တောင်အာဖရိကကျန်းမာရေးဝန်ကြီး အာရုန်မိုဆွာလီဒီက အမေရိကန် သမ္မတ၏ HIV/AIDS ရန်ပုံငွေအရေးပေါ်အစီအစဉ် (Pepfar) မှ ငွေကြေး ထောက်ပံ့မှုရုပ်သိမ်းခဲ့သော်လည်း နိုင်ငံ၏ ကမ္ဘာ့အထိပ်တန်း HIV/AIDS ကုသရေးအစီအစဉ် ပြိုလဲသွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။
ဤသည်မှာ အမျိုးသားဘဏ္ဍာရေးဌာနမှ အဆိုပါအစီအစဉ်အတွက် ရန်ဒ် ၇၅၃ သန်း ထည့်ဝင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာပူးပေါင်း လက်တွဲဖော်များကလည်း ကုသမှုနှင့်သုတေသနလုပ်ငန်းများအတွက် ရန်ဒ် ၆၀၀ သန်း အပိုထည့်ဝင်ရန် ကတိပြုခဲ့ကြခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
ယခုနှစ်အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် Pepfar ရန်ပုံငွေအားလုံးကို ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။ USAID ၏ ထောက်ပံ့မှုရုပ်သိမ်းခြင်းဆိုင်ရာဆုံးဖြတ်ချက်သည် အထူးသဖြင့် တောင် အာဖရိကကဲ့သို့သော နိုင်ငံများအတွက် ကြီးမားသော ငွေကြေး လိုအပ်ချက် ကို ဖြစ်ပေါ်စေခဲ့သည်။ တောင်အာဖရိကတွင် HIV/AIDS တိုက်ဖျက်ရေး လုပ်ငန်း၏ ၁၇% ခန့်ကို Pepfar မှ ထောက်ပံ့ခဲ့သည်။
ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) က ပါလီမန်တွင် ၂၀၂၅-၂၀၂၆ ကျန်းမာရေးဌာန၏ ဘဏ္ဍာရေးအစီအစဉ်ကို တင်ပြရာတွင် မိုဆွာလီဒီက အမျိုးသား ကျန်းမာရေး ဌာန၏ အဓိကဦးစားပေးလုပ်ငန်း သုံးရပ်ကို ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းတို့မှာ အမျိုးသားကျန်းမာရေးအာမခံ (NHI) အတွက် အများပြည်သူ ကျန်းမာရေးစနစ်ကို အားဖြည့်ခြင်း၊ HIV/AIDS နှင့် တီဘီကဲ့သို့သော အဓိကရောဂါများကို အမြစ်ဖြတ်တိုက်ဖျက်ခြင်းနှင့် ပုဂ္ဂလိက ကျန်းမာရေး ကဏ္ဍတွင် ကြာမြင့်စွာဆိုင်းငံ့ထားရသော ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခြင်းတို့ ဖြစ်သည်။
"ကမ္ဘာ့အကြီးဆုံး HIV/AIDS ကုသရေးအစီအစဉ်ကို ပြိုလဲသွားစေရန် မိမိတို့အနေဖြင့် မည်သည့်အခါမျှ ခွင့်မပြုနိုင်ပါ" ဟု ၎င်းက ပြောကြား ခဲ့သည်။
ပြိုလဲမှုဆိုင်ရာ အဆိုပြုချက်များသည် အချိန်မတန်သေးသလို မမှန်ကန်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့ပြီး ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းရန် ကောင်းမွန်သောအစီအစဉ်များ ရှိကြောင်း ပြောကြားခဲ့သည်။
ထောက်ပံ့ငွေများ ဖြတ်တောက်ခံရသော်လည်း အစိုးရနှင့် မိတ်ဖက် များက ဝင်ရောက်ဖြည့်ဆည်းပေးနေကြောင်း မိုဆွာလီဒီက ပါလီမန်တွင် အတည်ပြုပြောကြားခဲ့သည်။
"မိမိတို့၏အစီအစဉ်များကို အမျိုးသားဘဏ္ဍာရေးဌာနသို့ တင်ပြပြီးအကူအညီတောင်းခံခဲ့သည်။ တစ်ချိန်တည်းမှာပဲ ပြည်တွင်းနှင့် နိုင်ငံတကာ ရှိ အခြားရန်ပုံငွေထောက်ပံ့သူများထံလည်း ချဉ်းကပ်ခဲ့သည်" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂