ရီပတ်ပလီကန်ပါတီ၏ ကျော်ကြားသည့် အဖွဲ့ဝင်တစ်ဦးဖြစ်သူ Arnold Schwarzenegger က အမေရိကန်တွင် လက်ရှိဖြစ်ပွားနေသည့် ICE ဝင်ရောက်စီးနင်းမှုများနှင့်ပတ်သက်၍ ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။
Netflix ရုပ်သံဇာတ်လမ်းတွဲ "Fubar" အတွက် ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ကယ်လီဖိုးနီးယား ရီပတ်ပလီကန် အုပ်ချုပ်ရေးမှူးဟောင်း Schwarzenegger အား လက်ရှိသမ္မတ Donald Trump ၏ အမိန့်ဖြင့် လော့စ်အိန်ဂျလိစ်သို့ အမျိုးသားအစောင့်တပ်ဖွဲ့နှင့် ရေတပ်သားများစေလွှတ်ခြင်းအပေါ် ၎င်း၏အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုစစ်ဆင်ရေးသည် လက်ရှိ ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး Gavin Newsom နှင့် LA မြို့တော်ဝန် Karen Bass တို့၏ ဆန္ဒကိုလျစ်လျူရှုကာ လူဝင်မှုကြီးကြပ်ရေးစစ်ဆင်မှုများကို ဆန္ဒပြမှုများကို နှိမ်နင်းရန် ဖြစ်သည်။
Schwarzenegger က Variety သို့ ပြောကြားရာတွင် “မိမိအမြင်မှာ နိုင်ငံရေးသမားများ၏ တာဝန်က ထိုကိစ္စထက် လူဝင်မှုကြီးကြပ်ရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် ဖြစ်ပါသည်။ သို့မှသာ ယခုလို အခြေ အနေမျိုး ကြုံရမည်မဟုတ်ပါ” ဆိုသည်။
ထို့ပြင် ၎င်းက” အဆိုပါပြဿနာက ဒီမိုကရက်တစ်နှင့် ရီပတ်ပလီကန်တို့ လူဝင်မှုပြုပြင်ရေးမှာ သဘောတူညီမှုမရနိုင်သည့် အကျိုးဆက်ပါ။ မိမိတို့ အနေဖြင့် မည်သူတွေက ဒီနိုင်ငံမှာရှိနေသည်၊ မည်သူတွေက အလုပ်လုပ်နေသည်၊ ယာယီအလုပ်လုပ်ခွင့်ရှိသူနှင့် အမြဲတမ်း အလုပ်လုပ်ခွင့် ရှိ သူများကို ခွဲခြား၍ သိရမည်။ သို့မှသာ လူတွေကို အရင်ဆုံး ဖမ်းစရာ မလိုဘဲ ဖြေရှင်းနိုင်မည်” ဟု ရှင်းပြခဲ့သည်။
လော့စ်အိန်ဂျလိစ်တစ်ဝှမ်းတွင် U.S. Immigration and Customs Enforcement (ICE) ၏ ဝင်ရောက်စီးနင်းမှုများကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ထရမ့် က အမျိုးသားအစောင့်တပ်ဖွဲ့ ၂၀၀၀ ကို စေလွှတ်ခဲ့သည်။ အစိုးရသည် နိုင်ငံအတွင်းရှိ အထောက်အထားမပြည့်စုံသည့် အလုပ်သမားများ၏ အကြောင်းအချက်အလက်များကိုလည်း စုဆောင်း နေသည်။
Schwarzenegger က ထိုအချက်ကိုလည်း ထောက်ပြခဲ့ပြီး “မိမိတို့ အနေဖြင့် ဒီနိုင်ငံမှာ မည်သူတွေရှိနေမှန်းတောင်မသိပါ၊ ဆယ်စုနှစ်တွေ ချီပြီး နိုင်ငံရေးသမားများက အဆိုပါအကြောင်းကို ရှောင်နေခဲ့ပါသည်။ ဘာကြောင့်လဲဆိုပါက ထိုကိစ္စကို မဖြေရှင်းဘဲနေခြင်းက နှစ်ဖွဲ့စလုံး အတွက် အကျိုးရှိနေသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့ အားလုံး သည် ပြည်သူ့ဝန်ထမ်းများမဟုတ်ဘဲ ပါတီကိုဦးစားပေးသူများပါ” ဟု ဝေဖန်ခဲ့သည်။
Schwarzenegger တစ်ဦးတည်းသာမက "Fubar" ဇာတ်လမ်းတွဲမှ ၎င်း၏ အပေါင်းအဖော်များကပါ လက်ရှိဖြစ်ရပ်များအပေါ် ထင်မြင်ချက်များ ပေးခဲ့ကြသည်။
"Fubar" ၏ ပထမရာသီတွင် အတူပါဝင်ခဲ့ပြီး "The Last of Us" ဇာတ်လမ်းတွဲတွင်လည်း ပါဝင်နေသည့် Gabriel Luna က Variety သို့ ပြောကြားရာတွင် “ICE ၏ လုပ်ဆောင်မှုများသည် လမ်းလွဲနေပါသည်” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “ဤလူဝင်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ထိုအရင်းအမြစ်တွေကို ပိုမိုထိရောက်သည့်နည်းလမ်းတွေမှာ အသုံးပြုသင့်ပါသည်၊ Home Depot ၏ ကားပါကင်မှာ နံနက် ၅ နာရီကတည်းက အလုပ်အတွက်စောင့်နေသည့် လူ ၁၅ ဦးသည် စိုးရိမ်စရာ မလိုသည့်သူများ ဖြစ်သော်လည်း အဆိုပါပုဂ္ဂိုလ်များပဲ အဖမ်းခံခဲ့ရသည်” ဟု ဝေဖန် ခဲ့သည်။
Schwarzenegger သည် ၂၀၀၃ ခုနှစ် မှ ၂၀၁၁ခုနှစ် အထိ ကယ်လီ ဖိုးနီးယားပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂