်တွင်းထုတ်လုပ်မှုများ တိုးတက်လာမည်။ ထိုမှတစ်ဆင့် အခြားသောစင်္ကြံများနှင့် ချိတ်ဆက်မိကာ ဒေသတွင်း ကုန်သွယ်စျေးကွက်မှသည် ကမ္ဘာ့စျေးကွက်ကွန်ရက်အထိ ခြေဆန့်နိုင်တော့မည်ဖြစ်သည်။

MSME လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ထွက်လာစရာရှိသည်။ ရခိုင် တိုင်းရင်းသားများအပါအဝင် မြန်မာတိုင်းရင်းသားများအကြား ဆင်းရဲမှုနှင့် မညီမျှမှုများ လျော့နည်းလာမည်ဖြစ်သည်။ လူနေမှုဘဝများ သိသာထင်ရှားစွာ တိုးတက်လာမှုကြောင့် ငြိမ်းချမ်းရေးအာမခံချက်များကိုလည်း မြင်နေရသည်။ လက်တွေ့ကျသော ချဉ်းကပ်မှုများမှ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများစွာနှင့် ထိတွေ့ဆက်ဆံခွင့်လည်း ရရှိလာနိုင်မည် ဖြစ်ပါသည်။

နည်းပညာအပါအဝင် ကျွမ်းကျင်ပညာတတ်လူသားအရင်းအမြစ်များစွာကို မွေးထုတ်၍ ထိုလူသားစွမ်းအားကို ထိထိရောက်ရောက် အသုံးချနိုင်တော့မည်ဖြစ်သည်။ ဤသို့ဖြင့် မဟာဗျူဟာ အချက်အချာအရ၊ စီးပွားရေးအရ၊ ပထဝီနိုင်ငံရေးအရ အခွင့်အလမ်းကောင်းများကို အကောင်းဆုံး အသုံးချပြီး အတားအဆီးများကိုနည်းပါးအောင် ပြုခြင်းဖြင့် လှပသောအနာဂတ်ကို ပုံဖော်နိုင်မည်ဖြစ်သည်ဟု ယုံကြည်ထားပါသည်။ ။

ကိုးကား -      Shoon Lei Win ၏ Master of Arts Thesis

“CHINA-MYANMAR RELATIONS IN THE CONTEXT OF THE CHINA- MYANMAR ECONOMIC CORRIDOR” (CMEC), June 4,2025.

မိုးကေနိုင်

ဒီဓာတ်ပုံထဲက အဆောက်အအုံကြီးလိုပဲ သူတို့ရဲ့ခေါင်းထဲမှာ အမှောင်ဖုံးနေတယ်။ ဉာဏ်ရည်ဉာဏ်သွေးဆိုတာလည်း သိပ်မရှိလှဘူး။ သူတို့ရဲ့ မအောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ပေါ်လွင်လာလေလေ၊ သူတို့ဟာ ပိုပြီးတော့ အရေးမပါတဲ့သူတွေ ဖြစ်လာလေလေပဲ။ ဉာဏ်ရှိရှိ စဉ်းစားတွေးခေါ် တတ်တာမျိုးမဟုတ်တဲ့အတွက်ကြောင့်ဘဲ သူတို့ဟာ အမြဲတမ်းကျရှုံးနေရတာ။ ကြာတော့လည်း ကျရှုံးတာတွေနဲ့ပဲ ထုံပေပေဖြစ်နေကြပြီထင်ပါရဲ့။ ကိုယ့်အမှားကိုလည်း ကိုယ်ကိုယ်တိုင်လက်မခံဘဲ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာ‌လေးထဲမှာပဲ နေနေကြတော့တာပေါ့။

နယူးယောက်မှာရှိတဲ့ ဆင်စွယ်နန်းတော်ကြီးရဲ့ထိပ်ဆုံးမှာ ထိုင်နေကြတဲ့ ထွေချုပ်ကြီးနဲ့ သံတမန်ကြီးတို့ကိုလည်းကြည့်ပါဦး။ ရှိရှိသမျှ ရှုပ်ထွေးပွေလီမှုပေါင်းစုံနဲ့ ဆီးရီးယားအရေးကိစ္စဟာ သူတို့ရဲ့ နောက်ဆုံးပေါ်ကျရှုံးခန်းပါပဲ။ ဆီးရီးယားအတွက် သံတမန်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ခဲ့ကြပြီးပြီ။ ဒါပေမယ့် သူတို့တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတဲ့လူတွေက ဆီးရီး ယားကို ပိုပြီးနက်သထက်နက်တဲ့ ချောက်ထဲကိုပဲ ဆွဲချသွားခဲ့ကြတယ်။

မြန်မာနိုင်ငံအတွက် စေလွှတ်ခဲ့တဲ့ သံတမန်တွေ ဘယ်လောက်တောင်များနေပြီလဲ။ သူတို့ အားလုံး ပေါင်းပြီး တစ်ခုတည်းသော အောင်မြင်မှုဆိုတာကို များ ပြနိုင်လို့လား။

သူတို့ကို လစ်ဗျား၊ ဟေတီ၊ ဆူဒန်၊ ကွန်ဂို၊ ဆိုမာလီယာစတဲ့ နိုင်ငံတွေရဲ့ အရေးတွေနဲ့ပတ်သက်ပြီး ပြန်ပြီးသတိပေးနှိုးဆော်ကြဦးမှ။ စာရင်းက တော်တော်ရှည်နေပြီလေ။ လက်တွေ့မှာတော့ ပဋိပက္ခတွေရပ်သွားတာ ဒါမှမဟုတ် ဖြေရှင်းစရာနည်းလမ်းတွေပေါ်လာတာက ‘‘အန်ကယ်ကြီးတွေ’’ အဆုံးအဖြတ်ပေးလိုက်မှသာ ဖြစ်လာနိုင်တာ။ ဂျီနီဗာနဲ့ နယူးယောက်က ဆင်စွယ်နန်းတော်ကြီးတွေရဲ့ စားပွဲကြီးတွေနောက်မှာထိုင်ရင်း လစာကောင်း‌ကောင်း‌၊ အခွင့်အ‌ရေးများများ ရယူခံစားပြီး သာယာယစ်မူးနေတဲ့ ဒီလူတွေရဲ့ စွမ်း‌ဆောင်ချက်ကြောင့်တော့ လုံးဝမဟုတ်ပါဘူး။

ကျိုးကြောင်းဆီလျော်ပြီး လက်တွေ့ကျတဲ့ စဉ်းစားပုံမျိုး သူတို့မှာ လုံးဝမရှိပါဘူး။ အကောင်းဆုံးဥပမာကတော့ စက်တင်ဘာလကုန် နယူးယောက်မှာလုပ်မယ့် တစ်ရက်တာ အချိန်ကုန်ငွေဖြုန်း ဆွေးနွေးပွဲပေါ့။ အဲဒီရက်ဆို နိုင်ငံတကာ နိုင်ငံရေးနယ်ပယ်က ထိပ်တန်းပုဂ္ဂိုလ်ဘယ်သူမှရှိ‌တော့မှာ မဟုတ်ဘူး။ အရေးကြီးတဲ့သူတွေအားလုံးက တစ်ပတ်စောပြီး ရောက်နှင့်ပြီးသားဖြစ်နေမှာ။ အရေးကြီးတဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ ရောက်နေတုန်း အစည်းအဝေးလုပ်ဖို့ကိစ္စကို သံတမန်ကြီးကတောင် အကောင်အထည်မဖော်နိုင်ဘူးဆိုတော့ တကယ်တမ်းစိတ်ဝင်စားမှုမရှိကြဘူးဆိုတာ ရှင်းနေပြီမဟုတ်လား။ အကျိုးမရှိဘဲ အချိန်ဖြုန်းတာဖြစ်ပေမယ့် ဒီလိုပွဲမျိုးက သံတမန်ကြီးနဲ့ တခြား ‘‘ဒေါင်းယောင်ဆောင်တဲ့ကျီးတွေ’’ အတွက် နယူးယောက်ကို စရိတ်ငြိမ်းအပန်းဖြေခရီးလေး ထွက်ခွင့်ရတာပေါ့။

ဒီညီလာခံကို ‘‘အရပ်ဘက်လူ့အဖွဲ့အစည်း’’ လို့ခေါ်တဲ့ အဖွဲ့တွေရဲ့ လက်ထဲမှာရှိတယ်လို့ဆိုတယ်။ အဲဒီလူတွေက ဘယ်သူတွေလဲ။ အဲဒီလူတွေကို ဘယ်လိုနည်းနဲ့ ရွေးချယ်ထားတာလဲ။ နောက်လာတဲ့မောင်ပုလဲ၊ ဒိုင်းဝန်ထက်ကဲတွေ။ ဒီအဖွဲ့တွေက ဒီလိုရှုပ်ထွေးတဲ့ပြဿနာတွေကို ဖြေရှင်းပေးမယ်ဆိုရင်တော့ … အားလုံးကံကောင်းပါစေလို့ပဲ ပြောရတော့မှာပဲ။ ထပ်ပြောပါဦးမယ်၊ ဒါတွေအားလုံးက ဘာမှအရေးမကြီးဘူး။ နယူးယောက်ကို စမတ်ကျကျ စရိတ်ငြိမ်းအလည်သွားဖို့က အဓိကပဲလေ။

ကျရှုံးမှုတွေနဲ့ ပြည့်နေတဲ့ ကိုးနှစ်တာကာလထဲက နမူနာပြစရာကောင်းတဲ့ ကျရှုံးမှုတစ်ခုကို ပြန်ဆွဲထုတ်ကြည့်ကြရအောင်။ ၂၀၁၇ ခုနှစ်က ရာထူးစရတဲ့ ပထမဆုံးရက်သတ္တပတ်အနည်းငယ် အတွင်းမှာပဲ ထွေချုပ်ကြီးဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ဆိုက်ပရပ်စ်ပဋိပက္ခကို ဖြေရှင်းဖို့ အားကုန်ညှစ်ထုတ်လုပ်ခဲ့တယ်။ အဲဒါက စုတ်ပြတ်နေအောင်အရေးနိမ့်ခဲ့ရတယ်။ အခုရာထူးသက်တမ်း ကိုးနှစ်မြောက်မှာထပ်ပြီး ကြိုးစားတဲ့အခါ…ထပ်ပြီး ရှုံးနိမ့်ပြန်ပါရော။

သူတို့ဟာ ပြဿနာတစ်ခုလေးတောင် ဖြေရှင်းနိုင်စွမ်းမရှိကြဘူး။ သူတို့ကျွမ်းကျင်တာက အဓိပ္ပာယ်မရှိတဲ့၊ ဝေ့လည်ကြောင်ပတ်နိုင်တဲ့၊ ကိန်းကြီးခမ်းကြီးနိုင်တဲ့ ကြေညာချက်တွေ ထုတ်ပြန် ဖို့ပဲ။

နိုင်ငံရေးမှာ ‘စကားလုံးအသုပ်စုံ’ (word salad) ဆိုတဲ့ဝေါဟာရရှိတယ်။ (နက်နဲပုံပေါက်ပေမဲ့ တကယ်တမ်း အဓိပ္ပာယ်မရှိတဲ့၊ နားမလည်နိုင်တဲ့ စကားလုံးတွေ ရောထွေးနေတာကို ပြောတာပါ။)

မကြာသေးခင် လအနည်းငယ်အတွင်းက သူတို့အပေါ် သြဇာညောင်းတဲ့ အန်ကယ်ကြီးက သူတို့ဘာတစ်ခုမှမဖြေရှင်းနိုင်ဘူးလို့ ပြောခဲ့တယ်။ တာဝန်ခံမှုဆိုတာလည်း သူတို့မှာ သိပ်မရှိဘူး။ ဟေတီမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်ခဲ့တဲ့ကိစ္စကြောင့် ခံစားခဲ့ရတဲ့ နာကျင်မှုတွေအတွက် စီမံခန့်ခွဲသူတွေထဲက ဘယ်သူမှ ပြန်လည်ပေးဆပ်ရတာမရှိဘူး။ ဒါရိုးရိုး လိင်စော်ကားမှုမျိုးမဟုတ်ဘူးနော်။ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှု။ အဲဒါကိုတောင် တစ်ကောင်တစ်မြီးမှ အလုပ်ထုတ်မခံရဘူး။ ဒင်းတို့တစ်တွေ ငရဲဘုံကို တန်းတန်းမတ်မတ်ဆင်းပါစေ။ ဒါကြောင့် အန်ကယ်ကြီးက ဒီနေရာကို အလဟဿဖြုန်းတီးတဲ့နေရာကြီးတစ်ခုလို့ ထင်တာလည်း အံ့ဩစရာမဟုတ်တော့ပါဘူး။

ဒါ့အပြင် ရာထူးသက်တမ်း ကိုးနှစ်မြောက်မှာ ခေါင်းဆောင်ကြီးက အတော်ကို သနားကြင်နာ စိတ်တွေယိုဖိတ်ပြီး ကော့စ်ဘဇားကို လည်လည်သွားခဲ့တာကိုလည်း သတိရကြဦးစို့။ အားကိုးရာမဲ့၊ ကံမကောင်းရှာတဲ့ ကလေးတွေနဲ့အတူ ရိုက်ထား တဲ့ ဓာတ်ပုံလေးတွေကလည်း လှမှလှပေါ့။

ဒီနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေလုပ်ဖို့ စီစဉ်ထားတယ်။ အဲဒီ ဆင်စွယ် နန်းတော်ကြီးထဲမှာ ရွေးကောက်ပွဲအကူအညီပေးရေးဌာန (Electoral Assistant Division) ဆိုတာ ရှိတယ်တဲ့။ နား - စမ်း - ပါ။ အဲဒီငတိတွေက ဗျူရိုကရက်ထဲမှာတောင် အပေါစား အဆင့်နိမ့်တွေ။ သူတို့ကို ဘယ်နားမှ ကပ်မလာစေနဲ့။ သံတမန်ကြီးက ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဝင်နှောင့်ယှက်မယ်ဆိုရင် ချက်ချင်းခပ်ပြင်းပြင်း ပြန်ထိုးနှက်ပစ်ရမယ်။ သူတို့ရဲ့သုံးစားမရမှုတွေကိုလည်း အမြဲထောက်ပြနေရမယ်။ မြန်မာနိုင်ငံမှာ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်တန်းတန်းဆက်သွားဖို့ မိတ်ဆွေတွေနဲ့ နိုင်ငံရေးအင်အားတွေ အလုံအလောက်ရှိပြီးသား။ ဒီလူတွေကဝင်လာပြီး ‘‘အားလုံးပါဝင်ရေး’’၊ ‘‘အဓိကပါဝင်ပတ်သက်သူအားလုံး’’ ဘာညာအာပေါင်အာရင်းသန်သန်နဲ့ ရှုပ်ထွေးအောင် ပဲမွှေကြမှာ။ စာရင်းပြည့်အောင် ကျား-မကိစ္စတွေတောင် ထည့်ပြောဦးမှာ။ တကယ်‌တော့ သူတို့က ရှိသမျှအမှိုက်တွေချည်းပဲ သယ်လာမယ့်သူတွေပါဗျာ။

(ဤဆောင်းပါးပါ အမြင်များနှင့် ထင်မြင်ချက်များသည် စာရေးသူ၏ အမြင်များနှင့် ထင်မြင်ချက်များသာဖြစ်သည်။)

(၂၇ - ၇ -၂၀၂၅ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ Kyaw Myint Htoon (Paris) ၏ Failures ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

(၂၇ - ၇ -၂၀၂၅ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ Kyaw Myint Htoon (Paris) ၏ Failures ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)