Meta CEO မတ်ခ် ဇူကာဘတ်က လူသားစွမ်းရည်ထက် သာလွန်သည့် AI စနစ်များ တည်ဆောက်ရန် ရည်ရွယ်ထားသော "Meta Superintelligence Labs (MSL)" အစီစဉ်သစ်ကို ကြေညာခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် ကြေညာခဲ့သည့် အဆိုပါလုပ်ငန်းစဉ်သည် Meta ၏ အဓိက AI သုတေသနနှင့် ထုတ်လုပ်မှုအဖွဲ့များကိုစုစည်းကာ "လူတိုင်းအတွက် စူပါ ဉာဏ်ရည်မြင့် AI" ကို ရရှိရန် ရည်မှန်းထားသည်။
ယင်းနည်းပညာမြှင့်တင်မှု အစီစဉ်သစ်ကို Scale AI ၏တည်ထောင်သူ နှင့် အသက် ၂၈ နှစ်သာ ရှိသေးသည့် Alexandr Wang ဦးဆောင်မည် ဖြစ်ပြီး ၎င်းသည် Meta ၏ အကြီးတန်း AI အရာရှိချုပ် (Chief AI Officer) အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ Meta က Wang ၏ ဒေတာ စီမံခန့်ခွဲမှုကုမ္ပဏီတွင် ဒေါ်လာ ၁၄ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု သိရသည်။
ထို့အပြင် GitHub ၏ ယခင်အမှုဆောင်အရာရှိချုပ် Nat Friedman နှင့် OpenAI၊ DeepMind နှင့် Anthropic တို့မှ အဆင့်မြင့် AI အင်ဂျင်နီယာ များပါ ပူးပေါင်းလုပ်ကိုင်မည်ဖြစ်သည်။
"AI နည်းပညာ အရှိန်မြင့်လာသည်နှင့်အမျှ စူပါဉာဏ်ရည်မြင့် AI ဖွံ့ဖြိုးရေး သည် မဝေးတော့ပါ ၊ ထိုအရာသည် လူသားမျိုးနွယ်အတွက် ခေတ်သစ်တစ်ခု၏ အစဖြစ်လာမည်ဟု မိမိယုံကြည်ပါသည်၊ Meta အနေဖြင့် အဆိုပါ လမ်းကြောင်း၏ ရှေ့ဆောင်ဖြစ်ရန် အပြည့်အဝ ကတိပြုထားပါသည်" ဟု ဇူကာဘတ်က မှတ်ချက်ရေးသားခဲ့ပြီး ၎င်းကို သမိုင်းဝင် အလှည့်အပြောင်း တစ်ခု အဖြစ် ဖော်ပြခဲ့သည်။
MSL စတင်ခြင်းသည် အမေရိကန်နည်းပညာလုပ်ငန်းကြီးများကြား ပြိုင်ဆိုင်မှုများ တိုးလာနေချိန်နှင့် တရုတ်နှင့် ပြိုင်ဘက်ကြီးများ ပိုမို ထက်မြက်လာသည့် အချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဇန်နဝါရီလ အတွင်းက တရုတ် AI စတင်တည်ထောင်သည့် DeepSeek ၏ ရုတ်တရက် ပေါ်ထွန်းလာမှုက အနောက်နိုင်ငံများရှိ နည်းပညာမြှင့်တင်ရေး ကြိုးပမ်း နေသူများနှင့် ရင်းနှီးမြှုပ်နှံသူများကို လှုပ်ခတ်သွားစေခဲ့သည်။ DeepSeek က ၎င်း၏ AI ထုတ်ကုန်သည် OpenAI ၏ ChatGPT ထက် လုပ်ဆောင် စရိတ် ပိုမိုသက်သာပြီး ထိရောက်မှုရှိကြောင်း ကြေညာခဲ့သည်။
အစောပိုင်းကာလမှာပင် သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ အနေဖြင့် စူပါဉာဏ်ရည်မြင့် AI နယ်ပယ်တွင် ဦးဆောင်နိုင်ရန် ဒေါ်လာ ၅၀၀ ဘီလီယံ တန်ဖိုးရှိသည့် "Stargate" အစီအစဉ်ကို ကြေညာခဲ့သည်။ ထရမ့်၏ အကြံပေးအဖွဲ့များက AI နည်းပညာကို ၎င်းတို့ခေတ်၏ Manhattan Project (အမေရိကန်၏ ပထမဆုံး အဏုမြူဗုံးစီမံကိန်း) နှင့် နှိုင်းယှဉ်ကာ၊ "လူသားအဖွဲ့အစည်း၏ အနာဂတ်သည် အမေရိကန်လက်ထဲတွင် ရှိရမည်" ဟု အခိုင်အမာပြောဆိုခဲ့သည်။ OpenAI CEO Sam Altman ကလည်း ၎င်း၏ကုမ္ပဏီအနေဖြင့် ဒီမိုကရေစီတန်ဖိုးများကို ကာကွယ်ရန်အတွက် အမေရိကန်၏ AI ဦးဆောင်မှုကို အစိုးရနှင့်အတူ ထိန်းသိမ်းမည်ဟု ကတိပြုခဲ့သည်။
လတ်တလောနှစ်များအတွင်း OpenAI နှင့် Google DeepMind တို့ထံ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ဈေးကွက်အား ပြန်လည်ရယူရန် Meta က ကြိုးစားနေသည်ဟု သတင်းများအရသိရသည်။ MSL သည် Meta ၏ လက်ရှိ AI မော်ဒယ်များဖြစ်သည့် Llama 4.1 နှင့် 4.2 တို့ကို ဘာသာ စကား၊ အမြင်အာရုံ၊ အသံနှင့် ဗီဒီယိုနားလည်မှု စသည့် နယ်ပယ်များသို့ ပိုမိုကျယ်ပြန့်စွာ ပေါင်းစပ်သွားမည်ဖြစ်သည်။ Meta သည် ၎င်း၏ ကြီးမားသော GPU အရင်းအမြစ်များ နှင့် တွက်ချက်မှုစွမ်းအားကို အသုံးပြုကာ မျိုးဆက်သစ် AI စနစ်များ လေ့ကျင့်ရန် ရည်မှန်းထားသည်။ ဇူကာဘတ်က "Meta သည် စူပါဉာဏ်ရည်မြင့် AI ကို ကမ္ဘာသို့ ပို့ဆောင်ရန် အကောင်းဆုံးအနေအထားတွင် ရှိနေသည်" ဟု ဂုဏ်ယူစွာ ကြေညာခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂