အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် ယခင်သမ္မတ ဘိုင်ဒင်က ကိယက်ဗ်ကို ကတိပေးခဲ့သည့် များစွာသောစစ်ရေးအကူအညီများကို အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံသို့ လွှဲပြောင်း ပို့ဆောင်ခဲ့သည်ဟု ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ABC သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ရုရှား၏ တာဝေးပစ် ဒုန်းကျည် များကို ကြားဖြတ်တိုက်ခိုက်နိုင်ရန်အတွက် အရေးတကြီးလိုအပ်နေသည့် လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ဒုံးကျည်အမြောက်အမြား ပါဝင်သည်ဟု ၎င်းက ဆိုပါသည်။
ယူကရိန်းခေါင်းဆောင်က အဆိုပါကိစ္စကို တနင်္ဂနွေနေ့ (ဇွန် ၈) က ထုတ်လွှင့်ခဲ့သည့် ABC သတင်းဌာန၏ Martha Raddatz နှင့် တွေ့ဆုံ မေးမြန်းမှုတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး အမေရိကန် ထောက်ပံ့မှု ၏ အရေးပါမှုနှင့်ပတ်သက်၍ မေးမြန်းမှုတွင် ဇီလန်စကီးက ယူကရိန်းစစ်တပ်သည် ရုရှားဒရုန်းများ၏တိုက်ခိုက်မှုကို ၎င်းတို့အစွမ်းနှင့်သာ ရုန်းကန် ကာကွယ်နေရသည်ဟု ဝန်ခံခဲ့ပါသည်။
အီရန်က ရုရှားကို ထောက်ပံ့ပေးထားသည့် Shahed ဒရုန်းများ၏ တိုက်ခိုက်မှုကို အသဲအသန်ကာကွယ်နေရကြောင်းပြောဆိုခဲ့ပြီး ရုရှားနှင့် အီရန်နှစ်နိုင်ငံလုံးက အဆိုပါ ဒရုန်းများနှင့် ပတ်သက်သည့် အချက်ကို ယခင်က ငြင်းဆိုခဲ့ဖူးသည်။
ယခင်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်၌ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Lloyd Austin က အထူးနည်းပညာကိုအခြေခံသည့် ဒရုန်းကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည် ၂၀,၀၀၀ ကို ယူကရိန်းကို ပေးအပ်ရန် ကတိပေးခဲ့ကြောင်း ဇီလန်စကီးက ဆိုပါသည်။
လက်ရှိကာကွယ်ရေးဝန်ကြီးက အမေရိကန်၏ အဆိုပါလက်နက်များကို အရှေ့အလယ်ပိုင်းဒေသကို ရွှေ့ပြောင်းလိုက်သည်ဟု ဇီလန်စကီးက ပြောကြားခဲ့ပြီး အမေရိကန်၏ စစ်ရေးအကူအညီမရှိပါက ရုရှားသည် စစ်ပွဲတွင်အနိုင်ရရန် အခွင့်အလမ်းပိုများပြီး ယူကရိန်းအနေဖြင့် ဆုံးရှုံးမှု များ ပိုမိုများပြားလာမည်ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ယခုသီတင်းပတ်အစောပိုင်းတွင် Wall Street Journal က ပင်တဂွန်သည် ယူကရိန်းအတွက် သတ်မှတ်ပေးထားသည့် ဒရုန်းကြားဖြတ် တိုက်ခိုက်ရေး လက်နက်များကို အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံ လွှဲပြောင်းပေးပို့နေသည်ဟု ဖော်ပြခဲ့ပါသည်။
သမ္မတထရမ့်သည် ယူကရိန်းကို စစ်ရေးဆက်လက်ထောက်ပံ့မှုနှင့် ပတ်သက်၍ မကြာခဏမေးခွန်းထုတ်လေ့ရှိပြီး မော်စကိုနှင့် ကိယက်ဗ်အား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် တွန်းအားပေး ဆောင်ရွက်လျက် ရှိသည်။
ယူကရိန်းပဋိပက္ခ၌ အမေရိကန်ပါဝင်မှုကို ဝေဖန်ပြောဆိုခဲ့သူ ကာကွယ်ရေးဝန်ကြီး Pete Hegseth သည် ယူကရိန်းကို စစ်ရေး အကူအညီ ပေးအပ်မှုအပေါ် ညှိနှိုင်းမည့် NATO အစည်းအဝေးကို တက်ရောက်ခြင်း မရှိခဲ့ပေ။ Wall Street Journal ၏ဖော်ပြချက်အရ ထရမ့်အစိုးရသည် ယူကရိန်းကို ဒေါ်လာ ၃.၈၅ ဘီလီယံတန်လက်နက်များပေးအပ်ရန် ယခင် အစိုးရက ကတိပြုခဲ့မှုကို ဖယ်ရှားခဲ့သည်ဟု ဆိုသည်။
မော်စကိုက ကိယက်ဗ်ကို ဥရောပ၏လက်နက်တင်ပို့ထောက်ပံ့မှုများကို အဆက်မပြတ်ရှုတ်ချခဲ့ပြီး ယင်းသို့တင်ပို့ခြင်းသည် ပဋိပက္ခကို မပြီးဆုံး စေဘဲ ပိုမိုဆိုးရွားလာစေပြီး ဘေးဒုက္ခများဆီသို့ တွန်းပို့ သကဲ့သို့ ဖြစ်စေ သည်ဟု ဆိုပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂