သတင်းများ

ထရမ့်၏ ဂရင်းလန်းနှင့်ပတ်သက်သည့် အစီအစဉ်များ အပေါ် ဘလင်ကန် မှတ်ချက်ပြု

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ Greenland နှင့်ပတ်သက်သော အစီအစဉ်များသည် သင့်လျော်မှုမရှိသလို ဖြစ်လာနိုင်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က ပြောကြားခဲ့သည်။

အာတိတ်ကျွန်းအား ထိန်းချုပ်ခြင်းသည် အမေရိကန် အမျိုးသားလုံခြုံရေးကိစ္စရပ်ဖြစ်သည်ဟု ထရမ့်က အကြောင်းပြခဲ့သော်လည်း အင်အားသုံး၍ သိမ်းယူ ဆောင်ရွက်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ဘလင်ကန်က ဖြစ်မြောက်လာမည် မဟုတ်သည့် ကိစ္စရပ်အတွက် အချိန်မဖြုန်းသင့်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

Microsoft က အိန္ဒိယတွင် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီး မြှုပ်နှံမည်

အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft သည် လာမည့်နှစ်နှစ်အတွင်း cloud computing နှင့် ဉာဏ်ရည်တု အခြေခံအဆောက်အဦအပါအဝင် လေ့ကျင့်ရေးတို့အတွက် အိန္ဒိယတွင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါကြေညာချက်ကို လက်ရှိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေပြီး Bengaluru ၌ ကျင်းပခဲ့ သည့် ပွဲသို့‌ရောက်ရှိနေသည့် Microsoft အမှုဆောင် အရာရှိချုပ် Satya Nadella က ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

၂၀၂၅ ခုနှစ်တွင်လည်း နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆက်လက်တောင်းဆိုသွားမည်ဟု Hidankyo ပူးတွဲ ဥက္ကဋ္ဌ ကတိပြု

ဟီရိုရှီးမားနှင့် နာဂါဆာကီတွင် အဏုမြူဗုံးကြဲချခံခဲ့ရခြင်း နှစ် ၈၀ ပြည့်မြောက်သည့် ၂၀၂၅ ခုနှစ်တွင်လည်း နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆက်လက် တောင်းဆိုသွားမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း Nihon Hidankyo ၏ ပူးတွဲဥက္ကဋ္ဌ Mimaki Toshiyuki က ပြောကြားခဲ့ပါသည်။

အဆိုပါအဖွဲ့သည် ၁၉၄၅ ခုနှစ် အဏုမြူဗုံးကြဲချခံရမှုမှ အသက်ရှင်လွတ်မြောက်လာသူများကို ကိုယ်စားပြုပြီး ၂၀၂၄ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံခဲ့ ရသည်။

ဖျက်အားပြင်း အသံထက်မြန်ဒုံးကျည်တစ်စင်းအား ဟူသီသူပုန်အဖွဲ့က စမ်းသပ်ပစ်ခတ်၍ စစ်ဆင်ရေးတွင်အသုံးပြုရန်စီစဉ်

ယီမင်နိုင်ငံမှ  ဟူသီသူပုန်အဖွဲ့သည် ဖျက်အားပြင်းသည့် အသံထက်မြန်ဒုံးကျည်တစ်စင်းအား စမ်းသပ်ပစ်ခတ်ခဲ့ပြီး  ယင်းဒုံးကျည်များကို စစ်ဆင်ရေးတွင် အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း သူပုန်အဖွဲ့နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက Sputnik သတင်းဌာနသို့ပြောသည်။

TikTok အား တရုတ်ကပိုင်ဆိုင်ထားခြင်းအပေါ် ဖိနှိပ်ရန်အတွက် အမျိုးသားလုံခြုံရေးကို အကြောင်းပြ၍ အမေရိကန် အနိုင်ကျင့်ဟုတရုတ်စွပ်စွဲ

အမေရိကန်အစိုးရသည်   Tik Tok အပလီကေးရှင်းအား  တရုတ်နိုင်ငံက ပိုင်ဆိုင်ထားခြင်းကို ဖိနှိပ်ရန်အတွက် နိုင်ငံ၏အမျိုးသားလုံခြုံရေးကိုအကြောင်းပြ၍  အနိုင်ကျင့်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၄ ရက်တွင် စွပ်စွဲပြောကြားသည်။

တောမီးလောင်ကျွမ်းမှုကြောင့် ကယ်လီဖိုးနီးယားပြည်နယ်က အရေးပေါ် အခြေအနေ ထုတ်ပြန်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့်   ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်အခြေအနေ တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ရကြောင်း သိရသည်။

တောမီးလောင်ကျွမ်းမှုကြောင့် ပြည်သူ ၃၀၀၀၀ ခန့်မှာ နေအိမ်များကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး ရာသီဥတုခြောက်သွေ့မှုကြောင့်  မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွားမည့် အန္တရာယ်ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂက်ဗင်နယူးဆန်က  ဇန်နဝါရီလ ၇  ရက်တွင် အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်။

BRICS အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း‌ဆောင်ရွက်မှုမြှင့်တင်ရန် အသင့်ရှိနေဟု တရုတ်တာဝန်ရှိသူပြောကြား

ပေကျင်း   ဇန်နဝါရီ ၈

တရုတ်နိုင်ငံသည်ပွင့်လင်းမှုရှိပြီး အဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်ဆောင်ရွက်နိုင်သည့်သာတူညီမျှပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့်BRICSအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းကာ BRICS အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂူဆိုဂျီကန်က ဇန်နဝါရီ ၇ ရက်တွင် ပြောကြားသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုအတွင်း မိုင်းလုပ်သားကိုးဦး ပိတ်မိလျက်ရှိ

နယူးဒေလီ      ဇန်နဝါရီ ၈

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ ရေလွှမ်းလျက်ရှိသည့် ကျောက်မီးသွေးတွင်းတစ်ခုအတွင်း မိုင်းလုပ်သားကိုးဦး ပိတ်မိလျက်ရှိကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် လူပေါင်း ၆၈ ဦး သေဆုံး

ဖနောင်ပင်     ဇန်နဝါရီ ၈

ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် လူပေါင်း ၆၈ ဦး သေဆုံးမှုဖြစ်ပွားကြောင်း ဘေးအန္တရာယ်ထိန်းချုပ်ရေး ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးရှိ

ယူကရိန်းကို ၂၀၂၇ ခုနှစ်အထိ စစ်ရေးအကူအညီပေးမည့် နေတိုးအစီအစဉ် ပင်တဂွန် ထုတ်ပြန်

"ယူကရိန်း၏ စစ်ရေးလိုအပ်ချက်များကို အမျိုးအစားခွဲခြားပြီး ယင်းအမျိုးအစားတစ်ခုစီအတွက် အကူအညီပေးမည့် နေတိုးအုပ်စုဝင်နိုင်ငံများကို သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း" အမေရိကန်၊ ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးက ဇန်နဝါရီ ၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

"ယူကရိန်းသို့ လက်နက်များပို့ဆောင်ပေးမည့် အုပ်စု ရှစ်စုကိုဖွဲ့စည်းခဲ့ကြောင်း၊ အုပ်စုတစ်စုစီသည် ယူကရိန်း၏ စစ်ရေးစွမ်းရည်တစ်ခုစီကို ကိုယ်စားပြုပြီး အုပ်စုတစ်စုတွင် အနည်းဆုံး နေတိုးအဖွဲ့ဝင်နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မည်ဖြစ်ကြောင်း" အဆိုပါ ကိုယ်စားလှယ်က ပြောကြားခဲ့သည်။