ယနေ့ကမ္ဘာကြီးသည် အချိန်နှင့်အမျှပြောင်းလဲနေပြီး ပြောင်းလဲမှုတိုင်းတွင် လူ့စွမ်းအားအရင်းအမြစ်ဟူသော လုပ်သားအင်အားမပါမဖြစ်ပါဝင်နေသည်ကိုတွေ့ရသည်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံလူမှုစီးပွားဘဝပြည့်စုံရေး ဦးတည်ဆောင်ရွက်ရာတွင် လုပ်သားစွမ်းရည်မြှင့်တင်ပေးခြင်း၊ အသိဉာဏ်ပညာနှင့် ကြိုးစားဆောင်ရွက်မှုကိုဖြစ်စေသော လေ့ကျင့်သင်ကြားပေးမှုကို အခြေခံလျက်ရှိသည်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနယ်ပယ်တိုင်းတွင် လူသားအရင်းအမြစ်ကို ကောင်းစွာအသုံးချရေးမှာ လွန်စွာအရေးကြီးသည်။ ထို့အတူ ကုန်ထုတ်လုပ်မှုကဏ္ဍများကိုဦးဆောင်နေသည့် အလုပ်သမားများ၏လူမှုဘဝဖူလုံမှုသည် ဘဝအနာဂတ်လင်းရောင်ခြည်ပင်ဖြစ်သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လုပ်ငန်းလိုအပ်ချက်များတွင် လုပ်သားလိုအပ်ချက်မှာ ဟင်းတစ်ခွက်တွင် မပါမဖြစ်ဆားတစ်ပွင့်ပမာတူညီသည်။ ပြည်ပနိုင်ငံအသီးသီးမှ စက်ရုံ၊ အလုပ်ရုံများတွင် ကျွမ်းကျင်အလုပ်သမားများ တရားဝင်ခေါ်ယူရခြင်းစျေးကွက်များဖြစ်ထွန်းအောင်မြင်လာခဲ့သည်။ နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားအချို့သည် အိမ်တွင်းမှုအထောက်အကူပြုအလုပ်နေရာများဖြစ်သည့် အိမ်တွင်းဧည့်ကြိုများ၊ သန့်ရှင်းရေးအလုပ်သမားများ၊ ယာဉ်မောင်းများ၊ ချက်ပြုတ်သူများ၊ ကလေးသူငယ်စောင့်ရှောက်ပေးရသူများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ပေးရသူများ၊ လုံခြုံရေးဝန်ထမ်းများအစရှိသည့် အလုပ်အမျိုးအစားများတွင် ပါဝင်လုပ်ကိုင်လာကြသည်ကိုတွေ့ရှိရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများကို လေ့လာဆန်းစစ်ကြည့်လျှင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်းတို့ကြောင့် လုပ်ခလစာပိုမိုရရှိသည့်နိုင်ငံများကို ရွေးချယ်သွားလာနေကြခြင်းဖြစ်သည်။
အလုပ်သမားအများစုသည် လုပ်ခလစာကိုအခြေခံပြီး လုပ်ခလစာတိုးမြှင့်ရရှိရေး၊ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေး တောင်းဆိုသံများပေါ်ထွက်စမြဲဖြစ်သည်။ အနည်းဆုံးအခကြေးငွေသည် မိသားစုဘ၀ စားဝတ်နေရေးဖြေရှင်းနိုင်သည့် အနိမ့်ဆုံးလုပ်ခကို ဆိုလိုခြင်းဖြစ်သည်။ အနည်းဆုံးအခကြေးငွေသည် ပုံမှန်အလုပ်ချိန်အပေါ်မူတည်သတ်မှတ်ထားသော နှုန်းထားလည်းဖြစ်သည်။ အလုပ်ရှင်နှင့်အလုပ်သမားတို့သည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်သဘောမှီခိုလျက်ရှိပြီး တစ်ဦးအကျိုးစီးပွားကို တစ်ဦးက အထောက်အကူပြုပေးသည့်ပုံစံနှင့်တူသည်။ ယင်းတို့အကြား အပြန်အလှန် ကိုယ်ချင်းစာနာစိတ်ဖြင့် လုပ်ခလစာနှင့် စေတနာလဲလှယ်သော လုပ်ငန်းခွင်မပျက်ညှိနှိုင်းဆွေးနွေးခြင်းများသည် နှစ်ဦးနှစ်ဖက်အတွက် ငြိမ်းချမ်းရေးအသွင်ဆောင်သော ဆက်ဆံရေးတစ်ရပ်ထူထောင်ခြင်းဖြစ်သည်။
တန်ဖိုးရှိလှသော လူ့စွမ်းအားအရင်းအမြစ် ရေရှည်တည်တံ့ရေးအတွက် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များ ဖန်တီးကြရမည်။ အလုပ်ရှင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အသိအမြင်များသည် အရေးကြီးလွန်းလှသည်။ နှစ်ဦးနှစ်ဖက် ချင့်ချိန်တွက်ဆမှုသည် အကျိုးမမဲ့ အကျိုးဖြစ်ထွန်းသောလုပ်ရပ်များဖြစ်သည်။ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များဖန်တီးကြရာတွင် ပုံမှန်အလုပ်လုပ်ခွင့်ရှိသည့် အသက်အရွယ်ကို သတိပြုရမည်။ ဥပဒေအရသတ်မှတ်ထားသည့် အသက်ပြည့်မီမှသာ အလုပ်ခွင်ဝင်ရောက်ရန်ဖြစ်သည်။ သတ်မှတ်ထားသည့် အသက်အောက်ရောက်ရှိနေသည့် ငယ်ရွယ်သူများကို အလုပ်လုပ်ခွင့်မပေးဘဲ အလုပ်ခွင်စည်းကမ်းအတိုင်း တိတိကျကျလိုက်နာရမည်ဖြစ်သည်။ လူငယ်များသည် မိသားစုစားဝတ်နေရေးကြောင့် အလုပ်ခွင်အတွင်း ၀င်ရောက်နေကြရသော်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ်များ၊ အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေများနှင့်ပတ်သက်သော အသိပညာဗဟုသုတအားနည်းခြင်း၊ လုပ်ငန်းခွင်အတွင်း ရပိုင်ခွင့် အခွင့်အရေးများနှင့်သက်ဆိုင်သော အထွေထွေဗဟုသုတများမရှိခြင်းတို့ကြောင့် လုပ်အားခေါင်းပုံဖြတ်ခံရနိုင်မှုနှင့်အတူ လူငယ်များ၏စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည်။
လုပ်ငန်းခွင်အတွင်း အလုပ်သမားများ အချိန်မတိုင်မီသေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ရောဂါ တစ်မျိုးမျိုးခံစားခြင်းများမဖြစ်စေရန် လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ ကျန်းမာရေး၊ သက်သာချောင်ချိရေးဆိုင်ရာ ရပိုင်ခွင့်များကို အလုပ်ရှင်ဘက်မှစီစဉ်ဆောင်ရွက်ပေးရပြီး လုပ်သားများဘက်မှလည်း လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်သည်။ လုပ်ငန်းခွင် မတော်တဆမှုနှင့် ရောဂါဖြစ်ပွားမှုလျှော့ချရေးဆောင်ရွက်ရာတွင် အလုပ်ရှင်၊ အလုပ်သမားများမှ မှန်ကန်သောအသိအမြင်၊ အတွေးအခေါ်ဖြင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်သည်။ ထို့အတူပင် အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိအမြင်များမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပပေးခြင်းဖြင့် ဘေးကင်းလုံခြုံသောဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဓိကလိုအပ်လျက်ရှိသည့် ကျွမ်းကျင်အလုပ်သမားများ၏ အခန်းကဏ္ဍသည် ထိပ်ဆုံးက အရေးပါလာခဲ့သည်။ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရရှိရန်လိုအပ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အလုပ်သမားလိုအပ်ချက်ပြည့်မီရေး ရွှေ့ပြောင်းအလုပ်သမားလိုအပ်မှုအရေအတွက်မှာ စဉ်ဆက်မပြတ်တိုးပွားလာဖွယ်သာရှိသည်။ နိုင်ငံတစ်ခုမှတစ်ခုသို့ ရွှေ့ပြောင်းအလုပ်လုပ်ကြသဖြင့် အလုပ်သမား၊ အလုပ်ရှင်နှစ်ဖက်စလုံးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေသော အကျိုးအမြတ်များရရှိစေနိုင်သည်။ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းသည် ပွင့်လင်းမြင်သာရှိသည့် ခေတ်ကို အမီလိုက်လျက် တစ်ဟုန်ထိုးတိုးတက်နေသော အလုပ်သမားများ၏ စီးပွားရေးအရွေ့ပင်ဖြစ်သည်။ ကမ္ဘာကြီးသည် ခေတ်မီတိုးတက်ခြင်းဖြင့် စက်မှုနည်းပညာနယ်ပယ်အသီးသီးကို ကျော်လွှားရောက်ရှိသည့်တိုင် အသိဉာဏ်ရှိသော လူ့စွမ်းအားအရင်းအမြစ်များကို အသုံးပြုနေရဆဲဖြစ်သည်။
သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာခြင်းကြောင့် ကမ္ဘာကြီးသည် ရွာတစ်ရွာပမာတည်ရှိလာခဲ့သည်။နည်းပညာနယ်ပယ်အသီးသီးတွင်လည်း စက်ကိုထိန်းချုပ်နိုင်သည့် လူသားအကူအညီများ၊ ကျွမ်းကျင်အလုပ်သမားများ၏ စွမ်းပကားများမှာ လိုအပ်နေဆဲဖြစ်သည်။
သို့ဖြစ်ရာ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကိုင်ရေး သတင်းအချက်အလက်၊ အသိပညာများ ကျယ်ပြန့်စွာသိရှိနားလည်ရန်လိုအပ်လှသည်။ အလုပ်သမား များသည် မသိနားမလည်ဖြင့် တရားမဝင်အလုပ်သမားစေလွှတ်ရေးအေဂျင်စီများနှင့် အလုပ်ပွဲစားများကို ဆက်သွယ်ကြလေ့ရှိသဖြင့် အလိမ်ခံရနိုင်ဖွယ်ရှိကြောင်း သတိပြုကြရမည်။ အလုပ်သမား စေလွှတ်ရေးအေဂျင်စီများမှလည်း လူစုဆောင်းမှုအစီအစဉ်တွင် ပွင့်လင်းမြင်သာမှုရှိရမည်။ သို့မှသာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ခေါင်းပုံဖြတ်မှုကင်းဝေးခြင်း၊ ကုန်ကျစရိတ်အနည်းဆုံးဖြစ်ခြင်းအစရှိသော တရားမျှတမှုများရရှိစေမည်ဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် ရွှေ့ပြောင်း သွားလာမှုလုံခြုံရေး၊ အလုပ်သမားဥပဒေပါအတိုင်း ခံစားခွင့်များရရှိရေးမှာ လွန်စွာအရေးကြီးလှသည်။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးလျက်ရှိပြီး ထိုင်း၊ မလေးရှား၊ ကိုရီးယားကဲ့သို့နိုင်ငံကြီးများတွင် အလုပ်သမားအရေးဖြေရှင်းပေးနိုင်မည့် အလုပ်သမားသံတမန်အရာရှိများ စေလွှတ်ထားရှိပေးခြင်း၊ နိုင်ငံတကာအလုပ်သမားရေးရာစံသတ်မှတ်ချက်များကို အလေးထားရှိခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီအလုပ်သမားများအရေး ကူညီဖြေရှင်းပေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘာသာစကားအခက်အခဲ၊ လုပ်ငန်းခွင်အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန် စကားပြန်များထားရှိပေးခြင်းနှင့် သက်ဆိုင်ရာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်လေ့လာသိရှိရသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံသားများ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်တိုးမြှင့်ရေး အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိကြသည်။ အမှန်တကယ် အလုပ် လိုအပ်နေသူများကို အလုပ်ခန့်ထားပေးနိုင်မှုသည် ပြည်သူအများစု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေးကို အလေးထားခြင်းဖြစ်သည်။ အလားတူ ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍတွင် အဓိကမောင်းနှင်အားဖြစ်သည့် အလုပ်သမားများ၏ လုပ်ငန်းကျွမ်းကျင်မှုများသည် လွန်စွာအရေးပါသကဲ့သို့နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်း၊နည်းပညာ၊ အရင်းအနှီးများ ပိုမိုရရှိစေရေး အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူများစွာကို ဖိတ်ခေါ်လျက် ကုန်ထုတ်လုပ်မှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်မှ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ အသုံးချလျက်ရှိရာ အဓိကအင်အားတစ်ရပ်ဖြစ်သည့် အလုပ်သမားများ၏အခွင့်အရေး အပြည့်အဝရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ ပေးရေး၊ တတ်မြောက်ထားသည့် အတတ်ပညာ၊ အတွေ့အကြုံများကို ပြည်တွင်းပြည်ပလုပ်ငန်းခွင် များတွင်အသုံးချနိုင်ရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အလုပ်သမား များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးရေး၊ လူမှုဖူလုံရေးစနစ် အပြည့်အဝရရှိရေးစသော ကောင်းမြတ် သော ဦးတည်ချက်များဖော်ဆောင်ပေးခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့်စံချိန်မီထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မည့်အပြင် နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်းလျက် ဂုဏ်သိက္ခာရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောလုပ်ငန်းခွင်အဖြစ် ရေရှည်တည်တံ့နိုင်မည်ဖြစ်ကြောင်း ယုံကြည်လျက် မေလ ၁ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
ကြက်ငှက်တုပ်ကွေးရောဂါ (Avian Influenza or Bird Flu) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ စောင့်ကြည့်နေသော ရောဂါများစွာထဲမှတစ်ခုဖြစ်ပြီး ဗိုင်းရပ်မျိုးကွဲအလိုက် လူသို့ကူးစက်နိုင်သော ပြည်သူ့ကျန်းမာရေးအန္တရာယ် (Pandemic Risk) ရှိသည့် (က)စာရင်းဝင်ရောဂါဖြစ်သည်။ ကြက်ငှက်တုပ်ကွေး ရောဂါသည် ကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ ငှက်စသည့် မွေးမြူရေးငှက်များနှင့် အရိုင်းငှက်မျိုးစိတ်များတွင် အဓိက ဖြစ်ပွားတတ်သော ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်ပြီး အချို့သောဗိုင်းရပ်မျိုးကွဲများ ( ဥပမာ H5N1, H7N9) သည် လူသို့ကူးစက်နိုင်ကာ ပြင်းထန်သောကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်။
ရေတွင်ကျက်စားလေ့ရှိသောငှက်ရိုင်းများ (Water Birds) နှင့် ကမ်းခြေနေ ငှက်ရိုင်းများ(ShoreBirds)တို့သည် ကြက်ငှက်တုပ်ကွေး (Avian Influenza) ရောဂါပိုးများအား သဘာဝအတိုင်းသယ်ဆောင်နိုင်သည့် လက်ခံကောင်များ (Natural Reservoirs) ဖြစ်သည်။ ထိုငှက်များသည် ရောဂါလက္ခဏာပြခြင်းမရှိဘဲ ဗိုင်းရပ်ပိုးများကိုသယ်ဆောင်နိုင်ပြီး ဆောင်းခိုငှက်များ (Migratory Birds) အဖြစ် နိုင်ငံအချင်းချင်း ရွှေ့ပြောင်းသွားလာမှုများကြောင့် ကြက်ငှက်တုပ်ကွေးရောဂါပျံ့နှံ့မှုကိုဖြစ်စေနိုင်သည်။
ကြက်ငှက်တုပ်ကွေးရောဂါ၏ အကျိုးသက်ရောက်မှုများ
စီးပွားရေးထိခိုက်မှု - ကြက်ငှက်တုပ်ကွေးရောဂါသည် ကြက်မွေးမြူရေးလုပ်ငန်းကို အကြီးအကျယ်ထိခိုက်စေနိုင်သည့်အပြင် ရောဂါကူးစက်ခံရသော ကြက်ငှက်များကိုသတ်ပစ်ရသဖြင့် စီးပွားရေးဆုံးရှုံးမှုများဖြစ်ပေါ်စေသည်။
ပြည်သူ့ကျန်းမာရေး - ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် လူသို့ကူးစက်နိုင်ပြီး အထူးသဖြင့် H5N1 နှင့် H7N9 ဗိုင်းရပ်များသည် အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်သည်။
ဂေဟစနစ်ထိခိုက်မှု - ငှက်ရိုင်းများတွင်ရောဂါပြန့်ပွားခြင်းသည် ဂေဟစနစ်ကို များစွာထိခိုက်စေနိုင်သည်။
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်ပိုး၏ မျိုးရင်းနှင့်မျိုးစုကြက်ငှက်တုပ်ကွေးကိုဖြစ်စေသော ဗိုင်းရပ်များသည် Orthomyxoviridae မျိုးရင်းတွင်ပါဝင်ပြီး ဤမျိုးရင်းတွင် လူနှင့်အခြားနို့တိုက်သတ္တဝါများတွင်တုပ်ကွေးရောဂါဖြစ်စေသော ဗိုင်းရပ်များလည်းပါဝင်သည်။ Orthomyxoviridae မျိုးရင်းအတွင်း ကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် Influenza virus A မျိုးစုတွင်ပါဝင်သည်။
ရောဂါဖြစ်စေနိုင်စွမ်းပြင်းထန်သောအမျိုးအစား (HPAI - Highly Pathogenic Avian Influenza)
HPAI ဗိုင်းရပ်များ အထူးသဖြင့် H5 နှင့် H7 အုပ်စုဝင်ဗိုင်းရပ်များသည် ငှက်များတွင် ပြင်းထန်သောရောဂါလက္ခဏာများနှင့် သေဆုံးနှုန်းမြင့်မားစေနိုင်သည်။
အားပျော့သောအမျိုးအစား (LPAI - Low Pathogenic Avian Influenza)
LPAI ဗိုင်းရပ်များသည် ကြက်များတွင် ရောဂါလက္ခဏာသိပ်မပြင်းထန်ဘဲ အသက်ရှူလမ်းကြောင်း၊ အစာခြေလမ်းကြောင်း သို့မဟုတ် မျိုးပွားမှုဆိုင်ရာပြဿနာများ (ဥပမာ - ဥဥနှုန်းကျခြင်း) ကိုသာဖြစ်စေနိုင်သည်။
ရောဂါလက္ခဏာမပြသောအမျိုးအစားအချို့အခြေအနေများတွင် ရောဂါလက္ခဏာလုံးဝမပြဘဲ ဓာတ်ခွဲစစ်ဆေးမှုများဖြင့်သာ ရောဂါကို ဖော်ထုတ်နိုင်သည်။
လူသို့ကူးစက်နိုင်မှုအခြေအနေများ (Zoonotic Potential)
အချို့သော ကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်ပြီး အသက်အန္တရာယ် ရှိသော ရောဂါများဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် H5N1 နှင့် H7N9 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် လူသို့ကူးစက်နိုင်ပြီး ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်စေနိုင်ကာ ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေနိုင်သည်။ ဗိုင်းရပ်များသည် ဗီဇပြောင်းလဲနိုင်စွမ်းရှိသောကြောင့် လူအချင်းချင်းအလွယ်တကူကူးစက်နိုင်သော ပုံစံသစ်တစ်ခုဖြစ်ပေါ်လာပါက ကမ္ဘာ့ကပ်ရောဂါ (Pandemic)အဖြစ်ပြန့်ပွားနိုင်ပေသည်။
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်၏ မျိုးဗီဇဖွဲ့စည်းပုံကြက်ငှက်တုပ်ကွေးဗိုင်းရပ်များတွင်အပိုင်းရှစ်ပိုင်းပါဝင်သော negative-sense single-stranded RNA ဗီဇပစ္စည်းပါရှိပြီး ထိုဖွဲ့စည်းပုံသည် ဗိုင်းရပ်၏မျိုးဗီဇပြောင်းလဲနိုင်စွမ်း (High Genetic Variability) ကို အထောက်အကူဖြစ်စေကာ မတူညီသော ဗိုင်းရပ်မျိုးကွဲများ ဖြစ်ပေါ်လာစေနိုင်သည်။ ထိုသို့မတူညီသော ဗိုင်းရပ်များပူးတွဲကူးစက်ပါက ဗီဇအပိုင်းများ ပြန်လည်ပေါင်းစည်းကာ Reassortment ဗိုင်းရပ်အမျိုးအစားအသစ်များဖြစ်ပေါ်နိုင်ပြီး ကပ်ရောဂါအန္တရာယ်ရှိသည်။ Influenza A ဗိုင်းရပ်များကို ၎င်းတို့၏မျက်နှာပြင်ရှိ ဂလိုက်ကိုပရိုတင်းနှစ်မျိုးအပေါ်အခြေခံ၍ Hemagglutinin (H) နှင့် Neuraminidase (N)ဟူ၍ခွဲခြားထားသည်။ HPAI (Highly Pathogenic Avian Influenza) ၏ ထင်ရှား သောမျိုးကွဲများမှာ H5N1, H7N9 စသည်တို့ဖြစ်သည်။
မြန်မာနိုင်ငံ၏ကြက်မွေးမြူမှုအခြေအနေ မြန်မာနိုင်ငံ၏ ကြက်မွေးမြူခြင်းကဏ္ဍကို တစ်နိုင်တစ်ပိုင်မွေးမြူခြင်းနှင့် စီးပွားဖြစ်မွေးမြူခြင်းဟူ၍ နှစ်ပိုင်းခွဲခြားနိုင်သည်။ ကြက်ကိုမြန်မာနိုင်ငံအနှံ့အပြားမွေးမြူကြပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် အိမ်ထောင်စုများ၏ ၂၄ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ ကြက်မွေးမြူသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံတွင် ဒေသကြက်ကိုအများဆုံးမွေးမြူကြပြီး စုစုပေါင်းကောင်ရေ ၈၈ ဒသမ ၆ သန်း၏ ၄၆ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ တစ်နိုင်တစ်ပိုင် လွှတ်ကျောင်းမွေးမြူရေးကိုကြည့်လျှင် အိမ်ထောင်စုအလိုက် မွေးမြူထားသော ပျမ်းမျှဒေသကြက်ကောင်ရေမှာ အိမ်ထောင်စုတစ်စုတွင် ၁၅-၂၀ ကောင်ခန့်ရှိသည်။ အသားစားကြက် ၂၃ ဒသမ ၁၅ ရာခိုင်နှုန်း၊ ဥစားကြက် ၂၁ ဒသမ ၃၅ ရာခိုင်နှုန်း၊ ဒေသဘဲ ၄ ဒသမ ၄၄ ရာခိုင်နှုန်း၊ ဥစားဘဲ ၁ ဒသမ ၇၄ ရာခိုင်နှုန်း၊ ငုံး ၁ ဒသမ ၄၆ ရာခိုင်နှုန်းတို့ဖြစ်ပြီး အသားစားဘဲ၊ ကြက်ဆင်၊ ဘဲငန်းနှင့် မန်ဒါလီတို့ကို ၁ ရာခိုင်နှုန်းအောက်သာ မွေးမြူကြောင်းတွေ့ရှိရသည်။ (တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းအစီရင်ခံစာ ၂၀၂၃ မှ)သဘာဝတောရိုင်းငှက်များအခြေအနေမြန်မာနိုင်ငံတွင် သဘာဝဘေးမဲ့တောနှင့် အမျိုးသားဥယျာဉ် ၃၃ ခုရှိသည်။ ဧရိယာအားဖြင့် ၃၁၈၃ စတုရန်းကီလိုမီတာ(၈၂၄၅ စတုရန်းမိုင်)ရှိသည်။
ပျမ်းမျှ ၉၇ စတုရန်းကီလိုမီတာတွင် ၂၅၀ စတုရန်းမိုင် သဘာဝဘေးမဲ့တောတစ်တောရှိသည်။ မြန်မာနိုင်ငံအတွင်း၌တွေ့ရသောကျေးငှက်များတွင် မျိုးတူမျိုးကွဲအားဖြင့် မှတ်တမ်းတင်ထားသောငှက်မျိုးမှာ ၁၂၄ဝ ခန့်ရှိသည်။ ယင်းတို့အနက် ငှက်မျိုး ၂ဝဝ ခန့်သည် ဆောင်းရာသီတွင်မှရောက်လာတတ်သည့်ဧည့်သည်ငှက်မျိုးဖြစ်၍ ကျန်ငှက်များကား မြန်မာနိုင်ငံတွင် အမြဲတမ်းနေသောငှက်များဖြစ်၏။
သို့သော်လည်း ထိုသို့အမြဲတမ်းနေသောငှက်များထဲတွင် နိုင်ငံတွင်း၌ တစ်နေရာမှတစ်နေရာသို့လှည့်လည်သွားလာနေထိုင်တတ်သည့် ငှက်မျိုးများလည်းပါဝင်ပေသေးသည်။ မြန်မာနိုင်ငံ၏တည်နေရာသည် တိုတောင်းသည့်နွေရာသီအတွင်း အစာရေစာမရှားပါးလှသော်လည်း ဆောင်းရာသီအတွင်း အခြေအနေများလွန်ကဲပြင်းထန်လှသည့် အာရှတိုက်မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ကုန်းမြေထုကြီး၏ တောင်ဘက်တွင်ရှိနေသည်။ ထို့ကြောင့် ပိုးမွှားနှင့်ဟင်းသီးဟင်းရွက် အစားအစာပေါများရာ မြန်မာနိုင်ငံအတွင်းသို့ ဆောင်းခိုရန်ငှက်များအုပ်နှင့်ချီ၍ ရောက်လာတတ်သည်။ ထိုသို့လာရောက်ရာတွင် ဇူလိုင်လမှစတင်ကာ တဖြည်းဖြည်းရောက်လာတတ်ပြီးလျှင် စက်တင်ဘာလတွင်ကား အများဆုံးဖြစ်လေသည်။
ငှက်ရိုင်းများနှင့် ကြက်ငှက်တုပ်ကွေးရောဂါ၏ ဆက်နွှယ်မှုငှက်ရိုင်းများသည် ကြက်ငှက်တုပ်ကွေးရောဂါပြန့်ပွားမှုတွင် အဓိကအခန်းကဏ္ဍမှပါဝင်သောကြောင့် ရောဂါပြန့်ပွားမှုကိုထိန်းချုပ်ရန်အတွက် ငှက်ရိုင်းများကိုစောင့်ကြည့်လေ့လာခြင်းသည် လွန်စွာအရေးကြီးသည်။ ငှက်ရိုင်းများ အထူးသဖြင့် ရေနေငှက်များသည် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်၏ သဘာဝအိမ်ရှင်များ ဖြစ်ပြီး ထိုငှက်ရိုင်းများသည် ဗိုင်းရပ်ကိုသယ်ဆောင်နိုင်ပြီး ရောဂါလက္ခဏာမပြဘဲနေနိုင်သည်။ ရေနေငှက်များ (ရေကြက်၊ စင်ရော်၊ ရေဘဲ၊ ဘဲငန်း) နှင့် ကမ်းခြေနေငှက်များ (ကြိုးကြာ၊ မြစ်တွေး၊ တင်ကျီး၊ ဗျိုင်း) တို့တွင် ပုံမှန်အားဖြင့် ကြက်ငှက်တုပ်ကွေးရောဂါအပျော့စားဗိုင်းရပ်ပိုးများ ခိုအောင်းလျက်ရှိသည်။ ၎င်းတို့ကျက်စားရာဒေသတွင် မွေးမြူရေးဘဲများနှင့်ရောနှော၍ ဗိုင်းရပ်များမျိုးရိုးဗီဇပြောင်းလဲစေသည်။ ထိုမှတစ်ဆင့် ရောဂါပြင်းထန်သောကြက်ငှက်တုပ်ကွေးရောဂါအသွင်ပြောင်းလဲ၍ မွေးမြူရေးကြက်များအပြင် လူကိုပါကူးစက်၍သေဆုံးနိုင်သည်။
အချို့နိုင်ငံများတွင် ယခင်အခါက လုံးဝဖြစ်ပွားခဲ့ဖူးခြင်းမရှိသေးသည့် ကြက်ငှက်တုပ်ကွေးရောဂါမှာ ယခုအခါတွင် ဆောင်းခိုငှက်များကြောင့် ရောဂါကူးစက်ဖြစ်ပွားကြောင်းတွေ့ရှိရသည် (ဥပမာ - အိုက်စလန်၊ ဖင်လန်၊ နော်ဝေ၊ ကနေဒါ၏ အချို့ဒေသများ)။ ဆောင်းခိုငှက်များ မြန်မာနိုင်ငံသို့လာရောက်ရာတွင် မြန်မာနိုင်ငံရှိ အထင်ကရတည်ရှိသော အင်းအိုင်ကြီးများတွင် နေထိုင်ကျက်စားကြပြီး အချို့မှာ ခေတ္တ နားနေကြပြီးနောက်တောင်ဘက်နိုင်ငံများသို့ ဆက်လက်ပျံသန်းပြီး အချို့မှာ ဆောင်းရာသီကုန်ဆုံး သည်အထိ မြန်မာနိုင်ငံတွင်ပင်နေထိုင်ကြသည်။
ဆောင်းခိုငှက်များ ရာသီအလိုက်ရွှေ့ပြောင်းသွားလာသည့်အခါတွင် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်ကို တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်သွားနိုင်ခြင်းသည် ရောဂါပျံ့နှံ့မှုကိုအားပေးသည့် အဓိကအချက် တစ်ခုဖြစ်သည်။ သစ်တောဦးစီးဌာန၏စာရင်းများအရ ဆောင်းခိုငှက်များလာရောက်တတ်သော အင်းအိုင်၊ ဆည်မြောင်းနှင့် မြစ်များ၏စာရင်းအရ ၈၈ ခုရှိပြီး အထူးသဖြင့် ၎င်းတို့အနက် ၁၂ ခုမှာ ဆောင်းခိုငှက်များကြောင့် ပိုမိုထင်ရှားကြောင်းသိရှိရသည်။
ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားရန်အန္တရာယ်ရှိသောဒေသများ
H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် ငှက်မျိုးစိတ် ၇၅ မျိုးကျော် (ငှက်မျိုးစဉ် ၁၀ ခုအတွင်း) တွင် တွေ့ရှိရသော်လည်း ရေတိမ်ဒေသ (သို့) ရေနေငှက်မျိုးစိတ်များတွင် အဓိကအဖြစ်များသည်။ H5N1ကူးစက်ခံရသော အရိုင်းငှက်များ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ရေတိမ်ဒေသငှက်များဖြစ်ပြီး သေဆုံးမှုနှုန်းမြင့်မားသည်။
ရေတိမ်ဒေသဆိုသည်မှာ ရေချိုနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အနည်းဆုံးကာလအတိုင်းအတာတစ်ခုအထိ ရေလွှမ်းမိုးနေသော မြေနေရာများကိုဆိုလိုသည်။ သို့သော် ရေတိမ်ဒေသများသည် မြေဆီလွှာအမျိုးအစား၊ ဆားငန်ဓာတ်၊ ရေလွှမ်းမှု အကြိမ်ရေနှင့် သစ်ပင်ပန်းမန်များအပေါ်မူတည်၍ အမျိုးမျိုးကွဲပြားသည်။ သဘာဝရေတိမ်ဒေသများ ဆုံးရှုံးလာခြင်းနှင့်အတူ လူသားတို့ဖန်တီးထားသော ရေတိမ်ဒေသများ (ဥပမာ-ရေလှောင်ကန်၊ ဆားအိုင်များ၊ စပါးစိုက်ခင်းများ၊ မွေးမြူရေးကန်များ)သည်လည်း ငှက်များ၏ အဓိကနေထိုင်ရာနေရာများ ဖြစ်လာသည်။ သဘာဝရေတိမ်ဒေသများဆုံးရှုံးလာ ခြင်းနှင့် စပါးစိုက်ခင်းများပြောင်းလဲခြင်းတို့ကြောင့် ရေငှက်များသည် နေရာကျဉ်းကျဉ်းတွင် ပိုမိုစုဝေးလာရသည်။ ဤသို့သိပ်သည်းစွာစုဝေးမှုသည် H5N1 အပါအဝင် ဗိုင်းရပ်များကူးစက်မှုအန္တရာယ်ကိုမြင့်တက်စေသည်။ မွေးမြူရေးကြက်များ သိပ်သည်းစွာမွေးမြူထားသောဒေသများနှင့် အင်းအိုင်ချောင်းမြောင်းဒေသများ (ငှက်ရိုင်းနှင့် မွေးမြူရေးကြက်များ အလွယ်တကူရောယှက်နိုင်သည့်ဒေသများ)တွင်လည်း ကြက်ငှက်တုပ်ကွေးရောဂါဗိုင်းရပ်များ အလွယ်တကူကူးစက်နိုင်သည်။
ကြက်ငှက်တုပ်ကွေးရောဂါပိုးသယ်ဆောင်နိုင်သောငှက်များရေဝမ်းဘဲ၊ တစီးမှုတ်၊ ဆက်ရက်၊ တင်ကျီး၊ အော်ရော၊ ငန်း၊ ဗျိုင်း၊ ဗျိုင်းအောက်၊ ဘဲငန်း၊ ငှက်ကျား၊ ဘဲကျား၊ ဘဲတောင်ကျား၊ ခရုစုတ်၊ ဘဲရစ်၊ ရေကြက်ဒုံ၊ သင်္ဘောရေကြက်၊ စင်ရော်ခေါင်းမည်း၊ စွန်၊ လင်းတ၊ သိမ်းငှက်တို့ဖြစ်သည်။
ငှက်ရိုင်းများတွင်တွေ့ရှိရသော ကြက်ငှက်တုပ်ကွေး ရောဂါလက္ခဏာများ
• ရုတ်တရက်သေဆုံးခြင်း။
• ဝမ်းကျဲကျဲသွားခြင်း။
• နှာချေခြင်း။
• အကြောင်းတစ်စုံတစ်ရာမရှိဘဲပိန်ချုံးနေခြင်း။
• ကိုယ်ခန္ဓာအရေပြားအောက်တွင် သွေးယိုစီးမှုများဖြစ်ပေါ်ခြင်း။
• ပါးစပ်၊ နှာခေါင်း၊ နားရွက်နှင့် စအိုဝများမှအရည်များယိုစီးနေခြင်း။
• ဦးခေါင်းရောင်ရမ်းခြင်း။ (မျက်စိအပါအဝင်)
• အတောင်ပြန့်ကားနေခြင်း၊ သွေးယိုစီးခြင်း။
• အမူအကျင့်ပုံမှန်မဟုတ်ခြင်း။ (မတ်တတ် မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်းနှင့် မပျံသန်းနိုင်ခြင်း)
• ငှက်ရိုင်းများ အစုလိုက်အပြုံလိုက်နှင့်တစ်စုစီသေဆုံးခြင်း။
အထက်ဖော်ပြပါလက္ခဏာများကိုတွေ့ရှိရပါက သက်ဆိုင်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အကြောင်းကြားရန်လိုအပ်သည်။
ငှက်ရိုင်းများမှတစ်ဆင့် ကြက်ငှက်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် သတိပြုရမည့်အချက်များ
• ငှက်ရိုင်းများကျက်စားသော ဒေသဝန်းကျင်တွင် မွေးမြူရေးဘဲနှင့်ကြက်များ မမွေးမြူစေခြင်း။
• ငှက်ရိုင်းများကျက်စားသောဒေသတွင်းရှိ ရေကန်များမှရေကို မွေးမြူရေးကြက်များ အား မတိုက်ကျွေးစေခြင်း။
• ငှက်ရိုင်းနှင့်မွေးမြူရေးကြက်များ ထိတွေ့မှု မရှိစေခြင်း။
• ကြက်မွေးမြူရေးခြံမှ ထွက်ရှိလာသော အညစ်အကြေးများကို ငှက်ရိုင်းများကျက်စားရာရေအိုင်များသို့ မစွန့်ပစ်ရခြင်း။
• ငှက်ရိုင်းများကို စိုက်ပျိုးရေးဒေသများ သို့မဝင်ရောက်စေခြင်း။
• ကြက်၊ ဘဲမွေးမြူရေးသမားများအနေနှင့် ကြက်ငှက်တုပ်ကွေးရောဂါကို ငှက်ရိုင်းများမှ မကူးစက်နိုင်စေရန် ကျန်းမာသန့်ရှင်းမှုနှင့် ဇီဝလုံခြုံရေးဆိုင်ရာအဆင့်အတန်းများကို ခြံများတွင် မြှင့်တင်ထားရှိရမည့်အပြင် ကြက်နှင့်ဘဲများ သယ်ဆောင်ရာတွင် ဘေးကင်းလုံခြုံမှုကိုဂရုပြုရမည်။
• ငှက်ရိုင်းများ ကျက်စားသောနေရာနှင့် နားနေသောနေရာများမှ ကြက်၊ ဘဲလွှတ်ကျောင်းခြင်းကိုရှောင်ကွင်းရမည်။
• လွှတ်ကျောင်းစနစ်ဖြင့်မွေးမြူထားသော ဒေသကြက်များကို ခြံလှောင်စနစ်ဖြင့်
မွေးမြူရန် လူထုပညာပေးရေးလုပ်ငန်းများကို လုပ်ဆောင်ခြင်း။
• ရောဂါစမ်းသပ်ရန်အတွက် သေနေသောငှက်ရိုင်းနှင့် နာနေသောငှက်ရိုင်းများကိုယူဆောင်၍ သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ပေးပို့ခြင်း။
အချုပ်အားဖြင့်ဆိုသော် ကြက်ငှက်တုပ်ကွေးရောဂါသည် တိရစ္ဆာန်များအကြား ကူးစက်မှုမြင့်မားပြီး လူသားများအတွက် အန္တရာယ်ရှိနိုင်သောကြောင့် သတိထားကာကွယ်ရန် အရေးကြီးသည်။ ကြက်ငှက်တုပ်ကွေးရောဂါသည် ကမ္ဘာတစ်ဝန်းရှိ ကြက်မွေးမြူရေးလုပ်ငန်းများနှင့် ဂေဟစနစ်အတွက် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ငှက်ရိုင်းများ (Wild Birds) သည် ဤရောဂါပျံ့နှံ့မှုတွင် အဓိကသယ်ဆောင်သူများအဖြစ်ပါဝင်နေသည်။ ထို့ကြောင့် ငှက်ရိုင်းများ၏အခန်းကဏ္ဍကိုနားလည်ခြင်းသည် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအတွက် အရေးကြီးသည်။ H5N1၊ H7N9 အပါအဝင် အချို့သောကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် ငှက်ရိုင်းများ၏ သဘာဝကျက်စားရာဒေသမှတစ်ဆင့် မွေးမြူရေးကြက်များသို့ကူးစက် ပျံ့နှံ့ကာ လူသားများအတွက်ပါ ကြီးမားသောကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သည်။ ငှက်ရိုင်းများသည် ဂေဟစနစ်၏ အရေးပါသောအစိတ်အပိုင်းဖြစ်သော်လည်း ၎င်းတို့မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို ထိရောက်စွာစီမံခန့်ခွဲရန်အရေးကြီးသည်။ ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့အပါအဝင် အာရှ-ပစိဖိတ်ဒေသရှိနိုင်ငံအချို့တွင် အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ (HPAI) ဖြစ်ပွားမှုအသစ်များရှိခဲ့ကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သို့ သတင်းပို့ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်တွင် ကြက်ငှက်တုပ်ကွေး(HPAI) ရောဂါကူးစက်မှုများဖြစ်ပွားနေသဖြင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် သတိထားကြိုတင်ကာကွယ်ရန်လိုအပ်သည်။
ဤဖြစ်စဉ်များသည် ကြက်မွေးမြူရေးလုပ်ငန်းအတွက် ကြုံတွေ့နေရဆဲဖြစ်သော ကြီးမားသည့် ခြိမ်းခြောက်မှုများကို ထင်ဟပ်ပြနေပြီး ပိုမိုထိရောက် သောကြိုတင်စောင့်ကြည့်ရေးစနစ်များနှင့် ဇီဝလုံခြုံရေးဆိုင်ရာ ကာကွယ်မှုများချမှတ်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်းသတိပေးနေသည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ကြက်ငှက်တုပ်ကွေးရောဂါထိန်းချုပ်ရေးအား အမျိုးသားအဆင့်ငှက်ရိုင်းဆိုင်ရာ စူးစမ်းလေ့လာရေး (Wild Bird Surveillance) အပါအဝင် မွေးမြူရေးခြံများတွင် ကာကွယ်ထိန်းချုပ်ခြင်း၊ ဇီဝလုံခြုံရေးစည်းမျဉ်းများအားချမှတ်ခြင်း၊ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးအစီအမံများကိုမွမ်းမံခြင်း၊ ပြည်သူလူထုအား ကြက်ငှက်တုပ်ကွေးရောဂါ၏ အန္တရာယ်နှင့် ကာကွယ်နည်းများကိုကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများဖြင့်ဆောင်ရွက်လျက်ရှိရာ အိမ်နီးချင်းနိုင်ငံများမှကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ၏ ခြိမ်းခြောက်မှုကို သိသာစွာလျှော့ချနိုင်မည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများ၏စီးပွားရေး၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်များနှင့် ပြည်သူလူထုကျန်းမာရေးကို ကာကွယ်နိုင် မည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့်လည်း ကြက်ငှက်တုပ်ကွေးရောဂါဆိုင်ရာ သတိပြုကာကွယ်မှုများပြုလုပ်ရန်လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
ယနေ့ကမ္ဘာတွင် လူသားများ နေထိုင်စားသောက်မှုပုံစံ စနစ်မကျခြင်းကြောင့် ရောဂါဝေဒနာအမျိုးမျိုးခံစားနေကြရကာ ဆန်းသစ်သော ဝေဒနာများအနက် လူတော်တော်များများ ကျောက်ကပ်ပျက်စီးသောရောဂါနှင့် တွေ့ကြုံနေကြရသည်။ ကျောက်ကပ်၏လုပ်ငန်းဆောင်တာမှာ ခန္ဓာကိုယ်ထဲမှ မလိုလားအပ်သော အဆိပ်အတောက်များကိုဖယ်ရှား၍ သွေးကိုသန့်စင်ပေးသည်။ အကယ်၍ ကျောက်ကပ်သည် ၎င်းအလုပ်လုပ်နိုင်သည်ထက်ပို၍ အလုပ်လုပ်ရသည့်အခါ ဖိအားများစွာဖြစ်လာပြီး ကျောက်ကပ်ပျက်စီးလာသည်။
ကျောက်ကပ်ပျက်စီးခြင်းဝေဒနာကို အမျိုးသား၊ အမျိုးသမီးအားလုံး ခံစားရနိုင်သည်။ ဆီးအခြေအနေပြောင်းလဲခြင်း၊ ခက်ခက်ခဲခဲဆီးသွားရခြင်း သို့မဟုတ် ဆီးသွားနေစဉ် နာကျင်စွာခံစားရခြင်း၊ ဆီးထဲတွင်သွေးပါခြင်း၊ ဆီးအမြှုပ်ထခြင်း၊ ခန္ဓာကိုယ်ဖောသွပ်ခြင်း၊ အလွန်အမင်း မောပန်းနွမ်းနယ်၍ ဖြူရော်ရော်ဖြစ်ခြင်း၊ မူးနောက်၍ အာရုံမစူးစိုက်နိုင်ခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ အရေပြားယားယံ၍ အနီစင်းကြောင်းများပေါ်ခြင်း၊အသက်ရှူရာတွင် အမိုးနီးယားဓာတ်ငွေ့နံ့ခံစားရခြင်း၊ ပျို့အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အသက်ရှူမ၀ခြင်း၊ ခါးဘေးနာကျင်ခြင်းစသည်တို့သည် ကျောက်ကပ်ပျက်စီးသော လက္ခဏာများဖြစ်၍ မပေါ့ဆသင့်ပေ။
သို့ပါ၍ ကျောက်ကပ်ကျန်းမာရေးအတွက် မိမိတို့နေ့စဉ်ဘ၀တွင် ရှောင်ရန်၊ ဆောင်ရန် အစားအစာများကို အောက်ပါအတိုင်း ရေးသား အကြံပြုလိုက်ရပါသည်။
ကျောက်ကပ်ကို ကောင်းကျိုးမပြုသောအစားအစာများ
- နို့၊ ဒိန်ချဉ်၊ နို့ခဲ စသည့်တိရစ္ဆာန်မှရရှိသော အဆီမထုတ်ထားသည့် နို့ထွက်ပစ္စည်းများကို လွန်ကဲစွာစားသောက်ပါက ကျောက်ကပ်ထဲ ကယ်လ်စီယမ်ဓာတ်များ အနည်ကျကာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေသည်။
- ဆိုဒီယမ်(အငန်)ဓာတ်က ခန္ဓာကိုယ်ထဲရှိ အရည်များကို မျှတအောင်ထိန်းပေးနိုင်သောကြောင့် ဆားက မရှိမဖြစ်ဆိုသော်လည်း အငန်ဓာတ်ကို လိုအပ်သည်ထက် ပိုမိုစားသုံးမိပါက ခန္ဓာကိုယ်ထဲတွင် ကယ်လ်စီယမ်ဓာတ်ကို စွန့်ထုတ်မှုပိုများသဖြင့် အရိုးသန်မာမှုကို လျော့နည်းစေသည့်အပြင် ကျောက်ကပ်တွင် ကျောက်တည်နိုင်ခြေ အလားအလာပိုများလာစေသည်။ ထို့ကြောင့် ဆားကို လျှော့နိုင်သမျှ လျှော့စားပါ။
- အသားစား မကြူးပါနှင့်။ အထူးသဖြင့် အမဲ၊ သိုး၊ ဆိတ်၊ ကြက်ဆင် စသည့် အနီရောင်အသားများ၊ ပင်လယ်ငါးနှင့် ပုစွန်တို့တွင်ပါရှိသော Phosphorus (ခေါ်) မီးစုန်းဓာတ်က ကျောက်ကပ်ကို လုံးဝကောင်းကျိုးမပြုနိုင်ပေ။
- အရက်အလွန်အကျွံမသောက်ပါနှင့်။ အရက်ထဲတွင်ပါသော အယ်လ်ကိုဟောက အသည်းရောဂါကြောင့် ကျောက်ကပ်ကို သွယ်ဝိုက်သောနည်းဖြင့် ပျက်စီးစေသည်။
- ရှားစောင်းလက်ပပ်ပင်၏ အနှစ်(ဂျယ်လီ)က ကျန်းမာရေးအတွက် ဘက်စုံကောင်းကျိုးပြုသော်လည်း ယင်းဂျယ်လီကို တစ်ရက်လျှင် ၂၀ စီစီထက် ပိုစားမိပါက ကျောက်ကပ်ပျက်စီးစေနိုင်သည်။
- ဟင်းနုနယ်ထဲတွင် Oxalates ဓာတ်ပါရှိသဖြင့် ကျောက်ကပ်ဝေဒနာသည်များ အလွန်အကျွံမစားသင့်ပေ။
- Oxalates ဓာတ်ကြွယ်၀သော ဗိုလ်စားပဲသီး၊ ပိန်းဥ၊ ပိန်းရိုး၊ ဟင်းနုနယ်ရွက်တို့က ဆီးကျောက်တည်စေနိုင်၍ သင့်တင့်ရုံသာစားပါ။
- ဥပမာ- အစားအစာများကို တာရှည်ခံအောင် ပြုပြင်ထားသော သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံ စည်သွတ်ဘူးများ၊ ကြက်အူချောင်း၊၀က်အူချောင်းများ၊ ထုံချိုင်းအသားလုံးများ၊ အသင့်စားခေါက်ဆွဲထုပ်၊ကြာဆံထုပ် စသည်တို့က အသည်းနှင့်ကျောက်ကပ်ကို အဆိပ်အတောက်ဖြစ်စေနိုင်သောကြောင့် ရံဖန်ရံခါမှသာ စားသုံးပါ။
- သဘာ၀သစ်သီးဖျော်ရည်မဟုတ်သော အချိုရည်အမျိုးမျိုးနှင့် ဆိုဒါတို့တွင် တာရှည်ခံအောင်၊ အနံ့ကောင်းအောင်နှင့် အရသာရှိအောင် ဓာတုပစ္စည်းများသုံး၍ ပြုပြင်ထားသဖြင့် အာဟာရမဖြစ်သည့်အပြင် ကျောက်ကပ်ကိုပါ ထိခိုက်နိုင်သည်။
-ထိုနည်းတူ ကာဗွန်ဒိုင်အောက်ဆိုက်ဂက်စ်ထည့်ထားသည့် အဖျော်ယမကာများကလည်း ကျောက်ကပ်ထဲရှိသွေးကြောများကို ပျက်စီးခြင်း၊ ကျောက်တည်ခြင်း စသည့်ဆိုးကျိုးများဖြစ်စေနိုင်သည်။
- ကဖိန်းဓာတ်များသော ကော်ဖီနှင့်လက်ဖက်ရည်ကို အလွန်အကျွံသောက်ခြင်းက ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ဆော်ပေးသောကြောင့် သွေးဖိအားများလာပြီး ကျောက်ကပ်ကို ဖိအားဖြစ်စေသည်။
ကျောက်ကပ်ကို ကောင်းကျိုးပြုသောအစားအစာများ-
ကြက်ဥ၊ ဘဲဥအကာ(အဖြူရောင်အကာ)ထဲတွင်ပါရှိသော အမိုင်နိုအက်စစ်က ကျောက်ကပ်ကို ကျန်းမာစေသည်။
- ဂေါ်ဖီထုပ်ထဲတွင် ပိုတက်ဆီယမ်ပါ၀င်မှု လွန်စွာနည်းပါးသည့်အပြင် ယင်းထဲရှိ သဘာဝဗီတာမင်များနှင့် အမျှင်ဓာတ်များက ကျောက်ကပ်အတွက် အားဆေးဖြစ်သည်။
- လူတို့တွင် မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ခြင်းက သွေးတိုးရောဂါဖြစ်စေပြီး ကျောက်ကပ်ကို သွယ်ဝိုက်သောနည်းဖြင့် ဘေးဖြစ်စေသည်။ ထို့ကြောင့် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်၀သည့် အစားအစာများဖြစ်ကြသော အခွံမာသီးအစေ့အဆန်များ၊ မြေထောက်ပဲနှင့် ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းကဲ့သို့ ဟင်းရွက်စိမ်းများကို လုံလောက်စွာစားပေးပါ။
- အစိမ်းရောင်ငရုတ်ပွထဲတွင် ပိုတက်ဆီယမ်ဓာတ်ပါ၀င်မှု နည်းပါးသည့်အပြင် ယင်းထဲရှိ သဘာ၀ဗီတာမင်နှင့် သတ္တုဓာတ်က ကျောက်ကပ်ကို သန့်စင်ပေးနိုင်သည့်အစွမ်းများရှိသည်။
- စပျစ်သီးက ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော ယူရစ်အက်စစ်များကို ဆီးအဖြစ်ထွက်ရှိလာအောင် တွန်းအားပေးသောကြောင့် ဆီးရွှင်စေကာ ကျောက်ကပ်ကျန်းမာစေသည့်အပြင် ခန္ဓာကိုယ်တွင်း အဆိပ်များကို သုတ်သင်ရှင်းလင်းနိုင်သည့် ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်၍ ကျောက်ကပ်နှင့် သည်းခြေကို သန့်စင်စေသည်။
- ဘယ်ရီသီးမျိုးနွယ်၀င်များဖြစ်ကြသော စတော်ဘယ်ရီနှင့် Cran-berry (ခေါ်) အချဉ်အရသာရှိသည့် ဘယ်ရီသီးအနီရောင်ထဲတွင် ပါရှိသော Hippuric အက်စစ်က ခန္ဓာကိုယ်ထဲရှိ ဆီးအဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်သည်။
- ကြိတ်မှန်ရွက်ပဉ္စငါးပါးကို ရေစင်စင်ဆေး၊ အခြောက်လှန်းပြီးသွပ်ပြားပေါ်တင်၍ ပြာချပါ။ ယင်းပြာကို သံဒယ်အိုးတွင်ထည့်၊ ရေနှင့်ဖျော်ပြီး ခန်းခြောက်သွားအောင် အပူပေးခြင်းဖြင့် ရလာသောဆေးကို ကြိတ်မှန်ရွက်ရုက္ခမူဆားဟု ခေါ်သည်။ ယင်းကို ထမင်းမစားမီ ဆီးကင်းခန့် နေ့စဉ် အချိန်မှန်မှန်စားပါ။
- မည်သည့်ငှက်ပျောပင်၏ အူတိုင်ကိုမဆို ကျောက်ဖရုံသီးဖျော်ရည်လုပ်သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်၊ အမျိုးသားများ ဆီးကျိတ် ဝေဒနာနှင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးသည်။
- ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့ထဲရှိအဆီက ကျောက်ကပ်၏စွမ်းဆောင်ရည်ကို တိုးတက်မြင့်မားစေပြီး ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သောအညစ်အကြေးများကို ဆီးအဖြစ်စွန့်ထုတ်ပေးနိုင်၍ ဆီးကျောက်တည်ခြင်းကို မဖြစ်စေတော့ပေ။ အထူးသဖြင့် အမျိုးသားများတွင် ဖြစ်တတ်သော ဆီးကျိတ်ကြီးထွားလာခြင်းကို သက်သာစေရုံမျှမက ဆီးကျိတ်ကင်ဆာရောဂါကိုလည်း ထိထိရောက်ရောက်တားဆီး ကာကွယ်ပေးနိုင်သည်။
- နာနတ်သီးကို ပန်းသီး သို့မဟုတ် ဖရဲသီးနှင့် တွဲဖက်စားပေးပါက ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော အငန်ဓာတ်များကို ဖယ်ရှားပေးကာ ကျောက်ကပ်နှင့် သည်းခြေတို့ကို အားဖြစ်စေသည်။ ထို့ပြင် အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သောကြောင့် ကျောက်ကပ်ကို သန့်စင်စေသည်။
- အာလူးထဲတွင် မဂ္ဂနီဆီယမ်ဓာတ် မြင့်မားစွာပါရှိနေပြီး ထိုဓာတ်က ကျောက်ကပ်နှင့်တစ်သျှူးများထဲတွင် ကျောက်ကပ်ကျောက်တည်ခြင်းကို ချေဖျက်ပေးနိုင်စွမ်းရှိသည်။
- ကြံရည်က ကျောက်ကပ်ကိုအားပေးပြီး ဆီးချုပ်၊ ဆီးအောင့်ခြင်း မဖြစ်အောင် ကာကွယ်ပေးသည်။
- ခရမ်းချဉ်သီးကို အစေ့ဖယ်စားခြင်းက ကျောက်ကပ်နှင့် ဆီးအိမ်ကျောက်တည်ခြင်းကို လျှော့ချပေးနိုင်သည်။
- မြင်းခွာရွက်ကို နေ့စဉ်မှန်မှန်စားပေးခြင်းဖြင့် ကျောက်ကပ်နှင့်ပတ်သက်သော ဆီးဝေဒနာအမျိုးမျိုးကို ကြိုတင်ကာကွယ်ရာရောက်သည်။
ကျောက်ကပ်ကိုသန့်စင်ပေးနိုင်သော သဘာ၀ဖျော်ရည်များ- Beet Root (ခေါ်) သကြားမုန်လာဥ (ခေါ်) မုန်လာဥနီအလုံးကလည်း ကျောက်ကပ်အတွက် ဆေးတစ်ပါးဖြစ်သည်။ Beet Root ထဲရှိ Betaine ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကျောက်ကပ်အတွင်း ကယ်လ်စီယမ်၊ Phosphorus ဖြစ်တည်ခြင်းကို ရှင်းထုတ်ပေးကာ ကျောက်ကပ်ကင်ဆာမဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်သည်။ ယင်းအတွက် Beet Root ကို ဖျော်ရည်အဖြစ် တစ်နေ့တစ်ကြိမ် သောက်ပေးသင့်သည်။ Beet Root ကို မြန်မာနိုင်ငံ၏ အေးမြစိုစွတ်သော တောင်ပေါ်ဒေသ ရှမ်းပြည်နယ်၌ တွေ့ရတတ်သည်။ သွေးနီရောင် သို့မဟုတ် ခရမ်းနီရောင်ဖြစ်ပြီး ဓားဖြင့်လှီးလိုက်သောအခါ သွေးရည်ကြည်ကဲ့သို့ နီနီရဲရဲအရည်ရွှမ်းသည်။ ပုံစံမှာ ကြက်သွန်နီကဲ့သို့ လုံးဝိုင်း၍ အပေါ်ယံအခွံအထပ်ထပ်ဖြစ်နေကာ လက်သီးဆုပ်ခန့်အရွယ်အစားဖြစ်သည်။ ဥ၏ထိပ်ပိုင်းတွင် အစိမ်းရင့်ရောင် သို့မဟုတ် စိမ်းညိုရောင်သန်းနေသော ရိုးတံရှည်နှင့်အတူ အရွက်ဖားဖားများပါရှိကြသည်။
- သံပရိုသီးက ကျောက်ကပ်ထဲရှိ ကျောက်များကို ကြေပျက်စေသည်။ သံလွင်ဆီက ကျောက်ကပ်ထဲရှိ ကျောက်များ၏အရွယ်အစားကို သေးငယ်သွားစေနိုင်သည်။ ပန်းသီးရှလကာရည်(ခေါ်) Apple Cider Vinegar (ACV)က ဆီးကျောက်တည်ခြင်းဝေဒနာကို ကောင်းကျိုးပြုသည်။ သံပရိုသီးအရည် ၁ အောင်စ၊ ရေသန့် ၁၂ အောင်စ၊ ACV လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောစပ်၍ ရလာသောဖျော်ရည်ကို တစ်နေ့တစ်ကြိမ် သောက်သုံးပေးနိုင်သည်။
ဟင်းသီးဟင်းရွက်တစ်မျိုးစီတွင်သဘာဝမှပေးစွမ်းထားသော ကျန်းမာရေးအတွက် အာနိသင်တစ်မျိုးစီပါရှိနေသည်။ တရုတ်နံနံ၊ ဂေါ်ဖီ၊ သခွားသီး၊ မုန်လာဥနီ၊ ဆလတ်ရွက်၊ ကိုက်လန် စသည်တို့က ကျောက်ကပ်အတွက် အထူးဆေးဖက်ဝင်သော ဟင်းသီးဟင်းရွက်များဖြစ်ကြသည်။ ထို့ကြောင့် ယင်းဟင်းသီးဟင်းရွက်အားလုံးကိုဖြစ်စေ၊ နှစ်မျိုး၊ သုံးမျိုးကိုဖြစ်စေ တစ်ပြိုင်တည်းကြိတ်ခြေကာ ဖျော်ရည်အဖြစ် သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ဆီး(အရည်)အဖြစ်စွန့်ထုတ်ပေးကာ ကျောက်ကပ်ကိုလည်း သန့်စင်စေနိုင်သည်။
အချုပ်ဆိုရသော် အစာလည်းဆေး၊ ဆေးလည်းအစာဟု ဆိုသော်လည်း တန်ဆေး၊ လွန်ဘေးဖြစ်တတ်၍ မည်သည့်အစားအစာကိုမဆို သင့်တင့်မျှတစွာစားသုံးကြစေလိုကြောင်းနှင့် ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်ကြစေလိုကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
Source: https://myawady.net.mm/stories
ဒီမိုကရေစီ အမည်ယူထားသော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် မဲမသမာမှုများ ပြည့်နှက်ခဲ့သော ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏တန်ဖိုးများကို အမှန်အကန်ပြသခဲ့သည်ဟု ဆိုနိုင်ပါသလား။ ပြည်ပငွေကြေးအထောက်အပံ့ဖြင့် တန်ဖိုးသင့်ခဲ့သော ဒီမိုကရေစီတစ်နည်းပြည်ပသြဇာခံဒီမိုကရေစီဆိုသည်မှာ စစ်မှန်သောဒီမိုကရေစီ မည်သို့ဖြစ်နိုင်ပါမည်နည်း။
ဒီမိုကရေစီတန်ဖိုးများ ဘာကြောင့်ကျဆင်းခဲ့ရသလဲ
ယိမ်းယိုင်ခဲ့ရသည့် မြန်မာတို့၏အတွေးအခေါ်များ၊ ယုတ်လျော့ခဲ့ရသည့် မြန်မာ့စရိုက်၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့စံတန်ဖိုးနှင့် အမျိုးသားရေးလက္ခဏာများ၊ ဆိုးဆိုးရွားရွားဖြစ်ခဲ့ရသည့် မြန်မာ့သမိုင်းကြောင်း တရားခံအစစ်ကို ဖွေရှာလိုက်တော့ မှားယွင်းသည့် ဒီမိုကရေစီကျင့်စဉ်နှင့်အတူ ကျင့်သုံး ခဲ့သူများ၊ အဖွဲ့အစည်းများကို တွေ့ရသည်။ ဒီမိုကရေစီနိုင်ငံတွင် ဒီမိုကရေစီကျင့်သုံးသူများ ကိုယ်တိုင်ပြည်ပနိုင်ငံ၊ ပြည်ပကုမ္ပဏီ၊ INGO ယောင်ယောင် ဖောင်ဒေးရှင်းများ၊ လူပုဂ္ဂိုလ်များ၊ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ငွေကြေး၊ နည်းပညာ၊ ကကွက်ကကြိုးအောက်တွင် အသုံးတော်ခံ၊ အချည်ခံရသည့် ဘဝရောက်ရလျှင် ထိုနိုင်ငံများ၏ သြဇာခံဘဝအဖြစ် အလိုလိုရောက်သွားရတော့သည်။
ဤသို့ဖြင့် ပြည်ပသြဇာခံဘဝရောက်ခဲ့ရသည့် မြန်မာနိုင်ငံရှိ ကျွန်တော်တို့လို ဒီမိုကရေစီချစ်မြတ်နိုးသော ပြည်သူများမှာ ဒီမိုကရေစီကို အလွဲသုံးစားလုပ်ခဲ့သော ပါတီနှင့် အစိုးရနှင့်အတူ နိုင်ငံရေးသမားအချို့၏ မရောင်ရာဆီလူး၊ တလွဲအတွေး၊ တလွဲအပြုအမူများကြောင့် ဒီမိုကရေစီတန်ဖိုးကျဆင်းခဲ့ရပြီး ပြည်သူတို့၏ဘဝများလည်း ရေတိမ်နစ်ခဲ့ရသည်။ အမှောင်သို့သာ သက်ဆင်းခဲ့ရသည်။
အနှစ်သာရမဲ့သည့်ရွေးကောက်ပွဲဟု ဘာကြောင့်ဆိုရပါသလဲ
ဒီမိုကရေစီရွေးကောက်ပွဲတစ်ခု၌ လူထုဆန္ဒအမှန်ကို မထင်ဟပ်သည့် နိုင်ငံခြားတိုင်းပြည်တစ်ခုခုက ထောက်ပံ့သည့်ငွေကို မိမိပါတီအကျိုးငှာ အသုံးပြုဖို့ လိုအပ်ပါသလား။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ထိုစဉ်က UEC နှင့် NLD တို့သည် အမေရိကန်သံရုံးဆီမှ ဒေါ်လာ ၄၆ သန်းကို မည်သည့်အတွက်ကြောင့် ရယူခဲ့ကြပါသလဲ။ အစိုးရနှင့် NLD အတွက် အမေရိကန်ကပေးခဲ့သည့် ဒေါ်လာသန်း ၉၅၀ ကကော မြန်မာပြည်သူအားလုံးအတွက် ပွင့်လင်းမြင်သာမှုရှိခဲ့ပါရဲ့လား။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကိုကော စောင့်ကြည့်ခွင့်မည်သည့်အတွက်ကြောင့် မပေးခဲ့ပါသလဲ။ အောက်ခြေမှာ ပေါက်ပြဲနေသည့်ကြိုတင်မဲစာအိတ်များ၊ အထောက်အထားမရှိဘဲ မဲပေးခဲ့သူများ၊ မဲပေးနိုင်သည့်အရေအတွက်ထက် ပိုသွားသော တရားမဝင်ပိုလျှံမဲအရေအတွက်များ၊ ပြည်သူအများစု သိခွင့်မရခဲ့သည့် ရိုက်နှိပ်မဲအရေအတွက်၊ နှစ်ခါ၊ သုံးခါပြန်မဲပေးခွင့်ရပြီး သေပြီးသူ၊ အသက်ရာကျော်အဘိုးအဘွားရာဂဏန်းမျှ မဲပေးခဲ့ကြသည့်ရွေးကောက်ပွဲ၊ မဲမသမာမှုဗီဒီယို၊ ဓာတ်ပုံအထောက်အထားများအပြင် နိုင်ငံရေးပါတီများနှင့် ပြည်သူများဆီမှ ထောင်ဂဏန်းရှိ တိုင်တန်းစာများ၊ ရွေးကောက်ပွဲအပေါ် မကျေနပ်သည့်ဆန္ဒပြပွဲများ စသည်စသည် အားလုံးကိုဖြေရှင်းမပေးဘဲမည်သည့်အတွက်ကြောင့် လျစ်လျူရှုခဲ့ကြပါသလဲ၊ တပ်မတော်ဘက်က သက်သေအခိုင်အလုံဖြင့် ထုတ်ပြန်ခဲ့သည့် မဲမသမာမှုစာရင်းများအပေါ် တုံ့ပြန်မှုမရှိခဲ့သည့်အခြေအနေများ၊ ဒုတိယအကြိမ် နောက်ဆုံးပြည်ထောင်စုလွှတ်တော်ကိုပင် မခေါ်ယူနိုင်ခဲ့သည့် အငြင်းပွားဖွယ်ကိစ္စ၊ တိုက်တိုက်ဆိုင်ဆိုင် ၂၀၁၅ မဲစာရင်းများ မီးရှို့ခံရမှု၊ ထိုစဉ်က ဥပဒေကို လေးစားလိုက်နာပါသည်ဆိုသူတို့ကိုယ်တိုင် လုပ်ရပ်များက ဥပဒေနှင့် ညီ၊ မညီ၊ NLD အစိုးရနှင့် NLD ပါတီ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ မသိခဲ့ခြင်းမှာ ဝမ်းနည်းစရာကောင်းလှသည်။
ထို့အတူ ပြည်ပအကူအညီရယူသော ရွေးကောက်ပွဲတစ်ခု၏ ရလဒ်သည် ပြည်သူ့ဆန္ဒအမှန်ကို ထင်ဟပ်ပါရဲ့လား၊ အနှစ်သာရကောရှိခဲ့ရဲ့လား မေးခွန်းထုတ်နေရမည်သာဖြစ်သည်။ ထိုစဉ်က ရွေးကောက်ပွဲကမ်ပိန်းကာလသည် ကိုဗစ် - ၁၉ ကို မြန်မာပြည်သူတစ်ရပ်လုံး အသည်းအသန်ရင်ဆိုင်နေရချိန်ဖြစ်သည်။ ပြည်သူကိုဗဟိုပြုသည်ဆိုသော အစိုးရအနေဖြင့် ပြည်သူ့ကျန်းမာရေးအန္တရာယ်ကို မည်သည့်အတွက်ကြောင့် မျက်ကွယ်ပြုခဲ့ကြပါသလဲ။ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်ပြီးမှ ရွေးကောက်ပွဲလှုပ်ရှားမှုနှင့် ရွေးကောက်ပွဲကို မည်သည့်အတွက်ကြောင့် အလျင်စလိုလုပ်ခဲ့ကြသနည်း။ စဉ်းစားစရာများ ရှိခဲ့မည်ဖြစ်သည်။ လွယ်လွယ်ကူကူ ကောက်ချက်ချနိုင်လောက်အောင်ကို ဘယ်အချိန်ပြိုင်ပြိုင်နိုင်သည်ဆိုသော NLD ပါတီဝင်များက ဤမျှ မိုက်မဲခဲ့ကြသည်ကို အံ့သြမဆုံးနိုင်ပါ။
၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ တပ်မဲရုံများကို တပ်ပြင်ပသို့ ဘာကြောင့်ထုတ်ရပါသလဲ၊ နိုင်ငံအကျိုးစီးပွားနှင့် နိုင်ငံလုံခြုံရေးအတွက် အမြဲစဉ်းစားဆောင်ရွက်နေရသည့်တပ်မတော်ကို တစ်ချိန်လုံးဆန့်ကျင်ရလောက်အောင်ကို မိုက်တွင်းနက်ခဲ့ကြပါသည်။ တပ်စစ်သည်၊ ရဲမေအင်အား၊ တပ်တည်တပ်လှုပ်သတင်းအချက်အလက်များစွာ ရန်သူ့လက်ထဲပါသွားနိုင်သည်ကို မသိရလောက်အောင်ပင် ဆင်ခြင်တုံတရားကင်းမဲ့ခဲ့ကြသည်။
နောင်အနာဂတ်ရွေးကောက်ပွဲများတွင် ဒီမိုး၊ ဒီလေ၊ ဒီလူများနှင့် အလုပ်ဖြစ်ပါ့မလား။ တပ်မတော်နှင့် ပြည်သူသောကအပူထပ်မဖြစ်ရလေအောင် ကြိုတင်မြော်တွေးစဉ်းစားထားသင့်ပါသည်။ IFES ဟုခေါ်သည့် International Foundation of Electoral System ကို တချို့ကြားဖူးကြပါလိမ့်မည်။ နိုင်ငံတကာရွေးကောက်ပွဲအချို့မှာ ရွေးကောက်ပွဲများ ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုအတွက် ဆိုပြီးနည်းပညာပိုင်းအရ အကူအညီပေးရေးအစီအစဉ်တစ်ခုဖြစ်သည်။ သို့သော် ထိုအစီအစဉ်သည် အမေရိကန်အလိုကျရလဒ်ထွက်ပေါ်စေရန် CIA အစီအစဉ်ဖြင့် မဲကစားခြင်းတစ်ခုထက်မပိုခဲ့ပါ။ ထုံးစံအတိုင်း ၂၀၂၀ ရွေးကောက်ပွဲမှာ IFES အကူအညီဖြင့် ပံ့ပိုးထားသော ကွန်ပျူတာပညာရှင်များနှင့် ကွန်ပျူတာများအသုံးပြု၍ မဲမသမာမှုများ ပြုလုပ်ခဲ့ပုံရသည်ဟု ဆိုလိုပါသည်။
မလုပ်သင့်မလုပ်ထိုက်သည်ကို ဘာကြောင့် ကျူးလွန်ဝံ့ခဲ့ကြပါသလဲ
သို့ဖြစ်လျှင် ဤလူများက ယခုလို မလုပ်သင့်မလုပ်ထိုက်သည့် မဲမသမာမှုမျိုးကို မည်သည့်အတွက်ကြောင့် ကျူးလွန်ဝံ့ခဲ့ကြပါသလဲ၊၊ NLD နှင့် ပါတီထောက်ခံသူများစွာက ဤလို မသမာမှုမျိုးကို သူတို့ပါတီ၊ သူတို့ခေါင်းဆောင်များက ဘယ်တော့မှ ကျူးလွန်ခဲ့ခြင်းမရှိ၊ ကျူးလွန်မှာလည်းမဟုတ်ဟု မျက်စိပိတ်ငြင်းကြသည်။ အချို့က ပါတီနှင့် ခေါင်းဆောင်များအပေါ် ယုံကြည်မှုအစွန်းရောက် အစွဲလွန်ဝေဒနာဖြင့် ဗြောင်ငြင်းသည်။ အချို့က သိသိကြီးနှင့် ဘယ်လိုမှ အမှန်သိခွင့်ပေး၍မရသည့် အခြေအနေများကြောင့် ငြင်းဆန်ရခြင်းဖြစ်သည်။
တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဘက်က UEC နှင့် NLD မဲမသမာမှု များဖြစ်နေသည်၊ တိုင်းသိပြည်သိကမ္ဘာသိ ရှင်းလင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုသည်၊ အဆင့်ဆင့်စနစ်တကျတောင်းဆိုခဲ့သည်။ နိုင်ငံရေးပဋိပက္ခတစ်ခုကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းဖြေရှင်းရန် လမ်းဖွင့်ပေးသည်။ နိုင်ငံကို အဆိုးဘက်ရောက်မသွားစေရန် အနုနည်းဖြင့်အနူးအညွတ် တောင်းဆိုမှုအပေါ် တင်းမာခက်ထန်စွာ တုံ့ပြန်ခံရသည့် အထောက်အထားများ လည်းရှိခဲ့သည်။ နားမလည်နိုင်သည်က ဥပမာမိမိကို သူခိုးဟု အကြိမ်ကြိမ်စွပ်စွဲခံရလျှင် မိမိ၏ ဂုဏ်သိက္ခာအတွက် တာဝန်ယူတာဝန်ခံမှုအပြည့်ဖြင့် ပြန်လည်ချေပရမည်သာဖြစ်သည်။ တကယ်သူခိုးဖြစ်ခဲ့လျှင်တော့ ငြင်းဆန်ကောင်းငြင်းဆန်မည် သို့မဟုတ် တုဏှီဘာဝေနေကောင်းနေမည်။ ယခုမူ NLD ဘက်က ဘာကြောင့်များ တရားလွန်နှုတ်ဆိတ်နေခဲ့ကြသလဲ၊ ဆိတ်ဆိတ်နေခြင်းသည်ပင် ဝန်ခံရာရောက်ပါသည်။
မထိန်းထိန်းအောင် မသိမ်း သိမ်းအောင် ထောင်ချောက်ဆင်ခဲ့ကြလေသလား
ပြည်သူအတွက်၊ နိုင်ငံအတွက်၊ မိမိပါတီဂုဏ်သိက္ခာအတွက် တစ်ခုခုထွက်မရှင်းသင့်ဘူးလား။ တစ်နည်း NLD ဘက်က တပ်မတော်အပေါ် အာဏာမသိမ်းသိမ်းဖြစ်အောင်ကို ထောင်ချောက်ဆင်ခဲ့ခြင်းလား၊ ဖြစ်တန်ရာသည်ဟုသာ မှတ်ချက်ပြုရမည်ဖြစ်သည်။ တကယ်တမ်းတပ်မတော်ခေါင်းဆောင်များကသာ အာဏာမက်ခဲ့လျှင် ထိုအဆင့်များကို လုပ်နေမည်မဟုတ်ပါ။ အကယ်၍ တပ်မတော်က အာဏာမထိန်းခဲ့လျှင်လည်း NLD အနေဖြင့် ပိုနေမြဲ ကျားနေမြဲ ခပ်တည်တည်ဆက်လျှောက်မည်၊ အစီအစဉ်အတိုင်း လုပ်စရာရှိတာလုပ်မည်။ တပ်မတော်က အာဏာထိန်းခဲ့လျှင်လည်း ပြည်သူနှင့် ထိပ်တိုက်တွေ့မည်၊ နိုင်ငံနှင့် ပြည်သူအထိနာပြီး တပ်နှင့်ပြည်သူသွေးကွဲမည်၊ တပ်ကို ပြည်သူက ပိုမုန်းသွားလိမ့်မည်။ နောက်ဆုံး အဖြူအမည်းမသဲကွဲကတပ်လည်း ပြိုကွဲ၊ နိုင်ငံလည်း တစ်စစီဖြစ်၊ အနောက်အုပ်စုအလိုကျဖြစ်ရတော့မည်။ အမှန်မှာ တပ်မတော်က အာဏာသိမ်းခြင်း၏ အကျိုးဆက်များကို တပ်မတော်ခေါင်းဆောင်များက ပိုသိ၊ ပိုနားလည်ပါသည်။ ပြည်သူနာမည့်၊ တိုင်းပြည်နာမည့်အလုပ်ကို တပ်မတော်က မလုပ်လိုသော်လည်း NLD ဘက်က အပြုအမူများကသာ တိုင်းပြည်နှင့် ပြည်သူအထိနာမည့်အခြေအနေဆီ တွန်းပို့သလိုဖြစ်ခဲ့ကြောင်းကို မြင်အောင်ကြည့်နိုင်ရမည်ဖြစ်သည်။
ဘာကြောင့် နှုတ်ပိတ်နေရသနည်း
ဤတွင် NLD ဘက်က ဘာကြောင့် နှုတ်ပိတ်နေသည်ကို စဉ်းစားစရာများရှိလာသည်။ ကြားဖြတ်ရွေးကောက်ပွဲများတွင် တဖြည်းဖြည်းရလဒ်မကောင်းတော့သည့် NLD ၏ အခြေအနေများ၊ ရွေးကောက်ပွဲမှာ NLD ပါတီက ရာနှုန်းပြည့် နိုင်ကို နိုင်ရမည်ဟူသည့် တိကျသော ရည်မှန်းချက်ကြီး ပြည့်မီရန်၊ အနောက်အုပ်စုနှင့် OIC အလိုကျ ဖျက်သိမ်းပြီးသား နိုင်ငံလုံခြုံရေးဥပဒေများ၏ ကတိကဝတ်များ ပိုမိုခိုင်မာအားကောင်းစေရန်၊ NLD သက်တမ်းအတွင်း စိတ်တိုင်းကျမပြင်ဆင်နိုင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်သက်တမ်းမှာ ပြင်ဆင်သွားနိုင်ရန်နှင့် နိုင်ငံအမာခံတပ်မတော်ကို ပို၍ အင်အားချည့်နဲ့သွားစေရန် စသည့် အကြောင်းတရားများကြောင့်ဖြစ်ကြောင်း သုံးသပ် နိုင်ပါသည်။ ထို့ကြောင့်လည်း တပ်မတော်အပေါ် ပြည်သူများအထင်အမြင်လွဲအောင်၊ ဇာတ်နာအောင် အကြိမ်ကြိမ်ဇာတ်လမ်းဆင် ထိုးနှက်ခဲ့ကြ၊ လော်ဘီအင်အားများစွာဖြင့် ပြည်သူနှင့်တပ်မတော်အကြား သွေးခွဲခဲ့ကြခြင်းဖြစ်သည်။
နောက်ဆုံး လွှတ်တော်အတွင်းတွင် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူအများ အကျိုးအတွက်မေးခွန်း၊ အဆိုများမေးမြန်းတင်သွင်း၊ ဥပဒေများပြုရမည့်အစား သူတို့ပါတီအကျိုးအတွက် အနောက်အုပ်စုအလိုကျ ဘယ်လိုမှမဖြစ်နိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ငြင်းခုံခြင်းဖြင့် အချိန်ကုန်ခဲ့ကြသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို နိုင်ငံအကျိုးငှာ လတ်တလောမလိုအပ်သေး၍ ဆန့်ကျင်ခဲ့ကြသည့် တပ်မတော်နှင့် ပြိုင်ဘက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုမူပြည်သူများ အထင်လွဲဇာတ်နာအောင် ဖန်တီးနိုင်ခဲ့၍ NLD ၏လိုလားချက်များ ပြည့်ခဲ့သည်ဟုတော့ ဆိုရမည်ဖြစ်သည်။ ရွေးကောက်ပွဲနီးမှ ရွေးကောက်ပွဲ Campaign အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးစားခဲ့ကြသည့် NLD ၏ စေတနာနှင့် လုပ်ရပ်ကို တွေးဆစေလိုပါသည်။
ဘာပဲဖြစ်ဖြစ် ယခုလိုကာလ ယနေ့လိုအခြေအနေမျိုးတွင် မြန်မာ့နိုင်ငံရေးနှင့်အတူ မြန်မာပြည်သူတို့ ကြုံတွေ့နေရသည့်ဒုက္ခအပေါင်းအစု၏ တရားခံမှာ ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနှင့် ထိုစဉ်က UEC မှာသာ အဓိကတာဝန်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းလွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမဖြစ်ခဲ့ခြင်းက ဒီမိုကရေစီနှင့် ရွေးကောက်ပွဲအနှစ်သာရတို့ကို ဖျက်ဆီးလိုက်ခြင်းကြောင့်ဖြစ်သည်။ နိုင်ငံရေးနည်းဖြင့် မျှခြေနိုင်ငံရေးအခင်းအကျင်းတစ်ခုကို ဖန်တီးနိုင်မည့် စေတနာနှင့် ခံယူချက်ကောင်းများကို မထားနိုင်ခဲ့ကြခြင်းနှင့် ညှိနှိုင်းမှုစွမ်းရည် အရည်အချင်းများ မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်ပါသည်။ ကောင်းမွန်သော ညှိနှိုင်းမှုစွမ်းရည်မျိုးကသာ အမှန်တရားကိုရရှိစေပြီး သို့မှသာ လွှတ်တော်အတွင်း အဆုံးအဖြတ်ရယူရာတွင် အမှန်ထက်အများဆန္ဒအလေးထားသည့်စရိုက်ကို ရရှိစေမည်ဖြစ်သည်ဟု ယုံကြည်ပါသည်။
အတွေ့အကြုံအရ ထိုကဲ့သို့မဖြစ်ခဲ့သော ပါတီနှင့် နိုင်ငံရေးသမားများကို မြန်မာပြည်သူတို့ အနာဂတ်မှာ ဘယ်လိုယုံကြည်လို့ရနိုင်မည်လဲ၊ ဒီလိုပါတီနှင့် ဒီလိုနိုင်ငံရေးသမားမျိုးတို့က ကောင်းမွန်မျှတသည့် နိုင်ငံရေးရေခံမြေခံတစ်ခုကို ဖန်တီးနိုင်စွမ်းရှိပါ့မလား၊ မြန်မာတို့၏ စရိုက်လက္ခဏာနှင့် ကိုက်ညီသည့် ဒီမိုကရေစီကျင့်စဉ်များကို လိုက်ပါဆောင်ရွက်နိုင်သည့် အရည်အချင်းဒီလူတွေမှာရှိပါ့မလား။ သူတို့အတော်မှားခဲ့ကြပါသည်။ သူတို့မှားသည့် ဒဏ်ကို ကျွန်တော်တို့ အတော်ခံနေရသည်။ အရေးကြီးသည်က ပြည်သူ၏ ယုံကြည်မှုဖြစ်ပြီး ထိုယုံကြည်မှုကို လျစ်လျူရှု၍မဖြစ်ပါ။ နောက်တစ်ကြိမ် လက်ညှိုး ထိုးမခံရဖို့ အရေးကြီးနေပါသည်။ ။
(ဆက်လက်ဖော်ပြပါမည်)
Source: MOI
နှစ်စဉ် မေလ ၁ ရက်သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဖြစ်သည်။ ကာယ၊ ဉာဏ အလုပ်သမားကြီးများ၏ စွမ်းဆောင်မှုကို အသိအမှတ်ပြုရန် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ နေ့စဉ် ၈ နာရီအလုပ်လုပ်ရန်၊ ၈ နာရီအပန်းဖြေရန်နှင့် ၈ နာရီအနားယူခွင့်ရရှိရန်တောင်းဆိုသည့် အလုပ်သမားသမဂ္ဂများ၏ လှုပ်ရှားမှုမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ထိုနေ့တွင် ရုံးပိတ်ပေးထားသဖြင့် ကမ္ဘာတစ်ဝန်းရှိ ကာယ၊ ဉာဏ အလုပ်သမားကြီးများသည် မိသားစုနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခွင့်ရရှိကြမည်ဖြစ်သည်။
တောင်းဆိုခဲ့ရ
လွန်ခဲ့သော ၁၈ ရာစုက ဝိသမလောဘသမားအလုပ်ရှင်များသည် အလုပ်သမားများကို တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ ခန့် ခိုင်းစေခဲ့ကြသည်။ အလုပ်သမားများသည် နေ့စဉ် နာရီပေါင်းများစွာ လုပ်ကိုင်ကြရသော်လည်း ထိုက်တန်သော လုပ်ခလစာမရရှိခဲ့ချေ။ ထို့ကြောင့် အလုပ်သမားများ၏ လူနေမှုအဆင့်အတန်းသည် နိမ့်ကျခဲ့ရသည်။ ထို့ကြောင့် အလုပ်သမား ခေါင်းဆောင်များသည် အလုပ်သမားများ သက်သာချောင်ချိရေးအတွက် တောင်းဆိုခဲ့ကြသည်။
၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်ကာလအတွင်း အလုပ်သမားခေါင်းဆောင်များသည် အလုပ်ချိန် လျှော့ချရေးအတွက် စဉ်ဆက်မပြတ်တောင်းဆိုခဲ့ကြသည်။ သို့သော် အလုပ်ရှင်များသည် အလွယ်တကူ လိုက်လျောပေးခဲ့ခြင်းမရှိချေ။ အလုပ်ချိန်လျှော့ပေါ့ရေးအတွက် တောင်းဆိုသူများကို ဖမ်းဆီးမှုများရှိခဲ့သည်။ အလုပ်သမားတို့၏တိုက်ပွဲသည် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့်ဩစတြေးလျတိုက်သို့ပင် ပျံ့နှံ့ လာခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် ချီကာဂိုမြို့၌ပြုလုပ်သည့် အမေရိကန်အလုပ်သမားများအဖွဲ့က တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီသာ သတ်မှတ်ပေးရန်တောင်းဆိုခဲ့သည်။
ထိုသို့တောင်းဆိုမှုများကြောင့် ၁၈၈၉ ခုနှစ် မေလ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဟု သတ်မှတ်ခဲ့ပြီး ၁၈၉၀ ပြည့်နှစ် မေလ ၁ ရက်မှစတင်၍ နှစ်စဉ်မေလ ၁ ရက်တွင် ကမ္ဘာတစ်ဝန်း၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း အလုပ်သမားနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် တရားဝင်ရုံးပိတ်ပေးထားသည်။ ထိုနေ့တွင် ကာယ၊ ဉာဏ လုပ်သားကြီးများသည် လုပ်ငန်းခွင်ဝင်ရန်မလိုဘဲ အနားရသော်လည်း လုပ်ခလစာအပြည့်အဝရရှိကြသည်။ လက်ရှိအချိန်တွင် အလုပ်သမားများသည် ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝရရှိနေကြပြီ ဖြစ်သည်။ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။
ဖွဲ့စည်းထားရှိ
အလုပ်သမားများကို တန်ဖိုးထားသောအားဖြင့် ၁၉၁၉ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (International Labour Organization-ILO) ကိုဖွဲ့စည်းခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အလုပ်သမားတို့၏ဘဝနှင့် လုပ်ငန်းခွင်တိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် မေလ ၁၈ ရက်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့သို့ဝင်ရောက်ခဲ့သည်။
ILO ၏ရည်ရွယ်ချက်သည် အလုပ်သမားတို့၏ အလုပ်ချိန်သတ်မှတ်မှု၊ အလုပ်သမားရရှိရေးနှင့် အလုပ်လက်မဲ့ မပေါ်ပေါက်ရေး၊ အလျဉ်မီလစာနှုန်းထားသတ်မှတ်ရေး၊ လုပ်ငန်းခွင်ကြောင့် ရောဂါအနာတရမဖြစ်ပွားရေး၊ ကလေးသူငယ်များကို အလုပ်သမားအဖြစ်စေခိုင်းခြင်းမှအကာအကွယ်ပေးရေး၊ လူငယ်အလုပ်သမား၊ အမျိုးသမီးအလုပ်သမားများအား အကာအကွယ်ပေးရေး၊ သက်ကြီးထောက်ပံ့ကြေးနှင့် အနာတရဖြစ်သူ ထောက်ပံ့ကြေးပေးရေး၊ တိုင်းတစ်ပါး၌အလုပ်လုပ်ရသူများအတွက် အကာအကွယ်ပေးရေး၊ အလုပ်တူလုပ်ရလျှင် လုပ်ခတူရရေး၊ အလုပ်သမားအသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရေး၊ အလုပ်ခွင်သင်တန်းများနှင့် နည်းပညာသင်တန်းများပေးရေးတို့ပင်ဖြစ်သည်။
ကာယ၊ ဉာဏလုပ်သားကြီးများ
စင်စစ်အားဖြင့် ကာယ၊ ဉာဏလုပ်သားကြီးများသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ထိုအလုပ်သမားကြီးများကို အတန်းအစားနှစ်မျိုးခွဲခြားနိုင်ပေသည်။
အတတ်ပညာတစ်ခုခုဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသော(White Collar Worker) ဉာဏလုပ်သားနှင့် ခန္ဓာကိုယ်ကို အရင်းအနှီးပြု၍ရုန်းကန်နေကြရသော(Blue Collar Worker) ကာယလုပ်သားတို့ဖြစ်ကြသည်။ လူတိုင်းသည် ဉာဏလုပ်သားအဖြစ်သာအသက်မွေးလိုကြသည်။ သို့သော် ဘဝပေးအခြေအနေအရ လှေထိုး၊ လွှတိုက်၊ ကုန်ထမ်း၊ လယ်ထွန်နေရသော ကာယလုပ်သားများစွာလည်းရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ လူသားတို့သည် မိမိတို့၏အသက်မွေးဝမ်းကျောင်း လုပ်ငန်းအပေါ်ထားရှိသည့် စေတနာအင်အားအပေါ်မူတည်၍ ဆင်းရဲ၊ ချမ်းသာကွာဟသွားကြသည်။
အလေးထားဆောင်ရွက်ပေးလျက်ရှိ
နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်ထုတ်စွမ်းအားတိုးတက်မြင့်မားမှု၊ ဝန်ဆောင်မှုအရည်အသွေး တိုးတက်မြင့်မားမှုတို့အပေါ် တည်မှီလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ကာယအား၊ ဉာဏအားဖြင့် အရည်အသွေးကောင်းမွန်သည့်ထုတ်ကုန်များကို ဖန်တီးဖော်ဆောင်လျက်ရှိသော အလုပ်သမားအင်အားထုကြီးကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ အလုပ်သမားများအကျိုးခံစားခွင့်များရရှိစေရေးနှင့် လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ အလုပ်ရှင်နှင့်အလုပ်သမားများအကြား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်စေရေးတို့အတွက် အထူး အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့်အလုပ်သမားတို့ကြား ဆက်ဆံရေး ကောင်းမွန်စေရန်၊ အလုပ်သမားအဖွဲ့အစည်းများ စနစ်တကျနှင့်လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လူမှုဖူလုံရေးအပါအဝင် အခြားအကျိုးခံစားခွင့်များ ရရှိနိုင်ရန်တို့အတွက် မြန်မာနိုင်ငံသည် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် စည်းရုံး ဆောင်ရွက်ခွင့်ဆိုင်ရာ ILO ပြဋ္ဌာန်းချက်ကို လက်ခံကျင့်သုံးလျက်ရှိသည်။ ထို့ပြင် ၂၀၁၁ ခုနှစ် အလုပ်သမား အဖွဲ့အစည်းဥပဒေအရ ၂၀၂၄ ခုနှစ် မေလ ၁ ရက်အထိ အလုပ်သမားအဖွဲ့အစည်း ၃ဝ၁၇ ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့အစည်း ၂၈ ဖွဲ့ကိုလည်းဖွဲ့စည်းခွင့်ပြုခဲ့ပြီး ယင်းအဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားကလေးများ၏ လူမှုဘဝ လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မေလ ၁ ရက်အထိ အလုပ်သမားဆေးရုံကြီးသုံးခု၊ လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၀၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်း ၆၄ ခန်း၊ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) နှစ်စီးတို့ဖြင့် အာမခံအလုပ်သမားများအား ဆေးကုသပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် အလုပ်သမားကြီးများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၀၀ ပြည့်နှစ်မှစတင်၍ အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးကွန်ရက်(ASEAN Occupational Safety and Health Network- ASEAN-OSHNET)တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်
အမှန်တော့ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၌ အလုပ်သမားများအရေးကိုအထူးအလေးထားကာ အလုပ်သမားများအခွင့်အရေးအပြည့်အဝရရှိရေးကိုဆောင်ရွက်ပေးလျက်ရှိသည်။ အရည်အချင်းပြည့်ဝသော လုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး တို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများအကြား ဖြစ်ပွားသော အငြင်းပွားမှုများကို တရားမျှတစွာဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် အလုပ်သမားများ၏ ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာရရှိခံစားနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် အလုပ်သမားများအတွက် အနည်းဆုံးလုပ်ခလစာသတ်မှတ်နိုင်ခဲ့ပြီး အနည်းဆုံးအခကြေးငွေနှုန်းထားကို နှစ်နှစ်တစ်ကြိမ်ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်။
အလားတူ ပြည်ပရောက်အလုပ်သမားများအရေးနှင့်စပ်လျဉ်း၍လည်း ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ ခွင့်ပြု၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်ခွင့်ပြုပေးလျက်ရှိသည်။
အထူးသဖြင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခကြုံတွေ့နေရသူများကို သက်ဆိုင်ရာသံရုံးများ၊ ကောင်စစ်ဝန်ရုံးများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပေးလျက်ရှိသည်။
အလုပ်သမားကြီးများအရေး အလေးထားဆောင်ရွက်ပေးကြပါစို့
လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဘွဲ့ရပညာတတ်လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီး ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
နှစ်စဉ် မေလ ၁ ရက်သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကြီးဖြစ်သည်။ ထိုနေ့သည် ကမ္ဘာ့နိုင်ငံတိုင်း အတွက် နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
ကာယ၊ ဉာဏလုပ်သားကြီးများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ထို့ကြောင့် ကျေးဇူးရှင်အလုပ်သမားကြီးများ၏ လူမှုဘဝဖူလုံရေးအာမခံချက်ရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလျက်ရှိပေသည်။
ကုန်ထုတ်လုပ်ငန်းများတွင် အင်ပြည့်အားပြည့်ပါဝင်ထမ်းဆောင်နိုင်ကြရန်လည်း အားထုတ်ကြိုးပမ်း လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် အလုပ်ရှင်များသည် ကာယ၊ ဉာဏလုပ်သားကြီးများ၏ လူမှုစီးပွားဘဝ မြင့်မားလာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် အလုပ်သမားကြီးများအရေး အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
နွေရာသီက အရင်နှစ်တွေထက် တစ်နှစ်ထက်တစ်နှစ် ပိုပြီးအပူရှိန်ပြင်းလာပါတယ်။ နွေရာသီမှာ အပူရှိန်ပြင်းလွန်းတာကြောင့် ကျန်းမာရေးပြဿနာတွေလည်း အများကြီးဖြစ်ပေါ်နိုင်ပါတယ်။
အခုလိုရာသီမှာ အပူရှိန်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ခန္ဓာကိုယ်ရဲ့အပူချိန်ထိန်းသိမ်းတဲ့စနစ်ကို သိရှိဖို့လိုပါ တယ်။
ပတ်ဝန်းကျင်အပူချိန်ကို (Environ-mental Temperature) လို့မှတ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းရဲ့အပူချိန်ကို (T.core- Body care temperature)လို့ မှတ်ယူပါ တယ်။ အဆိုပါ T.core ကို ၃၇ ဒီဂရီစင်တီ ဂရိတ်မှာငြိမ်နေအောင် ထိန်းသိမ်းထားနိုင်ရပါမယ်။ ပတ်ဝန်းကျင်အပူရှိန်တက်လာလေ T.core ကို ၃၇ ဒီဂရီစင်တီဂရိတ်ဖြစ် အောင် ခန္ဓာကိုယ်က ကြိုးစားရလေဖြစ်ပါတယ်။ အဲဒီတာဝန်ကို ဦးနှောက်ထဲက ဟိုက်ပိုသဲလမတ် (Hypothalamus) အစိတ်အပိုင်းတစ်ခုက လုပ်ဆောင်ပေးပါ တယ်။ ခန္ဓာကိုယ်အပူချိန် ၃၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကျော်လာတာနဲ့ ခန္ဓာ ကိုယ်က ချွေးထွက်လာပါတယ်။ အဲဒီအခါ အပူတွေထွက်အောင် လုပ်ပေးပြီး T.core ကို ထိန်းထားနိုင်ရပါတယ်။ အဲဒီလိုမလုပ် ပေးနိုင်ရင် T.core အလွန်အကျွံတက်လာ ပြီး ခန္ဓာကိုယ်ရဲ့ အင်ဇိုင်း (Enzymes) စနစ်တွေ ပျက်စီးသွားပါလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့ အပူကြောင့်လေဖြတ် ခြင်း (Heat stroke) လို့ခေါ်တဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
နွေရာသီမှာ ပူပြင်းလွန်းတာကြောင့် ခံစားရတဲ့ ကျန်းမာရေးပြဿနာတွေကို အပူကြောင့်မိတ်ပေါက်ခြင်း၊ အပူကြောင့် ကြွက်တက်ခြင်း၊ အပူကြောင့်ဖျားခြင်းနဲ့ အပူကြောင့်လေဖြတ်ခြင်းဆိုပြီး လေးမျိုး ခွဲခြားနိုင်ပါတယ်။
အပူကြောင့် မိတ်ပေါက်ခြင်းက ချွေးထွက်တဲ့ဂလင်းတွေပိတ်ကုန်ပြီး အဖုအပိမ့်တွေက အင်ပျဉ်ထွက်သလိုထွက်လာတတ်တာမျိုးဖြစ်ပါတယ်။
အပူကြောင့် ကြွက်တတ်ခြင်းက ပူအိုက်တဲ့ရာသီဥတုမှာကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်မိတဲ့အခါ ကြွက်သားတွေ၊ ခြေသလုံးကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုးကို ခေါ်ပါတယ်။ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားနဲ့ရေကို ပြန်ဖြည့်တဲ့အခါမျိုးမှာလည်း ဆားဓာတ်ထက် ရေဓာတ်ကိုပိုဖြည့်မိတဲ့အခါ၊ ချွေးထွက်များတဲ့အခါ၊ ဓာတ်ဆားရည်မသောက်ဘဲ ရေပဲသောက်နေမိတဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အဲဒီအခြေအနေမှာ T.core က မတက်သေးဘဲ ပုံမှန်ထိန်းသိမ်းထားပါ သေးတယ်။
အပူကြောင့်ဖျားခြင်း ဆိုတာကတော့ T.core က ၃၇ ဒီဂရီစင်တီဂရိတ်ထက်ကျော်လာပြီး ကြွက်သားတွေနာကျင် ကိုက်ခဲတာ၊ နုံးခွေနေတာ၊ ခြေလက်မသယ်ချင်ဖြစ်တာ၊ မူးဝေတာနဲ့ သတိလစ်တာတွေတွဲဖြစ်လာတာမျိုးကို ခေါ်ပါ တယ်။ အဲဒီအခြေအနေရောက်ပြီဆိုရင် အဆိုးဆုံးအခြေအနေဖြစ်တဲ့ အပူကြောင့် လေဖြတ်ခြင်းဖြစ်ဖို့ အခွင့်အလမ်းအရမ်းများနေပြီဖြစ်တဲ့အတွက် မြန်မြန်ဆန်ဆန် ကုသဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ပတ်ဝန်းကျင်အပူရှိန်ကို မြန်မြန်ချပေးရပါမယ်။ လေအေးပေးစက်တပ်ဆင် ထားတဲ့အခန်းထဲမှာနေဖို့ လိုအပ်ပါတယ်။ ရေဖတ်ရွှဲနစ်နေအောင်တိုက်တာ၊ ပန်ကာ ဖွင့်ထားတာ စတဲ့နည်းလမ်းတွေနဲ့ အပူကျ အောင် လုပ်ပေးသင့်ပါတယ်။
ကိုယ်အပူချိန်ကြီးစေတဲ့ တခြားအကြောင်းရင်းတွေ ရှိပါတယ်။ ဥပမာ-ငှက်ဖျား၊ တိုက်ဖွိုက်၊ သိုင်းရွိုက် ရောဂါတွေနဲ့ သွေးဆိပ်တက်တာတွေ ဖြစ်ပါတယ်။ ရေနဲ့ဓာတ်ဆား ဆုံးရှုံးမှုများတဲ့အတွက် ဓာတ်ဆားရည် တိုက်ပေးရပါမယ်။ အနည်းဆုံး ဓာတ်ဆားရည် ၅ လီတာ ဝင်အောင်တိုက်ဖို့လိုပါတယ်။ ဆရာဝန်နဲ့ သူနာပြုဆရာမတွေက လိုအပ်သလို ဆက်လက် ဆောင်ရွက်ပေးရပါမယ်။ သိပ်လိုအပ်ရင် အကြောထဲကနေ Drip သွင်း ပေးရတာမျိုးတွေ ရှိတဲ့အတွက် နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ အမြန်ဆက်သွယ်ပြီး ဆောင်ရွက်မှသာ အသက်အန္တရာယ်ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။
အကယ်၍ T.core က ၄၁ ဒီဂရီစင်တီဂရိတ်ထက် ကျော်သွားပြီဆိုရင်တော့ အသက်ဆုံးရှုံးဖို့ လက်တစ်ကမ်းအလိုသာ ရှိတော့တဲ့ အပူလျှပ်ခြင်းလို့ခေါ်တဲ့ အခြေအနေကို ရောက်နေပါပြီ။ အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတွေအပြင် ကယောင်ကတမ်းပြောခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ တက်ခြင်း၊ ကိုမာလို့ခေါ်တဲ့ အခြေအနေနဲ့ နေထိုင်သွားရတတ်ပါတယ်။
အပူလျှပ်ခြင်း ဖြစ်နိုင်ခြေများသူတွေကတော့ အသက်အရွယ်ကြီးသူတွေ၊ ဆီးချို ဝေဒနာရှင်တွေ၊ အရက်သေစာသောက် သုံးသူတွေ၊ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးသောက်နေရသူတွေ၊ ဆီးဆေးသောက်နေ ရသူတွေနဲ့ အရမ်းပူတဲ့အချိန်မှာ အဝတ် အစားထူထူဝတ်ပြီး အားကစားလေ့ကျင့် ခန်းလုပ်မိသူတွေ၊ အရမ်းပူတဲ့အချိန်မှာ အကာအကွယ်မဲ့ အပြင်ထွက်သူတွေမှာ ပိုဖြစ်လေ့ ရှိပါတယ်။
ကုသမှုအပိုင်းအနေနဲ့ အတွင်းလူနာအဖြစ် အရေးပေါ်ကြပ်မတ် ကုသခန်းမှာ စနစ်တကျကုသမှုခံယူဖို့ လိုအပ်ပါတယ်။
T.core ၄၁ ဒီဂရီစင်တီဂရိတ်ထက် ကျော် နေတာတောင်မှ အချိန်မီကုသမှုခံယူနိုင်ရင် ပြန်ကောင်းလာနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးဆုံးက အချိန်မီဆေးရုံရောက်ရှိဖို့ ဖြစ်ပါတယ်။
အပူချိန်အပြင် ကာကွယ်မှုအပိုင်းကတော့ အပူကြောင့်ဖြစ်ပေါ်တတ်တဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုလက္ခဏာတွေကို သိရှိနားလည်ထားဖို့ လိုပါတယ်။ အခြေခံအနေ နဲ့ အလွယ်တကူနားလည်လွယ်ခြင်းလို့ခေါ်တဲ့ နေပူထဲထွက်ရင် ထီး၊ ဦးထုပ်ဆောင်းရမယ်ဆိုတာမျိုး၊ ပွပွချောင်ချောင် အဝတ်အထည်တွေ ဝတ်ဆင်တာမျိုး၊ အရိပ်ထဲနေရမယ် ဆိုတာမျိုး၊ ချွေးထွက်များရင် ဓာတ်ဆားရည်သောက်ပေးရမယ် ဆိုတာမျိုး၊ မိတ်ဖုထွက်လာရင် အေးနေ အောင်ထားရမယ်ဆိုတာမျိုး၊ ပျစ်ချွဲစေး ကပ်နေတဲ့ခရင်မ်တွေ မလိမ်းရတာမျိုး စတဲ့နားလည်လွယ်ခြင်းမျိုးတွေ သိရှိဖို့လိုပါတယ်။
အရေးကြီးဆုံးက အချိန်မီကုသစီမံ ခြင်း(Timely Managements) လို့ခေါ်တဲ့အချိန်မီကုထုံးရနိုင်ဖို့အတွက် နီးစပ်ရာကျွမ်းကျင်သူ မိသားစုဆရာဝန်နဲ့ လိုအပ်သလို ဆောင်ရွက်ခြင်းနည်းနဲ့ အပူကြောင့် လေဖြတ်ခြင်း ဖြစ်မှုနှုန်း၊ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာတွေ ဖြစ်ပေါ်မှုနှုန်းကို ရာနှုန်းပြည့်လျှော့ချပေးနိုင်ဖို့ လိုအပ်ပါ တယ်။
အိုဇုန်းလွှာက ခရမ်းလွန်ရောင်ခြည် ကမ္ဘာမြေလွှာပေါ် တိုက်ရိုက်မကျရောက်အောင် တားဆီးပေးတယ်။ အိုဇုန်းလွှာပြီးရင် နီယိုစပီးယားဆိုပြီး ရှိပါတယ်။ လူသားတို့ သက်မဲ့ရုပ်ကြွင်းလောင်စာများ ဖြစ်တဲ့ရေနံ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တို့ လောင်ကျွမ်းရာကနေ လူသားတို့စီမံ ထားတဲ့လေအေးပေးစက်၊ ရေခဲသေတ္တာ၊ ရင်ကျပ်ရှူဆေး၊ လက်သည်းဖျက်ဆေးစတာတွေက လေထုထဲပါဝင်မှုများပြီး အိုဇုန်းလွှာပေါက်ပြဲစေပါတယ်။ လူတို့ပြုလုပ်စီမံတဲ့ Chlorofluorocarbon (CFC) နဲ့ တောမီးလောင်ခြင်း၊ မော်တော်ကား၊ လေယာဉ်ပျံ၊ သင်္ဘောများမှ သဘာဝ ရုပ်ကြွင်းလောင်စာတွေကနေ CFC ထွက်ရှိ မှုများလာတာနဲ့အမျှ အိုဇုန်းလွှာပါးပြီး ပေါက်ခြင်း ဖြစ်လာပါတယ်။ အိုဇုန်းလွှာ ပေါက်သွားတာကြောင့် ခရမ်းလွန်ရောင်ခြည်က မွန်းလွဲ (၁-၃) နာရီမှာ အမြင့်ဆုံး ဖြစ်ပေါ်နေတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က လူသားတို့အပေါ် ကျရောက်ရင် အင်ပျဉ်ထခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ယားယံခြင်း၊ အရေပြား ညိုမည်းစွဲထင်ခြင်း၊ အရေပြားအနာ၊ အရေပြားကင်ဆာ၊ သက်ကြီးပိုင်းမျက်စိ တိမ်စွဲခြင်း ဖြစ်စေနိုင်ပါတယ်။
နေရောင်ထဲ မဖြစ်မနေထွက်ရမယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ၉၉ ရာခိုင်နှုန်းကာကွယ်နိုင်တဲ့ မျက်မှန်တပ် ဆင်သင့်ပါတယ်။ နေရောင်ကာခရင်မ် လိမ်းသင့်ပါတယ်။ သနပ်ခါးလိမ်းသင့်ပါတယ်။ အသက်ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ခံအားနည်းသူများအနေနဲ့ နေ့လယ်ပိုင်းအချိန်တွေမှာ အိမ်ထဲ ဒါမှမဟုတ် အမိုးအကာအောက်၊ သစ်ပင်အောက်၊ အဲကွန်းသုံးအခန်းတွေမှာ အေး အေးလူလူနေသင့်ပါတယ်။ နေ့စဉ် ရေနွေး ကြမ်း ဒါမှမဟုတ် ရေသန့် (၂-၃) လီတာ သောက်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ။
Source: https://myawady.net.mm/stories
Photo Crd: City Rewards
စိုက်ပျိုးရေးကဏ္ဍသည် မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများ၌မှီတင်းနေထိုင်ကြသည့် ကျေးလက်လူထု၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝဖူလုံရေးအတွက် များစွာအရေးပါသည်။ စိုက်ပျိုးရေးကဏ္ဍ အရေးပါသည့် အလျောက် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများအနက် ပြည်ပဝင်ငွေများစွာရရှိသည့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေးမှာလည်း အဓိကအခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်နေသည်။ စိုက်ပျိုးထုတ်လုပ်သည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို ပြည်ပသို့ အများဆုံးတင်ပို့မှုရှိသည်။
ပဲမျိုးစုံတင်ပို့မှုအနေဖြင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဦးဆောင်နိုင်ငံဖြစ်ပြီး ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ပြီးနောက် ကမ္ဘာ့တတိယတင်ပို့မှုအများဆုံးနိုင်ငံဖြစ်သည်။ ပဲမျိုးစုံသီးနှံများအနက် ပဲစင်းငုံသီးနှံသည် အယ်နီညိုကျရောက်ခြင်းကဲ့သို့သော မိုးခေါင်ရေရှားမှုဒဏ်ခံနိုင်ရည်ရှိခြင်း၊ အမြစ်ဆင်းအား ကောင်းမွန်ခြင်းကြောင့် ရေစုပ်ယူမှုအားကောင်းခြင်း၊ ငယ်စဉ်တွင် အပင်ဖြစ်ထွန်းမှုနှေးခြင်းကြာင့် သီးညှပ်စိုက်ပျိုးရန် အလွန်ကောင်းမွန်ခြင်း စသည့် အားသာချက်များစွာ ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ အပူပိုင်း ခြောက်သွေ့ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြသည်။
ပဲစင်းငုံ၏မူရင်းဒေသမှာ အပူပိုင်းအာဖရိက၊ ဇန်ဇီဘာမှ ဂီးနီးဒေသများထိဖြစ်မည်ဟုယူဆကြပြီး ဘီစီ ၂၂၀၀ မှ ၂၄၀၀ ကြား အီဂျစ်ရှိ သင်္ချိုင်းဂူများတွင် ပဲစင်းငုံဆိုင်ရာယဉ်ကျေးမှုအကြွင်းအကျန်များ တွေ့ရှိခဲ့ကြကြောင်း လေ့လာသိရှိရသည်။
ပဲစင်းငုံသည် နှစ်ရှည်ချုံပင်မျိုးဖြစ်သော်လည်း တစ်ရာသီ သီးနှံအမျိုးအစားဖြစ်သည်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ကာရေဘီယံတို့တွင် အဓိက သီးနှံတစ်ခုအဖြစ် အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း နှစ်စဉ်စိုက်ပျိုးလေ့ရှိကြသည်။ ပဲစင်းငုံကို ကုလားပဲနီ၊ ကွန်ဂိုပဲစေ့၊ မျက်ကန်းပဲ၊ ခါးဒီရို၊ အပူပိုင်းပဲစိမ်းဟု လူသိများကြပြီး အပူပိုင်းနှင့် သမပိုင်းတို့တွင် ပေါက်ရောက်သော ပဲမျိုးရင်းဝင်တစ်ခုဖြစ်သည်။ လူသားတို့အတွက် အစားအစာအဖြစ်သာမက တိရစ္ဆာန်အစားအစာနှင့် သဘာဝသစ်စိမ်းမြေဩဇာများအဖြစ်လည်း အသုံးပြုကြသည်။ ကမ္ဘာပေါ်တွင် ပဲစင်းငုံကို နိုင်ငံပေါင်း ၈၂ နိုင်ငံခန့် စိုက်ပျိုးထုတ်လုပ်ကြပြီး အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုဧရိယာ၏ ၇၂ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးစိုက်ပျိုးလျက်ရှိသည်။
ပဲစင်းငုံတွင် သိုင်ရမင်း၊ ရွိုင်ဘိုဖလေဘင်၊ နီယစင်း၊ ဗီတာမင် ဘီ-၆၊ ဖောလိတ်၊ ဗီတာမင်အေ၊ကယ်စီယမ်၊ သံ၊ မဂ္ဂနီစီယမ်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ်တို့များစွာပါဝင်ခြင်းကြောင့် ပဲစင်းငုံ စားသုံးခြင်းဖြင့် သွေးပေါင်ချိန်ကိုထိန်းပေးခြင်း၊ သွေးအားနည်းခြင်းရောဂါကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းခြင်းကိုကုသခြင်း၊ ကိုယ်အလေးချိန်လျော့စေရန်ကူညီပေးခြင်း၊ ကိုယ်ခံစွမ်းအားကိုမြှင့်တင် ပေးခြင်း၊ နှလုံးကျန်းမာရေးနှင့် အစာချေဖျက်အားစနစ်တို့ကိုလည်းကောင်းမွန်ခြင်း စသည့်အကျိုး ကျေးဇူးများစွာရရှိသည်။ အထူးသဖြင့် ပဲစင်းငုံတွင် အဓိကအများဆုံးပါရှိသည့် ပိုတက်စီယမ်သတ္တုဓာတ်သည် ခန္ဓာကိုယ်ထဲတွင်ဓာတ်ပြုပြီးနောက် သွေးဖိအားကို လျှော့ချပေးနိုင်စွမ်းရှိခြင်းကြောင့် သွေးတိုးရောဂါရှိနေသောသူများအနေဖြင့် နေ့စဉ်စားသုံး ပေးသင့်သည်။
ပဲစင်းငုံစိုက်ပျိုးခြင်းအတွက် အသင့်လျော်ဆုံးအပူချိန်မှာ ၂၀ ဒီဂရီစင်တီဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ၂၀ ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းပါက အပင်ကြီးထွားမှုကို နှေးကွေးစေသည်။ အပင်သက်တမ်း တစ်လျှောက် နှင်းခါးရိုက်မှုနှင့် ရေဝပ်ခြင်းဒဏ်ခံနိုင်ရည်မရှိပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၀၀၀ အထိစိုက်ပျိုးနိုင်ပြီး မိုးရေချိန် ၁၀၀ လက်မအထက် ရွာသွန်းသည့်ဒေသများတွင် ရေဝပ်မှုမရှိပါက ကောင်းစွာစိုက်ပျိုးနိုင်သည်။ ပဲစင်းငုံသည် နေ့တာတိုပင်ဖြစ်၍ စိုက်ပျိုးချိန်တွင် အပင်ကြီးထွားမှုနှင့် အပင်အမြင့်အတွက် အဓိကအရေးကြီးသည်။ ပန်းပွင့်ချိန်တွင် မိုးမိခြင်း၊ အပူချိန်မြင့်မားခြင်း စသည့်အခြေအနေများမှ လွတ်ကင်းအောင်စိုက်ပျိုးရန် လိုအပ်သည်။
ပန်းပွင့်ရန် နေ့တာတို လိုအပ်သည်။ အပူချိန် ၂၀-၃၀ ဒီဂရီစင်တီဂရိတ်ရှိပါက နေ့တာရှည်သော်လည်း ပန်းပွင့်ရက်စောနိုင်သည်။ ပူလွန်း၍ ပန်းပွင့်စောလျှင် အဆန်မတည်ခြင်းဖြစ်တတ်၍ ဒေသမျိုးများကို မိုးဦး ကာလတွင်စိုက်ပျိုးသင့်သည်။ ပဲစင်းငုံသီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်ဆိုသော်လည်း ပန်းပွင့်ချိန်တွင် မိုးမိခြင်းနှင့် အပူချိန်မြင့်ခြင်းတို့မှ ကင်းဝေးရန်လိုအပ်သည်။ ဒေသမျိုးများကို မိုးဦးကာလဖြစ်သည့် မေလလယ်မှ ဩဂုတ်လထိ စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းသည်။ မြေအမျိုးအစား ရွေးချယ်မှုမရှိခြင်းကြောင့် သဲသမမြေမှ ရွှံ့စေးသမမြေအထိ စိုက်ပျိုးနိုင်သည်။ မြေနီကျောက်စရစ်၊ မြေနီသဲဝန်း၊ စနယ်မြေတို့တွင်ဖြစ်ထွန်း၍ နုန်းမြေစေးကဲ့သို့ မြေဩဇာထက်သန်ပြီး မြေသားနက်သည့်သမမြေတွင် ပိုမိုဖြစ်ထွန်းသည်။ မြေချဉ်ငန်ဓာတ် ၇ ဝန်းကျင်ရှိပြီး ရေစီးရေလာကောင်းသည့် မြေမျိုးတွင် ရွေးချယ်စိုက်ပျိုးသင့်သည်။
အခြေခံအားဖြင့် ပဲစင်းငုံပင်ပြန့်နှင့် ပဲစင်းငုံပင်ထောင်ဟူ၍ နှစ်မျိုးရှိပြီး မြန်မာနိုင်ငံတွင်အများဆုံးစိုက်ပျိုးသည့် ပဲစင်းငုံမျိုးများမှာ သက်ကြီးမျိုးများဖြစ်ပြီး သက်တမ်း ၂၇၅ ရက်ခန့်ရှိသည်။ အသက်ရက်အလိုက် သက်ကြီးမျိုး၊ သက်လတ်မျိုးနှင့် သက်လျင်မျိုးဟူ၍ ခေါ်ဆိုကြသည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အပူပိုင်းခြောက်သွေ့သည့် ဒေသများတွင် ရွှေဒင်္ဂါးနှင့် ငါးဆံပဲစသည့် သက်ကြီးပဲစင်းငုံမျိုးများကို စိုက်ပျိုးကြသည်။ သက်ကြီးမျိုးကို တန်းကြား ၄ ဒသမ ၅ ပေ၊ ပင်ကြားတစ်ပေ၊ သက်လတ်မျိုးကို တန်းကြားသုံးပေ၊ ပင်ကြားတစ်ပေ၊ သက်လျင်မျိုးကို တန်းကြားနှစ်ပေ၊ ပင်ကြားခြောက်လက်မဖြင့် စိုက်ပျိုးကြသည်။ ပဲစင်းငုံကို သီးညှပ်စိုက်ပျိုးရာတွင် ပင်ကြားတန်းကြားကို ၁ ဒသမ ၅-၃ ပေ၊ ၇ - ၁၀ ဒသမ ၅ ပေ အထိထား၍ စိုက်ပျိုးကြသည်။ ပဲစင်းငုံသီးနှံကို သီးသန့် သို့မဟုတ် သီးညှပ်စိုက်ပျိုးလေ့ရှိသော်လည်း စိုက်ပျိုးဧရိယာ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြသည်။ သီးသန့်စိုက်ပျိုးရာတွင် သက်တမ်းအလိုက် သတ်မှတ်ထားသော အပင်အရေအတွက်ဝင်အောင်စိုက်ပျိုးရမည်။ သီးညှပ်စိုက်ပျိုးရာတွင် ပဲစင်းငုံတစ်တန်းနှင့် တစ်တန်းကြားတွင် ပဲတီစိမ်း၊ နှမ်း၊ မြေပဲ၊ ဝါ၊ နေကြာနှင့် နှံစားပြောင်းများကို သုံးတန်းမှငါးတန်းထိ ညှပ်၍စိုက်ပျိုးကြသည်။ ထိုသို့ကြားညှပ်စိုက်ပျိုးခြင်းအားဖြင့် ပဲစင်းငုံသီးနှံမပေါ်မီ အခြားသီးနှံများ ရိတ်သိမ်းရသဖြင့် အပိုဝင်ငွေများစွာရရှိနိုင်သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခု၌ ပဲစင်းငုံဟက်တာထောင် ပေါင်း ၄၂၄ ကျော် စိုက်ပျိုးထုတ်လုပ်မှုရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဟက်တာထောင်ပေါင်း ၁၈၇ ဖြင့် ပထမအများဆုံး၊ မန္တလေးတိုင်းဒေသကြီးတွင် ဟက်တာထောင်ပေါင်း ၁၄၂ ဖြင့် ဒုတိယအများဆုံး၊ မကွေးတိုင်းဒေသကြီးတွင် ဟက်တာထောင်ပေါင်း ၆၃ ဖြင့် တတိယအများဆုံး၊ ရှမ်းပြည်နယ်တွင် ဟက်တာထောင်ပေါင်း ၂၀ ဖြင့် စတုတ္ထအများဆုံး စိုက်ပျိုးထုတ်လုပ်မှုရှိပြီး ပဲစင်းငုံထုတ်လုပ်နိုင်မှုမှာ စစ်ကိုင်းတိုင်းဒေသကြီးသည် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၅၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၁၀၀ ကျော်နှင့် မကွေးတိုင်းဒေသကြီးတွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၅၅ ကျော်ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
ပဲစင်းငုံသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် စိုက်ပျိုးရေးဂေဟစနစ်အားကောင်းစေခြင်း၊ ဒေသမရွေးစိုက်ပျိုးနိုင်သည့် အားသာချက်များရှိခြင်း၊ မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ခြင်း၊ ကမ္ဘာ့ နိုင်ငံများထဲမှ ပဲစင်းငုံစားသုံးမှု အများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံမှ မြန်မာပဲစင်းငုံ အများအပြား ဝယ်ယူတင်သွင်းမှုရှိခြင်း၊ မြန်မာပဲစင်းငုံသည် ဓာတုဓာတ်ကြွင်းကင်းစင်ခြင်း၊ စားသုံးရာတွင် အရသာ ကောင်းမွန်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် နီပေါတို့မှလည်း ဝယ်လိုအားရှိပြီး ပဲစင်းငုံသီးနှံတိုးချဲ့စိုက်ပျိုးခြင်းအားဖြင့် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက်ရှိ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေပြီး တိုင်းပြည်ဝင်ငွေမြင့်မားစေမည်။
မြန်မာနိုင်ငံမှ ပဲစင်းငုံများကို နှစ်စဉ်နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှတင်ပို့လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၁၀၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၀၅ သန်းဖြင့်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၁၅၈၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၂၈ သန်းဖြင့်လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၁၁၄၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇၆ ဒသမ ၃၆ သန်းဖြင့်လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၄၄၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၆၃ ဒသမ ၆၉ သန်းဖြင့်လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၃၉၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၈၇ ဒသမ ၃၉ သန်းဖြင့်လည်းကောင်း တင်ပို့နိုင်ခဲ့သည်။
မြန်မာနိုင်ငံမှ ပဲစင်းငုံများကို ပြည်ပနိုင်ငံအသီးသီးသို့တင်ပို့လျက်ရှိရာ ပဲစင်းငုံတစ်တန်လျှင် ရရှိသည့် ဈေးနှုန်းများမှာ နိုင်ငံအလိုက်ကွာခြားမှုရှိသည်ကို တွေ့ရှိရသည်။ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပဲစင်းငုံဈေးနှုန်းအခြေအနေများကို နိုင်ငံအလိုက်လေ့လာကြည့်ပါက အိန္ဒိယနိုင်ငံတွင် မက်ထရစ်တန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄၂၅၁၇ ဖြင့် ပထမအများဆုံး၊ ယူအေအီးနိုင်ငံတွင် ၁၈၉၇ ဒေါ်လာဖြင့် ဒုတိယအများဆုံးရရှိခဲ့ပြီး နီပေါနိုင်ငံတွင် ၁၁၁၆ ဒေါ်လာဖြင့် တတိယအများဆုံးရရှိသည်ကိုတွေ့ရှိရသည်။ နယူးဇီလန်နိုင်ငံနှင့် အီရန်နိုင်ငံတို့တွင် ၂ ဒေါ်လာနှင့် ၁ ဒေါ်လာတို့ဖြင့် အနည်းဆုံးဖြစ်နေသည်ကို တွေ့ရှိရသည်။ ပဲစင်းငုံတစ်တန်အပေါ်ရရှိသည့် ဈေးနှုန်းကွာခြားချက်မြင့်မားခြင်းကြောင့် ဈေးနှုန်းရရှိမှုမြင့်မားသည့်နိုင်ငံများနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူလျင်မြန်သည့် နိုင်ငံများအား ပို့ကုန်တိုးမြှင့်ခြင်းအားဖြင့် ပြည်ပဝင်ငွေရရှိမှု ပိုမိုမြင့်မားလာမည်ဖြစ်သည်။ ပြည်ပဈေးကွက်ရရှိပြီးဖြစ်သည့် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုတန်ဖိုးကွင်းဆက် ပိုမိုအားကောင်း စေရေး အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများအကြား ဟန်ချက်ညီစွာချိတ်ဆက်ဆောင်ရွက်သင့်သည်။
ပြည်ပဝင်ငွေရရှိသောပဲစင်းငုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကို တောင်သူများအား တွန်းအားပေးဆောင်ရွက်သင့်သည်။
ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်ခြင်းသည် ဂေဟစနစ်ကောင်းစေခြင်း၊ အသားဓာတ်ပါဝင်မှုရှိခြင်း၊ ဘေးထွက်ပစ္စည်းများ ဖြစ်သည့် အပင်အကြွင်းအကျန်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်း၊ အစားအစာပစ္စည်းများ ချက်ပြုတ်ရန် လောင်စာအဖြစ် အသုံးပြုနိုင်ခြင်း၊ ပဲစင်းငုံပင်၏ ပင်စည်များကို ခြံစည်းရိုးအဖြစ် အသုံးပြုနိုင်ခြင်း အပြင် သဘာဝမြေဩဇာအဖြစ် သုံးစွဲနိုင်ခြင်းတို့ကြောင့် ပဲစင်းငုံထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် ဆက်စပ်ချိတ်ဆက်သည့် စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းစေမည်ဖြစ်သည်။ ။
Source: https://myawady.net.mm/stories
ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence)သည် လူသားတို့၏အသိဉာဏ်ရည်ကိုတုပ၍ စက်ပစ္စည်းများတွင်ပေါင်းစပ်ကာ လူသားတစ်ဦးကဲ့သို့ တွေးခေါ်နိုင်၊ ဆုံးဖြတ်နိုင်၊ လေ့လာသင်ယူနိုင်သော နည်းပညာဖြစ်သည်။ အချက်အလက်ပေါင်းများကို ခွဲခြမ်းစိတ်ဖြာစိစစ်၍ ဆုံးဖြတ်နိုင်စွမ်းရှိခြင်းကို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အသုံးချလာခဲ့ ကြသည်။
ကွန်ပျူတာနှင့် လူသားဉာဏ်ရည်ကိုပေါင်းစပ်ကာ စီမံခန့်ခွဲနိုင်မှု၊ ဆန်းစစ်ဝေဖန်တွေးခေါ်နိုင်မှုရှိသော စက်ကိရိယာတီထွင်အသုံးပြုနိုင်ရေး အယူအဆကို ၁၉၅၀ ပြည့်နှစ်မှ စတင်ခဲ့သည်။ ခြောက်နှစ်အကြာတွင် ထိုသိပ္ပံနှင့် နည်းပညာအခြေခံဉာဏ်ရည်တုစက်များ ထုတ်လုပ်မှုကို AI နည်းပညာဟု သတ်မှတ်ခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၇၀ ပြည့်နှစ်များကြားတွင် စက်ရုံ၊ အလုပ်ရုံများ၌ လေးလံသောပစ္စည်းများကို တစ်ဆင့်ပြီးတစ်ဆင့် အတင်အချပြုလုပ်နိုင်သော၊ အလိုအလျောက် ထပ်တလဲလဲ ပြုလုပ်နိုင်သော စက်ရုပ်အစိတ်အပိုင်းများ စတင်တီထွင်လာခဲ့ကြသည်။ လူသားတို့ပေးထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်သည့် ရွေ့လျားနိုင်သော စက်ရုပ်ကို ၁၉၆၆ ခုနှစ်တွင် စတင်တီထွင်ခဲ့သည်။
၁၉၈၀ ပြည့်နှစ်များအတွင်း ကျွမ်းကျင်လူသားတစ်ဦးကဲ့သို့ ဗဟုသုတပြည့်စုံ၍ ဆုံးဖြတ်နိုင်စွမ်းရှိသော Expert System စနစ်တစ်ခုပေါ်ပေါက်လာပြီး ဆေးကုသပြုစုမှုဆိုင်ရာ ဆုံးဖြတ်ချက်များချရာတွင် အထောက်အပံ့ပေးလာခဲ့သည်။ ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်စက်များတွင် AI နည်းပညာပေါင်းစပ်ကာ ပုံမှန်မဟုတ်သည့်ရောဂါရှိသည့်အခြေအနေကို ရှာဖွေနိုင်သောကြောင့် ဆေးဘက်ကျွမ်းကျင်သူများနှင့် ဓာတ်မှန်ပါရဂူများကို အကူအညီပေးနိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင် AI စနစ်များသည် အချက်အလက်ပေါင်းများစွာကို စီမံခန့်ခွဲနိုင်လာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စက်ကိရိ ယာများတွင် ပေါင်းစပ်အသုံးပြုလာခဲ့ကြသည်။
အီလက်ထရွန်နစ် ကျန်းမာရေးဆိုင်ရာမှတ်တမ်း များပြုလုပ်ရာတွင် AI နည်းပညာကို အသုံးပြုလာ သဖြင့် အချက်အလက်ပေါင်းများစွာ စီမံခန့်ခွဲနိုင် ခြင်းကြောင့် ကျန်းမာရေးလုပ်ငန်းစဉ်များ ပိုမိုလျင်မြန် တိကျမှုရှိလာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်ကာလများတွင် နက်ရှိုင်းစွာလေ့လာမှုနှင့်အတူ ရှုပ်ထွေးသော ကျန်းမာရေးဆိုင်ရာအချက်အလက်များကို စိစစ် အဓိပ္ပာယ်ဖော်၍တစ်ဦးချင်းစီနှင့်ကိုက်ညီသော ကုသမှုစီမံချက်ကို ရေးဆွဲပေးလာနိုင်သည့်အပြင် ကျန်းမာရေးဝန်ထမ်းများ ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်ချရာတွင်များစွာအထောက်အကူပြုလာခဲ့ သည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ယနေ့ခေတ်တွင် Chat GPT ၊ DALL-E2 စသော Generative AI (Gen AI) များ တီထွင်ဖန်တီးနိုင်မှုသည် တခြားကဏ္ဍများနည်းတူ ကျန်းမာရေးကဏ္ဍတွင်များစွာအထောက်အကူပြုလာခဲ့သည်။ တစ်ဦးချင်းစီနှင့်ကိုက်ညီသော ဆေးညွှန်း၊ ဆေးဝါးပမာဏချိန်ညှိပေးနိုင်သကဲ့သို့ ဆေးဝါး သစ်များ ရှာဖွေခြင်း၊ အစီရင်ခံစာရေးသားခြင်း၊ လူနာများအား အသိပညာပေးခြင်း၊ နောင်ဖြစ်လာ နိုင်သည့် ကျန်းမာရေးပြဿနာများ ကြိုတင်ခန့်မှန်း ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားလေ့ကျင့် သင်ကြားပေးခြင်းများ လုပ်ဆောင်လာနိုင်ခဲ့သည်။
သူနာပြုလုပ်ငန်းစဉ်တွင် AI ထိရောက်စွာအသုံး ချနိုင်မှုကို ပေါင်းစပ်ခြင်းသည် ကျန်းမာရေးအခန်း ကဏ္ဍ၏တိုးတက်ပြောင်းလဲမှုပုံစံတစ်ခုအဖြစ် ယူဆနိုင်ပါသည်။ လူနာပြုစုကုသမှုစွမ်းရည်တိုးတက်လာသကဲ့သို့ ကုသမှုဆိုင်ရာဆုံးဖြတ်မှုများတွင် အထောက်အပံ့များစွာ ရရှိစေပါသည်။ လူနာ၏ ကျန်းမာရေးဆိုင်ရာအချက်အလက်များ စနစ်တကျ သိုမှီးသိမ်းဆည်းစီမံခန့်ခွဲနိုင်သကဲ့သို့ ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးနိုင်သည်။ တခြားသောကျန်းမာရေးဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာသည်။ ထို့ပြင် ပြုစုကုသမှုလုပ်ငန်းစဉ်တွင် တွေ့ကြုံရတတ်သော မှားယွင်းမှုများကိုလျှော့ချနိုင်ပြီး အချိန်နှင့်တစ်ပြေးညီထိရောက်သော ပြုစုကုသမှုဆောင်ရွက်နိုင်စေသည်။ ခေတ်မီသူနာပြုစုမှုတွင် AI ပေါင်းစပ်ဆောင်ရွက်နိုင်မှုကို အောက်ပါအတိုင်း တွေ့ရှိရပါ သည်-
(က)Clinical Decision Support
AI သုံးစက်ကိရိယာများသည် လူနာ၏အခြေအနေမှန်ကို စနစ်တကျသုံးသပ်၍ တွေ့ကြုံနိုင်သော ကျန်းမာရေးပြဿနာများ၊ ရှေ့အလားအလာများကို ကြိုတင်ခန့်မှန်းကာ ထိရောက်သောပြုစုကုသမှုကို ပေးစွမ်းနိုင်သည်။ သူနာပြုများအနေဖြင့် လူနာနှင့်ဆိုင်သောအချက်အလက်များ (ဥပမာ- ရောဂါ ရာဇဝင်၊ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင်၊ ဓာတ်ခွဲခန်းအဖြေများ)ကို AI သုံး Clinical Decision Support System စနစ် အတွင်းသို့ထည့်သွင်းပြီး AI မှ စဉ်းစားတွေးခေါ်ပေး သော လူနာနှင့်ဆိုင်သည့် ညွှန်ကြားချက်များ(ဥပမာ- အရေးကြီးလူနာဟုသတ်မှတ်ခြင်း၊ ဆေးပမာဏကို ညှိပေးခြင်း)ကိုလိုက်နာကာ ဆရာဝန်များနှင့်ပူးပေါင်း၍ သင့်လျော်သော ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချနိုင်မည်ဖြစ်သည်။ ဆေးပညာဆိုင်ရာ ခိုင်မာသော သုတေသနရလဒ်များကို အခြေခံ၍ Evidence- based ဆုံးဖြတ်ချက်များချနိုင်ရန် တွန်းအားပေး ကူညီသည့်သဘောဖြစ်သည်။
(ခ)Predictive Analytics for patient deterioration
AI သုံးစက်ကိရိယာများသည် လူနာနှင့်ပတ်သက်သောအချက်အလက်ပေါင်းများစွာကို ခွဲခြမ်းစိတ်ဖြာ၍ လူနာများ ချော်လဲနိုင်ခြေ၊ ကျောပူနာဖြစ်နိုင်ခြေ၊ ပိုးဝင်သွေးဆိပ်ပျံ့နှံ့နိုင်ခြေ၊ ဆေးရုံထပ်မံတက် ရောက်နိုင်ခြေ စသည့်နောက်ဖြစ်လာနိုင်သည့် အန္တရာယ်များကို တွက်ချက်ပေးပြီး သူနာပြုများအား အထောက်အကူပြုပေးကြသည်။ AI ၏ မျှော်မှန်းတွက်ချက်မှုပေါ်အခြေခံကာ သူနာပြုများအနေဖြင့် အရေးကြီးလူနာများ၏ နှလုံး၊ အဆုတ်၊ ကျောက်ကပ်လုပ်ဆောင်မှုများ စောင့်ကြပ်ကြည့်ရှုမှုကို တိုးမြှင့်ဆောင်ရွက်နိုင်သည်။ ထို့ပြင် ဆရာဝန်များအနေဖြင့် ပိုမိုသင့်လျော်သော ဆေးဝါး၊ ကုထုံးများကို ပြောင်း လဲပေးခြင်းဖြင့် ကာကွယ်ကုသမှုများကို ပို၍ကောင်း မွန်အောင် ဆောင်ရွက်လာနိုင်သည်။
(ဂ) Patient case Assistance
AI သုံးစက်ရုပ်များ(Robots) ၊ ကိရိယာများ(Devices) အသုံးပြု၍ လူနာများကို ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်နိုင်သဖြင့် သူနာပြုများအား ပင်ပန်းမှုမှ သက်သာစေနိုင်သည်။ ထို့ပြင် ဆေးဝါးများ လှည့်လည်တိုက်ကျွေးရာတွင်လည်း အသုံးပြုနိုင်သောကြောင့် ဆေးအမျိုးအစား၊ ဆေးဝါးပမာဏမှန်ကန်မှုရစေပြီး ကုသမှုလုပ်ငန်းစဉ်တွင် တွေ့ကြုံတတ်သော ဆေးမှားတိုက်မိခြင်း၊ ဆေးမတိုက်မိခြင်းပြဿနာများမှလည်း ပြေလည်စေနိုင်ပါသည်။ AI chatbots, virtual assistants များ အသုံးပြုခြင်းသည် လူနာများအတွက် အကူကောင်းတစ်ဦးကဲ့သို့ အထောက်အကူပြုစေနိုင်ပါသည်။ ကျန်းမာရေးအကြံပေးမှုများ၊ ကျန်းမာရေးဆိုင်ရာ သိလိုသည်များ ဖြေကြားပေးခြင်းသာမက ဆေးဝါးများသောက်ရန် အသိပေးခြင်း၊ follow up ပြန်ပြရန် သတိပေးခြင်းများ ပြုလုပ်နိုင်သည်။ သူနာပြုများကလည်း ထို AI အကူစနစ်များမှပေးပို့သောသတင်းစကားအရ ပိုမိုကောင်းမွန်သော ထပ်မံကြည့်ရှုမည့် ရက်ချိန်းပေးနိုင်သကဲ့သို့ ရောဂါမျိုးစုံရှိသော၊ ရောဂါအခြေအနေထိန်းညှိရခက်သောလူနာများကို အထူးစောင့်ကြပ်သတိထားနိုင်မည်ဖြစ်သည်။ တစ်ဦးချင်းစီနှင့်သက်ဆိုင်သောရောဂါရာဇဝင်၊ မျိုးရိုးဗီဇ၊ နေထိုင်စားသောက်ပုံစသည့်အချက်အလက်များပေါ်အခြေခံ၍ Personalized ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံချက်များကို AI မှ ရေးဆွဲပေးနိုင်သောကြောင့်သူနာပြုများသည်လူနာတစ်ဦးချင်းနှင့်ကိုက်ညီသောပြုစုကုသမှုကို ဆောင်ရွက်ပေးလာနိုင်သည်။ X-rays၊ CT scan ၊ MRI စသည့်ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်ရာတွင် AI သုံးစက်ကိရိယာများသည် တိကျသောအဖြေများပေးနိုင်သောကြောင့် ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်များအတွက် အထောက်အပံ့ဖြစ်စေခြင်းဖြင့်လူနာများအတွက် ပို၍သင့်လျော်သော ပြုစုကုသမှုပေးနိုင်လာပါသည်။
(ဃ)Remote Monitoring and Telehealth
လူနာများသည် AI သုံးစက်ကိရိယာများ ဝတ်ဆင်ထားခြင်းဖြင့်နေ့စဉ်အချိန်နှင့်အမျှပြောင်းလဲနေသော သွေးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင်စသည့်နှလုံး၊အဆုတ် လုပ်ဆောင်မှုဆိုင်ရာအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ပြီးခွဲခြမ်းစိစစ်ကာ ကြုံလာနိုင်သည့် ကျန်းမာရေးအန္တရာယ်များကို ကြိုတင်ခန့်မှန်း နိုင်သည်။ နာတာရှည်ရောဂါလူနာများ၏ မိမိအိမ်တွင်း နေထိုင်စဉ် ကျန်းမာရေးအခြေအနေကိုသူနာပြုများကအဝေးရောက်စောင့်ကြည့်ကိရိယာများမှ ပေးပို့သော သတင်းအချက်အလက်များအရ လူနာ၏အခြေအနေကိုသိရှိနိုင်ပြီး လိုအပ်သော ကုသမှုများ၊ အကြံပေးမှုများ၊ရက်ချိန်းမြန်မြန်ရရှိနိုင်ရေးများ လုပ်ပေးနိုင်ပါသည်။ အဝေးရောက်ကျန်းမာရေးကြည့်ရှုစောင့်ရှောက်မှုကိုထိရောက်စွာအကောင်အထည်ဖော်နိုင်မှုတစ်ခုဖြစ်သည်။
(င)Patient Education and Engagement
လူနာတစ်ဦးချင်း၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကျန်းမာရေးပညာပေးမှုများကို AI သုံးစနစ်များက ဆောင်ရွက်ပေးနိုင်ပြီး ဆေးပုံမှန်သောက်သုံးခြင်း၊ နေ့စဉ်နေထိုင်မှုဘဝကို ကျန်းမာရေးအထောက်အကူပြုသည့်နေထိုင်မှုဘဝအဖြစ် ပြုပြင်နေထိုင်ခြင်း ရှိ/မရှိကိုလည်း AI သုံးစနစ်များ အကူအညီဖြင့် စောင့်ကြပ်ကြည့်ရှုနိုင်ခြင်းသည် သူနာပြုများ၏ ပြုစုကုသမှုလုပ်ငန်းစဉ်တွင် များစွာအထောက်အကူ ပြုနိုင်သည်။ ထို့ကြောင့် နာတာရှည်ရောဂါဝေဒနာရှိသော လူနာများကို AI နည်းပညာသုံး စက်ကိရိယာများ အသုံးပြုနိုင်ရန် လေ့ကျင့်သင်ကြားပေးရပါမည်။ သို့မှသာ လူနာနှင့် သူနာပြုများ၊ ကျန်းမာရေး စောင့်ရှောက်သူများကြား ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး ထိရောက်သော ကုသမှုရစေနိုင်ပါသည်။
(စ) Administrative Support
သူနာပြုများသည်လူနာပြုစု၊ ကုသမှုသာမက လူနာ၏မှတ်တမ်းများ စနစ်တကျသိမ်းဆည်းခြင်း၊ ရက်ချိန်းများ စနစ်တကျဖြစ်အောင် ဆောင်ရွက်ရခြင်းစသည့်စီမံအုပ်ချုပ်မှုဆိုင်ရာများလည်းလုပ်ဆောင်ရသည်။ AI-driven scheduling system နည်းစနစ်များကိုအသုံးပြုခြင်းဖြင့် ရက်ချိန်းစီမံမှုများ၊ တာဝန်ချိန်ခွဲဝေမှုများ တိကျမှုရှိလာသည်သာမက လူနာဆေးရုံတက်၊ ဆေးရုံဆင်းမှတ်တမ်းတင်မှုများ ပို၍တိကျမှုရှိလာပါသည်။ စာရွက်စာတမ်းကိစ္စများ၌ အာရုံစိုက်ရန် မလိုအပ်သောကြောင့် လူနာပြုစုကုသမှုတွင် ပို၍အချိန်ပေးလာနိုင်သည်။ ထို့ပြင် လုပ်ငန်းခွင်အတွင်း၌ဂျူတီချိန်သတ်မှတ်ချက်၊ဂျူတီအပြောင်းအရွှေ့၊ အဓိကထားဆောင်ရွက်ရမည့် လုပ်ငန်းများသတ်မှတ်ရာတွင် AI သုံးစနစ်များ အသုံးပြုခြင်းဖြင့် စနစ်တကျမှန်ကန်မှုရှိလာသော ကြောင့် သူနာပြုများ လုပ်ငန်းခွင်အတွင်း ပင်ပန်းနွမ်းနယ်မှု၊ အလုပ်တာဝန်ဖိစီးမှုများ သက်သာကာ လူနာပြုစုစောင့်ရှောက်မှုကို ပို၍အလေးထားလာနိုင်သည်။ ဆေးရုံရှိ လူနာခန်းများ၊ ခုတင်များ၊ စက်ကိရိယာများစသော အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်သဖြင့် သင့်လျော်သောလူနာများအတွက်ထိရောက်သောပြုစုကုသမှုရစေနိုင်ပါသည်။ ထို့ကြောင့် လုပ်ငန်းလည်ပတ်မှုများလည်း ပိုမိုသွက်လက်မြန်ဆန်လာကာဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကိုလည်း ညွှန်ပြပေးနိုင်သဖြင့် အချိန်နှင့်တစ်ပြေးညီ ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်လာနိုင်ပါသည်။
(ဆ) Electronic Health Records with AI integration
AIနည်းပညာအားဖြည့်ထားသည့် အီလက်ထရွန်နစ်ကျန်းမာရေးမှတ်တမ်းထားရှိမှုသည်ပို၍စနစ်တကျရှိစေပြီးစီမံခန့်ခွဲမှုဆိုင်ရာလုပ်ဆောင်မှုများ တိုးတက်စေသည်။ လူနာတစ်ဦးချင်းစီနှင့်ပတ်သက်သောရောဂါမှတ်တမ်း၊ဓာတ်ခွဲခန်းအဖြေများ၊ ဓာတ်မှန်ဆိုင်ရာအချက်အလက်များကိုအီလက်ထရွန်နစ်နည်းပညာဖြင့်ထားရှိခြင်းကြောင့် အလွယ်တကူ ပြန်လည်သိရှိနိုင်ပါသည်။ AI နည်းပညာပေါင်းစပ်ခြင်းဖြင့် လူနာနှင့်ဆိုင်သော အချက် အလက်များကိုသုံးသပ်၍ အလွယ်တကူ မတွေ့မြင်နိုင်သော အန္တရာယ်ကိုဖော်ထုတ်ကာ အရေးကြီးလူနာဟုသတ်မှတ်ပေးနိုင်သည်သာမကကုသမှုဆိုင်ရာလုပ်ငန်းစဉ်များလည်း ချမှတ်ပေးနိုင်သည်။ ဆေးညွှန်ကြားမှု၊ ရက်ချိန်းသတ်မှတ်မှုများကိုပင် အလိုအလျောက်လုပ်ဆောင်နိုင်လာခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို များစွာအဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။
(ဇ) Training and simulation
AI သုံးစွမ်းအားမြင့် စက်ကိရိယာများသည် သူနာပြုများအား လေ့ကျင့်သင်ကြားရေးအတွက် ပကတိအစစ်ကဲ့သို့သောသင်ကြားရေးဝန်းကျင်ကို ဖန်တီးပေးနိုင်သောကြောင့် အန္တရာယ်ရှိသော လုပ်ဆောင်မှုများ (ဥပမာ- နှလုံးရပ်သွားခြင်းကို ပြန်လည်နှိုးဆွခြင်း၊ထိခိုက်ဒဏ်ရာရမှုပြုစုစောင့်ရှောက်ခြင်း)ကို လူနာများမသုံးဘဲ လေ့ကျင့်သင်ကြား နိုင်ပြီး ပြုစုကုသမှုစွမ်းရည်ကို မြှင့်တင်နိုင်ပါသည်။ ထို့ပြင် သူနာပြုတစ်ဦးချင်း၏ လိုအပ်ချက်နှင့် ကိုက်ညီသော သင်ကြားမှုပုံစံကို ဖန်တီးပေးနိုင်ပြီး တစ်ဦးချင်းစီ၏ အရည်အချင်းပြည့်မီလာမှု ရှိ/မရှိ ကို စစ်ဆေးနိုင်ခြင်းကြောင့် ပိုမိုထိရောက်သော လေ့ကျင့်သင်ကြားမှုရရှိစေနိုင်ပါသည်။စဉ်ဆက်မပြတ် သူနာပြုပညာ၊ ဆေးပညာဆိုင်ရာလေ့လာမှုများတွင် AI ကို အသုံးပြုခြင်းဖြင့် ခေတ်နှင့်အညီ နောက်ဆုံးပေါ် တွေ့ရှိမှု၊ ပြောင်းလဲမှုများကို သိရှိနားလည်နိုင်မည်ဖြစ်သည်။သူနာပြုများ၏ သုတေသနလုပ်ငန်းများတွင်လည်း AI နည်းပညာသည် အချက်အလက်ပေါင်းများစွာ ခွဲခြမ်းစိတ်ဖြာ၍ အထောက်အပံ့ပြုပေးနိုင်ပါသည်။
လူနာပြုစုစောင့်ရှောက်မှု၊ ဆေးဘက်ကျွမ်းကျင်မှု လုပ်ငန်းများတွင် AI ၏အသုံးဝင်မှုများကို သိရှိလာသောကြောင့် လက်တွေ့အသုံးချလုပ်ဆောင်မှုတွင် AI သုံးစက်ကိရိယာများနှင့် အကျွမ်းတဝင်ရှိရန်လိုအပ်ပါသည်။ ပထမဦးစွာ AI သုံးစနစ်များအသုံးချနိုင်ရန်ဆေးဘက်ပညာရှင်များအားအလုပ်ရုံဆွေးနွေးပွဲများ၊ hands-on လေ့ကျင့်သင်ကြားမှုများ၊ အင်တာနက်မှတစ်ဆင့် သင်ယူမှုများပြုလုပ်ပေးရပါမည်။ ပြုစုကုသမှုအဖွဲ့နှင့် IT နည်းပညာအဖွဲ့များ အတူတကွ လက်တွဲလုပ်ဆောင်၍ AI ၏ ညွှန်ကြားချက်များကို နားလည်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။
AI ကိရိယာများသုံးခြင်းသည် သူနာပြုများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲလူနာပြုစုမှုကိုပိုမိုအထောက်အကူပြုရန်သာ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ လက်တွေ့ဆေးကုသပြုစုမှုလုပ်ငန်းစဉ်တွင် AI နည်းပညာကို ထိထိရောက်ရောက်အသုံးချခြင်းဖြင့် လူနာတစ်ဦးချင်းအလိုက် တိကျမှန်ကန် ကောင်းမွန်သောပြုစုကုသမှုပေးလာနိုင်မည်ဖြစ်သောကြောင့် လူနာများ၏ ကျန်းမာသက်ရှည်နိုင်မှု တိုးတက်လာနိုင်သည့်အပြင် သူနာပြုများ အလုပ်တာဝန်ဖိစီးခြင်းကြောင့်ပင်ပန်းနွမ်းနယ်မှုများမှ လည်း သက်သာစေနိုင်ပါမည်။
လူနာပြုစုမှုတွင် AI ကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကောင်းမွန်လာနိုင်သော်လည်းနည်းပညာအသုံးပြုမှုနှင့် လူသားစောင့်ရှောက်မှုကြားသင့်တင့်မျှတမှုရှိစေရန် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ လူနာပြုစုရာတွင် အဓိကဖြစ်သော သူနာပြုများ၏ ကြင်နာသနားမှု၊ စာနာနားလည်နိုင်မှု၊ မေတ္တာကရုဏာထား ပြုစုကိုင်တွယ်မှုများကို AI သုံးစက်ကိရိယာများနှင့် အစားမထိုးနိုင်ပါ။အတွေ့အကြုံနှင့်ယှဉ်သော သူနာပြုများ၏အရည်အသွေး၊ ထိုးထွင်းကြံဆနိုင်မှု၊ ဆက်စပ်တွေးခေါ်နိုင်မှု၊ ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်နိုင်စွမ်းများကိုလည်း အလေးထားရမည်ဖြစ်သည်။
လူနာ၏အချက်အလက်များ မှတ်တမ်းထားရာတွင် လုံခြုံမှုရှိရေး၊ လူနာ၏အတွင်းရေးအချက်အလက်များ မပေါက်ကြားရေး၊ယုံကြည်စိတ်ချမှုရှိရေးသည်လည်း ကျင့်ဝတ်ဆိုင်ရာအရေးကြီးသော လိုက်နာရမည့်အချက်ဖြစ်ပါသည်။ ထို့ပြင် AI အသုံးပြုခြင်းသည် သတင်းအချက်အလက်ဆိုင်ရာ ဘက်လိုက်သွေဖည်မှုများရှိနိုင်ကြောင်းလည်း သတိထားရပါမည်။ ကွန်ပျူတာအချက်အလက်များ ခိုးဝင်(Hacking) ယူသွားနိုင်သည့်အန္တရာယ်လည်း စောင့်ကြည့်ထားရပါမည်။ AI သုံးစက်ကိရိယာများ အသုံးပြုရာတွင် မှားယွင်းမှုများရှိလာပါက ကျင့်ဝတ်ဆိုင်ရာတာဝန်ယူမှု၊ တာဝန်ခံမှုများကို ပြတ်သားစွာဖော်ပြနိုင်မှု၌ ဟာကွက်ရှိနေသည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
Source: https://myawady.net.mm/stories
မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ မြို့ပြ၊ ကျေးလက်ဒေသများတွင် မွေးမြူရေးလုပ်ငန်းများကို ယခင်က မိရိုးဖလာမွေးမြူရေးအနေဖြင့် မွေးမြူကြရာမှ ယခုအခါ စနစ်တကျမွေးမြူလုပ်ကိုင် ဆောင်ရွက်လာကြသည်။ ဝက်မွေးမြူရေးလုပ်ငန်းကို မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်နေသော လုပ်ငန်းများအဖြစ်မှ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ၊ စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်လာကြသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၈၉ ရာခိုင်နှုန်းသည် ဝက်သားစားသုံးကြသည့်အတွက် တိုးတက်လာသောလူဦးရေနှင့် ဝက်သားစားသုံးမှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဝက်မွေးမြူရေးကို တိုးချဲ့မွေးမြူရန်လိုအပ်လျက်ရှိပေသည်။
“သဗ္ဗေသတ္တာ အာဟာရသုခိတာ” ဆိုသည့်အတိုင်းလူသားတို့ အာဟာရပြည့်ဝစွာစားသုံးနိုင်ပြီးသက်ရှည်ကျန်းမာရန်အတွက်အသားကဏ္ဍလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်လိုအပ်ပေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဝက်မွေးမြူရေးလုပ်ငန်းသည်လည်း ဈေးကွက်လိုအပ်ချက်နှင့်အညီ တိုးတက်ဖော်ဆောင်ထုတ်လုပ်လာကြပြီဖြစ်သည်။
ဝက်မွေးမြူရေးလုပ်ငန်းတွင် ယခင်က အာဟာရဗေဒသဘောတရားအရ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ (Nutrition Factor) များကို မသိရှိကြသောကြောင့် ဖွံ့ဖြိုးမှုနှေးကွေးကာ ဝက်တစ်သုတ်လျှင် အချိန်အကြာကြီးမွေး၍ ကျွေးမွေးရပြီး တွက်ခြေမကိုက်ဖြစ်ရသည်။ ယခုအခါ ဝက်မျိုးကောင်းမျိုးသန့်များကို အာဟာရပြည့်ဝသောအစာများကျွေး၍ အချိန်တိုအတွင်းရောင်းချနိုင်အောင်၊ အကျိုးအမြတ်ရရှိအောင် မွေးမြူလာကြသည်။ မည်မျှရင်း၍မည်မျှမြတ်မည်၊ ဘယ်နှလမွေးလျှင် ဘယ်လောက်အမြတ်ရနိုင်မည် စသည့်အချက်များကိုပါ ထည့်တွက်စဉ်းစားမွေးမြူ၍ စီးပွားရေးအကျိုးအမြတ်ကို ကြည့်လာကြသည်။ အောင်မြင်သော ဝက်မွေးမြူရေးခြံတစ်ခြံဖြစ်ရန်အတွက် အောက်ဖော်ပြပါအချက်များကို အထူးအလေးထားဆောင်ရွက်ရမည်-
(၁) မြေနေရာရွေးချယ်မှုနှင့် ခြံတည်ဆောက်ပုံစနစ်ကျခြင်း
(၂) မျိုးကောင်းမျိုးသန့် ရွေးချယ်မွေးမြူခြင်း
(၃) မွေးမြူရေးနည်းစနစ်မှန်ကန်မှုရှိခြင်း
(၄) အာဟာရပြည့်ဝသည့်အစာကျွေးမွေးခြင်း
(၅) ရောဂါကြိုတင်ကာကွယ်ခြင်း
(၆) ဈေးကွက်ရှာဖွေခြင်း
စသည့်အချက်များကို သေချာစွာဂရုစိုက်ပြုလုပ်ဆောင်ရွက်ပါက အောင်မြင်ဖြစ်ထွန်းသော မွေးမြူရေးလုပ်ငန်းဖြစ်လာမည်ဖြစ်သည်။ ဝက်ခြံအဆောက်အအုံ၊ အစာခွက်၊ ရေခွက်များအား သန့်ရှင်းအောင်ထား၍ မွေးမြူထားသော ဝက်ကောင်ရေအတွက်လုံလောက်သောအစာခွက်၊ရေခွက်ထားပေးရမည်။ ဝက်များကို အသက်အရွယ်အစုံ၊ အကြီးအငယ်ဆိုဒ်စုံထား၍ မမွေးရပါ။ အသက်ညီသော၊ အရွယ်ညီသော ဝက်များကိုသာ ထည့်သွင်း၍မွေးမြူရပါမည်။
ကျန်းမာရေးစောင့်ရှောက်မှု စီမံခန့်ခွဲမှုကောင်းမွန်ပါက ရောဂါအန္တရာယ်နည်းပါး၍ ကြီးထွားနှုန်းမြန်မည်ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်း၍ စီမံခန့်ခွဲမှုညံ့ပါက ဝက်များဒဏ်ပိ၍ ကိုယ်ခံစွမ်းအားကျဆင်းပြီး ကူးစက်ရောဂါများဖြစ်ပွားရန် အခွင့်အလမ်းများ ပိုများမည်ဖြစ်သည်။
ကြိုတင်ကာကွယ်ဆေးကို ပုံမှန်ထိုးနှံပေးရမည်။ လုံလောက်သောအစာအာဟာရ အပြည့်အဝကျွေးမွေးပေးရမည်။ ဝက်မကြီးများသားပေါက်ချိန်တွင် ဝက်မကြီးမပိမိစေရန် အထူးဂရုစိုက်ရမည်။ နှာခေါင်းနှင့် ပါးစပ်တွင်ပိတ်မိနေသော ရေအိတ်အမြှေးပါးကြောင့် အသက်ရှူကျပ်ကာ အသက်ရှူမဝဘဲ ဝက်ငယ်ကလေးများ သေဆုံးတတ်သည့်အတွက် ရေမြွှာအိတ်အမြှေးပါးများကို အဝတ်သန့် ဖြင့် ဖယ်ရှားသန့်စင်ပေးရမည်။ ရင်ဘတ်ကို လက်ဖြင့်ပုတ်ပြီးအသက်ရှူအောင် ဖြည်းဖြည်းမှန်မှန်ဖိပေးပုတ်ပေးရမည်၊ ဝက်ကလေးများချက်ကြိုးပြတ်၍ သွေးထွက်နေပါက Gental Violent မင်ပြာဖျန်းဆေး သို့မဟုတ် Septidine၊ တင်ချာအိုင်အိုဒင်းဆေးရည်ဖြင့် သုတ်လိမ်းပေးရမည်။
ဝက်ပေါက်ကလေးများတွင် ချွန်ထက်သောသွားများပါရှိလာသည့်အတွက် မိခင်၏နို့အားမကိုက်မိစေရန်နှင့် နို့အုံအနာမဖြစ်စေရန်အတွက် သွားများကိုဖြတ်ပေးရမည်။ ဝက်များသည် လှုပ်ရှားနေသော အမြီးများကိုကိုက်တတ်သဖြင့် အမြီးကိုအရင်းမှတစ်လက်မသာချန်၍ ဖြတ်ပေးရမည်။
သားပေါက်၍မွေးဖွားပြီးခါစ ဝက်မကြီးများ၏နို့ဦးရည်တွင် တန်ဖိုးရှိသောပဋိပစ္စည်းပါဝင်သည့်အတွက် မွေးစဝက်ငယ်လေးများအား နို့ဦးရည်ကိုမဖြစ်မနေတိုက်ပေးရမည်။ မွေးပြီး ၂၄ နာရီအတွင်း နို့ဦးရည်ကို မဖြစ်မနေတိုက်ပေးရမည်။ ဝက်ငယ်ကလေးများသည် အအေးဒဏ်ကို မခံနိုင်သည့်အတွက် နွေးနွေးထွေးထွေးထားပေးရမည်။ နို့ပေးဝက်မကြီးများသည် တစ်လအထိသာ နို့ကောင်းကောင်းပေးနိုင်ပြီး တစ်လကျော်သွားလျှင် နို့ထွက်နည်းသွားသည်။ ဝက်ကလေးများကြီးထွားဖွံ့ဖြိုးရန် အာဟာရပိုပြီးလိုအပ်သည့်အတွက် ဝက်ငယ်ကလေးများ နှစ်ပတ်သားအရွယ်မှစ၍ အစာစားတတ်ရန် လေ့ကျင့်ပေးရမည်။
ဝက်ငယ်ကလေးများ တစ်လသားအရွယ်တွင် သားခွဲပေးနိုင်ပါက ဝက်မကြီးသည် စောစောမြိုင်ပြန်လာကာ သားတောင်း၍ စောစောသားပေါက်နိုင်သည်။ သားပေါက်ကြိမ်ရေတိုးလာသောကြောင့် ဝက်သားပေါက်ပိုမိုရရှိကာစီးပွားရေးအရ တွက်ခြေပိုကိုက်သည်။
အသားတိုးဝက်မွေးမြူရန်အတွက် နို့ခွဲဝက်ငယ်လေးများကို ရွေးချယ်ရာတွင် ကနဦးအရေးကြီးဆုံးအချက်မှာ မျိုးဝက်မ၊ဝက်သိုးများ၏ မျိုးရိုးဗီဇနှင့် ကြီးထွားနှုန်းစံချိန် မီ၊ မမီ လေ့လာသုံးသပ်ပြီးမှ ရွေးချယ်ဝယ်ယူမွေးမြူလျှင် အကောင်းဆုံးဖြစ်သည်။
ခန္ဓာကိုယ် တည်ဆောက်မှုအပေါ် အခြေခံရွေးချယ်ရာတွင် ပခုံးနှင့်တင်ပါးတွင် ခန္ဓာကိုယ်အသားအစိုင်အခဲ ထင်ရှားသောဝက်ကလေးများကို ရွေးချယ်မွေးမြူရမည်။ သွားလာမှု ဖျတ်လတ်ခြင်း၊ ပတ်ဝန်းကျင်အပေါ်တွင်စိတ်ဝင်စားမှုရှိခြင်းသည် ကျန်းမာသောလက္ခဏာဖြစ်သည့်အတွက် ဝက်ကလေးများ၏ လှုပ်ရှားမှုကိုကြည့်၍လည်း ရွေးချယ်မွေးမြူရမည်။ လှုပ်ရှားမှုနှေးကွေးပြီး အမြီးတွဲလောင်းကျနေသောဝက်ကို မရွေးချယ်သင့်ပေ။ သားပေါက်တစ်အုပ်အတွင်း ညှက်၍ကျန်ခဲ့သော အုပ်ညှက်ဝက်ကို ဘယ်သောအခါမှမမွေးသင့်ပါ။
ဝက်ကလေးများတွင် ကျောပြင်ကျယ်၍ ခါးလျားရှည်ခြင်း၊ ရင်အုပ်ကား၍ မေးရိုးခိုင်မာမှုရှိခြင်း၊ ပခုံး၊ တင်ပါးအသားထင်ထင်ရှားရှားရှိခြင်းသည် ဝက်ငယ်ကလေးများကြီးထွားနှုန်းကောင်းမည့် လက္ခဏာရပ်များဖြစ်သည်။ အရေပြားပေါ်တွင် အနာများရှိခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ ဝမ်းပျက်ဝမ်းသွားခြင်းများသည် နောင်တစ်ချိန်တွင် ကြီးထွားနှုန်းကို ထိခိုက်စေနိုင်သည့်အချက်များဖြစ်သည်။
အသားတိုးဝက်မွေးမြူရာတွင် ဝက်ထီးကို ဝက်မထက် ပို၍နှစ်သက်ရွေးချယ်ဝယ်ယူမွေးမြူလေ့ရှိကြသည်။ ဝက်မများသည် ခြောက်လအထိ ကြီးထွားနှုန်းမြန်ပြီး မြိုင်ပေါ်ပါက အစာစားပျက်၍ ပိန်ပြီး ကြီးထွားနှုန်းကျသွားတတ်သည့်အတွက်ဖြစ်သည်။
မျိုးဝက်မရွေးချယ်ရာတွင် အသားတိုးဝက်နှင့် မျိုးဝက်မရွေးချယ်ရခြင်းများ ဆင်တူသည်။ မျိုးပွားရန်အတွက် ရွေးချယ်ရခြင်းကြောင့်ပြင်ပလိင်အင်္ဂါဖွံ့ဖြိုးမှု၊ မျိုးရိုးဗီဇစသည့်အချက်အလက်များကို အဓိကထားရွေးချယ်ရမည်။ ဝက်မ၏နို့အုံဖွံ့ဖြိုးမှုရှိ၍ နို့အုံ၌နို့သီးအနည်းဆုံး ၁၂ လုံးနှင့် အထက်ရှိရမည်။ နို့သီးအရွယ်ညီ၍ အကွာအဝေးညီရမည်။ နို့သီးခေါင်းများပေါ်လွင်ထင်ရှားနေရမည်။ ချိုင့်ပြီးအတွင်းသို့ဝင်နေသော နို့သီး( နို့ပါးစပ်)ပါရှိသောဝက်မများကို မျိုးအဖြစ်မရွေးချယ်ရပါ။
ဝက်မကြီး၏မျိုးရိုး၊ သားပေါက်နှုန်းကောင်းခြင်း၊ နို့ပေးနှုန်းကောင်းခြင်း၊ ဝက်ငယ်ကလေးများအား ထိန်းသိမ်းစောင့်ရှောက်မှုကောင်းခြင်း၊ ကြီးထွားဖွံ့ဖြိုးမှုကောင်းခြင်း၊ သားထိန်းကောင်း ခြင်း စသည့်အမူအကျင့်လက္ခဏာများကိုလည်း သေချာလေ့လာ၍ မျိုးဝက်မကို ရွေးချယ်မွေးမြူရမည်။ သားလျှော၊ သားပျက်တတ်သောရာဇဝင်နှင့် အသေမွေးဖွားဖူးသော ဝက်မမှပေါက်ဖွား လာသော ဝက်မများကို မျိုးဝက်မအဖြစ် မရွေးချယ်ရပါ။ သားစဉ်မြေးဆက်အထိ ရောဂါသဏ္ဌာန် လက္ခဏာပါလာတတ်သည့်အတွက် မျိုးဝက်မအဖြစ် မရွေးချယ်သင့်ပါ။
မျိုးဝက်မအဖြစ် ရွေးချယ်ရာတွင် မိခင်ကိုစံနှုန်းထားပြီး အလားအလာရှိနိုင်သည့် အချက်အလက်များကို ထည့်သွင်းစဉ်းစားရွေးချယ်သင့်ပေသည်။ သားပေါက်နှုန်း၊ နို့ထွက်နှုန်း၊ ဝက်ငယ်ကလေးများထိန်းသိမ်းနှုန်း(သားထိန်းနှုန်း)ကောင်းသည့် ဝက်မ၏ဗီဇသည် ၎င်း၏သမီး ဝက်ကလေးထံသို့လည်း ဆက်လက်ဆင်းသက်လက်ဆင့်ကမ်းသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။
မျိုးဝက်မသည် အသက်ရှစ်လမှ ၁၀ လ အရွယ်တွင် သားပေါက်သည်။ ဝက်မမြိုင်လာရက်(သားတောင်းရက်)သည်တစ်ကြိမ်နှင့်တစ်ကြိမ် ၂၁ ရက်ကြာမြင့်သည်။ မြိုင်ပေါ်ကာလသည် သုံးရက်မှငါးရက်အထိကြာတတ်သည်။ မျိုးဝက်မကို ပထမအကြိမ်မြိုင်လာချိန် (သားတောင်းချိန်)တွင် သားမတင်သင့်ပါ။ ပထမအကြိမ်သားတောင်းချိန်တွင် သားဥကြွေနှုန်းနည်း၍ သားပေါက်ကောင်ရေ နည်းတတ်သောကြောင့်ဖြစ်သည်။
ဝက်မတမ်းဝက်မကို တတိယအကြိမ် သားတောင်းမြိုင်လာမှသားတင်လျှင် သားပေါက်ကောင်ရေ အများဆုံးရရှိနိုင်ပေသည်။ ဝက်မတစ်ကောင်၏ ကိုယ်ဝန်ဆောင်ကာလသည် သုံးလ သုံးပတ် သုံးရက် စုစုပေါင်း ၁၁၄ ရက်ဖြစ်၍ တစ်နှစ်လျှင် အနည်းဆုံးနှစ်သားနှင့် တစ်ဗိုက် သားပေါက်၍ ကိုယ်ဝန်ဆောင်နိုင်ပေသည်။
သားတင်ပြီး မျိုးပွားမည့်ဝက်မကလေးများကို နို့စို့စဉ် တစ်ပတ်သားမှစ၍ အစာစားလေ့ကျင့်ပေးရမည်။ သုံးလသားအရွယ်အထိ အစာကိုဝဝလင်လင်ကျွေးမွေးပေးရမည်။ သုံးလသားအရွယ်မှစ၍ ပထမမြိုင်ပေါ်သည်အထိ ခန္ဓာကိုယ်အဆီမပိုစေရန်အတွက် ပုံမှန်ကျွေးနေကျအစာ၏ ၇၅ ရာခိုင်နှုန်းသာ ကျွေးပေးရမည်။ ပထမမြိုင်ပေါ်ပြီးနောက်အစာကိုအဝပြန်ကျွေး၍ ဒုတိယမြိုင်ကို လွှတ်၍ တတိယမြိုင်ပေါ်မှသာ သားတင်လျှင် သားပေါက်နှုန်းကောင်းကောင်းရမည်ဖြစ်ပေသည်။
ဝက်မျိုးကောင်းမျိုးသန့်ရရှိရေးအတွက်ဝက်မကောင်းရရှိရန်လိုအပ်သကဲ့သို့ မျိုးဝက်သိုးကောင်းလည်း ရရှိရန်လိုအပ်သည်။ မိဘများမှ သားသမီးများဆီသို့ မျိုးရိုးဗီဇကောင်းများ ထပ်ဆင့်ဖြန့်ဖြူးရာတွင် ဝက်သိုး၏စွမ်းဆောင်ရည်မှာ ဝက်မထက်သာလွန်ကောင်းမွန်သည့်အတွက် ဝက်သိုးရွေးချယ်မှုသည်လည်း အရေးကြီးပေသည်။
ဝက်သိုး၏အရိုးအဆစ်နှင့် အကြောများ သန်မာတောင့်တင်းရမည်။ အိပ်နေရာမှ မတ်တတ်ရပ်သည့်အခါ သွက်လက်ပေါ့ပါးနေရမည်။ ဝက်သိုးကောင်း၏ လက္ခဏာများမှာ -
(၁) ခြေထောက်လေးချောင်း တောင့်တင်းခိုင်မာမှုရှိရမည်။
(၂) ထိပ်ခင်ကျယ်၍ တင်ပါးနှင့်ပခုံးများ အသားဖွံ့ဖြိုးပြီး အသားအစိုင်အခဲပေါ်လွင်ရမည်။
(၃) ကျောပြင်ကျယ်၍ ကျောရိုးသန်မာပြီး ခပ်ခုံးခုံးအနေအထားပေါ်လွင်နေရမည်။
(၄) ဝမ်းဗိုက်ချပ်၍ သိုကပ်နေရမည်။
(၅) ကပ်ပယ်အိတ်နှစ်လုံး အရွယ်ညီ၍ ဖွံ့ဖြိုးမှုရှိရမည်။
အရွယ်ရောက်ပြီး ဝက်သိုးတစ်ကောင်၏ စွမ်းဆောင်ရည်သည် တစ်ရက်ခြားတစ်ကြိမ်သာအောင်မြင်စွာမိတ်လိုက်နိုင်သည်။ ဝက်သိုးကို နေ့စဉ်ရက်ဆက် မိတ်မလိုက်သင့်ပါ။
ကျွေးမွေးသောအစာအာဟာရကောင်းမှသာ ဝက်များကြီးထွားနှုန်းမြန်ပြီး သားအောင်သားပေါက်နှုန်းကောင်းမွန်မည်ဖြစ်သည်။ ဝက်မွေးမြူရေးတွင် ကုန်ကျစရိတ်အားလုံး၏ ၇၀ ရာခိုင်နှုန်းသည် အစာအတွက်ကုန်ကျစရိတ်ဖြစ်သည်။ ဝက်များသည် အစာမှအသားအဖြစ်သို့ ပြောင်းလဲမှုနှုန်းမြန်၍ ကြီးထွားမြန်တိရစ္ဆာန်များဖြစ်သည်။ ကြီးထွားနှုန်းမြန်ရန်အတွက်လုံလောက်သောအစာအာဟာရပါဝင်သည့်အစာများအား ကျွေးမွေးပေးရန်လိုအပ်သည်။
ဝက်မွေးမြူရေးအတွက် လိုအပ်သောအစာအာဟာရများ-
(၁) ကစီဓာတ် - ပြောင်း၊ ဆန်ကွဲ၊ ဖွဲနု၊ နှံစားပြောင်း၊ ဂျုံ၊ လူး၊ ဆပ်
(၂) အဆီဓာတ် - ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုပ်ဖတ်၊ အုန်းဖတ်၊ ဝါစေ့ ကြိတ်ဖတ်၊ နေကြာဖတ်၊ ကြယ်ပဲဖတ်
(၃) အသားဓာတ် - ငါးမှုန့်၊ ပုစွန်ဖွဲ၊ ခရု၊ ကဏန်း၊ တီ၊ ခြ
(၄) ဗီတာမင် - အသီး၊ အရွက်အစိမ်း၊ သစ်မြစ်၊ သစ်ဥ
(၅) သတ္တုဓာတ် - ခရုခွံ၊ ခုံးခွံ၊ ကဏန်း ခွံ၊ သစ်ရွက်ခြောက်၊ မြေကြီး
(၆) ရေဓာတ် - သန့်ရှင်းသောရေအာဟာရဓာတ်များသည် ကုန်ကြမ်း
အမယ်တစ်မျိုးချင်းအလိုက်လည်း ရောနှောပါဝင်နေပေသည်။ စိုက်ပျိုးရေးထွက်သီးနှံများကို မွေးမြူရေးတွင်သုံးစွဲ၍ မွေးမြူရေးထွက်စွန့်ပစ်ပစ္စည်း (ဝက်ချေး၊ နွားချေး၊ ကြက်ချေး) များကို စိုက်ပျိုးရေးတွင် တစ်ဖန်ပြန်လည်အသုံးချခြင်းဖြင့် လူသားတို့အတွက် လိုအပ်သောအစာအာဟာရ၊ စားရေရိက္ခာ၊ အစာကွင်းဆက်၊ အစာသံသရာကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းအရ ဝက်ကောင်ရေ စုစုပေါင်း ၄၄ ဒသမ ၃ သန်းကျော်ရှိကာ နိုင်ငံလူဦးရေ၏ ၈၉ ရာခိုင်နှုန်းသည်လည်း ဝက်သားစားသုံး၍ ဝက်သားလိုအပ်ချက်ဈေးကွက်သည်လည်း ရှိနေမြဲဖြစ်ပေသည်။ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျနည်းစနစ်မှန်မှန်ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားပါကစီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများအဖြစ် ထုတ်လုပ်လာနိုင်ကာ ပိုလျှံသည်များကို ကုန်ချောများ(အေးခဲသား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဝက်သားလုံး၊ ဝက်စည်သွတ်ဘူး) စသည်ဖြင့် ထုတ်လုပ်ပြီး ပြည်ပပို့ကုန်ဈေးကွက်ရှာဖွေ၍ ထုတ်လုပ်ရောင်းချကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မွေးမြူရေးကဏ္ဍမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
ပဲယဉ်းနီ (Pigeon Pea၊ သိပ္ပံအမည် - Cajanus cajan) သည် ပရိုတင်းဓာတ်ကြွယ်ဝသော ပဲမျိုးဖြစ်ပြီး အာဖရိက၊ အာရှနှင့် ကာရစ်ဘီယံဒေသများတွင် အဓိကစိုက်ပျိုးသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလေ့ရှိသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင်လည်း ဒေသအလိုက် စိုက်ပျိုးကြသည်။ စားနပ်ရိက္ခာနှင့် စီးပွားဖြစ်ထုတ်လုပ်မှုအတွက် အရေးပါသည်။
၂၀၂၄ - ၂၀၂၅ ခုနှစ် ရာဂိမုန်တိုင်းကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်ရေကြီးနစ်မြုပ်ဖြစ်ပေါ်ပြီး သဲဖုံးနုန်းဖုံးဧရိယာများဖြစ်ပေါ်ခဲ့သည့်ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ၌စမ်းသပ် စိုက်ပျိုးထားရှိသည့်ပဲယဉ်းနီသီးနှံအပင်ဖြစ်ထွန်းနေမှုကို တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအား ကွင်းသရုပ်ပြပွဲများဆောင်ရွက်ခဲ့ပြီး ယင်းဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပဲယဉ်းနီသီးနှံအား မြန်မာနိုင်ငံ အတွင်း မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင်တွန်းအားပေးစိုက်ပျိုးသင့်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်ရရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်ရည်ရွယ်၍ ဤဆောင်းပါးအားရေးသားရခြင်းဖြစ်သည်။
စိုက်ပျိုးရန်သင့်လျော်သောရာသီဥတုနှင့်မြေရာသီဥတု
ပူပြင်းခြောက်သွေ့သော ရာသီဥတုကိုနှစ်သက်ပြီး သဲဆန်သောမြေနှင့် ရေစီးရေလာကောင်းသော မြေတို့တွင်ဖြစ်ထွန်းသည်။ ပူနွေးခြောက်သွေ့သော ရာသီဥတု (အပူချိန် ၂၀–၃၀ ဒီဂရီစင်တီဂရိတ်)။ မိုးရေချိန် ၆၀–၁၀၀ စင်တီမီတာအထိ ခံနိုင်ရည်ရှိသည်။ မိုးနည်းဒေသများတွင် ရေသွင်းစိုက်ပျိုးလေ့ရှိသည်။
မြေအမျိုးအစား ရေမဝပ်သောနုန်းသဲစေး သို့မဟုတ် သဲဆန်သောမြေ (မြေအချဉ်ငန်ဓာတ် pH 5.0–7.0)။ မျိုးစေ့ရွေးချယ်ခြင်း၊ အရည်အသွေးမြင့်မျိုးများဒေသအလိုက် ရာသီဥတုဒဏ်၊ ရောဂါဒဏ်ခံနိုင်သောမျိုးများ ဂျပန်ပဲယဉ်းနီကိုရွေးချယ်ပါ။ မျိုးစေ့ပြင်ဆင်ခြင်း စိုက်မည့်မျိုးစေ့ကို မှိုသတ်ဆေးဖြင့်လူးနယ်၍ ရောဂါကင်းအောင်ပြုလုပ်ပါ။ ပြင်ဆင်ခြင်း၊ မြေညှိခြင်း စိုက်ခင်းမြေကို ကောင်းစွာမွှေပေးပြီး သစ်ရွက်ဟောင်းများ၊ မြေဆွေးများထည့်သွင်းကာ သဘာဝဓာတ်မြေဩဇာမြှင့်တင်ပါ။
ရေထုတ်စနစ် ရေဝပ်မှုမရှိစေရန် စိုက်ကြောင်းများကို မြင့်မားအောင်ပြုလုပ်ပါ။စိုက်ပျိုးနည်းစနစ်၊ စိုက်ချိန် မိုးဦးကျ (ဧပြီ–ဇွန်) စိုက်ပျိုးရန်သင့်လျော်သည်။ မိုးလယ် (ဇွန်-ဇူလိုင်)နှင့် ဆောင်းရာသီ (အောက်တိုဘာ-နိုဝင်ဘာ) တို့တွင် စိုက်ပျိုးကြသည်။မျိုးစေ့နှုန်း အတန်းလိုက်စိုက်မည်ဆိုပါက ၁ ဧကလျှင် ၃ ပြည်မှ ၄ ပြည်နှုန်းသုံးစွဲနိုင်ပြီး ကြဲပက်စိုက်မည်ဆိုလျှင် ၁၀ ပြည် - ၁၂ ပြည်အထိ သုံးစွဲပေးရမည်။
အကွာအဝေးစနစ် (စိုက်ကြောင်း) အတန်းနှင့်ပင်ကြား။ ။ တန်းကြား ၂၄–၃၆ လက်မ၊ ပင်ကြား ၁၂-၁၆ လက်မ။ စိုက်နက်ခြင်း မျိုးစေ့ကို ၂-၃လက်မအနက်တွင် စိုက်ပါ။ စိုက်နည်း မျိုးစေ့ကို တိုက်ရိုက်ချစိုက်ပါ။
မြေဩဇာ၊ ရေသွင်းခြင်းနှင့် အစိုဓာတ်ထိန်းသိမ်းခြင်း
အော်ဂဲနစ်မြေဩဇာ စိုက်ပျိုးချိန်တွင် နွားချေး၊ မြေဆွေး တစ်ဧကလျှင် ၂–၄ တန် ထည့်ပါ။ ဓာတ်မြေဩဇာ၊ စိုက်ချိန် နိုက်ထရိုဂျင်အနည်းငယ်သာလိုအပ်ပြီး ဖော့စဖိတ်နှင့် ပိုတက်စီယမ်ကို အဓိကထည့်သွင်း (ဥပမာ - DAP ဓာတ်မြေဩဇာ ၄၀-၈၀ ကီလိုဂရမ်/ ဧက)။ ပန်းပွင့်ချိန် ပိုတက်စီယမ်ဓာတ်မြေဩဇာ (၂၀-၄၀ ကီလိုဂရမ်/ဧက)။ရေသွင်း မိုးမလုံလောက်ပါက ရေသွင်းပေးရန်လိုအပ်သည်။ မြေဖုံးပစ္စည်း မြေဆီလွှာအစိုဓာတ်ထိန်းရန် ကောက်ရိုးဖြင့်ဖုံးအုပ်ခြင်း။
ပိုးမွှားနှင့်ရောဂါကာကွယ်ခြင်းနှင့် စီမံခန့်ခွဲမှု
(IPM)၊ ပိုးမွှား
- ပဲခွံစားပိုး၊ ပင့်ကူနီ၊ ပဲပင်လုံးဖောက်ပိုး။
ရောဂါ
- မှိုစွဲညှိုးခြင်း၊ ဗိုင်းရပ်ရောဂါ။
ကာကွယ်နည်း
- မှိုသတ်ဆေးဖျန်းခြင်း။
- သဘာဝပိုးသတ်ဆေး (နီမ်ရွက်စိမ်ရည်)။
- ရောဂါဒဏ်ခံမျိုးများ ရွေးချယ်စိုက်ပျိုး။
ကြိုတင်ကာကွယ်ခြင်း
- သီးလှည့်စိုက်ပါ (ပဲယဉ်းနီကို ပြောင်း၊ ဂျုံ စသည့်သီးနှံများနှင့်လှည့်စိုက်)။
- ပိုးမွှားဒဏ်ခံမျိုးများရွေးချယ်ပါ။
- ဇီဝနည်းဖြင့်ကာကွယ်ခြင်း
- နီမ်ရွက်စိမ်ရည်၊ငရုတ်သီးစိမ်ရည်ဖျန်းခြင်း။
- ပင့်ကူ၊ လိပ်ပြာကဲ့သို့သော သဘာဝသားရဲများကိုထိန်းသိမ်းပါ။
- ဓာတုဆေးဝါးလိုအပ်ပါက ပိုးသတ်ဆေးနှင့်မှိုသတ်ဆေးကို ညွှန်ကြားချက်အတိုင်း အသုံးပြုပါ။
ရေပေးသွင်းခြင်းနှင့်အစိုဓာတ်ထိန်းခြင်း၊ ရေသွင်းချိန်
- အပင်သက်တမ်း ၂၀–၂၅ ရက်သားတွင် ပထမအကြိမ် ရေသွင်းပါ။
- ပန်းပွင့်ချိန်နှင့် ပဲခွံဖြစ်ချိန်တွင် ရေမပြတ်စေရန်ဂရုစိုက်ပါ။
- စိုက်ပျိုးနည်း။
မိုးခေါင်ဒေသများတွင်ရေတာသောနည်း (ဥပမာ - Drip Irrigation)ကိုအသုံးပြုပါ။
ရိတ်သိမ်းခြင်းနှင့်ထုတ်လုပ်မှု၊ ရိတ်သိမ်းချိန်စိုက်ပြီး ၄–၆ လအကြာ (မျိုးကွဲပေါ်မူတည်)။ အထွက်နှုန်း ပျမ်းမျှ ၄၀၀–၆၀၀ ကီလိုဂရမ်/ဧကထွက်ရှိသည်။
အခြောက်လှန်းခြင်း
ပဲခွံများကို နေရောင်၌ ၃–၄ ရက်အခြောက်လှန်း။ ရိတ်သိမ်းခြင်းနှင့်ရိတ်သိမ်းချိန်လွန်နည်းလမ်းများလုပ်ဆောင်ခြင်း၊ ရိတ်သိမ်းချိန် ပဲခွံ ၈၀ ရာခိုင်နှုန်းအရောင်ပြောင်းပြီး ခြောက်သွေ့ချိန်တွင်ရိတ်ပါ။ အခြောက်လှန်းခြင်း နေပူတွင် ၃–၄ ရက်ခြောက်အောင်လှန်း၍ စိုထိုင်းဆ ၁၂ ရာခိုင်နှုန်း အောက်ရှိအောင်ထားပါ။
သိုလှောင်ခြင်း ပိုးမဝင်စေရန် လေလုံအိတ်များတွင် ထည့်၍ ခြောက်သွေ့အေးမြသောနေရာတွင် သိမ်းဆည်းပါ။ ထွက်ရှိမှု ပဲယဉ်းနီသည်မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန်သီးနှံများထဲမှတစ်ခုဖြစ်ပြီး အိန္ဒိယ၊ စင်ကာပူ၊ မလေးရှားစသည့်နိုင်ငံတို့သို့တင်ပို့ရောင်းချသည်။
စိုက်ပျိုးဧက ၁ ဧကလျှင် ပျမ်းမျှထွက်ရှိမှု ၁၅–၂၀ တင်းခန့် (သီးနှံအမျိုးအစားနှင့် စိုက်ပျိုးနည်းစနစ်ပေါ်မူတည်၍) ရှိသည်။စီးပွားရေးနှင့်အာဟာရတန်ဖိုး၊ စီးပွားရေး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ရောင်းချနိုင်သည်။ အာဟာရ ပရိုတင်း ၂၀–၂၅ ရာခိုင်နှုန်း၊ အမျှင်ဓာတ်၊ ဗီတာမင်ဘီ၊ သံဓာတ်ကြွယ်ဝသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ်ဆောင်ခြင်း၊ မြေဆီလွှာထိန်းသိမ်းခြင်း သစ်ရွက်စိမ်းမြေဩဇာ (Green Manure) စိုက်ပျိုးပါ။သီးလှည့်စိုက်ခြင်း ပဲယဉ်းနီကို နှံစားသီးနှံများနှင့်လှည့်စိုက်ခြင်းဖြင့် မြေဆီလွှာအာဟာရ ပြန်လည်ဖြည့်တင်းပါ။
မှတ်တမ်းများနှင့်လေ့လာသင်ယူမှု၊ မှတ်တမ်းပြုစုခြင်း စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းမှု၊ ရောင်းဈေးနှုန်းများကို စနစ်တကျမှတ်သားပါ။ အသိပညာဖလှယ်ခြင်း ကျေးရွာအသင်းအဖွဲ့များ၊ စိုက်ပျိုးရေးဌာနမှ ကျွမ်းကျင်သူများနှင့် ပုံမှန်ဆွေးနွေးပါ။ အခက်အခဲများနှင့်အကြံပြုချက်များ၊ စိန်ခေါ်မှုများပိုးမွှားကျရောက်မှု၊ မိုးခေါင်ဒဏ်၊ မျိုးစေ့အရည်အသွေးနိမ့်ခြင်းစသည့်စိန်ခေါ်မှုများရှိသည်။
အကြံပြုချက်
ဒေသအလိုက်သင့်လျော်သောမျိုးများ ရွေးချယ်စိုက်ပျိုးပါ။ သီးလှည့်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ အာဟာရထိန်းသိမ်း။ဈေးကွက်အမျိုးအစားများ၊ ပြည်တွင်းဈေးကွက်ပဲယဉ်းနီကို မြန်မာနိုင်ငံအတွင်း စားသုံးမှုမြင့်မားပြီး ခြောက်သွေ့ဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဈေးကွက်ရှိ။ ပြည်ပဈေးကွက် အိန္ဒိယ၊ အာရှနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ (ဥပမာ - ယူအေအီး၊ ဆော်ဒီအာရေဗျ) တွင် ပဲယဉ်းနီကို ဝယ်လိုအားမြင့်မားသည်။
စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများပြည်ပဈေးကွက်သို့ ပို့ကုန်အရည်အသွေးမမီခြင်း၊ နိုင်ငံတကာဈေးကွက်ပြိုင်ဆိုင်မှုမြင့်မားခြင်း (အာဖရိကနှင့် တန်ဇန်းနီးယားမှ ပဲယဉ်းနီ)၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်တင်ကုန်ချစရိတ်မြင့်မား ခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ ပိုးမွှားရောဂါ၊ ဈေးကွက်မတည်ငြိမ်မှုတို့က စိုက်ပျိုးသူများအတွက် အခက်အခဲဖြစ်စေသည်။
အခွင့်အလမ်းများ
အိန္ဒိယနိုင်ငံတွင် ပဲယဉ်းနီဝယ်လိုအား နှစ်စဉ်တိုးတက်လာခြင်း၊ အစားအစာလုပ်ငန်းများတွင် ပရိုတင်းအစားထိုးပစ္စည်းအဖြစ် ပဲယဉ်းနီကို စတင်အသုံးပြုလာခြင်း။
ဈေးကွက်တိုးချဲ့ရန် အကြံပြုချက်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပဲယဉ်းနီမှုန့်၊ ပဲပြား၊ စည်သွတ်ဘူးများ ထုတ်လုပ်ရောင်းချခြင်း။
ပူးပေါင်းဆောင်ရွက်မှု ဒေသအစိုးရနှင့် နိုင်ငံတကာအဖွဲ့များ (FAO, UNDP) မှ ဈေးကွက်ရှာဖွေရေးပံ့ပိုးမှုရယူခြင်း၊ ပဲယဉ်းနီထုတ်လုပ်သူများအသင်းများဖွဲ့စည်းကာ စုပေါင်းစီမံခန့်ခွဲခြင်း။
ဒစ်ဂျစ်တယ်စနစ်များ အသုံးပြုခြင်း
- အွန်လိုင်းဈေးကွက်များ (ဥပမာ - Facebook Marketplace, Myanmar Online Trade Platform) တွင် ကြော်ငြာရောင်းချခြင်း။
- နိုင်ငံတကာတင်ပို့မှုအတွက် နိုင်ငံတကာကုန်စည်ပြပွဲများကို အသုံးပြုခြင်း။ အစိုးရမှပံ့ပိုးမှုများ၊ အခွန်ကင်းလွတ်ခွင့် ပြည်ပသို့တင်ပို့သည့် ပဲယဉ်းနီထုတ်ကုန်များအတွက် အခွန်လျှော့ချပေးခြင်း။ အရည်အသွေးမြှင့်တင်ရေး စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထောက်ပံ့ခြင်းဈေးကွက်သတင်းအချက်အလက်များဖြန့်ဝေခြင်း။
စီးပွားရေးအရ အရေးပါမှုပဲမျိုးစုံသည် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ၏ ၃၀ ရာခိုင်နှုန်းခန့်ကိုကိုယ်စားပြုပြီး နှစ်စဉ် ပြည်ပပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၀၀ ကျော်ရရှိ စေသည်။ ကျေးလက်ဒေသစီးပွားရေးအတွက် အဓိက အထောက်အကူပြုသည်။ ပဲယဉ်းနီသည် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအတွက် စီးပွားဖြစ် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။ ဈေးကွက်ရရှိရန် အရည်အသွေးစံချိန်မီအောင်ထုတ်လုပ်ခြင်း၊ ဈေးကွက်ချိတ်ဆက်မှုများ တိုးမြှင့်ခြင်းနှင့် အစိုးရ၏ပံ့ပိုးမှုများကိုအသုံးချခြင်းဖြင့် ပြည်တွင်းပြည်ပဈေးကွက်များတွင် အောင်မြင်စွာ ဝင်ရောက်နိုင်သည်။
ပဲယဉ်းနီသည်ရာသီဥတုဒဏ်ခံနိုင်ပြီး အာဟာရပြည့်ဝသောသီးနှံဖြစ်သည်။ စိုက်ပျိုးနည်းစနစ်မှန်ကန်ပါက စီးပွားဖြစ်ထုတ်လုပ်မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်သည်။
ပဲယဉ်းနီစိုက်ပျိုးရာတွင် အထက်ပါအလေ့အကျင့်ကောင်းများကိုလိုက်နာခြင်းဖြင့် စိုက်ပျိုးမှုကုန်ကျစရိတ်လျှော့ချနိုင်ပြီး အထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်နိုင်ကာဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးလာစေမည်ဖြစ်သည်။ အောင်မြင်သောဥပမာအနေဖြင့် မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကသာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ မိတ္ထီလာမြို့နယ်တို့မှထွက်ရှိသည့် ပဲယဉ်းနီများအားပြည်ပသို့တင်ပို့ရောင်းချမှုမှာအောင်မြင်မှုရရှိနေသည်။ မကွေးတိုင်းဒေသကြီးမှ စိုက်ပျိုးသူများသည် ပြည်ပသို့ပဲယဉ်းနီတင်ပို့ရာတွင်အောင်မြင်မှုရရှိနေပြီး အိန္ဒိယနိုင်ငံတွင် မြန်မာ့ပဲယဉ်းနီများကို အိန္ဒိယ၏ ပြည်တွင်းစားသုံးမှုနှင့် ပြန်လည်တင်ပို့မှုအတွက် အသုံးပြုလျက်ရှိသည်။ ။
Source: https://myawady.net.mm/stories