သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ

မြေငလျင်သတင်း    (မြန်မာစံတော်ချိန် ၀၇:၂၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၀၄)မိနစ်၊ (၀၆)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မိုင်းခတ်မြို့၏ အနောက်မြောက်ဘက် (၁၁) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၈၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၃၃) ဒီဂရီ၊ အနက် (၁၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။

မိုး/ဇလ 

မြေငလျင်သတင်း    (မြန်မာစံတော်ချိန် ၀၇:၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆) နာရီ၊ (၅၆)မိနစ်၊ (၀၃)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၁၉) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ခန္တီးမြို့၏ အနောက်တောင်ဘက် မိုင်(၃၀) ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၆)ဒီဂရီ၊ အနက် (၈၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုး/ဇလ

မွန်းလွဲပိုင်းကရွာသွန်းခဲ့သည့်မိုးကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခုတွင် သစ်ပင်များလဲကျ

ယနေ့ ဇူလိုင် ၁၀ ရက်မွန်းလွဲပိုင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် ရန်ကုန်တိုင်းရှိ စမ်းချောင်းမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့တွင် သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

စမ်းချောင်းမြို့နယ်တွင် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်က မိုးရွာသွန်းမှုကြောင့် ရှင်စောပုရပ်ကွက်၊ ဗားကရာလမ်းတွင် ကားတစ်စီးပေါ်သို့သစ်ပင်လဲကျကာ ပိမိနေသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ မွန်းလွဲ ၂ နာရီ ၁၂ မိနစ်ခန့်ကလည်း တိုက်ကြီးမြို့နယ်အတွင်းမိုးရွာသွန်းမှုကြောင့် တာဂွကျေး ရွာအုပ်စု၊ ရန်ကုန်-ပြည်လမ်းပေါ်တွင်သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စ ခန်းမှတပ်ဖွဲဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

Popular Myanmar

တက္ကဆက်ရေဘေးဒဏ်ခံဒေသတွင် အမှိုက်ပုံများ ပေ ၂၀ အမြင့်ထိ စုပုံ နေခဲ့ကြောင်း စေတနာ့ဝန်ထမ်းတစ်ဦးက ပြောကြား

စေတနာ့ဝန်ထမ်း Carlos "Gilley" Mendoza က CNN သတင်းထောက် Kate Bolduan အား တက္ကဆက်အလယ်ပိုင်းရေကြီးမှုအပြီး အမှိုက်ပုံကြီးများရှင်းလင်းရေးလုပ်ငန်းများအကြောင်း ပြောပြခဲ့သည်။

၎င်းနှင့် အခြားစေတနာ့ဝန်ထမ်းများသည် ဇူလိုင် ၄ ရက်ရေကြီးမှုအပြီး နှစ်ရက် အကြာ တနင်္ဂနွေ (ဇူလိုင် ၆) နံနက်တွင် နေရာတစ်ခုသို့ ရောက်ရှိခဲ့ပြီး မြင်ရသည့်အခြေအနေမှာ မယုံကြည်နိုင်လောက်သော အံ့အားသင့် စရာဖြစ်ခဲ့သည်ဟု ဆိုသည်။

“မိမိတို့ မည်သူမျှ မမြင်ဖူးသည့်အခြေအနေမျိုးပါ၊ ဖြစ်ပျက်ခဲ့သည်များကို မြင်ရသည်မှာ အရမ်းအံ့အားသင့်စရာပါ။ ဘယ်ကနေ စရမည် ဆိုသည်ကိုတောင် မသိခဲ့ပါ။ အမှိုက်ပုံတွေက ပေ ၂၀ အမြင့်ထိ ရှိနေပြီး သစ်ပင် တွေကို ကြည့်လိုက်လျှင် ပေ ၂၀ ကျော်အမြင့်မှာ အရာဝတ္ထုတွေ ညပ် နေတာတွေ့သည့်အတွက် ဒါက ရေဘယ်လောက်မြင့်ခဲ့သည်ဆိုတာ သဘော ပေါက်စေပါသည် ၊ ကားများ၊ RV ယာဉ်ကြီးများ ပါလာပါသည်။ သစ်ပင် တွေအများကြီးပါ၊ မိမိတို့ လုပ်နိုင်သည့်နေရာကို စတင်ကူညီခဲ့ကြ ပါသည်” ဟု ၎င်းက ဆိုသည်။

Mendoza က CNN အား အမှိုက်ပုံကြီးများနှင့် အမြစ်လန်သွားသည့် သစ်ပင်များ၏ ဗီဒီယိုများကို ပြသခဲ့ပြီး စေတနာ့ဝန်ထမ်းများ တစ်စတစ်စ တိုးလာပြီး နောက်ဆုံးတွင် လူ ၂၀၀ မှ ၂၅၀ ကျော်အထိ ရှိလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ကိုးကား- CNN

Photo: Yahoo

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တက္ကဆက် မြစ်ရေကြီးမှုတွင် ပျောက်ဆုံးနေသော လူများစွာအတွက် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေ

လွန်ခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သော ရေကြီးမှုများကြောင့် တက္ကဆက် အလယ်ပိုင်းတွင် လူဦးရေ ၁၆၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး အာဏာပိုင် များအဆိုအရ အနည်းဆုံး လူ ၁၂၀ သေဆုံးခဲ့သည်။ ကယ်ဆယ်ရေး အဖွဲ့ များသည် Guadalupe မြစ်ကမ်းတစ်လျှောက် အထူးသဖြင့် ပျက်စီး နေသော နေရာများတွင် အခက်အခဲနှင့် အပူချိန်မြင့်မားမှုများကို ရင်ဆိုင်ကာ ရှာဖွေနေကြသည်။

ဇူလိုင် ၄ ရက် နံနက်စောစောပိုင်းက Guadalupe မြစ်ရေကြီးစဉ်အတွင်း မည်သည့်အရာများလုပ်ဆောင်ခဲ့သည် (သို့) မလုပ်ဆောင်ခဲ့သနည်း ဆိုသည့် သတင်းထောက်များနှင့် ဒေသခံများထံမှ ဝေဖန်မှုဆိုင်ရာ မေးခွန်းများကို တက္ကဆက် အရာရှိများက ရင်ဆိုင်နေရသည်။ 

United Cajun Navy ၏ ဖြစ်စဉ်ညှိနှိုင်းရေးမှူး Ryan Logue က ၎င်း ရှာဖွေခဲ့သည့်နေရာများတွင် မည်သူမျှကျန်ရှိနေခြင်းမရှိဟုဆိုကာ ရာသီဥတုအခြေအနေများက အသက်ရှင်ရပ်တည်ရန် ပိုမိုခက်ခဲစေသည် ဟု ယုံကြည်ကြောင်း ပြောသည်။ Virginia Beach Water Rescue Team မှ Capt. Max McQuarrie က Guadalupe မြစ်တစ်လျှောက် အပြည့်အဝ ရှာဖွေရန် ရက်သတ္တပတ်များစွာ ကြာနိုင်သည်ဟု ရှင်းပြခဲ့သည်။ နယူးယောက်ပြည်နယ်မှ Kerr County သို့ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ရှာဖွေရေးခွေး အဖွဲ့များ စေလွှတ်မည်ဟု Gov. Kathy Hochul က ကြေညာခဲ့သည်။

CNN ၏ မိတ်ဖက် KSAT ၏ သတင်းအရ Ingram Volunteer Fire Department မှ မီးသတ်သမားတစ်ဦးက ဇူလိုင် ၄ ရက် နံနက် အစောပိုင်းတွင် ဒေသခံများ၏ ဖုန်းများသို့ CodeRED သတိပေးချက် ပေးပို့ရန် တောင်းဆိုခဲ့သည်။ KSAT ၏ အရင်းအမြစ်တစ်ဦးထံမှ ရရှိသော အသံဖိုင်အရ Hunt မြို့အနီးရှိ ဒေသခံများအတွက် အရေးပေါ် သတိ ပေးချက် ပေးပို့ရန် Kerr County အရာရှိများမှ ၆ နာရီကြာ အချိန်ယူခဲ့ ရသည်။

Kerrville ရဲတပ်ဖွဲ့မှ Sgt. Jonathan Lamb က ရေကြီးမှုအတွက် အာဏာပိုင်များ၏ တုံ့ပြန်ဆောင်ရွက်မှုသည် ပထမတစ်နာရီအတွင်း ရဲများမှ လူ ၂၀၀ ကျော်ကို ကယ်တင်ခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့သည်ဟု ဆိုသည်။ Kerrville မြို့တော်ဝန် Joe Herring Jr. က ရေကြီးမှုမဖြစ်မီတစ်ရက်က တက္ကဆက်ပြည်နယ်နှင့် ဒေသဆိုင်ရာ အရာရှိများနှင့် ရာသီဥတုခန့်မှန်းချက်ဆွေးနွေးရန် ပြောဆိုခြင်း မရှိခဲ့ဟု ပြောကြားခဲ့သည်။

ရေကြီးမှုအပြီး သတင်းမှားများ ပျံ့နှံ့နေမှုအပေါ် သက်ဆိုင်ရာ တာဝန် ရှိသူများက တုံ့ပြန်ဆောင်ရွက်မှုများ ပြုခဲ့ကြသည်။ ထိုအတောအတွင်း Homeland Security ဝန်ကြီး Kristi Noem က Federal Emergency Management Agency (FEMA) ကို “ဖျက်သိမ်းရန်” နှင့် ၎င်း၏ လုပ်ငန်း လည်ပတ်ပုံကို အကြီးစားပြုပြင်ပြောင်းလဲရန် ဆန္ဒရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တက္ကဆက်ပြည်နယ်ရေကြီးမှု သေဆုံးသူ ၁၁၀ ဦး အထိရှိလာ

အမေရိကန်ပြည်ထောင်စု တက္ကဆက် ပြည်နယ်၌ ဇူလိုင်လ ၄ ရက်တွင်ဖြစ်ပွားသော ရုတ်တရက်ရေကြီးမှုကြောင့် ဇူလိုင်လ ၈ ရက်အထိ သေဆုံးသူ ၁၁၀ ဦးအထိရှိလာပြီဖြစ်ကြောင်းနှင့် ပျောက်ဆုံးသူ ၁၆၀ ကျော်မှ ၁၈၀ ကြား ရှိနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

သေဆုံးသူများအနက် ၈၇ ဦးမှာ ကားနယ်မြေမှဖြစ်ကြောင်း၊ ဂွါဒါလုမြစ်ကမ်းတစ်လျှောက်တွင်ရှိသော  မစ္စတစ်စခန်းသို့ လာရောက်သူများနှင့် အကြံပေးပုဂ္ဂိုလ်များ စုစုပေါင်း ၂၇ ဦးမှာ ရေကြီးမှုအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း၊   ရေကြီးမှုဖြစ်ပွားချိန်တွင်  ကလေးငယ် ၇၅၀ ခန့်ရှိကြောင်း  တာဝန်ရှိသူများက အတည်ပြုထုတ်ပြန်ထားသည်။

ဂွါဒါလုမြစ်ကြောင်း တစ်လျှောက်တွင် ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးများ လုပ်နေ‌ကြောင်း၊  ပြည်သူများအနေဖြင့်လည်း  မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမျိုးသားချင်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများထံ သတင်းပေးနိုင်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး   ဂရက်အဘော့ကပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး၏ တောင်းဆိုချက်အရ ကားနယ်မြေအတွက် ကြီးမားသော သဘာဝဘေး ကြေညာချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ထားကြောင်း သိရသည်။

MWD Web Portal

တိဗက်ဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှု တရုတ်-နီပေါ ချစ်ကြည်ရေးတံတား ကျိုးကျသည်အထိဖြစ်ပွား

တရုတ်နိုင်ငံ တိဗက်ဒေသ၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုသည် တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့ကြားရှိ ချစ်ကြည်ရေးတံတားကို ကျိုးကျစေသည်အထိ ဖြစ်ပွားကြောင်း တာဝန်ရှိသူများက ဇူလိုင်လ ၈ ရက်တွင် ပြောသည်။

တိဗက်ဒေသ၌ မိုးသည်းထန်စွာရွာမှုသည် ဘုတ်ခိုရှီမြစ်ရေကြီးခြင်းကို ဖြစ်ပေါ်လာစေပြီး ယင်းမှတစ်ဆင့် ချစ်ကြည်ရေးတံတားကို ရေစီးအားဖြင့် တိုက်ချသွားခြင်း ဖြစ်ကြောင်းနှင့် လူပေါင်းနှစ်ဒါဇင်ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန် ရှိသူများက ပြောသည်။

ပျောက်ဆုံးနေသူများ အနက် ၁၈ ဦးမှာ နီပေါနိုင်ငံမှဖြစ်ပြီး   ၁၁ ဦးမှာ  တရုတ်နိုင်ငံမှဖြစ်ကြောင်း   သတင်းဌာနများ၏ ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

ထို့အတူ   နီပေါနိုင်ငံ၌ပျောက်ဆုံးနေသူများတွင်  တရုတ်နိုင်ငံသား ခြောက်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးပါဝင်ကြောင်း   နီပေါသဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ချစ်ကြည်ရေးတံတား ကျိုးကျသွားသည့်အတွက် တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့ကြား ကုန်သွယ်ရေး ရပ်တန့်သွားရပြီး တရုတ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများပါဝင်သည့် ကုန်သေတ္တာများမှာလည်း ရေစီးနှင့် အတူ မျောပါသွားကြောင်း၊ ဆုံးရှုံးမှုမှာလည်း အလွန်ကြီးမားကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ကောက်ယူနေဆဲဖြစ်ကြောင်း ရာဆူဝါခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးဖြစ်သည့် အာဂျွန်ပေါဒဲက ပြောထားသည် ဟုသိရသည်။

MWD Web Portal

တက္ကဆက်ပြည်နယ်ရေကြီးမှု သေဆုံးသူဦးရေ ၈၀ အထိရှိလာ

အမေရိကန်ပြည်ထောင်စု တက္ကဆက် ပြည်နယ်အလယ်ပိုင်း၌  ဖြစ်ပွားသော ရေကြီးမှုအတွင်း  သေဆုံးသူ ဦးရေ ၈၀ အထိရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများ ကဇူလိုင်လ ၆ ရက်တွင်ပြောသည်။ ထို့ပြင် ပျောက်ဆုံးနေသူ ဒါဇင်ပေါင်းများစွာကို လည်း ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက အသည်းအသန် ရှာဖွေမှုများ လုပ်ဆောင် နေကြောင်း သိရသည်။

လက်ရှိရရှိထားသည့်စာရင်းများအရ သေဆုံးသူဦးရေ ၈၀ အနက် အနည်းဆုံး ၂၈ ဦးမှာ  ကလေးငယ်များဖြစ်ပြီး ထိုကလေးငယ်အများစုသည် မိန်းကလေးများအတွက်ဖွင့်လှစ်သောခရစ်ယာန်နွေရာသီစခန်းသို့ တက်ရောက်နေသူများဖြစ်သည်။

တက္ကဆက်ပြည်နယ်အတွင်း ဇူလိုင်လ ၄ ရက်နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် မိုးရေချိန် ၁၅ လက်မအထိရောက်ရှိပြီး ဂွါဒါလုမြစ်ရေသည် လည်း ၆  မီတာကျော်မြင့်တက်လာကာ နွေရာသီ စခန်းတက်ရောက်နေသူများမှာ ရေစီးနှင့်အတူ မျောပါသွားခြင်းဖြစ်သည်။

ထို့ကြောင့် ဒေသတစ်ဝန်း၌နေထိုင်သူများအနေဖြင့်  ကုန်းမြင့်နေရာများတွင် နေထိုင်ကြရန် အကြံပြုကြောင်းနှင့် ရေကြီးမှုက ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်း ရကြောင်းနှင့် ပြည်သူ ၈၀၀ ကျော်ကို ဘေးကင်းရာသို့ ကယ်ဆယ်ထားကြောင်း တာဝန်ရှိသူများက ပြောသည်။

MWD Web Portal

earthquake

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၄၀)မိနစ်၊ (၃၈)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်း မြို့၏ အနောက်တောင်ဘက် (၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၈၀) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၄.၈၄) ဒီဂရီ၊ အနက် (၆၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုး/ဇလ