အီရန်၏ Fordow နျူကလီးယားစင်တာသည် အမေရိကန်တို့၏ တိုက်ခိုက်မှုတွင် ကြီးမားသော ပျက်စီးမှုမရှိကြောင်း Qom ပြည်နယ် ကိုယ်စားလှယ် Mohammad Manan Raisi ကို ကိုးကားပြီး Fars သတင်းဌာနက တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ Donald Trump က Fordow ၊ Natanz နှင့် Esfahan နျူကလီးယားစင်တာများသည် အမေရိကန်တို့၏ တိုက်ခိုက်မှုဖြင့် လုံးဝ ပျက်စီးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော် Raisi က “လိမ်ညာသော အမေရိကန်သမ္မတ၏ ပြောဆိုချက် နှင့်ဆန့်ကျင်စွာ Fordow နျူကလီးယားစက်ရုံသည် ကြီးမားစွာ ပျက်စီးခြင်း မရှိဘဲ၊ အဓိကပျက်စီးမှုများမှာ မြေပြင်ပေါ်တွင်သာဖြစ်ပြီး ပြန်လည် ပြုပြင်နိုင်သည်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက အမေရိကန်ဗုံးကြဲမှု၏ သက်ရောက်မှုမှာ “မြေမျက်နှာပြင်ပေါ်တွင်သာ” ဖြစ်ပြီး သေဆုံးသူမရှိဘဲ ရေဒီယိုသတ္တိကြွမှုလည်း ယိုစိမ့်မှု မရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် အစိုးရပိုင် IRIB ၏ ဒုတိယညွှန်ကြားရေးမှူး Hasan Abedini က အမေရိကန်တိုက်ခိုက်မှုမတိုင်မီကပင် Fordow ၊ Natanz နှင့် Esfahan နျူကလီးယားစက်ရုံများမှ လူများကို ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ထပ်တိုးသန့်စင်ထားသော အရန်ယူရေနီယမ်များကို နျူကလီးယား စင်တာများမှ ကြိုတင်ရွှေ့ပြောင်းထားပြီး ပစ်မှတ်ထားခံရပါက ရေဒီယို သတ္တိကြွညစ်ညမ်းမှုဖြစ်စေနိုင်သော ပစ္စည်းများ မကျန်ရှိတော့ပါ” ဟု ၎င်းက ဆိုသည်။
အီရန် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Alireza Raisi ကလည်း အလားတူပြောကြားခဲ့ပြီး ဒေသခံများအတွက် ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှု အန္တရာယ် မရှိကြောင်း Tasnim မီဒီယာ၏ ကိုးကားဖော်ပြချက်အရ သိရှိ ရသည်။
ထိုနေ့အစောပိုင်းတွင် Reuters သတင်းဌာနက အမည်မဖော်လိုသော အီရန်အရာရှိအဆင့်မြင့်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ ထပ်တိုး သန့်စင်ထားသော ယူရေနီယမ်အများစုကို လျှို့ဝှက်နေရာတစ်ခုတွင် သိမ်းဆည်းထားပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အီရန်၏ အမျိုးသား နျူကလီးယား ဘေးကင်းရေးစနစ်ဗဟိုဌာနက ပစ်မှတ်ထားခံရသော နေရာများတွင် အရေးပေါ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရေဒီယို သတ္တိကြွ ညစ်ညမ်းမှု သို့မဟုတ် ယိုစိမ့်မှုလက္ခဏာများ မတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း Fordow ၊ Natanz နှင့် Esfahan တို့တွင် ရေဒီယိုသတ္တိကြွမှုအဆင့်များ တိုးမြင့်လာခြင်း မရှိကြောင်း အတည်ပြုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂