လူတိုင်းတွင် အစာသစ်အိမ်နှင့် အစာဟောင်းအိမ်ဟူ၍ အစာအိမ်နှစ်ခုရှိသည်။
အစာသစ်အိမ်နှင့် အစာဟောင်းအိမ်(မစင်အိမ်)နှစ်မျိုးစလုံးတွင်ဖြစ်သော အစာအိမ်ရောဂါမှာ တိက္ခ ဝမ်းမီးကြောင့် ဖြစ်သည့်အစာအိမ်ရောဂါဖြစ်သည်။ တိက္ခဟူသည်မှာ ထက်သော(ပြင်းသော) ဝမ်းမီး ဟုဆိုနိုင်သည်။
ဝမ်းမီးကို တစ်နည်းအားဖြင့် ပါစကတေဇောဟုလည်း ခေါ်ဆိုသဖြင့် အစာခြေရည်အထွက်လွန်ကဲ သောအခါ အစာအိမ်ကိုပင် ပြန်၍လောင်သည့်အတွက် အစာအိမ်တွင် အပူလောင်နာများဖြစ်နိုင် သကဲ့သို့ အစာအိမ်ရောင်ရောဂါများလည်း ဖြစ်နိုင်သည်။
အစာအိမ်သည်စိတ်နှင့်တိုက်ရိုက် ဆက်သွယ်သဖြင့် စိတ်တိုလွယ်သောသူ များတွင်ခြေစရာအစာမရှိသောအခါ မိမိအစာအိမ်ကို ပြန်၍လောင်မြိုက်လေ သည်။ ထိုဝမ်းမီးကို တိက္ခဝမ်းမီးဟုခေါ် သည်။
အနောက်တိုင်း ဆေးပညာအယူအဆ အရ အစာခြေအက်စစ်ရည် HCI အထွက် လွန်ကဲခြင်းဖြစ်ပြီးအစာအိမ်အတွင်း ခြေစရာအစာမရှိသောအခါ အစာအိမ် နံရံရှိ အချွဲအမြှေးများကို ပြန်၍လောင်မြိုက် ခြင်းဖြစ်သည်။
အချွဲအမြှေးများလောင်၍ ကုန်သော အခါ အကာအရံမဲ့သော အစာအိမ်အသား ကို ပြန်၍လောင်ကျွမ်းလေသည်။ အစာ အိမ်နံရံတွင် အသားကို ရေနွေးပူလောင် သကဲ့သို့ နီရဲကာ ရင်ထဲတွင်ပူပြီး နာနေလေ့ရှိသည်။
အစာအိမ်နံရံတွင်ရောင်ပြီးအနာရှိ သောအခါအစာစားလျှင်တိက္ခဝမ်း မီးကြောင့်ထွက်လာသောအစာခြေရည်ကြောင့်ရင်ပူပြီးနာလာခြင်းဖြစ်သည်။ အစာမစားရလျှင် တဆတ်ဆတ်တုန်လာ သည်။ နေမထိထိုင်မသာ ဂနာမငြိမ်ဖြစ် လာသည်။ စိတ်တိုလာသည်။ ဒေါသကြီး သူများအနေဖြင့် ပို၍ဒေါသကြီးလာသည်။
ဒေါသကြီးသူများတွင်အစာအိမ်နံရံလောင်၊ အစာအိမ်နာရောဂါ ပို၍ဖြစ်နိုင် ခြေများသည်။အစာအိမ်အက်စစ်ဓာတ် လွန်ကဲ၍ အစာအိမ်အချဉ်ပေါက်သည့် ရောဂါတစ်မျိုးလည်းရှိသေးသည်။ အချဉ် ရည်များသည် ပါးစပ်အထိ ပြန်တက်လာ ပြီး အန်ထွက်တတ်သည်။
အစာအိမ်မှ အချဉ်ရည်များသည် အူသိမ်၊ အူမကြီးများအထိ စီးဆင်းသွားသည့် လမ်းတစ်လျှောက်လုံးဒုက္ခပေးသည်။ နောက်ဆုံး အစာဟောင်းအိမ်(မစင်အိမ်) သို့ရောက်သောအခါအချဉ်ဝမ်းပျက်၊ အစာမကြေဝမ်းပျက်ဖြစ်ပြီးကြာလာသောအခါ အစာအိမ်နံရံမှ သွေးကြောလေးများ ပါစိမ့်ပေါက်ပြီး သွေးပါ၍ ဝမ်းကိုက်၊ သွေး ဝမ်းကိုက်၊ သွေးဒူလာခေါ် ခါးအောက် ပိုင်းများညောင်းကိုက်ပြီး ဝမ်းသွားလျှင် သွေးပါသည့်အဆင့်ထိဖြစ်လာတတ် သည်။
ဝမ်းကိုက်၊ သွေးဒူလာ၊ သွေးဝမ်းကိုက် ရောဂါ မကြာခဏဖြစ်သောအခါ စအိုဝရှိ ကြွက်သားကို ထောက်ပံ့ပေးသော သွေးကြောများပါရောင်ပြီး အတွင်းလိပ်ခေါင်း ရောဂါ၊ ထို့နောက်အပြင်လိပ်ခေါင်း ရောဂါများ ဖြစ်တတ်သည်။
ဝမ်းမီးတို့တွင် သမဝမ်းမီးခေါ် မျှတသော အစာကြေကျက်ခြင်းမှလွဲ၍ ဝမ်းမီးအားလျော့ခြင်း(မန္ဒဝမ်းမီး)၊ဝမ်းမီး ပြင်းအားလွန်ကဲခြင်း (တိက္ခဝမ်းမီး) တို့ သည် မကောင်းပေ။လွန်လျှင်လည်း မကောင်း၊ ယုတ်လျှင်လည်းမကောင်းသည့်သဘောတရားနှစ်ခုကြားတွင် လူသည် အသက်ရှင်နေရခြင်းဖြစ်သည်။
လူတို့ အသက်ရှင်သန်ရေးအတွက်အပူ၊ အအေးမျှတရန် လိုအပ်သေးသည်။ မြန်မာဆေးကျမ်းများအလိုအရ ခန္ဓာကိုယ်ကို ရုပ်၊ နာမ်နှစ်ပါးဖြင့် တည်ဆောက်ထားပြီး ဝေဒနာသည် နာမ်တရားဖြစ်သည်ဟု ဆိုသည်။ ယင်းဝေဒနာသည် ရုပ်တရားကို မှီ၍ဖြစ်သည်။
ရုပ်ဖောက်ပြန်ခြင်းသည် အပူ၊ အအေး (သီတ၊ ဥဏှ) မမျှတခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။ အပူလွန်ကဲသောနေရာတွင် အအေးဓာတ်ရရှိအောင် ဖန်တီးပေးရမည်။ လိုအပ်လျှင် ပန်ကာလေ၊ ယပ်တောင်လေတို့ကို သုံးသင့်လျှင်သုံးရမည်။
ပူသောအစာ၊ အရက်သေစာ၊ ရေနွေးပူ တို့ကိုရှောင်ပြီးအေးသောရေ၊ ရေခဲ၊ အေးသောအစာတို့ကို အတိုင်းအတာတစ်ခုအထိ စားသုံးသင့်သည်။ အစာကို တစ်သမတ်တည်းစားသုံးခြင်းနှင့် နေရာကို တစ်သမတ်တည်းနေထိုင်ခြင်းကို ရှောင်ရမည်။ အပူ၊ အအေးမျှတအောင် သင့်လျော် ရာပြောင်း၍ နေထိုင်စားသောက်ရမည်။
ဒေါသကို လျှော့ရမည်။ မိမိနှစ်သက်ရာ တရားဓမ္မတစ်ခုခုကို ရွတ်ဖတ်နှလုံးသွင်း၍ အေးချမ်းသောစိတ်ကိုရအောင်နေထိုင်ရမည်။ပူလောင်သောအခါ၊ တိက္ခဝမ်းမီးရောဂါရသောအခါ အစပ်၊ အချဉ်များကို ရှောင်ရမည်။ ချိုသော၊ အေးသောအစားအစာ၊ အရည်ရွှမ်းသော အစားအစာများကို စားရမည်။
တိုင်းရင်းဆေးနည်းဖြင့် ဖော်စပ်သော အစာကြေဆေးများတွင် အစာအိမ်အရောင် ကျစေသော နွယ်ချို၊ အစာကြေစေသော တြိကဋုက်သုံးပါးဖြစ်သည့် ချင်း၊ ပိတ် ချင်း၊ ငရုတ်ကောင်းတို့ ပါဝင်သော်လည်း အစာကိုသာ ကြေကျက်စေပြီး အစာအိမ် ကို မလောင်စေပါ။
ထို့ပြင်အစာကြေဆေးနှင့် လျက်ဆားများတွင်သိန္ဓောဆား၊ဇဝက်သာနှင့် ဆားပုပ်တို့ပါဝင်လေ့ရှိသည်။ သွေးတိုးနှင့်မတည့်သော်လည်းအစာခြေရည်အထွက်လွန်ကဲခြင်းကိုကောင်းစွာတားဆီးနိုင်သည်။ အစာခြေရည်အက်စစ်သည် ဆားနှင့်ဓာတ်ပြုပြီးသောအခါ ဓာတ်ပြယ်သွားပြီးအက်စစ်ပျက်သွားသဖြင့် အစာအိမ်အနာ သက်သာနိုင်သည်။
ဖီးကြမ်းငှက်ပျောသီးသည် အစာအိမ်ရောင်ခြင်းကိုထူးခြားစွာသက်သာစေ နိုင်သည်။ ငှက်ပျောသီးတော်တော် များများသည်အအေးစာဖြစ်သော်လည်း ဖီးကြမ်းငှက်ပျောသီးသည်အစာကိုကြေ စေသည်။ အစာစားပြီးတိုင်း ဖီးကြမ်းငှက် ပျောသီးမှည့်တစ်လုံးစားသူသည် အစာကြေပြီးဝမ်းမှန်စေသည်။
ဖီးကြမ်းငှက်ပျောသီးအခွံအတွင်းရှိ အမျှင်များကို ဇွန်းဖြင့်ခြစ်ယူပြီးစားလျှင် အစာအိမ်အပူနာများကို ပျောက်ကင်းစေ ပြီး အစာအိမ်နံရံရှိ ချွဲမြှေးများကို ပြန်ဖြစ် စေနိုင်သည်။ အစာအိမ်အားဆေးဖြစ်သည်။
အစာအိမ်ရောင်ခြင်းများအတွက် ဓာတ် စာအပြင် ဆေးဝါးကိုလည်း သုံးသင့်က သုံးစွဲရမည်။ အထူးသဖြင့် အသက် ၅၀ ကျော်သူများဆေးဝါးကူသင့်သည်။ အသက် ၆၀ ကျော်လျှင် နေ့စဉ် အစာကြေဆေးတစ်ခုခုကို မှီဝဲသင့်သည်။တိက္ခဝမ်းမီးခေါ် ပူလောင်ပြီး အစာအိမ်၊အစာခြေရည် ဖောက်ပြန်လွန်ကဲနေသူ များအတွက် ဆေးနည်းတစ်ခုပေးလိုပါသည်။ယင်းဆေးမှာစတုမဓူဆေး ဖြစ်သည်။အစာအိမ်အပူဓာတ်ကို လျော့နည်းစေပြီး အားဆေးလည်းဖြစ် သည်။ အချိုမှန်သမျှ အပူကိုငြိမ်းစေသော သတ္တိရှိသည်။ စတုမဓူဆိုသဖြင့် အချို လေးပါးဆေးဖြစ်သည်။
ပျားရည်သည်အစာအိမ်အနာကိုကျက်စေသည်။ ပျားရည်၊ သကာရည်၊တင်လဲ၊ ထောပတ်ဤလေးပါးကို ဆတူပေါင်းစပ်ကာ ဖန်ပုလင်းအဝကျယ်တစ်ခုတွင်ထည့်ပြီး ရောမွှေထားပါ။ သုံးရက်လျှင် တစ်ကြိမ်ခန့် နေရောင်ပြပေးပါ။ တစ်ရက်လျှင် ဟင်းစားဇွန်းတစ်ဇွန်းနံနက်၊ ည နှစ်ကြိမ်စားပေးနိုင်ကြောင်းရေးသားလိုက်ရပါသည်။ ။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာသည်။နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့အတွင်းရှိကျောင်းများ၌တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ထားရှိသကဲ့သို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြသည်။ ထို့ပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိ စာစစ်ဌာနများ၏ အောင်စာရင်း များကိုလည်း မြန်မာ့အသံ(ရေဒီယို)၊ တိုင်းရင်းသားအစီအစဉ်များမှထုတ်လွှင့်ကြေညာပေးလျက်ရှိသည်။ ဤသည်မှာ နှစ်စဉ်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်သည်။ ယခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းဖြစ်သည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့်ရာခိုင်နှုန်းတွင် နိုင်ငံခြားစာစစ်ဌာနမှအောင်ချက် ရာခိုင် နှုန်း ၉၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။ ထို့အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် မွန်ပြည်နယ် သည် အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြစ်၍ အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်သည်။ စာမေးပွဲဆိုသည်မှာ ကျောင်းသားတို့၏ ပညာအရည်အချင်းကို စစ်ဆေးခြင်းဖြစ် သည်။
တက္ကသိုလ်ဝင်စာမေးပွဲဆိုသည်မှာ အခြေခံပညာအဆင့်တွင် အမြင့်ဆုံးစာမေးပွဲဖြစ်သည်။ ထိုစာမေးပွဲ အောင်မြင်လျှင် မိမိတို့တက်ရောက်လိုသောတက္ကသိုလ်တို့သို့ မိမိတို့အရည်အချင်းအလိုက် ဆက်လက် တက်ရောက်နိုင်ပြီဖြစ်သည်။
အောင်စာရင်းထွက်တော့မည်ဆိုကတည်းက ရင်အခုန်ဆုံးသူများမှာ ကျောင်းသားမိဘများဖြစ်သည်။ မိမိတို့သားသမီးများစာမေးပွဲအောင်မြင်သည်ကိုသာ မိဘတိုင်းကမြင်တွေ့လိုကြသည်။ကျောင်းသားများအနေဖြင့်လည်း မိမိတို့၏ဘဝတက်လမ်းဖြစ်သည့်အတွက် အောင်စာရင်းကို ရင်ခုန်စွာမျှော်လင့် စောင့်စားခဲ့ကြမည်ပဲဖြစ်သည်။ စာမေးပွဲအောင်မြင်သူများအတွက် အလွန်ပင်ဝမ်းသာဖွယ်ဖြစ်သည်။ မိမိအမည်၏ဘေးတွင် ကပ်လျက်ပါလာမည့် ဘာသာရပ်အမည်များကိုလည်း အားလုံးကမြင်တွေ့လိုကြ ပေလိမ့်မည်။ကျောင်းသားအားလုံးသည်အဆင့်အမြင့်ဆုံးအခြေအနေကိုရည်မှန်းကာ ကြိုးစားခဲ့ကြ ခြင်းဖြစ်ပေလိမ့်မည်။ ပညာသင်နှစ်တစ်နှစ်လုံး မိမိတို့အစွမ်းရှိသမျှ တက်ကုန်ဖွင့်၊ ရွက်စုံလွှင့်၍ စာမေးပွဲဆိုသောပင်လယ်ပြင်ကို ကူးခပ်ခဲ့ကြပေလိမ့်မည်။
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်သည့်နေ့မှာ အောင်မြင်သူတို့အတွက် ကြည်နူးဝမ်းသာစရာ အလွန်ကောင်းသည့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နေ့ဖြစ်သည်။ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သူတို့အဖို့ သူတို့ကျောင်း၊ သူတို့မြို့နယ်၊ သူတို့ပြည်နယ်နှင့်တိုင်းဒေသကြီးအတွက် အလွန်ပင်မျက်နှာပန်းပွင့်သူများဖြစ်လာကြသည်။ လူမှုကွန်ရက်တွင် မြို့အမည်၊ ကျောင်းအမည်နှင့် ဘာသာစုံဂုဏ်ထူးရသူတို့ကို အသီးသီးဖော်ပြ၍ ဂုဏ်ပြုချီးမြှောက်ကြသည်။ မိမိကျောင်း၊ မိမိမြို့နယ် အတွက်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွက် ဂုဏ်ယူဖွယ်ဖြစ်ရသလို ကာယကံရှင်နှင့် မိဘ၊ ဆရာများ ကလည်း ဝမ်းသာအားရဂုဏ်ယူကြလျက်ရှိသည်။
ထို့အတူ အောင်စာရင်းတွင် အမည်မပါလာသူတို့အတွက် တဒင်္ဂအားဖြင့် ခေတ္တမျှစိတ်ညစ်ညူးဖွယ် အခြေအနေဖြစ်သော်လည်းအခြားတစ်ဖက်မှကြည့်မည်ဆိုလျှင် ပိုမိုကောင်းမွန်သောအနာဂတ်ကို ခွန်အားအသစ်ဖြင့် ပြန်လည်စတင်နိုင်ခြင်းဆိုသည့် အခွင့်အလမ်းကောင်းတစ်ခုကို ထပ်မံရရှိခြင်း လည်းဖြစ်သည်။ အကယ်စင်စစ်အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုသည်မှာမိမိ၏ကြိုးစားအားထုတ်မှုနှင့် အကြောင်းကြောင်းသော ကံတရားတို့အပေါ်တွင်လည်း မူတည်ပေသည်။ ထိုအကြောင်းတရားတို့အပေါ် သင်ခန်းစာရယူပြင်ဆင်၍ လာမည့်နှစ်တွင် မုချအောင်မြင်အောင်ကြိုးစားမည်ဟူသော ခိုင်မာသည့် သန္နိဋ္ဌာန်ချမှတ်ကာပြန်လည်ကြိုးစားရမည်ဖြစ်သည်။
ဆိုလိုချင်သည်မှာ စာမေးပွဲကျရှုံးခြင်းကြောင့်စိတ်ဓာတ်မကျဆင်းပါနှင့်။ သူလည်းကျောင်းသား၊ ကိုယ်လည်းကျောင်းသား၊ သူလည်းလူ၊ ကိုယ်လည်းလူ၊ သူတောင်အောင်မြင်သေးရင် ငါလည်း အောင်မြင်ရမှာပေါ့ဆိုတဲ့စိတ်နဲ့အားတင်းထားပါ။ ဘဝကိုအရှုံးမပေးလိုက်ပါနှင့်။ ကျရှုံးခြင်းမှာ ခေတ္တသာ ဖြစ်ရမယ်။ အားသစ်အင်သစ်နှင့်ကြိုးစားလျှင် အောင်မြင်မှုက လက်ကမ်းကြိုနေမည်သာဖြစ်သည်။ စာရေးသူအနေဖြင့် အောင်မြင်သူအားလုံးအတွက် ဝမ်းသာပီတိ ဂွမ်းဆီထိပမာဖြစ်ရသလို ကျရှုံးသူတို့ အတွက်လည်း အထူးပင်ဝမ်းနည်းမိသည်။ စိတ်မကောင်းလည်းဖြစ်မိသည်။ ထို့အတူ မအောင်မြင်သော ကျောင်းသားများအနေဖြင့် ပညာရေးခရီးအားအဆုံးတိုင်ဆက်မလျှောက်ဘဲလမ်းခုလတ်တွင် ရပ်တန့် ပစ်လိုက်မည်ကို စာရေးသူအထူးပင်စိုးရိမ်မိသည်။ တက္ကသိုလ်ဝင်စာမေးပွဲဆိုသည်မှာ ဘဝစာမေးပွဲနှင့် နှိုင်းစာသော် အစိတ်အပိုင်းငယ်မျှသာဖြစ်သည်။ ထိုအစိတ်အပိုင်းငယ်ကြောင့် မိမိဘဝကို ရေစုန်မျှော မပစ်လိုက်ဖို့လိုသည်။ ထို့နည်းတူ ထိုအစိတ်အပိုင်းငယ်ကို မထီမဲ့မြင်ပြု၍လည်း မိမိဘဝကို ပေါ့ပြက် ပြက်မပြုစေလို။ ဟန်ချက်ညီညီဖြင့် ထိုအစိတ်အပိုင်းငယ်ဖြစ်သော စာမေးပွဲကိုလည်း အလေးအနက် ထား၊ မိမိဘဝကိုလည်းတန်ဖိုးထား၍ နည်းမှန်လမ်းမှန်၊ စနစ်မှန်ဖြင့် နောက်ထပ်တစ်ကြိမ် အခွင့်ကောင်း ကိုဖမ်းဆုပ်၍ မုချပိုင်ပိုင်အောင်နိုင်ခြင်းသို့ရောက်ရှိအောင် မလျှော့သောဇွဲလုံ့လတို့ဖြင့်ရည်သန် ကြိုးစား ကြရမည်ဖြစ်သည်။ သို့ဆိုလျှင် အဘယ်မျှခက်ခဲသော စာမေးပွဲပင် ဖြစ်စေ ကျောင်းသားတို့၏ လက်ဝယ် ရှေ့မှောက်အောင်မြင်ခြင်းတို့ မလွဲမသွေဆိုက်ရောက် လာကြမည်သာဖြစ်သည်။
ဤနေရာတွင် ကျောင်းသားအားလုံးသိပြီးဖြစ်သည့်ဆရာမငွေတာရီ၏ “ထိပ်ဆုံးသို့” ဆိုသည့် ကဗျာစာသားအချို့ကို မျှဝေလိုသည်။ တောင်တက်သူသည် အမြင့်ဆုံးရည်မှန်းချက်သို့ ရောက်ရှိရန် အတွက် တစ်တောင်ပြီးတစ်တောင်တက်နေရသည်။ တစ်တောင်ဆုံးလို့ ကြည့်လိုက်ပြန်တော့လည်း နောက်တစ်လုံးကကျန်နေသေးသည်။ ဒီလိုနှင့်ကြိုးစားပြီးလျှောက်လှမ်းရသည်။ ရည်မှန်းချက်သို့ရောက် အောင်လျှောက်ရသည်မှာပင်ပန်းသည်။ မပင်ပန်းဘဲနှင့်လည်း အောင်မြင်မှုကိုရမည် မဟုတ်ပေ။ ထိုကဗျာတွင်“ခါတလေ တကယ်ပန်းတာကြောင့်၊ တော်ပါပြီ ဆက်မလှမ်းချင်ဘု၊ ရပ်တန်းက ရပ်မယ်ကြံ၊ အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့၊ တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊ အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ ဟု ဆရာမငွေတာရီ က နှိုးဆော်သတိပေးထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများအနေဖြင့်လည်း လာမည့်နှစ်မှာ အောင်မြင်ဖို့အတွက် အားသစ် အင်သစ်နဲ့ရည်မှန်းချက်ရောက်အောင်ဆက်လျှောက်ကြပါလို့ စာရေးသူကတိုက်တွန်းပါသည်။ “ပညာမြင့်မှလူမျိုးတင့်မည်” ဆိုသောစကားကို အခြေတည်၍ တိုက်တွန်းရခြင်းပင်ဖြစ်သည်။ ပညာ သည် မိမိတို့ဘဝအတွက် အလွန်ပင်တန်ဖိုးကြီးမားသည့် အရင်းအနှီးဖြစ်သည်။ ပညာအရင်းအနှီး များများစုနိုင်လေ မိမိအနာဂတ်အတွက် အကောင်းဆုံးအသုံးချနိုင်လေဖြစ်သည်။
ကျောင်းသားတိုင်းက ပညာရေးကို ဆုံးခန်းတိုင် အောင်သင်ကြားကြမှ မိမိနိုင်ငံတော်တွင် လူ့စွမ်းအားအရင်းအမြစ်များပေါကြွယ်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံကြီး ဖြစ်လာပေမည်။ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတို့ကို ပညာကသာ အဆုံးအဖြတ်ပေးနိုင်သည်။ ပညာအဆင့်မြင့်လျှင် တိုင်းပြည်တိုးတက်မည်။ နိုင်ငံတစ်နိုင်ငံ၏အနေအထားကို ပညာဖြင့်ဆုံးဖြတ်သကဲ့သို့ လူတစ်ဦးချင်းစီ၏ အနေအထားကိုလည်း ပညာကသာဆုံးဖြတ်မည်ဖြစ်သည်။
သင်မကြိုးစားလျှင် သင်အခွင့်အရေးကောင်းရလိမ့်မည်မဟုတ်ဟု ဆိုထားသည်။ အခွင့်အရေးကောင်း ဆိုသည်မှာ ပညာအရည်အချင်းအလိုက်ရရှိခြင်းဖြစ်ပေရာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးသူများ အနေဖြင့် အားမငယ်ပါနှင့်။
ကျောင်းသားဘဝဆိုသည်မှာအပြေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည်နှင့် ပမာတူလှသည်။ အများနှင့်ယှဉ်ပြိုင်မပြေးနိုင်လျှင် မိမိသည်အများ၏ နောက်မှာ ကျန်ခဲ့မည်သာဖြစ်သည်။ တစ်ကြိမ်လဲ ကျရုံမျှနှင့် အလွယ်တကူအရှုံးပေးလိုက်ရန်မဟုတ်။ နောက်တစ်ကြိမ်ပြန်ထ၍ အားမာန်အပြည့်ဖြင့် ဆက်လက်ပြိုင်ပွဲဝင်ရန်ပင်ဖြစ်သည်။ သို့မှသာ ပန်းတိုင် ကို လှမ်းကိုင်နိုင်မည့်အခွင့်အလမ်းအား အခြားသူများနည်းတူရရှိနိုင်မည်ဖြစ်သည်။အောင်မြင်သူများကို အားကျသည့်စိတ်ဖြင့် နမူနာယူကာ အောင်မြင်အောင်ကြိုးစားကြရမည်ဖြစ်သည်။
လူငယ်ဘဝဆိုသည်မှာ အချိန်အကန့်အသတ်ဖြင့်သာနေကြရသည်။ မိုးရွာတုန်းရေခံ၊ လသာတုန်း ဗိုင်းငင်ဆိုသကဲ့သို့ ပညာသင်ယူခွင့်ရရှိနေချိန်တွင် ကြိုးစားကြရမည်ဖြစ်သည်။ မိုးလွန်မှထွန်ချဆိုသလို ကြိုးစားမှုနောက်ကျခဲ့သော် အချည်းနှီးသာဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍကို အထူးအားပေးမြှင့်တင်နေချိန်တွင် မိမိသည်လည်း မြှင့်တင်ခံရသူအဖြစ် နေရာယူစေချင်သည်။ ပညာသင်ရမည့်အရွယ်တွင် အကောင်းဆုံး ထားရှိရမည်မှာ စာမေးပွဲအောင်မြင်ရေးသာဖြစ်သည်။ ကျောင်းသားများအနေဖြင့် မိမိတို့ဘဝ တိုးတက် လမ်းကိုသိရှိကြသလို တိုးတက်လမ်းကို အနှောင့်အယှက်ပြုနိုင်သည့် အရာများကိုလည်း ဖယ်ရှားနိုင်ရ မည်ဖြစ်သည်။ ကျောင်းနေအရွယ်တွင် ကွမ်းယာ၊ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး စသည်များကို အထူးရှောင်ရှားရမည်ဖြစ်သလို အချည်းနှီးအချိန်ကုန်စေသည့်ဂိမ်းကစားခြင်း၊ အချိန်ကုန်ရုံမျှမက အကျိုးမဲ့စေသည့် လောင်းကစားခြင်းမျိုးကိုလည်း အထူးရှောင်ရှားသင့်သည်။ ကျောင်းသားနှင့် မအပ်စပ် သည့် အကြောင်းခြင်းရာများတွင် ဝေလေလေလိုက်ပါ၍ တွေဝေမိန်းမောကာ စိတ်လေလွင့်မှုမရှိအောင် လည်း သတိပြုနေထိုင်ကြရမည်ဖြစ်သည်။ ဤသို့လျှင် အရှုံးမှသင်ခန်းစာဖော်ထုတ်၍ အောင်မြင်မှု လမ်းကြောင်းကို တည့်မတ်စွာထိန်းကျောင်းနိုင်ရမည်ဖြစ်သည်။
အောင်မြင်သူများအနေဖြင့်ဆက်လက်၍အောင်မြင်မှုလမ်းကြောင်းမှာ အောင်မြင်စွာလျှောက် လှမ်းနိုင် ကြပါစေ။ ကျရှုံးသူများအနေဖြင့်လည်း ကျရှုံးမှုကို အောင်မြင်မှုဖြင့်အနိုင်ယူနိုင်ကြပါစေ။ မိဘများအနေ ဖြင့် အောင်မြင်မှုကို ဝမ်းသာအားရပီတိဖြစ်နေကြသလို ကျရှုံးသူများအတွက်လည်း အားပေးနှစ်သိမ့် ပေးစေချင်သည်။ မိမိသားသမီးအတွက် အားတက်ဖွယ်စကားများ ပြောကြားခြင်း၊ ထပ်မံ၍ အခြေအနေ ကောင်းများ ဖန်တီးပေးခြင်းတို့ဖြင့် စိတ်ခွန်အားဖြစ်စေချင်သည်။ နေမင်းကြီး နှင့်လွဲ၍ ဝမ်းနည်းနေခြင်း မျိုးမဖြစ်စေဘဲ လမင်းကြီးနှင့် ထပ်မံဆုံတွေ့နိုင်အောင် ကြိုးစားအားထုတ် ခြင်းဖြင့် အချိန်ကောင်း အခါကောင်းများကို ဖမ်းဆုပ်နိုင်ရန် အသင့်ရှိ နေကြစေချင်သည်။
စာရေးသူအနေဖြင့်ကျောင်းသားဟူသောအသုံးအနှုန်းသုံးထားခြင်းမှာ ကျောင်းသားဟူသောစကားရပ်တွင် ကျောင်းသူများလည်းပါဝင်ပြီးဖြစ်၍ သုံးနှုန်းရခြင်းဖြစ်သည်။ ဆရာဟူသောစကားရပ်တွင်လည်း ဆရာမများပါဝင်ပြီးဖြစ်သောကြောင့် “မိဘ၊ ဆရာပူးပေါင်း ကလေးပညာကောင်း” ဆိုသော ဆောင်ပုဒ် ကိုလက်ကိုင်ပြုကာ ကြိုးစားကြရမည်ဖြစ်သည်။ အောင်မြင်သူ၊ကျရှုံးသူ ကျောင်းသားများအားလုံး အနေဖြင့် မူတစ်သွင်အားအင်သစ်လိုက်ပါ့ ချစ်စရာ့တို့ကျောင်းသားများအဖြစ် အနာဂတ်လှပအောင် လျှောက် လှမ်းကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ရုရှား နိုင်ငံရှိ Yekaterinburg မြို့၌ တွေ့ဆုံခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးအုပ်ချုပ်မှုနှင့် ချိတ်ဆက်ရန် ရည်ရွယ်သည့် အဖွဲ့အစည်းတစ်ခုကို တရားဝင်ဖွဲ့စည်းခဲ့သည်။ တစ်နှစ်အကြာတွင် တောင်အာဖရိက နိုင်ငံပါ ပူးပေါင်းလာခဲ့ပြီး ယခုအခါ လူသိများထင်ရှားသည့် BRICS အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှု၏ အဓိကမောင်းနှင်အားမှာ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပ သမဂ္ဂ၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် ကနေဒါတို့ပါဝင်သည့် G7 အဖွဲ့ကို ဟန်ချက်ချိန်ညှိရန်နှင့် ကမ္ဘာ့စီးပွားရေးကို မည်သို့စီမံသင့်သည်ဆိုသည့် မတူညီသောအမြင်သစ်များကို မြှင့်တင်ရန်ဖြစ်သည်။
BRICS အဖွဲ့သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်ကဲ့သို့သော အဖွဲ့အစည်းများအတွင်း၌ စီမံခန့်ခွဲရေးဆိုင်ရာ မကျေနပ်ချက်များကို ထုတ်ဖော်ပြောကြားလျက် ရှိသည်။ BRICS ၏ အဆိုအရ ထိုအဖွဲ့အစည်းများအတွင်း၌ ပေါ်ထွန်းစ ဈေးကွက်နိုင်ငံများ၏ အသံများကို ဦးစားမပေးခြင်းကြောင့်ဟုဆိုသည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးတွင် အမေရိကန် ဒေါ်လာ လွှမ်းမိုးနေသည့် အခန်းကဏ္ဍကိုလည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ကျားမရေးရာ ဆိုင်ရာမူဝါဒများကိုလည်းကောင်း မမျှတဟု ယူဆထားသည့်အတွက် ပွင့်လင်းစွာ ဝေဖန်ခဲ့သည်။
အစပိုင်းတွင် BRICS အဖွဲ့အား အပြည်ပြည်ဆိုင်ရာဟစ်တိုင်တစ်ခုအဖြစ် အလေးအနက် မထားခဲ့ကြပေ။ ၂၀၁၀ ပြည့်နှစ်က BRICS သည် ကမ္ဘာ့စီးပွားရေး၏ ၁၈ ရာခိုင်နှုန်းခန့်သာ ကိုယ်စား ပြုခဲ့ပြီး G7 နှင့်နှိုင်းယှဉ်လျှင် ပြောအားဆိုအားမှာ မပြောပလောက်သော အဆင့်သာရှိခဲ့သည်။ ထို့အပြင် BRICS အဖွဲ့သည် ခိုင်မာသည့်အဆိုပြုချက်များကို တရားဝင်ပြောကြားရန် အခက်တွေ့ နေခဲ့ပြီး ကန့်ကွက်ချက်များနှင့် စောဒကတက်နေသည့်အဖွဲ့အဖြစ်သာ ရှုမြင်ခံရကာ အပြုသဘော ဆောင်သော အပြန်အလှန်ဆွေးနွေးမှုများ သို့မဟုတ် မျှော်မှန်းချက်အသစ်များ ပေးစွမ်းနိုင်ခြင်း မရှိဟု ယူဆခံခဲ့ရသည်။ ဤအချက်များကြောင့်ပင် G20 ၏ လုပ်ငန်းစဉ်များတွင် G7 ၏ ဦးစားပေး ချက်များကိုသာ ပိုမိုတွေ့ရှိရပြီး BRICS ၏ အမြင်များ ပါဝင်မှုနည်းပါးခဲ့ခြင်းဖြစ်သည်။
BRICS အဖွဲ့သည် အကြောင်းအရင်းမရှိဘဲ ပေါ်ပေါက်လာခြင်းမဟုတ်ပါ။ ဤအဖွဲ့၏ စိတ်ပါဝင်စားမှုများသည် IMF နှင့် ကမ္ဘာ့ဘဏ်တို့၏ အဓိကစီမံခန့်ခွဲရေးအဖွဲ့များတွင် ကိုယ်စားပြုမှု ဆိုင်ရာ ကာလရှည်ကြာပြဿနာများမှ အမြစ်တွယ်လာခြင်းဖြစ်သည်။ ပထမဆုံး ထိပ်သီးညီလာခံ ကျင်းပစဉ်က BRICS နိုင်ငံများသည် IMF ဝေစု၏ ၁၀% ခန့်သာ ပိုင်ဆိုင်ထားခဲ့ပြီး စီးပွားရေးအရ ဩဇာလွှမ်းမိုးနိုင်မှု မရှိခဲ့ပေ။ BRICS အထူးသဖြင့် တရုတ်နိုင်ငံသည် IMF ဝေစုကို သတ်မှတ် ထားသည့် ပုံသေနည်းလမ်းအတိုင်း အပြည့်အဝပြန်လည်သုံးသပ်ရန် ကာလရှည်တောင်းဆိုခဲ့ပြီး ၎င်းတို့၏စီးပွားရေးသည် ဖွံ့ဖြိုးပြီးနိုင်ငံများစွာထက် ပိုမိုမြန်ဆန်စွာ ဖွံ့ဖြိုးနေကြောင်းဆိုခဲ့သည်။ သို့ရာတွင် ဤကြိုးပမ်းမှုများကို "အနောက်နိုင်ငံများ" (အထူးသဖြင့် အမေရိကန်ထက် ဥရောပသမဂ္ဂ) မှ အဆက်မပြတ် တားဆီးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ဩဇာလွှမ်းမိုးမှု အထူးသဖြင့် ဥရောပသမဂ္ဂ၏အခန်းကဏ္ဍ သိသိသာသာ ကျဆင်းသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ၁၅ နှစ်အကြာတွင် အခြေအနေများစွာ ပြောင်းလဲသွားပြီဖြစ်သည်။ BRICS ၏ ကြီးထွားလာမှုသည် မငြင်းနိုင်သောအချက်ဖြစ်လာကာ အဖွဲ့ဝင်နိုင်ငံများလည်း တိုးပွားလျက်ရှိသည်။ အီဂျစ်၊ အင်ဒိုနီးရှား၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျတို့ပါ ပူးပေါင်းလာခြင်းဖြင့် ဤအဖွဲ့သည် ပေါ်ထွန်းစ ဈေးကွက်နိုင်ငံ အားလုံးနီးပါးအတွက် ပလက်ဖောင်းတစ်ခုဖြစ်လာသည်။ မူလ BRICS နိုင်ငံများကိုသာ ကမ္ဘာ့ GDP ၊ စွမ်းအင်အရင်းအမြစ်နှင့် လူဦးရေတို့ဖြင့် တိုင်းတာပါကလည်း ဤအဖွဲ့သည် အနောက်နိုင်ငံများကို လွှမ်းမိုးနိုင်လုနီးပါးရှိနေပြီဖြစ်ကြောင်း တွေ့ရသည်။
G7 နှင့် BRICS နိုင်ငံများ၏ မြေရှားသတ္တုအရန်ထားရှိမှုကို နှိုင်းယှဉ်လေ့လာပါက အံ့ဩဖွယ် ကောင်းလောက်သည့် ကွာခြားမှုများကို တွေ့မြင်ရပါမည်။ မြေရှားသတ္တုဒြပ်စင်များသည် မျက်မှောက် ခေတ်စီးပွားရေးအတွက် အလွန်အရေးပါပြီး စမတ်ဖုန်းများ၊ လျှပ်စစ်ကားများ၊ လေအားလျှပ်စစ် တာဘိုင်များနှင့် စစ်ရေးစနစ်များကဲ့သို့သော အဆင့်မြင့်နည်းပညာထုတ်ကုန်များတွင် အဓိကပါဝင်သည်။ကမ္ဘာကြီးသည် သန့်ရှင်းသောစွမ်းအင်နှင့် ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုဘက်သို့ ဦးတည်လာသည် နှင့်အမျှ မြေရှားသတ္တုလိုအပ်ချက်မှာ တဖြည်းဖြည်းတိုးပွားလျက်ရှိပြီး ၎င်းတို့သည် စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းနှင့် အမျိုးသားလုံခြုံရေး၏ အခြေခံအုတ်မြစ်ဖြစ်လာသည်။ ဤနယ်ပယ်တွင် BRICS နိုင်ငံများက ထောက်ပံ့ရေးကွင်းဆက်များကို ထိန်းချုပ်ထားသည်။
လက်တွေ့အားဖြင့် G7 အုပ်စု၏ စီးပွားရေးညွှန်းကိန်းများတွင် အနည်းငယ်သာ သာလွန်သည့် ဩဇာလွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်သည့် တစ်ခုတည်းသောနိုင်ငံမှာ အမေရိကန် ပြည်ထောင်စုသာဖြစ်သည်။ သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကနေဒါတွင် ကျင်းပသော G7 ထိပ်သီးညီလာခံတွင် အခြားခေါင်းဆောင်များနှင့် သဘောထားကွဲလွဲမှုကြောင့် စိတ်ပျက်ကာ ထွက်ခွာသွားခဲ့ပြီး တောင်အာဖရိကနှင့် နိုင်ငံရေးအမြင်ကွဲလွဲမှုများကြောင့် ယခုနှစ် G20 ညီလာခံကိုပါ သပိတ်မှောက်ခဲ့သည်။ ဤအခြေအနေသည် BRICS အုပ်စုအတွက် ရွှေအခွင့် အလမ်းတစ်ရပ် ဖြစ်ပေါ်စေသည်။ မည်မျှကြီးမားသည့် အခွင့်အရေးဖြစ်ပါသနည်း? အမေရိကန်သည် G7 မှ နုတ်ထွက်ပါက G7 ၏ ကမ္ဘာ့ GDP သည် ၅၄% မှ ၂၇% အထိ ကျဆင်းသွားမည်ဖြစ်ပြီး ရေနံ ထုတ်လုပ်မှုအနေဖြင့် ၂၈% မှ ၇% အထိ လျော့နည်းသွားမည်ဖြစ်သည်။
BRICS အဖွဲ့ဝင်နိုင်ငံများသည် အချိန်နှင့်အမျှ ပိုမိုစုစည်းညီညွတ်လာပြီး နည်းဗျူဟာ ကျသော အဖွဲ့အစည်းတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။ ယခုအခါ ၎င်းတို့သည် ကမ္ဘာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မြင်ကွင်းသစ်များနှင့်စပ်လျဉ်း၍ အပြောသက်သက်မဟုတ်တော့ဘဲ အနောက်နိုင်ငံ ခေါင်းဆောင်များအတွက် ခေါင်းခဲစရာများကို ဖန်တီးလျက်ရှိသည်။ ထိပ်သီးအစည်း အဝေးများနှင့် နည်းပညာဆိုင်ရာဆွေးနွေးပွဲများ အခါခါကျင်းပခြင်းမှတစ်ဆင့် ၎င်းတို့သည် အနောက် နိုင်ငံများဦးဆောင်သော အဖွဲ့အစည်းများတွင် ကိုယ်စားပြုပါဝင်မှုနည်းပါးခြင်းဆိုင်ရာ အများ သဘောတူညီချက်များကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့နောက် ၎င်းတို့သည် မည်သည့်အဖြေကို ရှာဖွေ တွေ့ရှိခဲ့ပါသနည်း။
ပထမဦးစွာ BRICS သည် အဖွဲ့ဝင်နိုင်ငံများနှင့် မဟာမိတ်နိုင်ငံများအကြား ကုန်သွယ်ရေးကို လွယ်ကူမြန်ဆန်စေရန် ဒေါ်လာစနစ်လျှော့ချရေး (De-dollarization) နှင့် BRICS ဘုံငွေပေးချေမှု စနစ်ကို စတင်မိတ်ဆက်အကောင်အထည်ဖော်လျက်ရှိသည်။ Atlantic Council ၏ GeoEconomics Center မှ လက်ထောက်ညွှန်ကြားရေးမှူး Alisha Chhangani ဖန်တီးထားသည့် "ဒေါ်လာလွှမ်းမိုးမှု စောင့်ကြည့်စနစ် (Dollar Dominance Monitor)" အရ ကမ္ဘာ့ဘဏ္ဍာရေးအရန်ငွေ၏ ၅၇% နှင့် ပို့ကုန်ငွေတောင်းခံလွှာ၏ ၅၄% တို့သည် ဒေါ်လာဖြင့်သာ ဆောင်ရွက်လျက်ရှိပြီး ဒေါ်လာသည် ကမ္ဘာ့အဓိကငွေကြေးအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။ ဒုတိယအနေဖြင့် BRICS Pay(Blockchain အခြေပြုစနစ်)၊ BRICS Clear (ငွေပေးချေမှုပလက်ဖောင်း) နှင့် BRICS Bridge(အနောက်တိုင်း ငွေပေးချေမှုစနစ်များကို အစားထိုးမည့်စနစ်) ကဲ့သို့သော အစီအမံများမှတစ်ဆင့် လွတ်လပ်သော ငွေပေးချေမှုအခြေခံအဆောက်အအုံများကို တည်ဆောက်လျက်ရှိသည်။ တတိယ အနေဖြင့် BRICS အဖွဲ့သည် IMF နှင့် ကမ္ဘာ့ဘဏ်တို့အား အစားထိုးနိုင်ရန်အတွက် ဖွံ့ဖြိုးရေး ဘဏ်သစ် (New Development Bank) နှင့် အရေးပေါ်ငွေကြေးအရန်အစီအစဉ် (Contingent Reserve Arrangement) တို့ကို အားဖြည့်လျက် အဖွဲ့ဝင်နိုင်ငံများတိုးချဲ့ခြင်းနှင့် ဒေသတွင်း ငွေကြေးများဖြင့် ချေးငွေထုတ်ပေးခြင်းတို့ကို အလေးပေးဆောင်ရွက်လျက်ရှိသည်။
BRICS အဖွဲ့သည် မူဝါဒရေးဆွဲခြင်းမှ အကောင်အထည်ဖော်ခြင်းဆီသို့ ကူးပြောင်းရာတွင် အခက်အခဲများစွာ ရင်ဆိုင်နေရဆဲဖြစ်သည်။ ယခုအချိန်တွင် အမေရိကန်သမ္မတက BRICS လုပ်ငန်း စဉ်များကို ထောက်ခံသည့်နိုင်ငံများအပေါ် အပို ၁၀ ရာခိုင်နှုန်း ကုန်သွယ်ခွန်တိုးမြှင့်မည်ဟု ခြိမ်းခြောက်နေခြင်းကလည်း အခြေအနေကိုပိုမိုရှုပ်ထွေးစေသည်။ သို့ရာတွင် BRICS သမိုင်း တစ်လျှောက် ယခုကဲ့သို့ စီးပွားရေးအင်အား တောင့်တင်းစွာပိုင်ဆိုင်နိုင်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ယခုနိုဝင်ဘာလတွင် တောင်အာဖရိကနိုင်ငံ၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် BRICS အဖွဲ့သည် ဤအင်အားကိုအသုံးချ၍ ပိုမိုကြီးမားသောဩဇာလွှမ်းမိုးမှုကို ရယူနိုင်မည် ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ G20 ညီလာခံကို သပိတ်မှောက်ထားသည့် အချက်ကို ထည့်သွင်းစဉ်းစားပါက ဤအခွင့်အလမ်းမှာ ပိုမိုထင်ရှားလာသည်။
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့်ရက်သတ္တပတ်က ကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေး သည် ဤအဖွဲ့အတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ခဲ့သည်။ BRICS သည် အနောက်နိုင်ငံ များ၏ အနုတ်လက္ခဏာဆောင်သည့် ကျရှုံးမှုများကို အခွင့်ကောင်းယူကာ ၎င်း၏မူဝါဒများကို ရှေ့တန်းတင်၍ ကမ္ဘာ့ဦးဆောင်မှုအစစ်အမှန်ကိုပြသရန် အခွင့်အရေးရခဲ့သည်။ သို့သော် ထိုအခွင့် အရေးကို လက်လွှတ်ခဲ့ရပြီး ယခုတစ်ကြိမ်တွင်လည်း လက်တွေ့ကျသော တိုးတက်မှုများကို မဖော်ဆောင်နိုင်ခဲ့ပေ။ ဤအချက်က BRICS အဖွဲ့သည် အကျိုးရှိမှုထက် သင်္ကေတ သက်သက်သာ ဖြစ်နေဆဲဟူသော အမြင်ကိုသာ ပိုမိုခိုင်မာစေခဲ့သည်။ အထူးသဖြင့် ထိပ်သီးအစည်းအဝေးကို မတက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဆုံးဖြတ်ချက်သည် အဖွဲ့၏ ယုံကြည်စိတ်ချရမှုကို သိသိသာသာ ထိခိုက်စေခဲ့သည်။ အခြားခေါင်းဆောင်များနှင့်အတူ ၎င်းမတက်ရောက်ခဲ့ခြင်းသည် ဤအဖွဲ့ကိုယ်တိုင်ဦးဆောင်သည်ဟု ကြွေးကြော်ထားသော နိုင်ငံတကာအစီအစဉ်များအပေါ် အဖွဲ့၏ ကတိကဝတ်များနှင့် ထိုနိုင်ငံတကာအစီအစဉ်များကို ပုံဖော်ရာတွင် BRICS အဖွဲ့၏ အထင်ရှားဆုံး နိုင်ငံတကာပလက်ဖောင်းအဖြစ် ယုံကြည်စိတ်ချရမှုတို့နှင့်ပတ်သက်၍ လေးနက်သောမေးခွန်းများကို ဆက်လက်ပေါ်ပေါက်နေစေမည် ဖြစ်ပေသည်။
https://www.atlanticcouncil.org/blogs/econographics/building-brics-2/
Atlantic Council တွင် စာရေးသူ Bart Piasecki ရေးသားထားသည့် “Building BRICS” ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုထားပါသည်။
ဆွီဒင်နိုင်ငံ စတော့ဟုမ်း နိုင်ငံတကာ ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းလုံးမှ ရေဘက်ဆိုင်ရာ၌ ထူးချွန်စွာဆောင်ရွက်သူများအား “စတော့ဟုမ်းရေဘက်ဆိုင်ရာဆု”ကို လွန်ခဲ့သော ၂၅ နှစ်ခန့်မှစ၍ နှစ်စဉ်ရွေးချယ် ချီးမြှင့်ခဲ့သည်။ ယင်းဆုသည် ရေဘက်ဆိုင်ရာလုပ်ငန်း နယ်ပယ်၌ ကျော်ကြားလှပြီး “ရေဘက်ဆိုင်ရာနိုဘယ်လ်ဆု”ဟုပင် တင်စားခေါ်ဝေါ်ကြသည်။၂၀၁၅ ခုနှစ် “ရေဘက်ဆိုင်ရာနိုဘယ်လ်ဆု”ကို အိန္ဒိယလူမျိုး ရာဂျင်ဒရာဆင်းအား ပေးအပ်ခဲ့သည်။ ဆုချီးမြှင့်ရေးကော်မတီ၏ မှတ်ချက်တွင် ရာဂျင်ဒရာဆင်းသည် ဒေသတွင်း ရေအခက်အခဲကို လူမှုရေး စွမ်းဆောင်ရည် တည်ဆောက်ပြီး ဒေသခံတို့၏ပူးပေါင်းပါဝင်မှု၊ အမျိုးသမီးတို့ကို အားကိုးတာဝန်ပေးအသုံးချမှု၊ ရှေးရိုးနည်းပညာကို ခေတ်မီသိပ္ပံနည်းများနှင့် ပေါင်းစပ်ပေးနိုင်မှုတို့ကြောင့် ဆုပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
သူသည် ကျေးရွာများကို ရေလွှမ်းမိုးမှုမှ ကာကွယ်ပေးခြင်း၊ မြေဆီလွှာထိန်းသိမ်းပေးခြင်း၊ မြစ်ချောင်းများကို ကောင်းမွန်စွာစီးဆင်းစေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းခြင်း စသည့် အကျိုးကျေးဇူးများကိုလည်း ဖန်တီးပေးခဲ့သည်။ ရာဂျင်ဒရာဆင်း၏ ဆောင်ရွက်ချက်များသည် လိုက်နာအကောင်အထည်ဖော်ရန် ကုန်ကျစရိတ်မများခြင်း၊ လွယ်ကူရိုးရှင်းခြင်း စသည်တို့ကြောင့် တစ်ကမ္ဘာလုံး နမူနာယူသင့်သည်ဟု ဆုချီးမြှင့်ရေးကော်မတီက ဆိုသည်။ ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်ထိခိုက်မှုကို ခံနေရသော ရေရရှိမှု အခြေအနေကိုဖြေရှင်းရာ၌ ခေတ်မီသိပ္ပံနှင့် နည်းပညာများ သက်သက်ကိုသာ အားကိုးနေ၍မရဘဲ ကောင်းမွန်သောစီမံခန့်ခွဲမှု၊ မှန်ကန်သောမူဝါဒ၊ ခေါင်းဆောင်ကောင်းရှိမှုနှင့် အခြေအနေနှင့် လိုက်လျောညီထွေအောင် လုပ်ဆောင်တတ်မှုတို့အပေါ်တွင်လည်း မူတည်နေရာ ရာဂျင်ဒရာဆင်း၏ ဆောင်ရွက်ချက်များသည် အထက်ပါအချက်တို့နှင့် ကိုက်ညီနေသည်။
ဆုရှင်ရာဂျင်ဒရာဆင်းသည် ရေပညာရှင်တစ်ဦး မဟုတ်သည့်အပြင် ယင်းကဏ္ဍ၌ ပါဝင်ဆောင်ရွက်ရန်လည်း မူလက မရည်ရွယ်ခဲ့ပေ။ သူသည် အသက် ၂၈ နှစ်အရွယ်၌ အစိုးရဝန်ထမ်း အာယုဗေဒဆေးပညာရှင် အဖြစ်မှ နုတ်ထွက်ပြီး ရာဂျက်စတန်ပြည်နယ် အာလ်ဝါခရိုင် ဂိုပါးလ်ပူရာရွာသို့ ရောက်ရှိခဲ့သည်။ ယင်းရွာတွင် ဆေးခန်းဖွင့်ရန် လက်ထောက်လေးဦးနှင့်အတူ လာခဲ့ခြင်းဖြစ်သည်။
ရာဂျင်ဒရာဆင်းနှင့်သူ၏ လက်ထောက်များ ရွာသို့ရောက်လာသောအခါ အစီအစဉ်က တစ်မျိုးဖြစ်သွားသည်။ ဒေသခံတို့သည် ဆေးခန်းအစား ရေကိုလိုချင်ကြသည်။ ရာဂျက်စတန်ပြည်နယ်သည် ခြောက်သွေ့သော ရာသီဥတုရှိပြီး တစ်နှစ်လျှင် မိုးရေချိန် ပျမ်းမျှ ၁၆ လက်မသာရွာသည်။ မိုးအားလုံးလိုလိုမှာ ဇွန်လမှ စက်တင်ဘာလအတွင်း၌သာဖြစ်၍ ကျန်လများတွင် မြေကြီးသည်ခြောက်သယောင်းနေသည်။ မြေအောက်ရေလည်းကောင်းစွာမရ၍ ရွာတွင်ကြုံတွေ့နေရသောရေအခက်အခဲက အတော်ကြီးမားသည်။ သောက်ရေအတွက် အမျိုးသမီးများ၊ ကလေးငယ်များ ဝေးလံသောအရပ်သို့ သွားရောက်သယ်ယူနေကြရသည်။ ရေမရှိ၍ အသီးအနှံများကောင်းစွာမဖြစ်ထွန်း။
ရှေးကရေရခဲ့
ဒေသခံသက်ကြီးဝါကြီးတို့၏ အဆိုအရ အာလ်ဝါခရိုင်တွင် ရှေးအခါမှစ၍ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်အထိ ရေကိုလုံလောက်စွာ သုံးနိုင်ခဲ့ဖူးသည်ဟုဆိုသည်။ ဒေသတွင်း၌ သစ်ပင်သစ်တောများနှင့် စိမ်းစိမ်းစိုစိုရှိခဲ့သည်။ မြစ်ချောင်းများတွင် လွန်ခဲ့သော နှစ်ပေါင်းထောင်နှင့်ချီ၍ရှိခဲ့သော “ဂျိုဟတ်”များကြောင့် ရေအတွက်မပူပင်ခဲ့ရဟု သက်ကြီးရွယ်အိုတို့ကပြောသည်။
“ဂျိုဟတ်”ဆိုသည်မှာ မြစ်ငယ်ချောင်းငယ်များကိုပိတ်၍ မြေသား၊ အုတ်၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားသော တမံနိမ့်များဖြစ်သည်။ ဂျိုဟတ်များကို တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ မိုးရေကိုအလဟဿစီးဆင်းမသွားစေဘဲ တတ်နိုင်သမျှထိန်းသိမ်းသိုလှောင်၍ အသုံးချရန်ဖြစ်သည်။
ဂျိုဟတ်များသည် ရှားရှားပါးပါး ရွာကျလာသောမိုးရေများကို တားဆီးသိုလှောင်ထားနိုင်၍ မသုံးရမစွဲရဘဲ မြစ်ချောင်းများ ထိုမှတစ်ဆင့် နောက်ဆုံး ပင်လယ်ထဲ ပြန်ရောက်သွားခြင်းကို ကာကွယ်ခဲ့သည်။ မိုးမရွာသောလများတွင် ဂျိုဟတ်မှရေကို ရယူသုံးစွဲနိုင်ကြသည်။ ထို့ပြင် ဂျိုဟတ်က တားဆီးသိုလှောင်ထားသော ရေတို့သည် မြေအောက်သို့ဖြည်းဖြည်းချင်း စိမ့်ဝင်ကာ မြေအောက်ရေကြောကို ဖြည့်တင်း
ပေးသည်။ ခြောက်သွေ့သောဒေသဖြစ်သော်ငြား မြေအောက်ရေရသောကြောင့် ဂျိုဟတ်တို့ပတ်ဝန်းကျင်တွင် သစ်ပင်ဝါးပင်များကိုတွေ့နိုင်သည်။ မြေအောက်ရေကြောင့် စိုက်ခင်းများရှင်သန်သည်။
ဇီဝမျိုးစုံမျိုးကွဲများ အထိုက်အလျောက်ပေါများသည်။ နှစ်ပေါင်းထောင်နှင့်ချီ၍ တည်ခဲ့သော ယင်းအခြေအနေသည် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်မှစ၍ သစ်ပင်သစ်တောများကို ထင်းအတွက် အဆင်အခြင်မဲ့ခုတ်ယူကြခြင်းကြောင့် ပြောင်းလဲသွားသည်။ သစ်ပင်ခုတ်၍ ယင်းသစ်ပင်များကို မှီခိုရှင်သန်နေသော တိရစ္ဆာန်များဘုံပျောက်သည်။ မိုးရေသည် သစ်ပင်နည်းပါးသောမြေပြင်ပေါ် အရှိန်ဖြင့်စီးဆင်းလာပြီး မြေဆီလွှာကိုတိုက်စားသည်။
ဂျိုဟတ်များတွင် မြေမှုန်များ၊ သဲနုန်းများဖြင့်ပြည့်လာကာ တဖြည်းဖြည်းကောသွားသည်။ ဂျိုဟတ်ကောသွား၍ မြေပေါ်မှရေစိမ့်ဝင်ခြင်း မရှိတော့သဖြင့် မြေအောက်ရေပြင်နိမ့်ကျသွားသည်။ ရေတွင်းများ ခန်းသွားသည်။
သက်ကြီးစကား
ဒေသခံသက်ကြီးရွာသားအချို့က ယခုကောနေပြီဖြစ်သော ဂျိုဟတ်များကို ပြန်လည်တူးဖော်ပေးလျှင် ဒေသတွင်း ရေအခက်အခဲပြေလည်မည်ဖြစ်ကြောင်း ရာဂျင်ဒရာဆင်းကို ဝိုင်းပြောကြသည်။
ရာဂျင်ဒရာဆင်းသည် ရွာပတ်လည် လှည့်လည်ကြည့်ရှုရင်း ဂျိုဟတ်များကိုလေ့လာသည်။ သူသည် ဂျိုဟတ်တို့ ပြန်လည်အသက်ဝင်လာလျှင် ရရှိမည့်အကျိုးကျေးဇူးကိုမြင်သွားသည်။ ကောနေသည့်ဂျိုဟတ်များကို ပြန်လည်တူးဖော်ကြရန် ဒေသခံလူငယ်တို့ကိုစည်းရုံးသည်။ အချို့က စိတ်မပါကြသော်လည်း ရာဂျင်ဒရာဆင်း၏ ကြိုးစားမှုကြောင့် စိတ်မပါ့တပါဖြင့် တူးဖော်ကြသည်။
ရသမျှလူအင်အားဖြင့် ဖြည်းဖြည်းချင်းတူးကြရာ ခုနစ်လခန့်ကြာသောအခါ ၁၅ ပေနက်သော ဂျိုဟတ်တစ်ခုကို ပြန်တူးဖော်နိုင်ခဲ့ကြသည်။
တူးပြီး မကြာမီမှာပင် မုတ်သုံမိုးရွာသည်။ ဂျိုဟတ်တစ်ခုလုံး ရေပြည့်သွားသည်။ ဂျိုဟတ်ရေပြည့်ပြီး မကြာမီမှာပင်အနီးရှိ ရေခန်းနေသော အဝီစိတွင်းတစ်တွင်း၌ ရေများပြန်ရောက်နေသည်ကို တွေ့လိုက်ကြသည်။ ပတ်ဝန်းကျင်၌ သစ်ပင်များပြန်လည် ပေါက်ရောက်လာသည်။ စိုက်ပင်ပျိုးပင်များ ပို၍ဖြစ်ထွန်းလာသည်။ ဂေဟစနစ်ပြန်လည်ရှင်သန်လာသည်။ ရွာသားလူငယ်တို့သည် ဂျိုဟတ်ဖြင့် ရေကိုထိန်းသိမ်းနိုင်ခြင်းကြောင့် ရသောအကျိုးကို လက်တွေ့သိသွားကြသည်။ ကောနေသော အခြားဂျိုဟတ်များကို ဆက်လက်တူးဖော်ကြသည်။ ဂျိုဟတ်အသစ်များကို တည်ဆောက်သည်။ ရွာပတ်လည်တွင် သစ်တောများကို စိုက်ပျိုးခြင်းဖြင့် ရေကိုထိန်းသိမ်းကာ ဂျိုဟတ်တို့၏ စွမ်းဆောင်ချက်ကို ပို၍မြှင့်တင်ပေးကြသည်။ ရေပိုရရန်သစ်တောများကိုထိန်းသိမ်းဖို့ လိုအပ်ကြောင်းသိသော ရွာသားတို့သည် သစ်ပင်များကို မခုတ်မိအောင် တတ်နိုင်သမျှ စောင့်ထိန်းကြသည်။

ရေပြန်ရောက်လာ
၁၉၉၆ ခုနှစ်တွင် ဂိုပါးလ်ပူရာဒေသခံတို့ ပြန်လည်တူးဖော် အသစ်တည်ဆောက်သော ဂျိုဟတ်များသည် ရေဂါလန် သန်း ၁၆၀ ကျော်ကို သိုလှောင်ထားနိုင်သည်။ ဂျိုဟတ်ရေများက ပြန်လည်ဖြည့်တင်းပေးမှုကြောင့် မြေအောက်ရေမျက်နှာပြင်သည် ၄၅ ပေအနက်မှ ၂၂ ပေ အနက်သို့ မြင့်တက်လာသည်။
မြေအောက်ရေမြင့်လာသဖြင့် မြေဆီလွှာ ပြန်လည်စိုစွတ်လာသည်။ သီးနှံစိုက်ခင်းများ ပြန်၍စိုက်ပျိုးအောင်မြင်လာသည်။ တစ်သီးစားစိုက်ရာမှ နှစ်သီးစားစိုက်လာနိုင်သည်။ ရွာသားတို့ ဝင်ငွေပိုကောင်းလာသည်။ သိုး၊ ဆိတ်၊ နွားမွေးမြူရေးလုပ်ငန်းများ ပို၍ဖြစ်ထွန်းလာသည်။
သစ်တောရှိ သစ်ပင်များကို စနစ်တကျ သင့်သလောက်သာခုတ်ခြင်းဖြင့် ရွာအတွက်လောင်စာလည်းရ တိရစ္ဆာန်အစာများလည်း ရကြသည်။ စီးပွားရေးအခွင့်အလမ်းများ ကောင်းလာသဖြင့် မြို့တက်၍ အလုပ်လုပ်နေကြသူအချို့ ရွာပြန်လာသည်။ ရေနှင့်ထင်းအတွက် အမျိုးသမီးတို့ ဝေးလံသောအရပ်သို့ အချိန်ကုန်ခံထွက်မရှာရတော့သဖြင့် အိမ်အလုပ်ပိုလုပ်လာနိုင်သည်။ ဆပ်ပြာချက်ခြင်း၊ ရက်ကန်းရက်ခြင်း စသည့် အိမ်တွင်းလက်မှုစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးလာသည်။ အမျိုးသမီးငယ်တို့ ကျောင်းတက်လာနိုင်သည်။
ရာဂျက်စတန်ပြည်နယ်တွင် ၁၉၉၉ ခုနှစ်နှင့် ၂၀ဝ၂ ခုနှစ်များက မိုးခေါင်သောအခါ ဂျိုဟတ်များက ရေဖြည့်ထားသဖြင့် အဝီစိတွင်းအားလုံး ရေမခန်းဘဲ အသက်ဆက်နိုင်ခဲ့သည်။ ဂျိုဟတ်များကောနေခဲ့ချိန် ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အကြား ရာဂျက်စတန်၌ အကြီးအကျယ်မိုးခေါင်ခဲ့စဉ်ကမူ အဝီစိတွင်းအများစု ရေခန်းသွားခဲ့ဖူးသည်။
ရာဂျင်ဒရာဆင်း၏ဦးဆောင်စည်းရုံး သိမ်းသွင်းမှုသည် လက်တွေ့ကျ၍ အခြားကျေးရွာ၊ မြို့နယ်များကပါ လိုက်လုပ်လာကြခြင်းကြောင့် နှစ် ၂၀ ကြာပြီးနောက် ရာဂျက်စတန်ပြည်နယ်တစ်ဝန်း၌ ဂျိုဟတ်ပေါင်း ၉၀ဝ၀ နီးပါးမျှတည်ဆောက်ပြီး ရွာ ၁၀ဝ၀ ခန့်၌ ရေရရှိရန်ဖန်တီးပေးနိုင်ခဲ့သည်။

သူ၏ စွမ်းဆောင်ချက်များကြောင့် ရာဂျင်ဒရာဆင်းကို အိန္ဒိယနိုင်ငံတစ်ဝန်း၌ လူသိများလာကာ “ရေလူကြီး”ဟု ဂုဏ်ပြုခေါ်ဝေါ်ကြသည်။ “စတော့ဟုမ်း ရေဘက်ဆိုင်ရာဆု” သို့မဟုတ် “ရေဘက်ဆိုင်ရာ နိုဘယ်လ်ဆု” အတွက် ရွေးချယ်ခံရသောအခါ ရာဂျင်ဒရာဆင်းကို အိန္ဒိယတွင်သာမက ကမ္ဘာကပင် သိသွားသည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်း၌ ဆွီဒင်ဘုရင်က ရာဂျင်ဒရာဆင်းအား ရေဘက်ဆိုင်ရာ နိုဘယ်လ်ဆုကို အခမ်းအနားဖြင့် ချီးမြှင့်ခဲ့သည်။ ။
MWD Web Portal
လက်ရှိကူးစက်နေသည့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲများမှာ ယခင်နှစ်များက ကူးစက်ပျံ့နှံ့ခဲ့သည့် အိုမီခရွန် (Omicron) အုပ်စုမှ ဗီဇပြောင်းလာခြင်းဖြစ်ပြီး JN.1 အုပ်စုနှင့် ယင်းမှတစ်ဆင့် ပေါ်ပေါက်လာသည့် XEC မျိုးကွဲတို့ဖြစ်သည်။ ကံကောင်းသည်ဟုဆိုရမည့်အချက်မှာ ထိုမျိုးကွဲ၏ ရောဂါကူးစက်ပုံသည် အသက်ရှူလမ်းကြောင်းအထက်ပိုင်းဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊ ပါးစပ်၊ အာခေါင်တို့ကို အဓိက တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ရောဂါပြင်းထန်မှုကို လျော့နည်းစေသဖြင့် ထိုရောဂါကြောင့် သေဆုံးမှုကို နည်းပါးစေသည်။ ယခင်ကူးစက်ပျံ့နှံ့ခဲ့သော ဒယ်လ်တာမျိုးကွဲ၏ကူးစက်ပုံမှာ အသက်ရှူလမ်းကြောင်း အောက်ပိုင်းဖြစ်သည့် အဆုတ်ကို ဦးတည်ပြီး တိုက်ခိုက်ခြင်းဖြစ်သောကြောင့်အဆုတ်ရောင်ရောဂါနှင့် နမိုးနီးယား (ခေါ်) အဆုတ်ပြည်တည်နာရောဂါတို့ကို ဖြစ်ပွားစေသည့်အတွက် ရောဂါပြင်းထန်ပြီး သေဆုံးမှုလည်း များပြားရခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုမျိုးကွဲသစ်များသည် ရောဂါပြင်းထန်မှုကို လျော့နည်းစေသော်လည်း ကူးစက်မှုကို မြန်ဆန်စေခြင်း၊ ယခုနှစ် မြန်မာနိုင်ငံ၏ ရာသီဥတုသည် ယခင်နှစ်ကထက် မုတ်သုံကာလ ၁၀ ရက်စောဝင်ခြင်းနှင့် လက်ရှိရာသီဥတု အခြေအနေမှာလည်း ယခင်နှစ်ကထက် မိုးရေချိန်လက်မ နှစ်ဆပိုနေခြင်း၊ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလပတ်လုံး မိုးများမည်ဖြစ်ရာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး၏ သဘောသဘာဝ အရ အေး၍စိုစွတ်သောရာသီတွင်အင်အားကောင်းတတ်ခြင်း၊ယခုအခါ အခြေခံပညာကျောင်းများ ကျောင်းဖွင့်ရာသီနှင့် တိုက်ဆိုင်နေခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာမည့်အရေး အထူးသတိထား ရမည်ဖြစ်ပေသည်။
အကယ်၍ ကိုယ်ခံအားနည်းသူများနှင့် နာတာရှည်ရောဂါရှိသူများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်လျှင် ရုတ်တရက်သွေးအတွင်း အောက်ဆီဂျင်ကျသည့် အခြေအနေများ ရှိလာတတ်သည့်သာဓကများစွာ ကြုံခဲ့ဖူး ပြီးဖြစ်သည်။ အထူးသတိထားရမည့် အချက်မှာ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမရှိတော့ဘဲ ဒေသတွင်း ပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ သတ်မှတ်ထားခြင်းကလည်း ယင်းရောဂါကိုခုခံနိုင်ရန် လူသားတို့၏ နေ့စဉ်ဘဝတွင် လည်းကောင်း၊ ဘဝတစ်သက်တာလုံး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက်လည်းကောင်း အသက်ရှူလမ်းကြောင်း သန့်စင်ရေးအခန်းကဏ္ဍမှာ ရာနှုန်းပြည့် အရေးပါလှသည်။
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကို ခုခံနိုင် သည့် မှန်ကန်သောဘဝနေထိုင်မှုပုံစံများ နှင့် အသက်ရှူလမ်းကြောင်း သန့်စင်စေရန် တစ်ဖက်တစ်လမ်းမှပံ့ပိုးပေးနိုင်မည့် အစားအစာများအကြောင်းကို အကြံပြုရေးသား လိုပါသည်။
အဆုတ်ကျန်းမာရေး အလေးထားပေး လူ့ခန္ဓာကိုယ်၏အဆုတ်တွင် လေအိတ် ငယ်များ ၇ မီလီယံခန့်ပါရှိသည်။ ထိုလေအိတ်ငယ်များကိုသေးငယ်သည့် လေပြွန်လေးများဖြင့် စပျစ်သီးခိုင်ကဲ့သို့ ဆက်သွယ်ထားသည်။ ထိုလေအိတ်ပတ်ဝန်းကျင်တွင် သေးငယ်သော ဆံခြည်မျှင်သွေးကြောများဖြင့် ဝန်းရံထားသည်။
ခန္ဓာကိုယ်ကလိုအပ်သော အောက်ဆီဂျင်ကို ထိုနေရာမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ အရောက်ပို့ပေးသည်။ တစ်နည်းဆိုသော် ပတ်ဝန်းကျင်မှ သန့်ရှင်းသောအောက်ဆီဂျင်ကို နှာခေါင်းမှရှူသွင်းပြီး ထိုရှူသွင်းလိုက်သော အောက်ဆီဂျင်ကို အဆုတ်ကလက်ခံပြီးနောက် နှလုံးသွေးမှတစ်ဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသို့ ဖြန့်ဝေပေးသောအလုပ်ကို မရပ်မနားလုပ်နေရသည်။ ထို့ကြောင့် အဆုတ်ကျန်းမာရေး၊ အဆုတ်အား ကောင်းရေးကို အထူးဂရုစိုက်ရန် လိုအပ်သည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သူများ၏ ပြဿနာမှာ ဆံခြည်မျှင်သွေးကြောများ ပိတ်ခြင်းကြောင့်ဖြစ်သည်။ လေအိတ်ပြွန် ငယ်များက ချွဲနှင့်ပိတ်သွားကာ ထိုပိတ်နေသော အရွယ်အစားပေါ်မူတည်ပြီး လေအဝင် အထွက်နှင့် အောက်ဆီဂျင်များ ခန္ဓကိုယ်ထဲရောက်သည့် ပမာဏမှာလည်း ကွာခြားသွားသည်။ အောက်ဆီဂျင်ကျခြင်း ဆိုသည်မှာ ချွဲ သလိပ်များ ပိတ်ဆို့နေသော ပမာဏများ၍ဖြစ်သည်။ ထို့ကြောင့် အဆုတ်အားကောင်းစေရန်နှင့် အသက်ရှူလမ်းကြောင်းတွင် တွယ်ကပ်နေသော ချွဲသလိပ်များနှင့် အမှုန်အမွှားများကို ဖယ်ရှားနိုင်ရန် အသက်ရှူလေ့ကျင့်ခန်းကို မကြာခဏပြုလုပ်ပေးသင့်သည်။
အသက်ရှူလမ်းကြောင်း သန့်ရှင်းစေမည့် အစားအစာများကိုဗစ်-၁၉ ရောဂါပိုးသည် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့မှ အသက်ရှူလမ်း ကြောင်းသို့ ဝင်ရောက်ခြင်းဖြစ်ပြီး ယင်းနောက် ဗိုင်းရပ်စ်ပိုးသည် တခြားသော ဗက်တီးရီးယားများထက် အဆ ၅၀ မှ ၂၀၀ အထိ သေးငယ်သော်လည်း ယင်းပိုး၏ ခန္ဓာကိုယ်တွင် ဆူးချွန်များပါရှိသဖြင့် ထိုဆူးဖြင့်ချိတ်မိသော နေရာတွင် အလွယ်တကူ ကပ်တွယ်ငြိသွားကြသည်။
အသက်ရှူလမ်းကြောင်းသို့ဝင်လာသော ဗိုင်းရပ်စ်ပိုး၏ အဓိကဦးတည်ချက်မှာ အဆုတ်ကို တိုက်ခိုက်ရန်ဖြစ်ပြီး အဆုတ်ထဲသို့မရောက်မီ အနံ့ခံဆဲလ်များကို ဖျက်ဆီးပစ်လိုက်သည်။
ထို့ကြောင့် ဗိုင်းရပ်စ်ပိုး စတင်ဝင်ရောက်ရှင်သန်ရာ အသက်ရှူလမ်းကြောင်းတစ် လျှောက်နှင့် အဆုတ်ကိုကာကွယ်သည့် အနေဖြင့် Mask ကို လုံခြုံစွာတပ်ဆင်၍ ကာကွယ်ထားရခြင်းဖြစ်သည်။ထိုမျှမက အောက် ဖော်ပြပါ အစားအစာများက အသက်ရှူလမ်းကြောင်းနှင့် အဆုတ်ကျန်းမာရေးအတွက် များစွာအထောက်အကူပြုနိုင်သည်။
- ငရုတ်သီး၊ ငရုတ်ကောင်းတို့၏ အပူဓာတ်က သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းအတွင်း ရောဂါပိုးများဝင်ရောက်ခြင်းကို တိုက်ထုတ်ပေးသည်။ ထို့ပြင် လည်ချောင်းနာနှင့် ချောင်းဆိုးခြင်းတို့ကို လည်း သက်သာပျောက်ကင်း စေသည်။
- ဂရိတ်ဖရုသီး(ခေါ်) ရှောက်ခါးသီးက ကင်ဆာဖြစ်စေသော အင်ဇိုင်းကို ဟန့်တားပေးသည်။ ယင်းအသီးက ဆေးလိပ်ဖြတ်ပြီးနောက်ပိုင်း အဆုတ်သန့်ရှင်းရေးအတွက် အထူးကောင်းမွန်သည်။
- နာနတ်သီးထဲတွင်ပါရှိသော သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အသက်ရှူလမ်းကြောင်းကို တိုးတက်ကောင်းမွန်စေသည်။
- နံနက်စာစားပြီးနောက်ပိုင်းနှင့် နေ့လယ်စာမစားမီ ကြားကာလတွင် မုန်လာဥနီဖျော်ရည် ၃၀၀ မီလီလီတာ သောက်ပေးသင့်သည်။ မုန်လာဥနီက အဆုတ်သွေးကြောထဲရှိ သွေးများကို အယ်လ်ကာလီဓာတ်ပြုစေပြီး အဆုတ်ကိုသန့်စင်စေသည်။
- ရွှေဖရုံသီးကလည်း မုန်လာဥနီကဲ့သို့ပင် အဆုတ်ကျန်းမာရေးအတွက် အကျိုးအာနိသင်ပြည့်ဝသော အသီးတစ်မျိုးဖြစ်သည်။
- ပိုတက်ဆီယမ်က အဆိပ်အတောက်များကို ပြေစေသောအစွမ်းရှိသဖြင့် ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝသော တရုတ်နံနံ၊ ဟင်းနုနယ်နှင့် ငှက်ပျောသီးစားပေး သင့်သည်။ ယင်းတို့က အဆုတ်သန့်စင်စေရုံမျှမက အစာကိုလည်း ကျေညက်စေသည်။
- ဘလူးဘယ်ရီသီးတွင် ပါရှိသော အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများက အဆုတ်ရောဂါ ဗက်တီးရီးယားပိုးများကို တိုက်ထုတ်နိုင်စွမ်း ရှိသည့်အတွက် ညအိပ်ရာမဝင်မီ ဘလူးဘယ်ရီသီး သို့မဟုတ် ဘယ်ရီသီးတစ်မျိုးမျိုး စားပေးသင့်သည်။
- ပန်းငရုတ်ပွသီး (ခေါ်) ငရုတ်ချိုများက အဆုတ်ကိုကောင်းမွန်စေပြီး အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ကျစေသည်။
- လိမ္မော်သီးက အဆုတ်အတွက် အောက်ဆီဂျင်စုပ်ယူရာတွင် အကူအညီပေးသည့် အတွက် လိမ္မော်သီး စားပေးသင့် သည်။
- အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ ပဲစေ့နှင့် အခွံမာသီးများက အဆုတ်ကိုကောင်းမွန် စွာ အလုပ်လုပ်နိုင်စေရန် လိုအပ်နေသော မဂ္ဂနီစီယမ်နှင့် သတ္တုဓာတ်များကို အားဖြည့်ပေးသည်။
- ပန်းသီးကို တစ်နေ့တစ်လုံး စားပေးခြင်းဖြင့် ပိုမိုကျန်းမာသော အဆုတ်ကို ပိုင်ဆိုင်စေနိုင်သည်။
- နနွင်းနှင့် ချင်းတို့တွင် ရောင်ရမ်းမှုကို လျော့ကျစေသောသတ္တိပါဝင်ပြီး အဆုတ်မှ ညစ်ညမ်းမှုများကို ဖယ်ထုတ်ပေးသည်။
- တလည်းသီးထဲတွင် အဲလက်ဂျစ်အက်စစ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါရှိ၍ အဆုတ်အကြိတ်ဖြစ်ပွားမှုကို လျှော့ချပေးသည်။
- အစိမ်းရောင် ဟင်းသီးဟင်းရွက်များဖြစ်သော ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်များမှာ သွေးဆဲလ်အသစ်များ တည်ဆောက်ပေးနိုင်သော ကလိုရိုဖီးလ်အပြည့်အဝပါဝင်ပြီး အဆုတ်အတွင်းရှိ သွေးများကို သန့်စင်စေသည်။
- ကြက်သွန်ဖြူနှင့် ကြက်သွန်နီ၊ ဂျူး ဖူး၊ ကြက်သွန်မြိတ်တို့က အသက်ရှူလမ်းကြောင်းဆိုင်ရာ အင်္ဂါအဖွဲ့အစည်းကို လွန်စွာကောင်းကျိုးပြုသည်။ နှလုံးနှင့် အဆုတ်အတွက် အထူးကောင်းမွန်စေသည်။
- သန့်ရှင်းသော သောက်ရေကို များများသောက်ပါ။ သန့်ရှင်းစင်ကြယ်သောရေက အဆုတ်၏ရေဓာတ်ကို ထိန်းသိမ်းပေးပြီး ချွဲ သလိပ်၊ နှပ်၊ နှာရည် စသည့် စွန့်ပစ်ပစ္စည်းများကို အလွယ်တကူ ယိုစိမ့်ထွက်ရှိလာပြီး အဆုတ်ကို သန့်စေသည်။
- သခွားမွှေးသီး၊ စပျစ်သီး၊ စပျစ်သီး ဖျော်ရည်၊ စပျစ်ဝိုင်သောက်ခြင်းဖြင့် အဆုတ်ကို အားကောင်းစေသည်။
အချုပ်အားဖြင့်ဆိုသော် ရောဂါမဖြစ် အောင် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် သာလွန်ကောင်းမွန်၏ဟူသော ကျန်းမာရေးဆောင်ပုဒ်နှင့် အညီ ကိုဗစ်-၁၉ရောဂါကို ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေး နှိုးဆော်ချက်များ အတိုင်း ပြည်သူလူထုတစ်ရပ်လုံးက ကျန်းမာရေးအသိ၊ သတိတရားတို့ဖြင့် လိုက်နာကြစေ လိုပါကြောင်းနှင့် ယခုကဲ့သို့ ကာလအတွင်း အသက်ရှူလမ်းကြောင်း သန့်စင်စေမည့် အစားအစာ များကို ရွေးချယ်စားသုံးရင်း သက်ရှည်ကျန်းမာ ကြပါစေလိုကြောင်း ရေးသားလိုက်ရပါသည်။
MWD Web Portal
သဘာဝပတ်ဝန်းကျင်တွင် သစ်ပင်သစ်တောတို့သည် လူသားတို့အတွက် စိတ်ကြည်လင်မှု ရရှိစေနိုင်သော အလှတရားများဖြစ်သည်။ သစ်ပင်သစ်တောများထံမှ စိမ်းလန်းသော အလှတရားကို ခံစားနိုင်သကဲ့သို့ အေးမြသောအရိပ်ကိုလည်း ရရှိစေနိုင်သည်။ သစ်ပင်သစ်တောများသည် ကမ္ဘာပေါ်တွင်ရှိသည့် သက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး သက်ရှိများရှင်သန်ရေးအတွက် အဓိကလိုအပ်သည့် အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးလျက်ရှိသည်။ ထို့အတူ ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေပြီး ကျန်းမာရေး ထိခိုက်စေနိုင်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကိုလည်း လေထုအတွင်းမှ စုပ်ယူဖယ်ရှားပေးနိုင်သည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့်ပင် သစ်ပင်သစ်တောများသည် လူသားတို့အတွက် မည်မျှအရေးပါသည်ကို သိသင့်ပေသည်။
သစ်ပင်သစ်တောများ တည်ရှိခြင်းကြောင့် မိုးရွာသွန်းမှုကို အချိန်မှန်မှန်ဖြစ်ပေါ်စေသည်။
သစ်ပင်သစ်တောများသည် မိုးရေကိုစုပ်ယူထိန်းသိမ်းထားပြီး မြေအောက်မှတစ်ဖန် လျှိုမြောင်များ အကြား စိမ့်စမ်းရေများအဖြစ် ပြန်လည်ထွက်ရှိစေကာ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုပေးလျက်ရှိသည်။
သစ်ပင်သစ်တောများက လေဒဏ်မိုးဒဏ်ကိုအကာအကွယ်ပေးသည့်အပြင် သစ်မြစ်များက မြေဆီလွှာကိုကုပ်တွယ် ထားသောကြောင့် မြေဆီလွှာဆုံးရှုံးပျက်စီးမှု၊ မြေပြိုမှုများကိုလည်း ထိန်းသိမ်းပေးသည်။ ဤသို့ဖြင့် သစ်ပင်သစ်တောတို့သည် လူသားများအတွက်သာမက တိရစ္ဆာန်နှင့်သဘာဝပတ်ဝန်းကျင်မြေဆီလွှာ၊ ရာသီဥတု၊ လေမုန်တိုင်း၊ သဘာဝဘေးအန္တရာယ်များ ကိုလည်း နည်းမျိုးစုံဖြင့် ကာကွယ်ပေးနေသဖြင့် သစ်ပင်သစ်တောများကို ချစ်ခင်သင့်ပေသည်။
ကမ္ဘာမြေပေါ်တွင် သစ်ပင်သစ်တောများ ယုတ်လျော့ပျက်စီးပြုန်းတီးလာခြင်းသည် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုအတွက် အဓိကတွန်း အားပေးနေသည့် အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။“ဥတုရာသီတောကိုမှီ၏”ဆိုသည့်ဆောင်ပုဒ်အတိုင်း ရာသီဥတုဖောက်ပြန်မှုကိုဟန့်တားရာတွင်လည်း သစ်ပင်သစ်တောများသည် အဓိကကျသောအခန်းကဏ္ဍမှပါဝင်နေသည်။ ယနေ့ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများမှာလည်း ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်း၊ သစ်တောပြုန်းတီးပျက်စီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်းတို့ပင်ဖြစ်သည်။ “အရင်းစစ်တော့အမြစ်မြေက”ဆိုသလို ခေတ်မီသိပ္ပံနှင့်စက်မှုပညာများ တိုးတက်ထွန်းကားလာမှုနှင့်အတူ သစ်ပင်သစ်တောများကို ကုန်ကြမ်းများအဖြစ် ထုတ်ယူအသုံးပြုလာကြခြင်းကြောင့် သစ်တောများ ပြုန်းတီးကာ အဘက်ဘက်မှဆိုးကျိုးများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ သစ်ပင်များကို စည်းကမ်းမဲ့ခုတ်လှဲကြသဖြင့် သစ်ပင်များရှားပါးလာကာ ကမ္ဘာကြီးပူနွေးလာမှု၊ မိုးခေါင်ရေရှားမှု၊ အစာရေစာငတ်မွတ်ခေါင်းပါးမှု စသည်တို့နှင့် ရင်ဆိုင်နေကြရပြီး လူသားတို့၏ အသက်ပင်ဆုံးရှုံးသေဆုံးရသည်အထိ ဒုက္ခဆိုးအမျိုးမျိုးနှင့် ကြုံတွေ့နေရပေသည်။ သို့ဖြစ်၍ ဤကမ္ဘာမြေ သာယာလှပ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးကြရမည်။ လူသားများနှင့်အတူ မျှဝေနေထိုင်သော သတ္တဝါများ၏ဂေဟစနစ်မှန်ကန်စေရန်သဘာဝတောများကို ထိန်းသိမ်းကြရမည်ဖြစ်သည်။
သစ်တောများပြုန်းတီးခြင်း၏အဓိကအကြောင်းရင်းတစ်ရပ်တွင် သစ်ထုတ်လုပ်ခြင်းလည်း ပါဝင်ပေသည်။
“ထင်းခုတ်ကြမဆင်မခြင်၊ တောသစ်ပင်တွေပြုန်း”ဆိုသကဲ့သို့ ထင်းမီးသွေးဖုတ်ရာမှ လည်းကောင်း၊ တောမီးလောင်ခြင်းကြောင့် လည်းကောင်း သစ်တောများပြုန်းတီးခြင်းဖြစ်သည်။ သစ်တောများ ပြုန်းတီးခြင်းကြောင့် မိုးခေါင်ခြင်း၊ ရာသီဥတုပူပြင်းခြောက်သွေ့ခြင်းကိုလည်း ဖြစ်ပေါ်စေသည်။ နှစ်ပေါင်း ၁၂၀ မှ ၁၂၀၀ အထိကြာမှသာ တစ်လက်မအထူမျှဖြစ်လာသော သဘာဝမြေဆီလွှာသည် တစ်ခဏတာဖြင့် ပြုန်းတီးသွားရသည်။ အကျိုးဆက်ကား ရေကြီးရေလျှံခြင်း၊ မြေပြိုတောင် ပြိုခြင်းများနှင့် ဆေးဖက်ဝင်အပင်များ ဆုံးရှုံးခြင်းတို့ဖြစ်ပေါ်စေသည်။
လူသားတို့အနေဖြင့် မိမိတို့ကြောင့်ပျက်စီးရသည့် သဘာဝပတ်ဝန်းကျင်များကို မိမိတို့ကပင် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် တာဝန်အရှိဆုံးဖြစ်ပေသည်။ သို့အတွက်ကြောင့် သစ်ပင်သစ်တောများကို ပြန်လည်စိုက်ပျိုးတည်ထောင်မှုပြုလုပ်နေကြရမည်ဖြစ်သည်။
ထိုသို့ပျက်စီးသွားသည့် သဘာဝဘေးအန္တရာယ်များကိုတားဆီးကာကွယ်ရန်နှင့် ပြန်လည် ကုစားရန်အတွက် အရိုးရှင်းဆုံးနည်းလမ်းမှာ သဘာဝကိုအခြေခံပြီး ပြဿနာများကို ဖြေရှင်းခြင်း တစ်နည်းအားဖြင့် သစ်ပင်များစိုက်ပျိုးခြင်းနှင့် သစ်တောများကို ထိန်းသိမ်းကာကွယ်ခြင်းပင်ဖြစ်သည်။ ယနေ့ကမ္ဘာတစ်ဝန်း၌ လေထုပူနွေးလာမှုနှင့်အတူ ရေ၊ မြေ၊ လေ၊ ရာသီဥတု စသည့်ရုပ်ပိုင်းဆိုင်ရာများ ယိုယွင်းလာခြင်းကြောင့် သစ်ပင်ပန်းမန်၊ တိရစ္ဆာန် စသည့်သက်ရှိဇီဝဆိုင်ရာ ပြုန်းတီးမှုများ တွေ့ကြုံနေကြရသည်။ လေထုပူနွေးလာမှုကို တားဆီးလျှော့ချနိုင်ရေးအတွက် နိုင်ငံအများအပြားတွင် သစ်ပင်သစ်တောများကို တိုးချဲ့စိုက်ပျိုး ထိန်းသိမ်းနေကြပြီဖြစ်သည်။
ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရေးနှင့် သစ်တောပြုန်းတီးမှု လျော့နည်းစေရေးကို အထူးအလေးပေး လုပ်ဆောင်လျက်ရှိသည်။ နှစ်စဉ် ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ် သတ်မှတ်ပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပွဲတော်များ ကျင်းပစိုက်ပျိုးနိုင်ခဲ့သည်။
နိုင်ငံအတွင်းသစ်တောသယံဇာတအရင်းအမြစ်များ ထာဝစဉ်တည်တံ့စေရေးအတွက် သစ်တော ထိန်းသိမ်းရေးလုပ်ငန်းစဉ်သည် တစ်ခဏတာလုပ်ဆောင်ရမည်မဟုတ်ဘဲ သတ္တလောကကြီး တည်မြဲနေသမျှကာလပတ်လုံး ရေရှည်လုပ်ဆောင်သွားကြရမည့်အလုပ်ဖြစ်သောကြောင့် သစ်တောဦးစီးဌာန အနေဖြင့် သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရေးအတွက် သစ်တောနယ်မြေများ တိုးချဲ့ ဖွဲ့စည်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင် သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း ၂ဝ၂၆-၂ဝ၂၇ ခုနှစ်အရ နိုင်ငံပိုင်သစ်တောစိုက်ခင်းများတည်ထောင်ခြင်းနှင့် သဘာဝသစ်တောများ ပြုစုထိန်းသိမ်းခြင်းအပါအဝင် လုပ်ငန်း(၁၉)ရပ်ကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလသို့ရောက်ပြီဆိုပါက နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲများ၊ အစိုးရဌာနအလိုက် သစ်ပင်စိုက်ပျိုးပွဲများနှင့် ကိုယ့်မြို့ကိုယ့်ရွာအလိုက် သစ်ပင်စိုက်ပျိုးပွဲများ စသည်ဖြင့် သစ်ပင်စိုက်ပျိုးရေးကို အလေးထားဆောင်ရွက်နေကြောင်းတွေ့မြင်ကြရမည်ဖြစ်သည်။ ယနေ့လမ်းဘေးဝဲ/ယာတစ်လျှောက် မြင်တွေ့နေရသောသစ်ပင်များအပါအဝင် မြို့ပြများအနီး မြင်တွေ့ရသော သစ်ပင်များသည် သစ်ပင်စိုက်ပျိုးရေးကို နှစ်စဉ်ဆောင်ရွက်နိုင်ခြင်း၏ အကျိုးရလဒ်များပင်ဖြစ်သည်။ “သစ်တောနှင့်သစ်ပင်၊ ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကိုနှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး” ဟူသောစကား မှာလည်း သစ်ပင်သစ်တောကို ချစ်ခင်သည့်လူမျိုးမှာ သစ်ပင်ကိုနှစ်စဉ်စိုက်ပျိုးကြကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် ရွှေတိုက်ကိုပင် ပိုင်စိုးရ ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးတရားများကို ပြဆိုကာ သစ်ပင်သစ်တောများကို ချစ်ခင်သင့်ကြောင်း ဖော်ညွှန်းပြနေခြင်းဖြစ်သည်။
သစ်တောရတနာသည် လူသားတို့အတွက် အမှန်တကယ်တန်ဖိုးကြီးမားလှသည်။ သစ်ပင် သစ်တောများမှ ငွေကြေးနှင့်တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု အထောက်အပံ့များစွာကိုလည်း ရရှိစေသည်။ အရိပ်ရသောသစ်ပင်ကိုစိုက်ပျိုးခြင်းဖြင့် လူနှင့်ကျေးငှက် တိရစ္ဆာန်တို့အတွက် နားခိုရာဖြစ်ပေါ်စေသကဲ့သို့ သီးပင်စားပင်များမှလည်း အာဟာရကိုရရှိစေသည်။ ထို့ကြောင့် သက်ရှိလူသားတိုင်း သစ်ပင်သစ်တောများကို အမှန်တကယ်ချစ်ခင် မြတ်နိုးထိန်းသိမ်း စောင့်ရှောက်ကြပြီး စနစ်တကျနှင့်စိုက်သမျှရှင်သန်အောင်စိုက်ပျိုးကြမည်ဆိုပါက နိုင်ငံတစ်ဝန်း မြို့ရွာဒေသပါမကျန် စိမ်းစိုသာယာလှပနေမည်ဖြစ်သည်။
“ပန်းမန်သစ်ပင်လေသန့်စင်၍ ဥယျာဉ်တောတန်းစိတ်ရွှင်လန်း၏” ဆိုသည့်အတိုင်း သီးပင်စားပင်၊ အရိပ်ရပင်၊ ပန်းပင်များကို အစဉ်တစိုက်စိုက်ပျိုးကြခြင်းဖြင့် မြို့ပြကျေးလက်တစ်ခွင် ဒေသအလိုက် စိမ်းလန်းစိုပြည်ဝေဆာလှပလာမည်ဖြစ်သည်။ ထိုသို့စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မည်သာမက ပြည်သူများ၏အခြေခံစားဝတ်နေရေးလိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် သစ်ပင်သစ်တောများကြောင့် သဘာဝပတ်ဝန်းကျင် ရာသီဥတု ပြောင်းလဲမှုကိုပါ များစွာအကျိုးသက်ရောက်စေပြီး ဤကမ္ဘာမြေ အစဉ်ထာဝရ လှပနေစေရန်အတွက် လူတစ်ဦးလျှင် သစ်ပင်တစ်ပင်နှုန်းစိုက်ပျိုးသင့်သည်။ နောင်သားစဉ်မြေးဆက်အတွက် စိမ်းလန်းစိုပြည်ပြီး အေးချမ်းသာယာသည့် ပတ်ဝန်းကျင်ကောင်းနှင့် သဘာဝအရင်းအမြစ် ကြွယ်ဝသည့်နိုင်ငံအဖြစ် လက်ဆင့်ကမ်းပေးနိုင်ရန် သဘာဝသယံဇာတ အမွေအနှစ်ဖြစ်သည့် သစ်ပင်သစ်တောများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ပူးပေါင်းဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။ ။
Photo - Nature
သက်ကြီးသတိမေ့ရောဂါသည် ဦးနှောက်နှင့်အာရုံကြောဆဲလ်များ တဖြည်းဖြည်း ပျက်စီးယိုယွင်း လာခြင်းကြောင့် လုပ်ဆောင်နိုင်စွမ်းလျော့နည်းလာကာ တစ်ပါးသူကို မှီခိုအားထားနေရသည့် အသက် အရွယ်ရလာသည်နှင့်အမျှ ခံစားရနိုင်သောရောဂါတစ်ခုဖြစ်သည်။
၂၀၂၁ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်၌ လူဦးရေ ၅၇ သန်းသည် သက်ကြီးသတိမေ့ရောဂါခံစားနေကြရပြီး နှစ်စဉ် လူနာသစ် ၁၀ သန်းခန့်ရှိလာ နိုင်ကြောင်း သိရသည်။ များသောအားဖြင့် အသက် ၆၅ နှစ်ကျော်လျှင် ခံစားရနိုင်ပြီး အသက် ၆၅ နှစ်တွင် ရောဂါခံစားရသူမှာ ကမ္ဘာ့လူဦးရေ ၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိသော်လည်း အသက် ၈၅ နှစ်အထက်တွင် ၁၃ ဒသမ ၁ ရာခိုင်နှုန်းအထိ ဖြစ်လာသည်။
မေ့လျော့ခြင်းဆိုင်ရာဝေဒနာများခံစားရခြင်း
အဓိကအားဖြင့် မှတ်ဉာဏ်လျော့နည်းလာသောကြောင့် မကြာမီက ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်၊ ပြောစကားများကို မမှတ်မိတော့ဘဲ ထမင်းစားပြီး၊ မပြီး၊ မည်သည့်ဟင်းနှင့်စားသည်ကိုပင် မမှတ်မိနိုင်ဖြစ် လာတတ်သည်။ မူလကသိရှိပြီးသူများကို နာမည်ခေါ်ရန်ခက်ခဲခြင်း၊ ပစ္စည်းများ၏ အမည်မမှတ်မိခြင်း၊ မိသားစုဝင်များကို မသိတော့ခြင်းများ ခံစားရတတ်သည်။ အစတွင် မှတ်စုစာအုပ်များ၌ မှတ်သားထားခြင်းဖြင့် သတိပြန်ရရန် ကြိုးစားလုပ်ဆောင်နိုင်ခဲ့သော်လည်း အချိန်ကြာလာ သည်နှင့်အမျှ မေ့လျော့မှုမှာ ပို၍သိသာထင်ရှားလာသည်။ ပစ္စည်းများကို ပုံမှန်မဟုတ်သောနေရာများတွင်ထားမိပြီး ရှာမတွေ့ဖြစ်တတ်ကာ အနီးကပ်နေသူ မိသားစုဝင်များက ခိုးယူသည်ဟု ထင်မိတတ်သည်။ ထို့ပြင် နေ့ရက်များမမှတ်မိတော့ခြင်း၊ မိမိရောက်နေသည့်နေရာကို မသိတော့ခြင်း၊ လမ်းများမမှတ်မိခြင်းတို့ ဖြစ်လာနိုင်သည်။
တွေးခေါ်မြော်မြင်ခြင်း၊ စီမံခန့်ခွဲခြင်းတို့တွင် အခက်အခဲဖြစ်လာသောကြောင့် ခက်ခဲရှုပ်ထွေးသော အလုပ်များကို လုပ်ဆောင်နိုင်ရန် မလွယ်တော့သည့်အပြင် နေ့စဉ်ပုံမှန်ကိစ္စများပင် မဆောင်ရွက်နိုင်တော့ပေ။
စဉ်းစားဆုံးဖြတ်နိုင်စွမ်းနည်းလာသဖြင့် ပြဿနာများကို ကောင်းစွာ မဖြေရှင်းနိုင်ဖြစ်လာသည်သာမက ဆုံးဖြတ်ချက်အမှားများကိုလည်း ချမိလာကြသည်။ ဟင်းချက်ရာတွင် အရသာမမှန်ခြင်း၊ ငွေကြေးစီမံရန် ခက်ခဲလာခြင်းနှင့် သောက်ရန်ဆေးများ မရွေးချယ်နိုင်ခြင်းတို့ ဖြစ်လာ တတ်သည်။ မိမိ၏တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း ဂရုစိုက်မှုနည်း လာသည်။ စကားပြောရာတွင် ပြောရမည့်စကားလုံးများ ရွေးချယ်ရန် ခက်ခဲလာပြီး စကားအမှားများပြောမိတတ်သောကြောင့် လူမှုဆက်ဆံ ရေးတွင် အဆင်မပြေဖြစ်လာတတ်သည်။
စိတ်ပိုင်းဆိုင်ရာခံစားရမှုများ ပြောင်းလဲလာခြင်း
မှတ်ဉာဏ်နှင့် ဦးနှောက်စွမ်းရည်လုပ်ဆောင်မှုများ အားနည်းလာခြင်း နှင့်အတူ စိတ်ပိုင်းဆိုင်ရာ ခံစားသိမြင်မှုများ ပြောင်းလဲလာကြသည်။ ရုတ်တရက်စိတ်တိုလွယ်ခြင်း၊ စိတ်အလိုမကျဖြစ်ခြင်း၊ ဝမ်းနည်းလွယ် ခြင်းများ ခံစားရတတ်သကဲ့သို့ မိမိနှင့်မိသားစုဝင်များ ဘေးရန်ရောက် မည်ကို လွန်ကဲစွာစိုးရိမ်ပူပန်ခြင်း၊ စိတ်သောကများ၍ စိတ်ဓာတ်ကျ ခြင်းများ ခံစားရတတ်သည်။ ထို့ပြင် မကြာခဏအထင်အမြင်မှားမှု များကြောင့် မိမိအိမ်တွင်း လူဝင်နေခြင်း၊ သူခိုးဝင်ခြင်းရှိသည်ဟု ထင်မိ သည်သာမက မိမိပိုင်ပစ္စည်းများခိုးယူနေသည်၊ မိမိအစားအသောက် များတွင် အဆိပ်ခတ်သည်ဟုလည်း ယူဆတတ်သည်။ မိသားစုဝင်များကို မကြာခဏအပြစ်ရှာဆူပူနေတတ်ပြီး တစ်ခါတစ်ရံ အလွန်အမင်းဒေါသ ထွက်၍ ပတ်ဝန်းကျင်ရှိလူများကို ကြမ်းတမ်းစွာဆက်ဆံတတ်သည်။ မိမိစိတ်ကိုမထိန်းနိုင်ဘဲ နေအိမ်မှ ခြေဦးတည့်ရာလျှောက်သွား၍ ပြန်ရန် နေရာမမှတ်မိဘဲ ဖြစ်တတ်သည်။
လုပ်ဆောင်နိုင်စွမ်းရည်နှင့် လူမှုဆက်ဆံရေးအားနည်းလာခြင်း
တချို့သောရောဂါခံစားရသူများတွင် အချိန်ကြာလာသည်နှင့်အမျှ လှုပ်ရှားသွားလာရန်၊ ဟန်ချက်ထိန်းရန် ခက်ခဲလာပြီး ဆီး၊ ဝမ်းမထိန်းနိုင်ဘဲ အလိုအလျောက်ထွက်ကျတတ်သဖြင့် လူအများကြားသွားရန် အဆင် မပြေဖြစ်လာတတ်သည်။ တစ်ကိုယ်ရေတစ်ကာယ လုပ်ဆောင်မှုများဖြစ်သော စားသောက်ခြင်း၊ ရေချိုးခြင်း၊ အဝတ်အစားဝတ်ဆင်ခြင်းတို့ကို ပင် မိမိကိုယ်တိုင်မပြုလုပ်နိုင်ဘဲ တခြားကူညီမည့်သူကို မှီခိုလာကြသည်။ ညဘက်တွင် ကောင်းစွာအိပ်မပျော်ဘဲ နေ့၊ ညအိပ်ချိန်လွဲခြင်း၊ အိပ်မက် ဆိုးများမက်ခြင်းကြောင့် လူရောစိတ်ပါ မလန်းဆန်းဖြစ်လာရသည်။ ထိုအချက်များကြောင့်ပင် လူစုလူဝေး အဖွဲ့အစည်းလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လိုစိတ် နည်းလာပြီး အိမ်တွင်း၌သာ အနေများလာသည်။ ပြုစုစောင့်ရှောက်မည့်သူများ အပေါ်တွင် ပို၍မှီခိုအားထားလာကြသည်။
သက်ကြီးသတိမေ့ရောဂါအမျိုးအစားများ
သက်ကြီးသတိမေ့ရောဂါတွင် ဦးနှောက်အတွင်း ပုံမှန်မဟုတ်သော ပရိုတင်းဓာတ်များစုပုံလာမှုကြောင့် အာရုံကြောဆဲလ်များ ပျက်စီးသေဆုံးခြင်းနှင့်အတူ အာရုံကြောကွန်ရက်များ ဆက်သွယ်ဆောင်ရွက် နိုင်မှုအားနည်းလာကြသည်။ သက်ရောက်သည့် ဦးနှောက်၏နေရာကို လိုက်၍လည်းကောင်း၊ စုပုံလာသော ပရိုတင်းအမျိုးအစားပေါ်မူတည်၍ လည်းကောင်း၊ ဖြစ်ရသောအကြောင်းရင်း ပေါ်မူတည်၍ လည်းကောင်း ရောဂါအမျိုးအစားများကွဲပြားကြသည်။ မျိုးရိုးဗီဇပုံမမှန်မှုများကို ဆက်ခံရခြင်းကြောင့်လည်း ဖြစ်ရကြောင်းတွေ့ရသည်။
Alzheimer’s Disease
Dementia လူနာ၏ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းမှာ အယ်လ် ဇိုင်းမားရောဂါဖြစ်ပြီး မျိုးရိုးဗီဇဆက်ခံမှုနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရသည်။ ပုံမှန်မဟုတ်သောပရိုတင်းများ၊ အမျှင်များ (Amyloid Plaques နှင့် Tau Tangles) ဦးနှောက်အတွင်းစုပုံလာခြင်းကြောင့် အာရုံကြောဆဲလ်များ၏ လုပ်ငန်းဆောင်ရွက်မှုများပျက်စီးကာ အချိန်ကြာလာသည်နှင့်အမျှ အာရုံကြောဆဲလ်များ သေဆုံးလာရပြီး ရောဂါလက္ခဏာများ ခံစားလာရသည်။ အဓိကအားဖြင့် လတ်တလောအဖြစ် အပျက်များနှင့်ပတ်သက်သည့် မှတ်ဉာဏ်လျော့နည်းလာပြီး နောက်ပိုင်းတွင် နေ့စဉ်ဆောင်ရွက်ဖွယ် ကိစ္စများကိုပင် မဆောင်ရွက်နိုင်ဖြစ်လာသည်။
Vascular Dementia
ဒုတိယအဖြစ် အများဆုံးမေ့လျော့ရောဂါဖြစ်ပြီး ဦးနှောက်အတွင်း သွေးကြောပိတ်၊ သွေးကြောပေါက် ခြင်းကြောင့် လေဖြတ်ရောဂါခံစားရကာ အာရုံကြောဆဲလ်များ၏ လုပ်ဆောင်နိုင်စွမ်းကျဆင်းလာခြင်း
ကြောင့် ဖြစ်ရသည်။ အထူးသဖြင့် စဉ်းစားတွေးခေါ်မှု၊ စီမံခန့်ခွဲမှုအားနည်းလာပြီး ဟန်ချက် ထိန်းနိုင်မှုနှင့် ပေါင်းစပ်လုပ်ကိုင်နိုင်စွမ်း ကျဆင်းလာကာ စိတ်ကျဝေဒနာပါ တွဲဖက်ခံ စားရတတ်သည်။
Lewy Body Dementia
ထိုသက်ကြီးသတိမေ့ရောဂါသည် ပုံမှန်မဟုတ်သောပရိုတင်းများ (Lewy Bodies) ဦးနှောက်တွင် စုပုံလာမှုကြောင့်ဖြစ်လာရပြီး Parkinson တုံ့တုန်နှေးရောဂါနှင့် တွဲဖက်တွေ့ရှိရသည်။ မေ့လျော့ခြင်းထက် ပြဿနာ များဖြေရှင်းရန်၊ စီမံခန့်ခွဲရန်ခက်ခဲပြီး မိမိရောက်ရှိနေသောပတ်ဝန်းကျင် နေရာကို မသိဘဲဖြစ်တတ်သည်။ အာရုံစူးစိုက်မှုနည်းလာကာ ထင်ယောင် ထင်မှားဖြစ်ခြင်း၊ အမြင်မှားခြင်းများ ခံစားရသည့်အပြင် အိပ်စက်ရာတွင် အိပ်မက်ဆိုးများမက်၍ ကယောင်ကတမ်းဖြစ်ခြင်း၊ အိပ်စက်ရန်ခက်ခဲ ခြင်းများ ခံစားကြရသည်။ ခံစားရသောဝေဒနာများမှာ ကောင်းတစ်လှည့်၊ ဆိုးတစ်လှည့်ဖြင့် ပြောင်းလဲနေတတ်သည်။
Frontotemporal Dementia
ထိုသတိမေ့ရောဂါအမျိုးအစားသည် အသက် ၆၅ နှစ်အောက်အသက် ပိုင်းတွင်တွေ့ရှိရပြီး ဦးခေါင်းရှေ့နှင့်ဘေးဘက်ရှိ ဦးနှောက်အစိတ် အပိုင်းများကျုံ့လာခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာကိုယ်ရည်ကိုယ်သွေးနှင့် အမူအကျင့်များပြောင်းလဲကာ သူတစ်ပါးကို စာနာနားလည်လိုစိတ်နည်းလာကြသည်။ မိမိကိုယ်ကိုမထိန်းချုပ်နိုင်ဘဲ ပတ်ဝန်းကျင်မှလူများကို ပြစ်တင်ပြောဆိုတတ်သည်။ သူတစ်ပါးပြော စကားများကို နားလည်ရန်ခက်ခဲပြီး ပြောဆိုရန်စကားလုံး ရှာရခက်သည့်အပြင် အစားအသောက်အကြိုက်ပုံစံ၊ အနေအထိုင်၊ အပြုအမူများပါ ပြောင်းလဲ လာတတ်သည်။
Mixed Dementia
အယ်လ်ဇိုင်းမားနှင့် ဦးနှောက်တွင်း သွေးဖြန့်ဝေမှု နည်းသောကြောင့် ဖြစ်ရသော သတိမေ့ရောဂါများသည် တစ်ခါတစ်ရံတွဲဖက်တွေ့ရတတ်ပြီး ရောဂါလက္ခဏာများမှာ ပို၍သိသာ ဆိုးရွားတတ်သည်။ Parkinson တုံ့တုန်နှေးရောဂါကိုယ်တိုင်ကပင် အချိန်ကြာလာသည်နှင့်အမျှ သက်ကြီးသတိမေ့ရောဂါ လက္ခဏာများ ပေါ်ပေါက်လာတတ်သကဲ့သို့ တခြားသောဦးနှောက် အာရုံကြော များသည်လည်း မေ့လျော့ရောဂါလက္ခဏာများ ခံစားရနိုင်သည်။
သက်ကြီးသတိမေ့ရောဂါ ခံစားနေရသော သူများသည် ရောဂါအစတွင် သတိမေ့လွယ်ပြီး စိတ်ခံစားမှုများ ပြောင်းလဲလာတတ်သော်လည်း ရောဂါခံစားရမှု ကြာလာသည်နှင့်အမျှ လုပ်ကိုင် ဆောင်ရွက်နိုင်စွမ်း၊ ပြောဆိုဆက်သွယ်နိုင်စွမ်း အားနည်းလာပြီး အမူအကျင့်များပါ ပြောင်းလဲ လာသည့်အပြင် တစ်ကိုယ်ရေတစ်ကာယ နိစ္စဓူဝကိစ္စများ မဆောင်ရွက်နိုင် ဖြစ်လာသည်။ အစာဝါးခြင်း၊ မျိုချခြင်းတို့ ခက်ခဲလာသဖြင့် အာဟာရ ချို့တဲ့ခြင်း၊ အလွယ်တကူသီး၍အဆုတ်ရောင်ခြင်း၊ ဟန်ချက်မထိန်းနိုင်သဖြင့် အလွယ်တကူကျိုးပဲ့ဒဏ်ရာရခြင်းတို့ကြောင့် အသက်ဆုံးရှုံးသည် အထိ ဖြစ်လာနိုင်သည်။
သက်ကြီးသတိမေ့ရောဂါလက္ခဏာများကို သိမြင်ခြင်းဖြင့် မိမိပတ်ဝန်းကျင်မှ ဝေဒနာရှင်လူနာများကို စာနာနားလည်သည်းခံနိုင်ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ကူညီပေးနိုင်စေရန် ရည်ရွယ်ရေးသားလိုက်ရပါသည်။
Photo- Max Health Care
လူသားတို့သည် မိမိဘဝတွင် ကြုံတွေ့ရသော ဘဝအခက်အခဲစိန်ခေါ် မှုများကို ရင်ဆိုင်ဖြေရှင်းကျော်လွှားကြရသည်။ ရင်ဆိုင်ဖြေရှင်းကျော်လွှား နိုင်သူသည် ဘဝအောင်မြင်မှု ပန်းတိုင်တစ်ခုကို တက်လှမ်းခွင့်ရသည်။
စင်စစ်မူ ထိုရင်ဆိုင်ဖြေရှင်းရသောဘဝအခက်အခဲများသည် ဘဝစာမေးပွဲများဖြစ်သည်။ ဘဝအောင်မြင်မှုပန်းတိုင်တစ်ခုကို တက်လှမ်းနိုင်သူသည် ဘဝစာမေးပွဲတစ်ခု အောင်မြင်ခြင်းဖြစ်သည်။ ဘဝစာမေးပွဲဟူသည် လူ့ဘဝတစ်လျှောက်တွင် အမြဲကြုံတွေ့ရမည့် အခက်အခဲ စိန်ခေါ်မှုများဖြစ်သည်။ စာမေးပွဲသည် ကျွန်တော်တို့ ငယ်စဉ်ကတည်းက ကျောင်းတွင်ကြုံတွေ့ရသော အတွေ့အကြုံများဖြစ်သည်။ ငယ်စဉ်ဘဝ ကျောင်းနေစဉ်ကာလတွင် အတန်းစာမေးပွဲများကို ဖြေဆိုခဲ့ကြရသည် မဟုတ်ပါလား။ သို့ဆိုလျှင် စာမေးပွဲများကို ဖြေဆိုမှုမပြုလုပ်သင့်သည်၊ ပြုလုပ်သင့်သည်ဟူသော အချက်သည် စဉ်းစားစရာဖြစ်လာသည်။
ကျွန်တော်တို့သည် ကျောင်းသားဘဝတွင် ကျောင်းစာမေးပွဲများကို တစ်တန်းပြီးတစ်တန်း၊ တစ်နှစ်ပြီးတစ်နှစ်ဖြေဆိုပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းအောင်မြင်လာခဲ့ကြသည်။ လုပ်ငန်းခွင် ဝင်ရောက်ရာတွင်လည်း ဝန်ထမ်းရွေးချယ်ရေး အလုပ်စာမေးပွဲများ၊ အင်တာဗျူးများကို စာတွေ့လူတွေ့ဖြေဆိုပြီး အောင်မြင်မှုကိုရယူခဲ့ကြသည်။ တစ်ဖန်စာမေးပွဲများသည် ရပ်တန့်ပြီးဆုံးသွားခြင်းမရှိဘဲ ရာထူးတိုးမြှင့်စာမေးပွဲများကို အဆင့်ဆင့် ဆက်လက် ဖြေဆို၍ တစ်ဆင့်ထက်တစ်ဆင့်မြင့်သော ရာထူးနေရာများကို တက်လှမ်းခဲ့ကြသည်။ ယနေ့မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာတစ်ဝန်း၌ စာမေးပွဲစစ်ဆေးခြင်းသည် ကောင်းသည်၊ မကောင်းသည်၊ လိုသည်၊ မလိုသည်ကို ဆွေးနွေးငြင်းခုံလာကြသည်။
စာမေးပွဲသည် အလွတ်ကျက်မှတ်မှုကိုသာအားပေး၍ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကျဆင်းစေသည်ဟု ယူဆကြသူများလည်း ရှိသည်။ ထိုအချက်သည် အလုံးစုံမှန်ကန်မှုရှိ၊ မရှိ စဉ်းစားရန် လိုအပ်လာပြီဖြစ်သည်။
စာမေးပွဲစစ်ဆေးမှု၏ရည်ရွယ်ချက်မှာ သက်ဆိုင်ရာ ဘာသာရပ်တစ်ခု၊ နယ်ပယ်တစ်ခုတွင်ရှိရမည့် ကျွမ်းကျင်မှုကို စစ်ဆေးရန်သာမက ယင်းဘာသာရပ်၊ နယ်ပယ်အပေါ်တွင် အသိပညာနှင့် နားလည်မှုမည်မျှရှိသည်ကို စစ်ဆေးအကဲဖြတ်ရန်လည်းဖြစ်သည်။ ကျောင်းသားတစ်ဦး၏ ပညာရည်ကို တိုင်းတာစစ်ဆေး အကဲဖြတ်ရာတွင် စာမေးပွဲထက်ကောင်းသော စစ်ဆေးမှုမရှိသေးချေ။ စာမေးပွဲစစ်ဆေးမှုတွင် ရေးဖြေသာမက နှုတ်ဖြေစစ်ဆေးခြင်း၊ လုပ်ငန်းအတွေ့အကြုံ လက်တွေ့စမ်းသပ်ခြင်းတို့လည်းပါဝင်သည်။ ကျောင်းသားတစ်ဦးသည် သက်ဆိုင်ရာဘာသာရပ်တွင် တတ်သိမှု၊ ထူးချွန်မှုတို့ မည်မျှရှိသည်ကို စာမေးပွဲစစ်ဆေး
အမှတ်ပေး၍ အကဲဖြတ်ခြင်းဖြင့်သာ စစ်ဆေးခြင်းသည် အကောင်းဆုံး မှတ်ကျောက်တင်မှုဖြစ်သည်။ စင်စစ်အားဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးဆိုင်ရာ တိုးတက်မှု၊ စွမ်းရည်နှင့် အရည်အချင်းများကို စာမေးပွဲစစ်ဆေးခြင်းဖြင့် အတည်ပြုနိုင်သည်။ ထို့ကြောင့် ပညာသင်နှစ်တစ်လျှောက် သင်ကြားပို့ချခဲ့သော ဘာသာရပ်အသီးသီး၏ တတ်မြောက်မှုကိုတိုင်းတာရန် လပတ်စာမေးပွဲများ၊ နှစ်ဝက်စာမေးပွဲများ၊ နှစ်ဆုံး စာမေးပွဲများစစ်ဆေး၍ အတည်ပြုဆုံးဖြတ်ရသည်။
ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်း၏ လေ့လာသင်ယူမှတ်သားမှုတွင် အားနည်းချက်၊ အားသာချက်များရှိမည်မှာ ဧကန်ဖြစ်သည်။ တစ်ဦးချင်းစီ၏ အားနည်းချက်ကို ကြိုတင်သိရှိခြင်းဖြင့် ပြုပြင်ပေးရမည့်အချက်၊ ဖြည့်စွက် ပေးရမည့်အချက်ကို သိရှိနိုင်သည်။ တစ်ဖန်အားသာချက်ကို သိရှိခြင်းဖြင့် ပိုမိုထူးချွန်ထက်မြက်အောင် အားဖြည့်လေ့ကျင့်ပေးနိုင်သည်။ တစ်ဦးချင်းစီ၏ သင်ယူမှုအားနည်းချက်၊ အားသာချက်တို့ကို ပညာသင် ကာလတစ်လျှောက် ကြိုတင်သိရှိနိုင်မည့် နည်းလမ်းသည်
စာမေးပွဲစစ်ဆေးခြင်းပင်ဖြစ်သည်။ ကျောင်းသားတစ်ဦးချင်းစီ၏ သင်ယူမှတ်သားနိုင်မှု စွမ်းရည်ကို ယှဉ်ပြိုင်အကဲဖြတ်ရာတွင်လည်း စာမေးပွဲစစ်ဆေးခြင်းသည် အနီးစပ်ဆုံးမှန်ကန်မှုကို ပေးနိုင်သည်။ ထို့ပြင် တစ်ဦးချင်း စီ၏ စွမ်းရည်ပိုမိုတိုးတက်မှုအတွက်စစ်မှန်သောယှဉ်ပြိုင်လိုစိတ်ကိုဖြစ်ပေါ် စေသည်။ ထို့ကြောင့် ကျောင်းသားတစ်ဦးချင်းစီ၏ ပညာရပ်ကို ထူးချွန်စွာတတ်မြောက်မှု၊ အားသာရာ ထူးချွန်မှုမှ ဘဝရည်မှန်းချက်ရောက်အောင် လျှောက်လှမ်းနိုင်မှုတို့ကို စာမေးပွဲစစ်ဆေးခြင်းက များစွာ ကူညီပံ့ပိုးပေးသည်။
စာမေးပွဲများသည် ကျောင်းသား၊ ကျောင်းသူများ၏ အလွတ်ကျက်မှတ်မှုကိုသာ အားပေးသည်ဆိုသောအချက်မှာ မမှန်ကန်ပေ။ စာမေးပွဲစစ်ဆေးခြင်းဖြင့် အလွတ်ကျက်မှတ်မှုသာမက ကျက်မှတ်နားလည်ထားသော အချက်အလက်များကိုအသုံးပြု၍ ပြန်လည်အသုံးချနိုင်မှုအကျိုးဆက်ကိုရစေသည်။ စာမေးပွဲများသည် အချက်အလက်များကို တိုက်ရိုက်ဖြေဆိုရသည့် မေးခွန်းများရှိသကဲ့သို့ အချက်အလက်ကို အခြေခံ၍ စဉ်းစားတွေးခေါ်ဖြေဆိုရသည့် ဉာဏ်ရည်စစ်မေးခွန်းများလည်း ရှိသည်။
ထိုမေးခွန်းမျိုးကိုဖြေဆိုရန် ကျောင်းသား၏ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားတွေးခေါ်နိုင်မှု၊ ယုတ္တိဗေဒဆိုင်ရာ စဉ်းစားဆုံးဖြတ်နိုင်မှုကို အသုံးပြုရသည်။ ထိုသို့စဉ်းစားတွေးခေါ် ဆုံးဖြတ်မှုပြုနိုင်ရန် ဘာသာရပ်ဆိုင်ရာ လေ့လာကျက်မှတ်မှုနှင့် နားလည်သဘောပေါက်မှုများ လိုအပ်သည်။
ထို့ကြောင့် စာမေးပွဲစစ်ဆေးခြင်းသည် ကျောင်းသားတို့၏ မှတ်သားနိုင်မှုဉာဏ်ရည်၊ တွေးခေါ်ထင်မြင်ယူဆချက်တို့ကို မြှင့်တင်ပေးနိုင်သည်။
နိုင်ငံတော်က ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူနိုင်မှုစွမ်းရည်တိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသော ထူးချွန်ထက်မြက်သူများပေါ်ထွန်းလာစေရန် လူရည်ချွန်စာမေးပွဲများ ကျင်းပစစ်ဆေး၍ မြှောက်စား မြှင့်တင်လျက်ရှိသည်။ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲများတွင် ဉာဏစွမ်းရည်၊ ကာယစွမ်းရည်ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်၍ ထူးချွန်သူများကို ရွေးချယ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည် ကိုယ်သွေးများ မြှင့်တင်ခွင့်တံခါးကို ဖွင့်ပေးလျက်ရှိသည်။
ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲစစ်ဆေးခြင်းသည် အပိုအလုပ်မဟုတ်ဘဲ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းလေ့ကျင့် ပေးလိုက်ခြင်းဖြစ်သည်။ စာမေးပွဲများသည် ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေးနှင့်ကျွမ်းကျင်မှုကို ဖော်ထုတ်ပေးနိုင်သည်။
ထို့ကြောင့် ကျောင်းသားဘဝတွင် စာမေးပွဲနှင့် ကင်းကွာ၍မရနိုင်ပေ။
စင်စစ် စာမေးပွဲများသည် ကျောင်းသား၊ ကျောင်းသူများ၏ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို စစ်ဆေးနိုင်ရုံသာမက ကျောင်းသား၏ အားနည်းချက်၊ အားသာချက်ကိုပါ ဖော်ထုတ်ပေးနိုင်သည်။ ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲဖြေဆိုလေ့ကျင့်မှုများမှတစ်ဆင့် သဘောတရားဆိုင်ရာအချက်များကိုပါ ပိုမိုနက်ရှိုင်းစွာသိမြင်လာစေသည်။
ထို့ကြောင့် စာမေးပွဲသည် ကျောင်းသားလူငယ်များ၏ ပညာရေးဆိုင်ရာ တိုးတက်အောင်မြင်မှုမှ ဘဝတစ်လျှောက်တွင် ကြုံတွေ့ရမည့်အခက်အခဲစိန်ခေါ်မှုများကို ကိုယ်ပိုင်ဉာဏ်ရည်ဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်သော စွမ်းရည်များအထိရရှိလာမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဘဝစာမေးပွဲများကိုပါ ကောင်းမွန်စွာဖြေဆို အောင်မြင်လာနိုင်မည်ဖြစ်သည်။
ကျွန်တော်တို့နှင့်အတူ ပညာသင်ယူခဲ့ကြသော ငယ်သူငယ်ချင်းများတွင် အချို့သည် ပညာဆုံးခန်းတိုင်အောင် သင်ယူ၍ စာမေးပွဲများစွာကိုဖြေဆိုအောင်မြင်ခဲ့ကြသည်။ ထိုသူတို့သည် မိမိဘဝကို မိမိနည်းမိမိဟန်ဖြင့် ဖန်တီးပုံဖော်နိုင်ကြသည်။ အချို့မှာ ပညာဆုံးခန်းမတိုင်ဘဲ လက်တွေ့ဘဝထဲသို့ ရောက်ရှိကာ ကြုံသလိုရင်ဆိုင်ရင်း ဘဝကိုလှပစွာ မဖန်တီးနိုင်သူများရှိကြသည်။ အတန်းပညာဆုံးခန်းတိုင် မသင်ခဲ့သော်လည်း ဖြေဆိုခဲ့ဖူးသော စာမေးပွဲအတွေ့အကြုံများမှ ရရှိသော ဉာဏ်ရည်ကို လက်တွေ့ကျကျကောင်းစွာ အသုံးချနိုင်သဖြင့် ဘဝအောင်မြင် တိုးတက်သူအချို့လည်း ရှိသည်။ သို့သော် ထိုသူတို့မှာ အရေအတွက်အားဖြင့် လက်ချိုး ရေနိုင်ရုံလောက်သာရှိသည်။ အများစုမှာ စာမေးပွဲများစွာ ဖြေဆိုဖူးသောသူများကသာ ကြီးမားသောဘဝ အောင်မြင်မှုများ ရရှိသူဦးရေများပေသည်။
ထို့ကြောင့် ကျောင်းများက ဖြေဆိုလေ့ကျင့်ပေးလိုက်သော စာမေးပွဲများသည် ဘဝစာမေးပွဲများ ဖြေဆိုအောင်မြင်နိုင်သည်အထိ အကျိုးသက်ရောက်စေသည်မှာ ကျွန်တော်တို့ ကိုယ်တွေ့ဟု ဆိုလိုက်ချင်ပါသည်။ ။
MWD Web Portal
မိုးပေါ်မှာ ကြယ်တစ်လုံး
တိမ်ဖုံးပါလို့ လမသာ
သာတဲ့အခါ သာပါလိမ့်မယ်
နတ်ဒေဝါ သူဖန်ဆင်းတယ်
ဖိုးရွှေလမင်း။
လရောင်သည် အေးမြ၏။ အေးမြသော လရောင်သည် ညအခင်းကို သာယာလှပစေ၏။ ညအခင်းတွင် လမင်းကြီးထိန်ထိန်သာနေလျှင် ကြည်နူးချမ်းမြေ့ရ၏။ လန်းဆန်းပျော်မြူးကြရ၏။ စိတ်ခွန်အားတွေ အလိုလိုရလာ၏။ ထို့ကြောင့် ထိန်ထိန်သာသောလမင်းကြီးကို လူတိုင်းနှစ်သက်မြတ်နိုးကြ ပါသည်။ မက်မောတောင့်တကြပါသည်။
တစ်ခါတစ်ရံတွင် ထိန်ထိန်သာနေသော လမင်းကြီးကို တိမ်မည်း၊ တိမ်ညို၊ တိမ်ပုပ်များက ထိကပါးရိကပါးလာလုပ်ကြသည်။ ထိကပါးရိကပါးလာလုပ်ကြသော တိမ်မည်း၊ တိမ်ညို၊ တိမ်ပုပ်များကြောင့် အေးအေးချမ်းချမ်း၊ သာသာယာယာ၊ လှလှပပနှင့် ပျော်ရွှင်ကြည်နူးချမ်းမြေ့ရသော ညအခင်း သည် အကျည်းတန်ခဲ့ရပါသည်။ ထိုသို့ အကျည်းတန်သောကြောင့် မပျော်ရွှင်မချမ်းမြေ့နိုင်တော့ဘဲ စိတ်ညစ်ညူးကြရကုန်၏။
သို့သော်ငြား အခိုက်အတန့်မျှသာဖြစ်ပါသည်။ တိမ်မည်း၊ တိမ်ညို၊ တိမ်ပုပ်တို့သည် ကြာရှည်စွာရပ်တည်မနေနိုင်သောကြောင့်ဖြစ်ပါသည်။ အနှီတိမ်မည်း၊ တိမ်ညို၊ တိမ်ပုပ်တို့သည် လေပြည် လေညင်းများ တိုက်ခတ်လာသည့်အခါတွင် လွင့်စဉ်ပျောက်ကွယ်သွားကြရသည် မဟုတ်ပါလော။ ထိုအခါ လမင်းကြီးက ထိန်ထိန်သာနေတော့၏။ ညအခင်းက သာယာလှပနေတော့၏။ ချမ်းမြေ့ကြည်နူးစရာ ကောင်းလှပါသည်။
နောင်ချိုဟုခေါ်တွင်သော ရှမ်းမြို့လေးသည် ရေမြေတောတောင်အလှနှင့် ပနံရနေ၏။ သဘာဝအလှတရားများကြောင့် သာယာခံ့ထည်နေ၏။ တည်ငြိမ်အေးချမ်းနေ၏။ ခေတ်မီဖွံ့ဖြိုးတိုးတက်နေ၏။ ပျားပန်းခပ် စည်ကားနေ၏။ လူနေမှုအဆင့် မြင့်မားနေ၏။ ပျော်ရွှင်ကြည်နူးဖွယ်အတိ ဖြစ်ပါသည်။ နောင်ချိုဒေသခံများကလည်း ရိုးသားကြ၏။ စိတ်ထားဖြူစင်ကြ၏။ ဘာသာတရားကိုင်းရှိုင်းကြ၏။ ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာ စရိုက် လက္ခဏာများကို လေးစားမြတ်နိုးတန်ဖိုးထားကြ၏။ ပကတိအလှတရားများဖြစ်ပါသည်။ ပကတိအလှတရားများနှင့် ပျော်ရွှင်ချမ်းမြေ့စရာနောင်ချိုမြို့သည် တိမ်ညို၊ တိမ်မည်း၊တိမ်ပုပ်များဖြစ်ကြသော TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အခိုက်အတန့်မျှ အကျည်းတန်အရုပ်ဆိုးရရှာသည်။ လရောင်ပျောက်သည့် အမှောင်အောက်တွင် ကြောက်ခမန်း လိလိနေကြရရှာသည်။ တိမ်ညို၊ တိမ်မည်း၊ တိမ်ပုပ်များကြောင့် ညအခင်းသည် လမင်းမသာဖြစ်ရသကဲ့သို့ TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ ရက်စက်ဆိုးညစ်မှုအမျိုးစုံ၊ မိုက်ကန်းကောက်ကျစ်မှုအဖုံဖုံတို့ကြောင့် နောင်ချိုမြို့သည် အမှောင်ဖုံးရရှာလေသည်။ TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများသည် တွေးခေါ်မြော်မြင်ဆင်ခြင်တုံတရား ကင်းမဲ့ကြသူများ ဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသည့် လမ်းတံတားအဆောက်အအုံများ၊ ရုံးအဆောက်အအုံများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ နောင်ချိုသူနောင်ချိုသားများ၏ အိုးအိမ်တိုက်တာ အဆောက်အအုံများ စသည့်အဆောက်အအုံများကို အကြောင်းမဲ့ဖျက်ဆီးသည်။ ရဟန်းရှင်လူများကို ရမယ်ရှာဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သည်။ ပစ္စည်းဥစ္စာရတနာရွှေငွေများကို အတင်းအဓမ္မ အနိုင်ကျင့်လုယက် ခိုးယူသည်။ အေးချမ်းသာယာပျော်စရာ ကောင်းလှသည့် နောင်ချိုနယ်မြေရှိဒေသခံများသည် ကျီးလန့်စာစားဘဝသို့ နေ့ချင်းညချင်းရောက်သွားကြသည်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများသည်လည်း တစ်မုဟုတ်ချင်း ရပ်တန့်သွားသည်။ အခြေမလှတော့သည့်အဆုံးတွင် ကိုယ်လွတ်ရုန်းပြီး အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးကြရ၏။
ပြည်သူလူထု၏ဘဝလုံခြုံရေး၊ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန် ထမ်းဆောင်နေသော အစဉ်အလာကောင်းသည့် မြန်မာ့တပ်မတော်သည် အကြမ်းဖက်အဖျက်လုပ်ရပ်ဟူသမျှကို လက်ပိုက်ကြည့် နေမည်မဟုတ်။ မိုက်မိုက်ကန်းကန်း၊ ရမ်းရမ်းကားကား အကြမ်းဖက် အဖျက်သမားများကို နောင်ချိုနယ်မြေမှသည် ဝေးရာဆီသို့ရောက်အောင် တိုက်ထုတ်မောင်းနှင်ပစ်လိုက်သည်။ ထိုအခါမှ နေရပ်စွန့်ခွာနောင်ချိုနယ်မြေဒေသခံတို့သည် ''ဟင်း''ခနဲ သက်ပြင်းချနိုင်ကြလေတော့၏။ မိမိနေထိုင်ရာ နောင်ချိုနယ်မြေဒေသအသီးသီးသို့ တပျော်တပါး ပြန်လည်ရောက်ရှိလာကြ၏။
မြန်မာ့တပ်မတော်သည် အကြမ်းဖက်အဖျက်သမားများအပေါ် ''နေလိုမီးလို'' ကျင့်လင့်ကစား အပြစ်မဲ့ပြည်သူလူထုအပေါ် ''လလိုရေလို'' ကျင့်မြဲဖြစ်ပါသည်။ ရန်မူရန်ပြုနေသော TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများကိုမူ ရန်သူကဲ့သို့ဆက်ဆံပြီး နောင်ချိုနယ်မြေ ဒေသခံများကိုမူ တစ်မိတည်းဖွား သွေးသားရင်းချာမောင်နှမများကဲ့သို့ ဆက်ဆံသည်။ ထို့ကြောင့်လည်း မြန်မာ့တပ်မတော်၏ စေတနာမှန်ကို နားလည်ပြီးသားဖြစ်သည့် နောင်ချိုနယ်မြေနေဒေသခံတို့သည် ကားကြီး ကားငယ်အသွယ်သွယ်စီးပြီး အိုးစည်ဗုံမောင်းတီးကာ ပျော်ပျော်ကြီးပြန်လာကြခြင်းဖြစ်ပါသည်။
နောင်ချိုနယ်မြေရောက် မြန်မာ့တပ်မတော်သားတို့ကလည်း သူတို့ရပ်သူတို့ရွာ၊ သူတို့အိုး သူတို့အိမ်သို့ ပြန်လည်ရောက်ရှိလာကြသော နောင်ချိုနယ်မြေဒေသခံများကို ကိုယ့်ဆွေကိုယ့်မျိုး၊ ကိုယ့်သွေးကိုယ့်သားများ ပြန်လည်ရောက်ရှိလာကြသကဲ့သို့ ဝမ်းသာအားရ နွေးနွေးထွေးထွေး ပွေ့ဖက်ဆီးကြိုကြသည်။
လတ်တလောစားဝတ်နေရေး အဆင်ပြေအောင် ထောက်ပံ့ကူညီအားပေးကြသည်။ ကိုယ်ကျန်းမာအောင် ဆေးဝါးကုသပေးကြသည်။ သူတို့အိုး သူတို့အိမ်နှင့် သူတို့ဘဝသူတို့ဓနလုံခြုံအောင် စောင့်ရှောက် ကာကွယ်ပေးနေကြသည်။ TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုများကြောင့် ပျက်စီးသွားသည့် လမ်းတံတားများ၊ အဆောက်အအုံများကို ပြုပြင်ပေးကြသည်။ ညစ်ပတ်စုတ်ပြတ် ဖရိုဖရဲဖြစ်နေပြီး အကျည်းတန်အရုပ်ဆိုးသည်များကို သန့်ရှင်းသာယာလှပအောင် ပြုပြင်ပေးကြသည်။ မြန်မာ့တပ်မတော်သားတို့သည် နောင်ချိုနယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် သွေးစက်နှင်းပြီး လမ်းရှင်းပေးရုံသာမက နောင်ချိုနယ်မြေဒေသခံများ၏ ဘဝလုံခြုံရေး၊ စည်သာဝပြောရေး၊ သန့်ရှင်းသာယာလှပရေး၊ လူနေမှုအဆင့်မြင့်မားရေး၊ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်နိုင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချွေးစက်နှင်းပြီး ပန်းခင်းပေးနေကြပါသည်။
မြန်မာ့တပ်မတော်က TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများကို လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်များဖြင့် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ခဲ့ကြရသည်။ သတ္တိဗျတ္တိပြည့်ဝသော မြန်မာ့တပ်မတော်သားတို့က အသက်ကိုပဓာနမထားဘဲ ကျားကုတ်ကျားခဲ၊ ရွပ်ရွပ်ချွံချွံ၊ စွမ်းစွမ်းတမံတိုက်ပွဲဝင်ခဲ့ကြရသည်။
ထိုပွဲတွင် မြန်မာ့တပ်မတော်သားတို့၏ ပြောင်မြောက်လှသော စစ်ရေးစွမ်းရည်၊ စစ်ရေးဗျူဟာကို ထုတ်ဖော်ပြသလိုက်ကြသည်။ နောင်ချိုမြေတွင် တွယ်ကပ်နေသော အကြမ်းဖက်သောင်းကျန်းသူများကို အမြစ်ပါ မကျန်အောင် ချေမှုန်းမောင်းထုတ်လိုက်ကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်ထူလိုက်ကြသည်။ နောင်ချိုမြေတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံသည် တလူလူတလွင့်လွင့်နှင့် မြူးဝင့်လျက်ရှိပေပြီ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ချက်ချင်းပင်“ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့် အတွက်အတန်းပညာ တတ်မြောက်မှသာ အတတ်ပညာကိုသင်ယူ တတ်မြောက်နိုင်မည် ဖြစ်သည့်အတွက် ပညာတတ်များ ပေါများလာစေရန် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအေးချမ်း ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်ရန်’’လမ်းညွှန်မှာကြားလိုက်ပါသည်။
ထို့ကြောင့်နောင်ချိုမြို့ရှိအခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် နိုင်ငံ့ရင်သွေးကျောင်းသား၊ ကျောင်းသူမောင်မယ်လေးများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် အကြမ်းဖက် သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့်ကျောင်း အဆောက်အအုံနှင့်ပရိဘောဂ ပစ္စည်းများပြုပြင်ပြီး ကျောင်းဝန်းကျင်သန့်ရှင်း သာယာလှပရေး၊ ကျောင်းအပ်နှံလက်ခံရေး စသည်တို့ကိုမြန်မာ့တပ်မတော်သားများနှင့် အတူဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား မိဘပြည်သူများက တစ်ခဲနက်ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြသည်။
ထို့ပြင်ကျောင်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့်ပညာ သင်ကြားပေးကြမည့် ဆရာ၊ ဆရာမများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ လက်ဝယ်အရောက်ပေးအပ် ချီးမြှင့်လျက်ရှိသည်။ ဇူလိုင်လ ၂၄ ရက်တွင်နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ဗလာစာအုပ် ၁၈၀၀၀၀ အုပ်၊ ခဲတံ ၃၈၆၀ ဒါဇင်၊ ဘောပင် ၃၀၀၀ ချောင်းနှင့်ကျောင်းဝတ်စုံ ၂၀၀ စုံကိုလည်းကောင်း ဆရာ၊ဆရာမများအတွက် တပ်မတော်ကချီးမြှင့်ပေးအပ်သည့် ကျောင်းဝတ်စုံ ၁၇၆ စုံကိုလည်းကောင်း ဖြန့်ဝေပေးအပ်နိုင်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် နောင်ချိုမြို့သို့ သွားရောက်ခဲ့ပြီး အောင်ပွဲဝင်၊ အောင်ပွဲဆင်၊ အောင်လံတင်နိုင်ခဲ့ကြသော မြန်မာ့တပ်မတော်သား အရာရှိ၊ စစ်သည်များနှင့်တွေ့ဆုံကာ ဂုဏ်ပြုချီးကျူးအားပေးသည်။ စစ်မြေပြင်တွင် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသော စစ်သည်များကို စစ်မြေပြင်တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးကာ အဆင့်တံဆိပ်များ တပ်ဆင်ပေးခဲ့သည်။ အရာရှိ၊ စစ်သည်များအတွက် စားသောက်ဖွယ်ရာများကိုပါ ပေးအပ်ခဲ့သည်။ ထို့ပြင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကိုလည်း တွေ့ဆုံပြီး အားပေးစကားပြောကြားပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အခိုက်အတန့်အားဖြင့် တိမ်ညို၊ တိမ်မည်း၊ တိမ်ပုပ်တို့ကြောင့် လမင်းမသာနိုင်ခဲ့သော နောင်ချိုမြို့သည် မြန်မာ့တပ်မတော်သားတို့၏ စွမ်းရည်စွမ်းပကားကြောင့် ယခုအခါလမင်းထိန်ထိန်သာနေပြီဖြစ်သည်။ အေးချမ်းသာယာသည်နှင့်အမျှ ပျော်မွေ့ဖွယ်ကောင်းသော အခြေအနေသို့ အားလုံးကိုယ်စီတူညီစွာ ဆက်လက်လျှောက်လှမ်း ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြင်းပြသောဆန္ဒ၊ မွန်မြတ်သောအာသီသနှင့်အညီ အုပ်ချုပ် ရေးယန္တရားများ ပုံမှန်လည်ပတ် နိုင်ခဲ့လေပြီ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ခဲ့လေပြီ။ နောင်ချိုမြို့တစ်ခွင်နှင့် ဆက်စပ်ဒေသအသီးသီး၌ လူ့စွမ်းအားအရင်းအမြစ်များ ထွန်းသစ်လာအောင် သင်ကြား၊ လေ့ကျင့်၊ ပြုစု၊ ပျိုးထောင်၊ မွေးမြူပေးရာ အခြေခံပညာကျောင်းများမှ ခေါင်းလောင်းသံတို့သည်လည်း ချိုလွင်နေပြီဖြစ်ပါသတည်း။
MWD Web Portal
“ငါတို့က အလုပ်သမားများ၊ လယ်သမားများရဲ့ သားများဖြစ်သည်။ ငါတို့က ပြည်သူ့လက်ရုံးများဖြစ်သည်။
မကြောက်မရွံ့၊ နောက်မတွန့်၊ စွန့်လွှတ်တိုက်ခိုက်မည်…..”အစရှိတဲ့ စာသားများက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ စစ်ချီတေးတစ်ပုဒ်ထဲက စာသားများပဲဖြစ်ပါတယ်။ စစ်ချီတေးရဲ့စာသားအပြည့်အစုံကို နားထောင်ကြည့်တဲ့အခါ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရယ်လို့ ပေါ်ထွန်းလာမှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်တဲ့ စွန့်လွှတ်စွန့်စားစစ်သည်များရဲ့ ဇာတိသွေး၊ ဇာတိမာန်တို့ကို အတိုင်းသား မြင်တွေ့လိုက်ရပါတယ်။ နောက်ဆုံးမှာတော့ အမိမြေလွတ်မြောက်မှုအတွက် ရည်စူးကာ တိုက်ပွဲဝင်သွားမယ့် သန္နိဋ္ဌာန်စိတ်ဓာတ်က မချီးကျူးဘဲမနေနိုင်အောင်ကို ဖြစ်လာရပါတယ်။
ဒီစစ်ချီတေးကို ပထမဆုံးသီဆိုခဲ့သူများက အမှတ်(၈)လမ်းကြောင်း တပ်တော်မှ တိုက်ပွဲဝင်စစ်သည်များဖြစ်ပါတယ်။
ဒီစစ်ချီတေးဟာ အမှတ်(၈)လမ်းကြောင်း တပ်တော်ရဲ့စစ်ချီတေး ခြောက်ပုဒ်အနက် တစ်ပုဒ်အပါအဝင်ဖြစ်ပြီး လက်ရှိတရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့တရားဝင် စစ်ချီတေးဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် ဒီစစ်ချီတေးကိုသီဆိုခဲ့တဲ့ အမှတ်(၈)လမ်းကြောင်းတပ်တော် ဆိုတာကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖြစ်တည်လာဖို့အတွက် လမ်းခင်းပေးခဲ့သူလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်သူ့ လွတ်မြောက် ရေး တပ်မတော်အတွက် တပ်မတော်နေ့လို့ သတ်မှတ်ထားတဲ့ရက်နောက်ပိုင်း ၁၀ နှစ်အကြာမှာမှအမှတ်(၈) လမ်းကြောင်းတပ်တော် ဆိုတာဖြစ်တည်လာတာပါ။ ဒါဆိုရင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖြစ်တည်မှု အတွက် အမှတ်(၈)လမ်းကြောင်း တပ်တော်က ဘယ်လိုမျိုး လမ်းခင်းပေးခဲ့သလဲ ဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာရှိပါတယ်။ ဒါကိုရှင်းပြပါမယ်။
၁၉၂၇ ခုနှစ် ဩဂုတ်လ ၁ ရက်မှာ နန်ချန်းအုံကြွမှု စတင်ဖြစ်ပွားပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းက တရုတ်နိုင်ငံမှာ အာဏာရထားတဲ့ ကူမင်တန်တို့က ကွန်မြူနစ်များကို ရှင်းလင်းသုတ်သင်ရေး လုပ်ငန်းများ စတင် လုပ်ဆောင်လာတဲ့အတွက် ကွန်မြူနစ်တို့ဘက်က လက်နက်ကိုင်တော်လှန်မှုကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲဒီနေ့ကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စတင်သန္ဓေတည်ရာနေ့အဖြစ် သတ်မှတ် ခဲ့တာဖြစ်ပါတယ်။ ဒါက ဩဂုတ်လ ၁ ရက်တိုင်းကို ဘာကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့အဖြစ် သတ်မှတ်ထားရတာလဲဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ နောက်တစ်ခု တင်ပြလိုတာက တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဆိုပြီး ပေါ်ပေါက်လာပုံပါ။
နန်ချန်းအုံကြွမှု စတင်ဖြစ်ပေါ်ပြီး နောက်တစ်နှစ်မှာ တပ်နီတော်ဆိုပြီး ပေါ်ပေါက်လာပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက တည်ထောင်လိုက်တာပါ။ ဒါပေမဲ့ သူတို့က ပြောက်ကျားစနစ်ကိုသာ ကျင့်သုံးပြီး ကျေးရွာတွေကို အခြေခံကာ စစ်အင်အားကို တည်ဆောက်ခဲ့ပါတယ်။ အထူးသဖြင့် လယ်သမားတွေ၊ အလုပ်သမားတွေ ပါဝင်ပါတယ်။ ဒီလိုနဲ့ ၁၉၃၇ ခုနှစ်အရောက်မှာ တရုတ်ကွန်မြူနစ်ပါတီက အမှတ်(၈)လမ်းကြောင်း တပ်တော်ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ အမှတ်(၈)လမ်းကြောင်း တပ်တော်နဲ့အတူ အမှတ်(၄)တပ်တော်သစ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ တပ်နီတော်မှာ စစ်လက်နက်ပစ္စည်းဖွဲ့စည်းပုံဟာ သာမန်မျှသာဖြစ်ပေမယ့် စိတ်ဓာတ်အရာမှာတော့ ထက်သန်လှတဲ့ မျိုးချစ်စိတ်နဲ့အတူမြင့်မားလှတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့ တပ်ဖွဲ့တစ်ခုပါ။ အဲဒီကနေမှတစ်ဆင့် ပြောင်းလဲလာတဲ့ အမှတ် (၈)လမ်းကြောင်းတပ်တော်နဲ့ အမှတ်(၄)တပ်တော်သစ်တို့ကတော့ စစ်လက်နက်ပစ္စည်းများကိုအဆင့်မြှင့်တင်ကာ စနစ်တကျဖွဲ့စည်းထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီတပ်ဖွဲ့နှစ်ခုကို ပေါင်းစည်းပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အဖြစ် ဆင့်ကဲတိုးမြှင့်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖြစ်တည်လာဖို့က မျိုးချစ်စိတ်နဲ့အတူ လွတ်လပ်သော နိုင်ငံတည်ထောင်ရေးအတွက် သန္နိဋ္ဌာန်စိတ်ကိုအခြေခံပြီး ပေါ်ပေါက်လာတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့ရယ်ဆိုပြီး စတင်သတ်မှတ်လိုက်တာက ၁၉၂၇ ခုနှစ် ဩဂုတ်လ ၁ ရက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ဆိုရင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့သက်တမ်းက နှစ်ပေါင်း ၉၈ နှစ်တောင်မှရှိလာပါပြီ။ ဒီကာလအတောအတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟာ အပြောင်းအလဲများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ စိန်ခေါ်မှုများစွာ၊ အခက်အခဲများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်။ လက်ရှိမှာလည်း စိန်ခေါ်မှုတွေကိုကျော်ဖြတ်နေဆဲပါ။ တစ်ဖက်မှာလည်း အဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်နေဆဲပါ။ ဒီအချိန်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ်အဖြစ်ကို ရရှိပိုင်ဆိုင်လာပါပြီ။ ဒါတွေအားလုံးဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုကြောင့်လို့ ပြောရင်မမှားပါဘူး။ ယခင်တုန်းက ခြေလျင်တပ်ဖွဲ့ငယ်လေးတစ်ခုတည်းနဲ့ စတင်အခြေတည်ခဲ့တဲ့ တရုတ်ပြည်သူ့
လွတ်မြောက်ရေးတပ်မတော်က ယနေ့မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ဒုံးတပ်ဖွဲ့နဲ့ မဟာဗျူဟာမြောက် ထောက်ပံ့ရေးတပ်ဖွဲ့ဆိုတဲ့ တပ်ဖွဲ့ကြီးငါးခုနဲ့ ဖွဲ့စည်းဖြစ်တည်လာပါတယ်။ တပ်ဖွဲ့ကြီးတစ်ခုစီကလည်း တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာနဲ့ ဒေသတွင်းတည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းရာတို့မှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာတာကို မြင်တွေ့ရပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ဒီနေ့လိုပုံစံနဲ့မြင်တွေ့ရဖို့အတွက် အဆင့်မြှင့်တင်မှုများစွာကို လုပ်ဆောင်ခဲ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှု များစွာကိုလည်း အသုံးပြုခဲ့ရပါတယ်။
မြင့်မားတဲ့ရည်မှန်းချက်ကိုချမှတ်ပြီး အကောင်အထည်ဖော်မှုတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ လက်ရှိရည်မှန်းချက်က ၂၀၄၉ ခုနှစ်မှာ ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ် ဖြစ်လာစေရေးဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မီဆိုတာထက် ကမ္ဘာ့ထိပ်တန်း တပ်မတော်ဖြစ်လာစေရေးလို့ ပြောရင် မမှားပါဘူး။
အဲဒီလိုမျိုး အဆင့်မြှင့်တင်မှုတွေထဲမှာ ဒုံးကျည်နည်းပညာတွေ၊ တိကျမှုရှိစွာတိုက်ခိုက်နိုင်တဲ့ စွမ်းရည်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးလိုမျိုး အရေးကြီးတဲ့စစ်ရေး စွမ်းရည်တွေရရှိစေဖို့လည်း ပါဝင်ပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ရေတပ်ဆိုရင် အခုလက်ရှိမှာကိုပဲ စစ်သင်္ဘောအရေအတွက် အင်အားအရ ကမ္ဘာ့အင်အားအကြီးဆုံး ရေတပ်အဆင့်ကိုရောက်ရှိနေပါပြီ။
ဒီကနေ့ခေတ်က AI ကိုအသုံးချတဲ့ ခေတ်ဖြစ်လာတဲ့အတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်အနေနဲ့ နည်းပညာပိုင်းမှာ ခေတ်ရှေ့ကိုတောင်ရောက်နေပါပြီ။
စွမ်းဆောင်ရည်မြင့်မားလှတဲ့ စက်ရုပ်တွေ၊ ထိန်းချုပ်သူမဲ့ စစ်လက်နက်ပစ္စည်းတွေဆိုရင်လည်း တရုတ်နိုင်ငံက ခေတ်ရှေ့ပြေးနေတာကို တွေ့ရပါတယ်။
တခြားသော စစ်လက်နက်ပစ္စည်း ပိုင်ဆိုင်မှုအပိုင်းကိုတော့ တခုတ်တရ ထည့်သွင်းပြောစရာ မလိုလောက်အောင်ကိုပြည့်စုံနေပါပြီ။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေနဲ့ အခုလိုမျိုး အောင်မြင်မှုတွေ၊ အဆင့်မြှင့်တင်မှုတွေ ရရှိလာရခြင်းရဲ့ အဓိကအကြောင်းရင်းက စစ်ဘက်-အရပ်ဘက်ပေါင်းစပ်ဆောင်ရွက်မှု မဟာဗျူဟာကြောင့်ဖြစ်တယ်လို့ ဆိုရမှာပါ။
လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစနစ်တွေကို ပေါင်းစပ်အမျိုးသား မဟာဗျူဟာမြောက်စနစ်နဲ့ စွမ်းဆောင်ရည်များထဲ ပေါင်းစပ်ထည့်သွင်း လိုက်ခြင်းအားဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ရည်မှန်းချက် များကို ရရှိလာစေတာဖြစ်တယ်လို့ လေ့လာသူများက သုံးသပ်ထားပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟာ ကမ္ဘာ့အဆင့်မီတပ်မတော် တစ်ရပ်ဖြစ်လာတာနဲ့အညီ ပြည်တွင်းမှာသာမက ပြည်ပရေးရာကိစ္စများမှာလည်း အားတက်သရော ပါဝင်ဆောင်ရွက်လာပါတယ်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားရာ နေရာတွေမှာ ကူညီကယ်ဆယ်ရေးကိုသာမက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများကို ပေးအပ်လျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတကာရေးရာ ကိစ္စရပ်များမှာလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ပူးပေါင်းပါဝင်လက်တွဲပြီး ကမ္ဘာကြီးတည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်နေတာကိုလည်း တွေ့ရပါတယ်။ ဒါဟာ ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ်ရဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တာလည်း ဖြစ်ပါတယ်။ အခုဆက်ပြီးတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား တပ်မတော်နှစ်ရပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု အကြောင်းကို တင်ပြချင်ပါတယ်။
မြန်မာ-တရုတ် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က အိမ်နီးချင်းနိုင်ငံတွေထဲမှာ နယ်နိမိတ်ထိစပ်မှု အရှည်လျားဆုံး ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံဟာ အရေးကြီးတဲ့အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်ခုဖြစ်တဲ့အပြင် တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံဟာလည်း ပထဝီနိုင်ငံရေးအရ အလေးထားရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း နှစ်နိုင်ငံစလုံးက အပြန်အလှန်ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်စိတ်ချရမှုတို့ကို ပိုမိုခိုင်မာအောင် တည်ဆောက်နေကြတာဖြစ်ပါတယ်။ မြန်မာနဲ့တရုတ်ဟာ ယဉ်ကျေးမှုလည်းတူ၊ တောတောင်ရေမြေ သဘာဝအလှတွေလည်းတူ နှစ်နိုင်ငံသမိုင်းကြောင်းတွေလည်း တူညီမှုရှိကြပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆိုတာ အလွန်ရှည်လျားတဲ့ နယ်နိမိတ်မျဉ်းတစ်လျှောက်မှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နေကြတဲ့ အိမ်နီးချင်းနိုင်ငံများ ဖြစ်သလို ဘယ်လိုမှခွဲထုတ်လို့မရတဲ့ ညီရင်းအစ်ကို ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထူထောင်ထားကြတာပါ။
ဒါကြောင့်လည်း နှစ်နိုင်ငံခေါင်းဆောင်တွေ၊ တပ်မတော်အကြီးအကဲတွေဟာ တစ်ဦးနဲ့တစ်ဦး မိသားစုသဖွယ် ဆက်ဆံရေးနဲ့ အတူလျှောက်လှမ်းခဲ့ကြတာဖြစ်ပါတယ်။
အလားတူပဲ မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တို့ကလည်း အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်လာနိုင်ခဲ့ပါတယ်။
ဒါကြောင့် မြန်မာ-တရုတ် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်း ဆောင်ရွက်မှုဟာ ဒေသတွင်းပထဝီနိုင်ငံရေး အတွက်လည်း များစွာအရေးပါအရာရောက်တဲ့ အနေအထားမှာရှိနေပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများက အပြန်အလှန် ချစ်ကြည်ရေးခရီးများ သွားရောက်လည်ပတ်ကြသလို ထိုခရီးစဉ်များအတွင်း များပြားလှစွာသော သဘောတူညီချက်များရရှိခြင်းတို့ဟာ တပ်မတော်နှစ်ရပ်ကြား ရင်းနှီးမှုနဲ့အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို မြင့်မားတိုးတက် စေခဲ့တာဖြစ်ပါတယ်။
နှစ်နိုင်ငံကြားထိစပ်နေတဲ့ နယ်နိမိတ် ရှည်လျားတဲ့အလျောက် နယ်စပ်ဒေသများမှာ ဖြစ်ပွားလေ့ရှိတဲ့ တရားမဝင်ကိစ္စတွေ၊ မှောင်ခိုကူးမှုတွေကို တိုက်ဖျက်ဖို့အတွက် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းပြီး ကင်းလှည့်ခြင်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တို့ကြားက ဆက်ဆံရေးဟာ သာမန်ဆက်ဆံရေးထက်ပိုတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု အဆင့်အထိ တက်လှမ်းလာနေတာဖြစ်ပါတယ်။
အစကနေပြန်ကောက်ရရင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖြစ်တည်မှုမှာ နိုင်ငံကိုချစ်တဲ့စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်ကို အခြေခံခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေခံမှုနဲ့အတူ တရုတ်ကွန်မြူနစ်ပါတီရဲ့ မှန်ကန်တဲ့ဦးဆောင်မှုအောက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ကမ္ဘာ့အဆင့်မီ တပ်မတော်အဖြစ်ကို ရောက်ရှိလာတာပါ။ အခုဆိုရင် နှစ်ပေါင်း ၉၈ နှစ် တောင်ရှိသွားပါပြီ။ သိပ်မကြာခင်အချိန်မှာ ရာပြည့်တပ်မတော်နေ့ ဆိုတာကိုလည်း ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။ နှစ်တွေ ဘယ်လိုပင်ပြောင်းပါစေ၊ ရာသီတွေဘယ်လိုပင်ဟောင်းပါစေ စွန့်လွှတ်စွန့်စားမှုတို့နဲ့အတူ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က အမြဲတမ်းသစ်လွင်မှုတွေနဲ့အတူ တက်ကြွမှုတွေကတော့ ၁၉၂၇ ခုနှစ်ကလိုမျိုး စိတ်ဓာတ်ရှိနေဆဲပါပဲ။ ဒီစိတ်ဓာတ်ကြောင့်ပဲ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ တည်ရှိမှုက ရာစုနှစ်မှသည် ထောင်စုနှစ်ထိတိုင် ခိုင်မြဲနေဦးမှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။ ။
MWD Web Portal