သမ္မတ ဒေါ်နယ်ထရမ့်လက်အောက်တွင် အမေရိကန်အစိုးရသစ်မှ အစိုးရအဖွဲ့ စတင်ဖွဲ့စည်းတာဝန်ပေးအပ်ပြီးနောက် လာမည့်သီတင်းပတ်တွင် အမေရိကန်၊သြစတြေးလျ၊ အိန္ဒိယတို့နှင့် Quad နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပနိုင်ရန် ဂျပန်အစိုးရက စီစဉ်နေကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Iwaya Takeshi က NHK ၏ ဆွေးနွေးပွဲ အစီအစဉ်တစ်ခုတွင် ၎င်းသည် ဇန်နဝါရီ ၂၀ ရက်တွင် ထရမ့်အစိုးရ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
မစ္စတာ Iwaya ၏ အမေရိကန်ခရီးစဉ်နှင့်တိုက်ဆိုင်ပြီး ဂျပန်တာဝန်ရှိသူများသည် Quad မူဘောင်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကျင်းပနိုင်ရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များကဆိုပါသည်။
လွတ်လပ်၍ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ အကောင်အထည်ဖော်ရေး ၄ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ခိုင်မာအားကောင်းရန် အရေးကြီးကြောင်း အမေရိကန်အစိုးရသစ်နှင့် အတည်ပြုနိုင်ရေး ဂျပန်က မျှော်လင့်ထားကြောင်း သိရသည်။
မစ္စတာ Iwaya နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ အကြား တွေ့ဆုံရေးကိုလည်း ဂျပန်အစိုးရက စီစဉ်လျက်ရှိသည်။
နိုင်ငံခြားရေးဝန်ကြီးများသည် မဟာမိတ်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရေး၊ ဂျပန်နှင့် အမေရိကန်ကြား ယုံကြည်မှုရှိသည့်ဆက်ဆံရေးကို တည်ဆောက်ရေး ကြိုးပမ်းဖွယ်ရာရှိသည်။
နှစ်နိုင်ငံခေါင်းဆောင်များအကြား ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို ဆောလျင်စွာကျင်းပနိုင်ရေး စီစဉ်နိုင်ရန်လည်း ဂျပန်ကမျှော်လင့်ထားပါသည်။
ဝန်ကြီးအဖွဲ့အတည်ပြုရေးအတွက် အမေရိကန်အထက်လွှတ်တော်၏ လုပ်ဆောင်မှုများကို စောင့်ကြည့်ကာ အဆိုပါကိစ္စနှင့်ပတ်သက်၍ အပြီးသတ် ဆုံးဖြတ်ချက်ချရန် ဂျပန်အစိုးရက စီစဉ်ထားပါသည်။
ထရမ့် က Marco Rubio အား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရာထူးအတွက် ရွေးချယ်ထားကြောင်း သိရှိရပါသည်။
ကိုးကား-NHK World