ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၉၀၅ ဧကရှိသောနယ်မြေကို “တုရင်တောင်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။


ဒိန်းမတ်ပိုင်နက် ဂရင်းလန်းကို စစ်အင်အားဖြင့် ရယူမည်မဟုတ်ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပြီးနောက်တွင် ရုရှားက ဂရင်းလန်းကိစ္စအပေါ် အနီးကပ် စောင့်ကြည့်နေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားလိုက်ပါသည်။
“ကျွန်တော်တို့ ဒီကိစ္စတိုးတက်မှုအခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်၊ ကြေညာချက်ထုတ်ပြန်ဖို့ အဆင့်ပဲ ကျန်နေပါတယ်” လို့ သူက ကြာသပတေးနေ့တွင် မော်စကို၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် မိမိစီစဉ်နေကြောင်း၊ မည်သည့်အချိန်၌ တွေ့ဆုံကြမည်ဆိုသည်ကို မသတ်မှတ်ရသေးကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် သူ၏ Mar-a-Lago အပန်းဖြေစခန်း၌ မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။
ထိုကိစ္စနှင့်ပတ်သက်၍ TASS သတင်းဌာနက ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကို မေးမြန်းရာ မိမိတို့ခေါင်းဆောင်နှင့် ဒေါ်နယ်ထရမ့်တွေ့ဆုံရန် တရားဝင် ညှိနှိုင်းလာခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားထားပါသည်။

တရုတ်နှင့်အမေရိကန်တို့အကြား ပွတ်တိုက်မှုများ လျော့ကျစေရန် ရည်ရွယ်လုပ်ဆောင်သည့်အနေဖြင့် တရုတ်သမ္မတ Xi Jinping သည် Donald Trump ၏ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အဆင့်မြင့် သံတမန်တစ်ဦး စေလွှတ်မည်ဖြစ်ကြောင်း Financial Times သတင်းစာတွင် ဖော်ပြထားပါသည်။
မစ္စတာ Xi အစား ထိပ်တန်းအရာရှိတစ်ဦး တက်ရောက်မည်ဖြစ်ကြောင်း တရုတ်အစိုးရက Trump ၏ အသွင်ကူးပြောင်းရေးဆိုင်ရာအဖွဲ့ကို အကြောင်းကြားခဲ့သည်ဟု ၎င်းသတင်းစာက ဆိုပါသည်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နှင့် ၎င်း၏ ကာကွယ်ရေးဝန်ကြီးဟောင်း Yoav Gallant တို့ကို တရားစီရင်ရေးအဖွဲ့၏ ဖမ်းဝရမ်းထုတ်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) အား ပိတ်ဆို့အရေးယူမည့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။

ရာနှင့်ချီသောအစွန်းရောက်သြသဒေါက်စ် ဂျူးဆန္ဒပြသူများသည် Haredi အမျိုးသားများအား အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သို့ စစ်မှုထမ်းဆောင်စေခြင်းကို ဆန့်ကျင်သည့်အနေဖြင့် Tel Aviv အရှေ့ဘက် Bnei Brak အနီး အဝေးပြေးလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၉ ရက်နေ့က ပိတ်ဆို့ဆန္ဒပြခဲ့ကြသည်။
အစ္စရေးနိုင်ငံတွင် နိုင်ငံသားအများစုအတွက် စစ်မှု မထမ်းမနေရစနစ်ရှိပြီး အမျိုးသား၊အမျိုးသမီးများသည် ၂၄ လ မှ ၃၂ လ အထိ စစ်မှုထမ်းကြရသည်။

ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့ရသည့် Mpox ဗိုင်းရပ်စ်ရဲ့ အသွင်ပြောင်းအမျိုးအစား Clade Ib ကို တရုတ်နိုင်ငံတွင်ရှာဖွေတွေ့ရှိခဲ့သည်ဟု တရုတ်ကျန်းမာရေး အာဏာပိုင်များက ဇန်နဝါရီ ၉ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

နယူးဒေလီသည် နိုင်ငံရေးအကျပ်အတည်းများနှင့် ဆန္ဒပြမှုများကြောင့် ယမန်နှစ် ဩဂုတ်လက ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ပေးခဲ့ကြောင်း India Today ကဖော်ပြခဲ့သည်။
နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ် ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရသည် ဒီဇင်ဘာ ၂၃ ရက်တွင် တရားဝင်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။
ဟာဆီနာသည် နယူးဒေလီရှိ လုံခြုံစိတ်ချရသော နေအိမ်တစ်လုံး၌ နေထိုင်လျက်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။

(အရေးတကြီးကိစ္စရပ်များကို ဖြေရှင်းရာတွင် အရည်အချင်းမပြည့်မီခြင်းကြောင့် ဥရောပသမဂ္ဂအဖွဲ့သည် ခန့်မှန်းထားသည်ထက်စောပြီး ပြိုလဲသွားနိုင်ကြောင်း ရောဘတ်ဖီကိုက အကြံပြုထားပါသည်)
အီးယူအဖွဲ့ခေါင်းဆောင်များအနေဖြင့် အီးယူအား ထိန်းကျောင်းရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားကို မကြည့်ဘဲ ဆုံးဖြတ်ချက်များ အလွယ်တကူချနေခြင်း ကြောင့်အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကျဆင်းလာပြီး ၎င်းပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိဟု စလိုဗက်ကီးယားနိုင်ငံဝန်ကြီးချုပ် ရောဘတ်ဖီကိုက ပြစ်တင် ရှုတ်ချခဲ့ပါသည်။

အမေရိကန်ရွေးကောက်ခံသမ္မတ ထရမ့်၏ Greenland ကျွန်းကိုဝယ်ယူမည်ဟူသော ပြောကြားချက်အပေါ် အမေရိကန်အနေနှင့်ရုရှားအား စစ်ရေးအရ ခြိမ်းခြောက် ရန်အတွက်အသုံးပြုရန်ဖြစ်နိုင်ကြောင်း State Duma Defense Committee ဥက္ကဌ Andrey Kartapolov က ပြောကြားခဲ့သည်။
Greenland သည် အာတိတ်ဒေသ၏ ကျယ်ပြန့်သောဧရိယာကို စိုးမိုးထားပြီး ဥရောပသို့ တိုက်ရိုက်ဝင်ရောက် နိုင်သည့် အခွင့်အလမ်းရှိရာနေရာဖြစ်နေခြင်းကြောင့် ရုရှားနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။