သတင်းများ

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းတွင် ဖြစ်ပွားနေသောပဋိပက္ခများ အဆုံးသတ်ရေး ဆွေးနွေးမှုများ ပြုလုပ်

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းတွင် ဖြစ်ပွားနေသောပဋိပက္ခများ အဆုံးသတ်ရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း NBC သတင်း အေဂျင်စီတွင် ဖော်ပြထားပါသည်။

ဒေါ်နယ်ထရမ့်၏ ကိုယ်စားလှယ်အဖွဲ့သည် အိမ်ဖြူတော် နှင့်ယူကရိန်းမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

မော်စကိုနှင့် ကိယက်ဗ်တို့ကြား ပဋိပက္ခကို အဆုံးသတ်ရန် နည်းလမ်းရှာဖွေရန် လက်ရှိအမေရိကန်အစိုးရ၏ ကိုယ်စားလှယ်များ နှင့် ယူကရိန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NBCသတင်းက ဖော်ပြထား ပါသည်။

အသံထက်မြန်သည့် လက်နက်စမ်းသပ်မှုတွင် အောင်မြင်မှု ရခဲ့ကြောင်းအမေရိကန်က ပြောကြား

အသံထက်မြန်သည့် လက်နက်စမ်းသပ်မှုတွင်  အောင်မြင်မှု ရခဲ့ကြောင်းအမေရိကန်က ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြထားသည်။

အမေရိကန်ကာကွယ်ရေးဌာန (DoD) သည် ကြည်းတပ် နှင့်ရေတပ်တို့ ပူးပေါင်းတီထွင်ထားသည့် Dark Eagle ဟု အမည်ပေးထားသည့် အဆိုပါအသံထက်မြန်သည့် လက်နက်စနစ်အား အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။

AI အသုံးပြုမှုအတွက် ရုရှားက ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်သင့်ကြောင်း သမ္မတ ပူတင်ပြောကြား

နယ်ပယ်ကဏ္ဍအားလုံးတွင် AI ဟု ခေါ်ဆိုသော ဉာဏ်ရည်တုနည်းပညာအသုံးပြုမှုအတွက်  ရုရှားသည် ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်သင့်ကြောင်း AI Journey အမည်ရှိ နိုင်ငံတကာညီလာခံတစ်ခုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်။ 

ဆီးရီးယားရှိ  ရုရှား၏ အခြေခံအဆောက်အအုံများကို  အနီးကပ်စောင့်ကြည့်နေကြောင်း  ရုရှားနိုင်ငံခြားရေးပြောကြား

မော်စကိုသည် ဆီးရီးယားနယ်နိမိတ်အတွင်းနေထိုင်သည့် ရုရှားနိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးအပြည့်အဝရရှိစေရန်၊ အထူးသဖြင့် သံတမန်ရေးရာနှင့် စစ်ဘက်ဆိုင်ရာအဆောက်အအုံများ၊ ရုရှားစက်ရုံများ၊ ကုမ္ပဏီများကိုကာကွယ်ရန် ဆီးရီးယား၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေကို အနီးကပ်ဂရုတစိုက်စောင့်ကြည့်နေကြောင်း ရုရှားနိုင်ငံခြားရေးဌာနပြောခွင့်ရ Maria Zakharova က ပြောကြားလိုက်ကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ၁၁-၁၂-၂၀၂၄ ရက်တွင် ဖော်ပြထားပါသည်။ 

ရုရှားက ယူကရိန်းကို Oreshnik missile ဖြင့် ထပ်မံ တိုက်ခိုက်လာနိုင်ကြောင်း ပင်တဂွန် သတိပေး

မကြာမီရက်အတွင်း ရုရှားက  ယူကရိန်းကို Oreshnik missileဖြင့် ထပ်မံတိုက်ခိုက်လာနိုင်ကြောင်း အမေရိကန် ပင်တဂွန် သတင်းထုတ်ပြန်ရေးအတွင်းဝန် Sabrina Singh က ၁၁-၁၂-၂၀၂၄ ရက်တွင် သတိပေး ပြောကြား လိုက်သည်။ 

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ဆော်ဒီအာရေဗျကို ရွေးချယ်အတည်ပြု

၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏  အိမ်ရှင်နိုင်ငံအဖြစ် ရေနံချမ်းသာကြွယ်ဝသည့် ဆော်ဒီအာရေဗျနိုင်ငံကို ပြိုင်ဘက်မရှိ ရွေးချယ်အတည်ပြုလိုက်ကြောင်း  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က  ၁၁-၁၂-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)တွင်  တရားဝင်ထုတ်ပြန်လိုက်ပါသည်။ 

တရုတ်ဟက်ကာတစ်ဦးကို ဖမ်းဆီးနိုင်ရေး ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း အမေရိကန် ထုတ်ပြန်

အမေရိကန်နိုင်ငံရှိ Computer Firewalls လုံခြုံရေးစနစ်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည့် တရုတ် အမျိုးသားတစ်ဦးနှင့် အပေါင်းအပါတို့အား ဖမ်းဆီးရန် အလိုရှိကြောင်းနှင့် ၎င်းတို့နှင့်ပတ်သက်၍ သတင်းပေး နိုင်ပါက ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးအပ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ပြောကြား ထားပါသည်။

တရုတ်ဟက်ကာတစ်ဦးဖြစ်သည့်အသက် ၃၀ အရွယ်တရုတ်အမျိုးသား Guan Tianfeng သည်တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်တွင်နေထိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

စွဲချက်တင်ရေးနှင့် စုံစမ်းစစ်ဆေးရေး ဆောင်ရွက်နေမှုများကိုပြတ်သားစွာရင်ဆိုင်မည်ဟု တောင်ကိုရီးယားသမ္မတ ပြောကြား

တောင်ကိုရီးယား သမ္မတ Yoon Suk-yeol က အချိန်ပိုင်းသာကြာခဲ့သော ၎င်းထုတ်ပြန်ခဲ့သည့် စစ်ဥပဒေအရအုပ်ချုပ်ရေးအမိန့်ကို ကာကွယ်ပြောဆိုခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စွဲချက်တင်ခံရသည် ဖြစ်စေ၊ စုံစမ်းစစ်ဆေးခံရသည်ဖြစ်စေ ပြတ်သားစွာ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်တွင် ပြောခဲ့သော မိန့်ခွန်းတွင် မစ္စတာ Yoon က အတိုက်အခံများအား “နိုင်ငံကို ဆန့်ကျင်သော အင်အားစု” ဟု ခေါ်ဆိုလိုက်ပြီး ၎င်းတို့ကြောင့် တိုင်းပြည်နိုင်ငံရေးကို ရပ်တန့်သွားစေခဲ့ သည်ဟု စွပ်စွဲလိုက်ပါသည်။

တူရကီသမ္မတ အာဒိုဂန်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကို အန်ကာရာ လေဆိပ်တွင် လက်ခံတွေ့ဆုံ

တူရကီသမ္မတ Recep Tayyip Erdogan သည် တူရကီနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိလာသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကို အန်ကာရာ လေဆိပ်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း တူရကီသမ္မတရုံးမှ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

သမ္မတဘိုင်ဒင်သည် ယူကရိန်းအား စစ်ရေးအကူအညီပေးရေး နောက်ထပ်အစီအစဉ်အသစ်ကို အတည်ပြု

သမ္မတဘိုင်ဒင်သည် ယူကရိန်းအား စစ်ရေးအကူအညီပေးရေး နောက်ထပ်အစီအစဉ်အသစ်ကို အတည်ပြုလိုက်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း RIA သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံအားစစ်ရေးအကူအညီပေးရေးအစီအစဉ်သစ်ကို အတည်ပြုခဲ့ပြီး ယင်းအစီအစဉ်တွင် လေကြောင်းကာကွယ်ရေး ပစ္စည်းများ၊ လက်နက်ကြီးများ၊ ဒရုန်းများနှင့် သံချပ်ကာယာဉ်များ ပါဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ မဟာဗျူဟာဆက်သွယ်ရေးညှိနှိုင်းရေးမှူး  ဂျွန်ကတ်ဘီ က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်ပြောကြားခဲ့သည်။