အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းအနီးတွင် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) ညဉ့်နက်ပိုင်း က လူ ၆၅ ဦးတင်ဆောင်ထားသည့် ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီးအနည်းဆုံး လူလေးဦး သေဆုံးခဲ့သည်။ နိုင်ငံ၏ ရှာဖွေ ကယ်ဆယ်ရေး အေဂျင်စီအဆိုအရ လူ ၃၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။
KMP Tunu Pratama Jaya ရေယာဉ်သည် အရှေ့ဂျာဗားရှိ Ketapang မှ ဘာလီကျွန်းရှိ Gilimanuk သို့ ခရီးနှင်နေစဉ် အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့သည်ဟု အေဂျင်စီမှ ကြာသပတေးနေ့ (ဇူလိုင် ၃) တွင် ထုတ်ပြန်ခဲ့သည်။ ရေယာဉ်သည် ဒေသစံတော်ချိန် ည ၁၁:၂၀ ခန့်တွင် ထွက်ခွာ ခဲ့ပြီး မိနစ် ၃၀ ခန့်အကြာတွင် နစ်မြုပ်ခဲ့သည်။ ထိုအချိန်က ပင်လယ်ပြင် တွင် လှိုင်းအမြင့် ၂.၅ မီတာအထိ မြင့်တက်နေပြီး မိုးသက်လေပြင်းများ ကျရောက်ခဲ့သည်ဟု သိရှိရသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် နံနက်ပိုင်းအချိန်ထိ လူ ၃၁ ဦးကို ကယ်တင် နိုင်ခဲ့ပြီး လူလေးဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ မီဒီယာ သတင်းများအရ အချို့သော အသက်ရှင်သူများသည် ရေထဲတွင် နာရီပေါင်းများစွာ မျောပါပြီးနောက် သတိလစ်နေသည့်အနေအထားဖြင့် တွေ့ရှိ ခဲ့ကြောင်း သိရသည်။ ကျန်ရှိနေသော လူ ၃၀ ကို ရှာဖွေရန် ကြိုးပမ်း မှုများ ဆက်လက်ပြုလုပ်နေပြီး လှေကိုးစီးနှင့် ဒေသခံငါးဖမ်းသမားများ ပါဝင်ကူညီလျက်ရှိသည်။
Surabaya ကယ်ဆယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ အသက်ရှင် သူ လေးဦးသည် ရေယာဉ်၏ အရေးပေါ်လှေဖြင့် ထွက်ခွာနိုင်ခဲ့ပြီး ကြာသပတေးနေ့ (ဇူလိုင် ၃) နံနက်စောစောတွင် ရေထဲ၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုက အဆိုပါဘေးအန္တရာယ်ကို အရေးပေါ် တုံ့ပြန်ရန် အမိန့်ပေးခဲ့ပြီး ကယ်ဆယ်ရေးအေဂျင်စီသည် ရှာဖွေရေး လုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရန် အခြားဝန်ထမ်းများနှင့် စက်ပစ္စည်း များ ထပ်မံပေးပို့ခဲ့သည်။
နစ်မြုပ်ခဲ့သော ရေယာဉ်သည် ခရီးသည် ၅၃ ဦး၊ သင်္ဘောသား ၁၂ ဦးနှင့် ကုန်တင်ကား ၁၄ စီးအပါအဝင် ယာဉ် ၂၂ စီး တင်ဆောင်လာခဲ့သည်။ Ketapang နှင့် Gilimanuk အကြားလမ်းကြောင်းသည် အင်ဒိုနီးရှား၏ သွားလာမှုအများဆုံး ရေကြောင်းလမ်းတစ်ခုဖြစ်ပြီး ဒေသခံများနှင့် ကုန်စည်သယ်ယူသူများ မကြာခဏအသုံးပြုလေ့ရှိသည်။
ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ပါဝင်သော အင်ဒိုနီးရှားနိုင်ငံတွင် ရေယာဉ်မတော် တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ရေယာဉ်များသည် အဓိက သယ်ယူပို့ဆောင်ရေးအတွက် အားအထားရဆုံးဖြစ်ကာ ဘေးကင်းရေး စည်းမျဉ်းများလိုက်နာမှု အားနည်းခြင်းကြောင့် ဘေးအန္တရာယ်များ ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂