လွန်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးခဲ့သော ဒေါ်နယ်ထရမ့်ကို ထောက်ခံခဲ့သည့် ၎င်း၏အမာခံ ပရိသတ် ထောင်ပေါင်းများစွာတို့သည် ထိုစဉ်က အနိုင်ရ ခဲ့သည့် ဂျိုးဘိုင်ဒန်ကို ကန့်ကွက်သည့်အနေဖြင့် ၂၀၂၁ ဇန်နဝါရီလ ၆ ရက်နေ့က ကယ်ပီတယ် အဆောက်အအုံကို သိမ်းပိုက်မှုလုပ်ခဲ့ပြီး အမြောက်အမြား ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါဖမ်းဆီးခံခဲ့ရသူများတွင် ဂျိုးဘိုင်ဒန်သမ္မတသက်တမ်း ၄ နှစ်ပြည့်မြောက်သွားသည့်တိုင် မလွတ်သေးသောသူများရှိနေခြင်းကြောင့် ထရမ့် သမ္မတဖြစ်ဖြစ်ချင်း ၎င်းကိုထောက်ခံသူများကို ချက်ချင်း လွှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။
အိမ်ဖြူတော်ရှိ သမ္မတရုံးခန်းတွင် စတင်တာဝန်ထမ်းဆောင်သည်နှင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို လက်မှတ်ထိုးထုတ်ပြန်လိုက်ပြီး ခန့်မှန်းခြေအားဖြင့် လူပေါင်း ၁,၅၀၀ ခန့် ပါဝင်ကြောင်း ဒေါ်နယ်ထရမ့် က ပြောခဲ့ပါသည်။
ယခုနှစ်ဇန်နဝါရီလ အစောပိုင်းအထိ ဇန်နဝါရီ ၆ ရက် အမှုနှင့်ဆက်စပ်၍ ပြည်ထောင်စုတရားရုံးတွင် လူပေါင်း ၁၅၈၀ ကျော်ကို ရာဇဝတ်မှုဖြင့် စွဲချက်တင်ခဲ့ပြီး ၁၀၀၀ ကျော်က အပြစ်ရှိကြောင်း ဝန်ခံထားသည်ဟု တရားရေးဌာနမှ သိရှိရသည်။
ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် ဒဏ်ရာရပြီး ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေးကို ခြိမ်းခြောက်ခဲ့သည့် ဇန်နဝါရီ ၆ ရက် တိုက်ခိုက်မှုသမိုင်းကို ပြန်လည်ရေးသားရန် ဒေါ်နယ်ထရမ့်က လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပြီး အမေရိကန်သမိုင်းတွင် အမှောင်မိုက်ဆုံးနေ့ရက်များထဲမှ တစ်ခုအဖြစ် ဖော်ပြခံထားရသည့် အဆိုပါ အမှုနှင့်ပတ်သက်၍ ပါဝင်သူများကို တာဝန်ခံရန်တရားရေးဌာန၏ ကြိုးပမ်းအားထုတ်မှုအပေါ် ကြီးမားသော ထိုးနှက်ချက် ဖြစ်နေပါသည်။
အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသည့် ရက်သတ္တပတ်များအတွင်း ထရမ့်က ဇန်နဝါရီ ၆ ရက် တရားခံများ၏ အမှုတွဲတစ်ခုချင်းအလိုက် ကြည့်ရှုလိုကြောင်း ပြောကြားထားပါသည်။ သို့သော် ကယ်ပီတယ် အဓိကရုဏ်းအတွင်းအကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို ခွင့်လွှတ်ခြင်းမပြုသင့်ဟု ဒုသမ္မတ ဂျေဒီဗန့်စ် က မကြာသေးမီရက်ပိုင်းက ပြောခဲ့ပါသည်။
ကိုးကား-Myanmar National Post